← Chapters

သွေးမီးတောက်နတ်ဆိုး

Vol. 70 Ch. 982

သွေးမီးတောက်နတ်ဆိုး

Vol. 70 Ch. 982

ပိုင်နက်သားရဲ ဘုရင်မသုံးကောင်က အညံ့ခံလိုက်သောအခါ ယဲ့ချန်က တစ်ချက်ပြုံး၍ ဝိညာဥ်ကောင်များကို ဆင့်ခေါ်လိုက်သည်။

"ဘာကြီးလဲ"

၎င်းတို့က တုန်ယင်စွာ မေးလိုက်ခြင်းဖြစ်သည်။

"မင်းတို့က ဒီအရာတွေနဲ့ ပေါင်းစပ်လိုက်ရင် ငါ့ကို သစ္စာရှိလာလိမ့်မယ်။ မပေါင်းစပ်ချင်ရင်တော့ ချက်ချင်း သေရလိမ့်မယ်"

သူက လေးနက်စွာ ပြောလိုက်ပြီး ဝိညာဥ်ကောင်ကို ဘုရင်မတစ်ကောင်၏ ကိုယ်တွင်းသို့ ပေါင်းစပ်လိုက်သည်။ ၎င်းက ရုန်းကန်လိုသော်လည်း အဓိပ္ပါယ်မရှိသောကြောင့် နာခံစွာဖြင့် ငြိမ်နေလိုက်ရပြီး အဆုံး၌ ဘုရင်မသုံးကောင်လုံး ပေါင်းစပ်ခံလိုက်ရသည်။ သူက ကြယ်ဒေသတစ်ခုလုံးရှိ ပိုင်နက်သားရဲအားလုံးကို ဒန်တန်အတွင်း သိမ်းဆည်းကာ ကျန်သားရဲများအား ဝိညာဥ်ကောင်များနှင့် ပေါင်းစပ်စေသည်။ လောကနတ်အဆင့် ကိုးယောက်၊ နတ်အဆင့် တစ်သောင်းကျော်နှင့် သားရဲသိန်းချီကို ရလိုက်သောကြောင့် သူ၏စစ်တပ်က နောက်တစ်ကြိမ် ကြီးထွားလာခဲ့သည်။ လူသားမျိုးနွယ်၏ အင်အားအမှတ်က ရှစ်သိန်းကျော်လာပြီး အဆင့်လေးမျိုးနွယ်တစ်ခု ဖြစ်လာစေရန်အတွက် အမှတ်တစ်သန်း လိုအပ်နေသည်။

"အဘိုး နောက်တစ်နေရာ သွားကြတာပေါ့"

ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းအတွင်း ပိုင်နက်သားရဲများကဲ့သို့ ရှင်းဟွမ်မျိုးနွယ်နှင့် ပတ်သက်နေသော မျိုးနွယ်များစွာ ရှိသောကြောင့် သူက ၎င်းတို့ကို သိမ်းပိုက်ရပေလိမ့်မည်။ သို့မဟုတ်လျှင် ရှင်းဟွမ်စစ်တပ်က ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းသို့ ရောက်လာလျှင် ၎င်းတို့မှာ နောက်ကျောထိုးမည့် ဓားများ ဖြစ်လာပေလိမ့်မည်။ နှစ်ရက်အကြာတွင် ပိုဖန်းမျိုးနွယ်က အညံ့ခံလိုက်ရပြီး ရှစ်ရက်အကြာတွင် ပိုင်ဇီမျိုးနွယ်တစ်ခုလုံး ဝိညာဥ်ကောင်များနှင့် အတင်းအကြပ် ပေါင်းစပ်ခံခဲ့ရသည်။ ဆယ်ရက်အကြာတွင် ရွှေနတ်သားမျိုးနွယ်က လူသားမျိုးနွယ်၏ မဟာမိတ်ဖြစ်လာခဲ့ပြီး ဆယ့်ငါးရက်အကြာတွင် ရေလိပ်ပြာမျိုးနွယ်က လက်နက်ချခဲ့သည်။ သုံးလအတွင်း မျိုးနွယ်တစ်ရာကျော်က ယဲ့ချန်၏နောက်လိုက်များ ဖြစ်လာကာ မျိုးနွယ်၇၂ခုက မဟာမိတ်ဖြစ်လာခဲ့ပြီး ကြားနေလိုသော မျိုးနွယ်တစ်ရာကျော်ကို မထိပါးခဲ့ပေ။

