← Chapters

အရှေ့အရပ်၏ နေ၀န်းနီ၊ လင်းယွင် အုပ်စု

Vol. 74 Ch. 1096

အရှေ့အရပ်၏ နေ၀န်းနီ၊ လင်းယွင် အုပ်စု

Vol. 74 Ch. 1096

ဟွမ်ကျန်း လက်ဖက်ရည် အိမ်တော်၏ ကားပါကင်တွင် Rolls-Royce များနှင့် ဘန်ထလေ ကားများကို တိတ်တဆိတ် ဘေးကပ်ရပ်ထားကြ၏။

အကယ်၍ မာစီးဒီ တစ်စင်းများ ရှိနေခဲ့လျှင်ပင် ဧရာမ များပြားသည့် ပမာဏဖြင့် ရောင်းချလျက်ရှိသည့် မော်ဒယ်မြင့် မာစီးဒီးပင် ဖြစ်ရပေမည်။

အိမ်တော်၏ ငါးလွှာမြောက်တွင် အနီရောင် အလင်းတန်းက နေရာတကာကို ဖြန့်ကျက်နေလျက်ရှိ၏။ လှည့်ပတ်ကြည့်သည်တွင် တိုင်များ ၊ တန်းများကို အဖိုးတန်သည့် ရွှေရောင် silkwood ဖြင့် တန်ဆာဆင်ထားသည်ကို မြင်တွေ့နိုင်သည်။ ကြုံရာ ပစ္စည်းတစ်ခုကို လက်ညိုးထိုးပြီး ဈေးမေးမြန်းကြည့်လျှင်ပင် ယွမ် မီလီယမ် သန်းပေါင်းများစွာ တန်ကြေးရှိနေခဲ့၏။

ဤနေရာသို့ ရောက်ရှိနေသည်က လူကို ထန် အင်ပါယာ၏ မြင်ကွင်းများအား ကြည့်ရှုခံစားနေရသည့် ခံစားချက်မျိုးအား ပေးစွမ်းနေပြီး သူတို့ကိုယ်သူတို့ တရားရေးဝန်ကြီး၏ အင်ပါယာ ခြံဝန်းသို့ ရောက်ရှိသွားခဲ့သည့်သယောင်ယောင် ဖြစ်နေစေတော့သည်။

အနီရောင် လေးထောင့်စားပွဲလေးတွင်တော့ လူလေးယောက် ထိုင်နေလျက်ရှိ၏။ လေးယောက်လုံးကလည်း သာမန်ဆန်စွာ လွတ်လွတ်လပ်လပ် ဝတ်စားထားကြသည်။ တစ်ယောက်ဆိုလျှင် ငါးဖမ်းရာမှ ပြန်လာခဲ့သည့်နှယ် ရှော့ပင် ဘောင်းဘီအတိုအား ဝတ်ဆင်ထားလေသည်။

သူတို့ လေးယောက်၏ အနောက်တွင်တော့ ချုံဆန် ဝတ်စုံကို ဝတ်ဆင်ထားသည့် အလှလေး လေးယောက်က မတ်တပ်ရပ်နေလျက်ရှိသည်။ သူမတို့အားလုံး၏ ကိုယ်လုံးကိုယ်ပေါက် ဘော်ဒီကောက်ကြောင်းသည်လည်း ပြောနေစရာ မလိုအောင်ပင် တစ်ယောက်နှင့် တစ်ယောက် ထပ်တူညီနေပြီး သေချာလေး စစ်ထုတ်ထားဟန်ရှိ၏။ သူမတို့သည် နေရာတွင် ပြုံးရွှင်သည့် အမူအရာဖြင့် ငြိမ်သက်စွာ ရပ်နေလျက်ရှိပြီး စာရေး ပန်းချီခြယ်သည့် ပန်းချီကား တစ်ချပ်၏ အလှ တစ်စိတ်တစ်ပိုင်းပင် ဖြစ်နေတော့သည်။

“ အဘိုးကြီးဖန့်… မင်း ငါတို့အားလုံးကို ဘာလို့ အရေးတကြီး ခေါ်လိုက်ရတာလဲ…ဘာလဲ… သတင်းကောင်းတွေ ရှိထားလို့လား..”