သူ၏ဒန်တန်အတွင်း နောက်လိုက်အရေအတွက် များပြားလာကာ နတ်အဆင့် ငါးသန်းကျော်၊ လောကနတ်အဆင့် ကိုးဆယ်ကျော်နှင့် သတ်ဖြတ်သူမျိုးနွယ်မှ ဟင်းလင်းပြင်နတ်တစ်ယောက်ပင် ပါဝင်ခဲ့သည်။ မူလတွင် ထိုကျင့်ကြံသူက အလွန်မောက်မာစွာ တိုက်ခိုက်ခဲ့သော်လည်း ကျိုးလီ၏ ဖိနှိပ်မှုအောက်တွင် လှုပ်ပင်မလှုပ်နိုင်ခဲ့ပေ။ ဤသို့ဖြင့် မျိုးနွယ်အမှတ်က သုံးသန်းကျော်အထိ ရောက်ရှိသွားသောအခါ လူသားမျိုးနွယ်သည် အဆင့်လေးမျိုးနွယ်တစ်ခု ဖြစ်လာကာ အဆင့်ငါးဖြစ်လိုလျှင် အမှတ်ဆယ်သန်း လိုအပ်သည်။ ထို့ကြောင့် မျိုးနွယ်၏ခွန်အားက ထပ်မံတိုးတက်လာခဲ့ပြီး ကလေးများပင် ကောင်းကင်ဝိဇ္ဇာအဆင့်ဖြင့် မွေးဖွားလာပြီး မွေးရာပါအရည်အချင်းဖြင့် စစ်ဧကရာဇ်အဆင့်သို့ ခဏအတွင်း ရောက်နိုင်ခဲ့ကြသည်။

သုံးလအကြာတွင် ရှင်းဟွမ်ကင်းထောက်တပ်နှင့် ကောင်းကင်နတ်ဆိုးစစ်တပ်၏ တိုက်ပွဲ ပြီးဆုံးသွားကာ ကောင်းကင်နတ်ဆိုးများ ဆုတ်ခွာသွားခဲ့သည်။ အရေအတွက် သန်းသုံးဆယ်ကျော်သော လက်ကျန်ရန်သူတပ်က ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းထံ ချီတက်လာသောအခါ ယဲ့ချန်သည် လောကနတ်ဆယ်ယောက်၊ နတ်အဆင့် တစ်သန်းကျော်နှင့် နတ်တစ်ပိုင်းအဆင့် သန်းခြောက်ဆယ်ကို စေလွှတ်ကာ ဖမ်းဆီးစေခဲ့သည်။ သူက ဤကင်းထောင်တပ်ကို ဝါးမျိုပြီး ဝိညာဥ်ကောင်များနှင့် ပေါင်းစပ်ကာ လူသားမျိုးနွယ်အတွက် အသုံးချလိုနေသည်။ သူ၏ဒန်တန်အတွင်း ကျင့်ကြံနေသော နောက်လိုက်များစွာကြောင့် ကျင့်ကြံခြင်းတွင် များစွာအမြတ်ထွက်ခဲ့သည်။ သူ၏ကျင့်ကြံမှုက အခြားသူများနှင့် ကွဲပြားကာ ဒန်တန်အတွင်းရှိနေသော နောက်လိုက်များ၏ ကျင့်ကြံမှု တစ်စိတ်တစ်ပိုင်းသည် ခန္ဓာကိုယ်အတွင်း ပေါင်းစပ်လာခဲ့သည်။ မျိုးနွယ်ပေါင်းစုံမှ လောကနတ်အဆင့်၊ နတ်အဆင့်နှင့် ဘီလီယံရာချီသော နတ်တစ်ပိုင်းအဆင့်များ ကျင့်ကြံရာမှ ထွက်ပေါ်လာသည့် အကျိုးအမြတ်ကို လူတစ်ယောက်တည်းအပေါ် စုစည်းလိုက်လျှင် ရလဒ်က အင်မတန် ကောင်းမွန်ပေလိမ့်မည်။ သူက အဆင့်တက်ထားသည်မှာ သုံးလသာ ရှိသေးသော်လည်း လောကနတ်ထိပ်ဆုံးအဆင့်သို့ ရောက်လာကာ ဟင်းလင်းပြင်နတ်အဆင့်နှင့် လက်တစ်ကမ်းသို့ ရောက်ခဲ့သည်။

"အဘိုး ရှင်းဟွမ်မျိုးနွယ်ရဲ့ ကင်းထောက်တပ်ကို ဝါးမျိုပြီးရင် ကျုပ်ကို ဒီအနားက ကြယ်အဖွဲ့အစည်းတစ်ခုဆီ ပို့ပေးနိုင်မလား"

ယဲ့ချန်သည် အခြားကြယ်အဖွဲ့အစည်းများမှ မျိုးနွယ်များကို သိမ်းပိုက်ကာ လူသားမျိုးနွယ်၏ စစ်အင်အားကို ချဲ့ထွင်လိုခြင်းဖြစ်သည်။

"ဒီကိစ္စကတော့ မဖြစ်နိုင်လောက်ပါဘူး အရှင်။ ကျုပ်နဲ့ မျက်ကန်းကြီးတို့တွေ ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းမှာ ပုန်းအောင်းနေနိုင်တဲ့ အကြောင်းအရင်းက ဒီနေရာမှာ ကျုပ်တို့ရဲ့အရှိန်အဝါကို ဖုံးကွယ်ပေးနိုင်တဲ့ အာကာသစွမ်းအင် ဝဲတစ်ခု ရှိလို့ပါပဲ။ ကျုပ်တို့သာ အပြင်ကို ​ခြေတစ်လှမ်းလောက် ထွက်လိုက်ရင် ရှင်းဟွမ်မျိုးနွယ်ရဲ့ အာကာသနတ်တွေ ချက်ချင်းရောက်လာလိမ့်မယ်"

ကျိုးလီက သက်ပြင်းတစ်ချက်ချ၍ ခေါင်းယမ်းလိုက်သည်။ သူ၏စကားကြောင့် အမြဲတမ်း သူတစ်ပါးကို အားကိုးမရနိုင်ကြောင်း ယဲ့ချန်က သဘောပေါက်သွားခဲ့သည်။ ထိုအချိန်၌ ထာဝရကြယ်သင်္ချိုင်းထံ စေလွှတ်လိုက်သော နောက်လိုက်များ ပြန်ရောက်လာသောကြောင့် သွေးမီးတောက်နတ်ဆိုး သန္ဓေသားကို ချက်ချင်းအမှတ်ရလိုက်၏။ သူက နေရာမှ ချက်ချင်းပျောက်ကွယ်သွားကာ ၎င်းရှိရာထံ လှစ်ခနဲ ရောက်ရှိသွားပြီး စိတ်ချင်းဆက်သွယ်လိုက်သည်။

"မင်းပါလား"

သွေးမီးတောက်နတ်ဆိုးက အိပ်မောကျနေရာမှ နိုးထလာခဲ့သည်။

"ရှင်းဟွမ်မျိုးနွယ်က ဒီကြယ်အဖွဲ့အစည်းကို တိုက်ခိုက်တော့မယ်။ သူတို့က လူသားမျိုးနွယ်နဲ့ စစ်ဖြစ်နေပြီ။ မင်း ထွက်သွားမှာလား"

"မင်းတို့လူသားမျိုးနွယ်က ဘယ်လိုလုပ် အနိုင်ရမှာလဲ"

ရှင်းဟွမ်မျိုးနွယ်၌ ထာဝရနတ်ပြည်ထောင်နှင့် မရေမတွက်နိုင်သော အစွမ်းထက် ကျင့်ကြံသူများ ရှိသောကြောင့် နတ်ဆိုးက တအံ့တသြ မေးခွန်းထုတ်လိုက်၏။

"မနိုင်ရင်တောင် ငါတို့က တိုက်ခိုက်ရလိမ့်မယ်။ အနိုင်ရဖို့ အခွင့်အရေး လုံးဝမရှိတာတော့ မဟုတ်ဘူး"

ထိုအချိန်၌ ယဲ့ချန်ဘေးတွင် ကျိုးလီက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"အာကာသနတ်တစ်ယောက်လား။ မင်းတို့လူသားမျိုးနွယ်မှာ ဒီအဆင့်တွေ ရှိနေသေးတာလား"

ကျိုးလီ၏အရှိန်အဝါကို အာရုံခံမိသောအခါ နတ်ဆိုးက တုန်လှုပ်သွားခဲ့၏။

"ကြည့်ရတာ မင်းရဲ့ မျိုးနွယ်မှတ်ဉာဏ်တွေ နိုးထလာပြီ ထင်တယ်"

ယဲ့ချန်က တစ်ချက်ပြုံး၍ ပြောလိုက်သည်။

"ငါတို့မျိုးနွယ်က သွေးမီးတောက် မြင့်မြတ်နယ်မြေကို သွားနိုင်တဲ့ လျှို့ဝှက်နည်းလမ်းတစ်ခု ရှိတယ်။ အဲ့ဒီမှာ ငါ့ဘိုးဘေးတွေ ဆက်ပြီးအသက်ရှင်နေထိုင်ကြတယ်။ အစွမ်းအထက်ဆုံး ဘိုးဘေးကလည်း အာကသနတ်တစ်ယောက် ဖြစ်တယ်"

နတ်ဆိုး၏ ဂုဏ်ယူသော လေသံအရ ယဲ့ချန်က မဟာမိတ်ဖွဲ့ရန် ကြံစည်လိုက်၏။

"သွေးမီးတောက်နတ်ဆိုးမျိုးနွယ်က လူသားမျိုးနွယ်ကို ကူညီပေးချင်လား"

"လူသားမျိုးနွယ်က နတ်ပြည်အထိရောက်အောင် လာနိုင်ရင် ငါ့မျိုးနွယ်က စစ်ပွဲထဲ ရောက်လာနိုင်ပါတယ်။ မင်းတို့က နတ်ပြည်ကိုတောင် မကျူးကျော်နိုင်ရင် ငါတို့လည်း ဝင်ပါမှာ မဟုတ်ဘူး"

နတ်ဆိုးက ခဏတာစဥ်းစား၍ အဖြေပေးလိုက်သည်။ အကယ်၍ လူသားမျိုးနွယ်က နတ်ပြည်အထိ ရောက်လာနိုင်လျှင် စစ်ပွဲအနိုင်ရရန် အခွင့်အရေးရှိသောကြောင့် သွေးမီးတောက်နတ်ဆိုးမျိုးနွယ်က ကူညီပေလိမ့်မည်။ ၎င်းမျိုးနွယ်ကိုလည်း ရှင်းဟွမ်မျိုးနွယ်က စကြဝဠာ၏ နေရာတိုင်းတွင် လိုက်လံသုတ်သင်နေသောကြောင့် အနိုင်ရရန် အခွင့်အရေးရှိလျှင် သေချာပေါက် ကူညီကြပေလိမ့်မည်။

"ဒါဆိုရင် မင်းရဲ့ မြင့်မြတ်နယ်မြေကို ခေါ်သွားပေးနိုင်မလား"

"မင်း ငါ့ကိုကူညီရင် ဖြစ်နိုင်ပါတယ်"

"ဘယ်လိုကူညီရမှာလဲ"

"ငါက စွမ်းအားတွေ လိုအပ်နေတယ်၊ မူလကျောက်ဖြစ်ဖြစ် ဘာဖြစ်ဖြစ်ပေါ့။ ငါက ဒီကျင့်စဥ်ကို အသုံးပြုဖို့အတွက် စွမ်းအား မလုံလောက်ဘူး။ ဒီနေရာရဲ့ ချီပမာဏက နည်းလွန်းတယ်"

"ဒါက လွယ်ပါတယ်"

ယဲ့ချန်က ဒန်တန်အတွင်းမှ မူလကျောက်ပမာဏများစွာကို ထုတ်ယူပြီး သွေးမီးတောက် နတ်ဆိုးသန္ဓေသားထံ ပို့ဆောင်ပေးလိုက်သည်။ ထိုအရင်းအမြစ်များသည် ၎င်းအနား ရောက်သောအခါ လုံးဝစုပ်ယူခံလိုက်ရပြီး ပျောက်ကွယ်သွားကြ၏။

"ဒီအရာတွေကိုရော လိုချင်လား။ ငါ့ဝိညာဥ်ကောင်တွေက မင်းရဲ့စွမ်းအားကို မြှင့်တင်ပေးနိုင်တယ်"

ယဲ့ချန်က တစ်ချက်ပြုံးလိုက်ပြီး တစ်ဖက်လူကို ကွက်ကျော်ရိုက်ရန် ကြံစည်လိုက်သည်။

"အရင်းအမြစ်ဆိုရင် ဘာနေနေ လိုချင်တယ်"

နတ်ဆိုးသည် မူလကျောက်များစွာကို စုပ်ယူပြီးနောက် အလယ်ရှိ နှလုံးကြီးက ပို၍လျင်မြန်စွာ ခုန်လာခဲ့ပြီး နတ်ချီများ ထွက်ပေါ်နေသည်။

"ဒဏ္ဍာရီလာ သွေးမီးတောက်နတ်ဆိုးမျိုးနွယ်။ ဒီမျိုးနွယ်က ရှင်းဟွမ်မျိုးနွယ်လိုမျိုး ရှေးကျပြီး အဆင့်ခုနစ် မျိုးနွယ်တစ်ခုဖြစ်တဲ့အပြင် ပိုပြီးသန်မာကြတယ်။ ဒါကြောင့် ရှင်းဟွမ်မျိုးနွယ်က အဆင့်ခုနစ်မျိုးနွယ်တွေနဲ့ ပူးပေါင်းပြီး သူတို့ကို လုပ်ကြံခဲ့ကြတယ်။ သူတို့က နတ်ပြည်က ထုတ်ပယ်ခံလိုက်ရတာတောင် မျိုးနွယ်အဆင့် ခြောက်ဖြစ်ပြီး နေရာတိုင်းမှာ ရှင်းဟွမ်တွေကို တိုက်ခိုက်နေကြတယ်။ ပြောရရင် သွေးပြည်ထောင်ရဲ့ နောက်ကွယ်မှာ ဒီမျိုးနွယ် ရှိနေနိုင်တယ်။ သွေးမီးတောက်နတ်ဆိုးမျိုးနွယ်ရဲ့ အထွတ်အထိပ်အချိန်မှာ လူသားမျိုးနွယ်က အားနည်းလွန်းခဲ့တယ်"

ကျိုးလီက ယဲ့ချန်ထံ အသံချင်းဆက်သွယ်၍ ရှင်းပြလိုက်သည်။ မူလတွင် ယဲ့ချန်သည် စကြဝဠာအတွင်း၌ သွေးမီးတောက်နတ်ဆိုးမျိုးနွယ်ဝင် အနည်းငယ်သာ ကျန်ရစ်မည်ဟု ထင်ထားခဲ့သည်။ သို့သော် ထိုမျိုးနွယ်က အစွမ်းထက်လွန်းပြီး လူမြင်ကွင်းသို့ ထွက်မလာတတ်သောကြောင့် ကောင်းစွာပုန်းကွယ်နိုင်ခဲ့၏။ သူ၏ဒန်တန်အတွင်းမှ မရေမတွက်နိုင်သော ဝိညာဥ်ကောင်များ ထွက်ပေါ်လာကာ သွေးမီးတောက် နတ်ဆိုးသန္ဓေသားထံ ရောက်ရှိသွားခဲ့သည်။ ၎င်းတို့ထံမှ စွမ်းအင်ပမာဏကို နတ်ဆိုးက အာရုံခံမိသောအခါ စိတ်လှုပ်ရှားစွာဖြင့် ဆက်တိုက်ဝါးမျိုလိုက်သည်။ နတ်ဆိုး၏ကိုယ်ထည်က တဘုန်းဘုန်း ခုန်နေပြီး ပြင်းထန်ကြမ်းတမ်းလာသောကြောင့် အတွင်းမှ တစ်ခုခု ထွက်ပေါ်လာရန် နီးကပ်နေခဲ့လေသည်။

All Chapters