ပြောလိုက်သူကတော့ ထိပ်တွင် ကွက်ပြီး ဆံပင် မပေါက်ရောက်နေသည့် ထိပ်ပြောင်ပြောင်နှင့် ကျစ်ဖုန်းကျူး အမည်ရသည့် လူပင်။ သူ၏ ကျစ်ကျယ် စွမ်းအင်သစ် ယာဉ်များက နယ်ပယ်တွင်း ထိပ်တန်းသုံးခု ဝင်သည့် ကားများပင် ဖြစ်ပေတော့၏။ သူကိုယ်တိုင်က လူရှေ့ သိပ်ထွက်လေ့ မရှိသော်လည်းပဲ ကြွယ်ဝမှုကြောင့်တော့ နာမည်ကျော်စောလျက်ရှိသည်။

သူ ခေါ်လိုက်သည့် အဘိုးကြီးဖန့် ဆိုသူကတော့ ဖန့်ချင်းကျိုးဖြစ်ပြီး ‘ ကြီးမြတ်သော ‘ လယ်ယာ တိုးတက်မှု ကုမ္ပဏီ၏ ဥက္ကဌ တစ်ဖြစ်လည်း ဖန့်ချိန်ကျယ်၏ ဖခင်လည်း ဖြစ်သည်။

“ မင်း ငါတို့ကို မနေ့က ခေါ်လိုက်တုန်းက မင်း ပြောတာ နယ်ပယ် တစ်ခုလုံးကိုတောင် ပြောင်းလဲပစ်နိုင်တဲ့ ထုတ်ကုန် တစ်ခု တွေ့ထားပြီလို့ ပြောခဲ့တယ် မဟုတ်ဘူးလား… ငါတော့ ရင်းနှီးမြုပ်နှံဖို့ ပိုက်ဆံတောင် ပြင်ထားပြီးသွားပြီ… “

ပြောလိုက်သူက ရွှီထျန်းကျွင်း ဖြစ်ပြီး ထျန်းဖုန်း ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီက ဟွာရှရှိ နာမည်အကြီးဆုံးသော စွန့်ဦးတီထွင် လုပ်ငန်းရှင် ကုမ္ပဏီကြီး တစ်ခု ဖြစ်လေသည်။

၎င်း၏ လက်တံက နိုင်ငံတွင်း ရေပန်းစားလျက်ရှိသော အင်တာနက် ကုမ္ပဏီ အများအပြားသို့ ဝင်ရောက်နေပြီး ရွှီထျန်းကျွင်းကို သူ့အသိုင်းအဝိုင်း၌ ထိပ်တန်း ရင်းနှီးမြုပ်နှံသူ တစ်ဦးဟု မှတ်ယူရသည်။

တချို့ဆို မည်သည့် နေရာ၌ ရင်းနှီးမြုပ်နှံရမှန်း မသိပါက ရွှီထျန်းကျွင်းနောက်သို့သာ လိုက်ပါဟုတောင် ပြောစမှတ်ပြုကြသူများလည်း ရှိ၏။ ထိုမှတစ်ဆင့် ထိုသူ၏ လွှမ်းမိုးမှုက မည်မျှ ကြီးမားကြောင်း သိရှိနိုင်ပေသည်။

“ စကားပြောနေတာတွေ တော်တော့… ထင်မှတ်မထားတာ တစ်ခု ဖြစ်ပျက်သွားတယ်..”

ဖန့်ချင်းကျိုး သက်ပြင်းချလိုက်ပြီး “ လွန်ခဲ့တဲ့ သုံးလေးရက်လောက်တုန်းက ငါ့သား သာမန် အသီးတွေထက် အာဟာရ အဆ ၂၀ ကနေ ၅၀ ထိ ရှိနေတဲ့ အသီးတစ်မျိုးကို ရုတ်တရက် ရှာတွေ့သွားခဲ့တယ်… ဒီနည်းပညာကို လိုချင်လို့ တစ်ဖက်နဲ့ စကားပြောကြည့်တော့ တစ်ဖက်က သဘောမတူဘူး.. အဲ့ဒါနဲ့ပဲ သူ အထူးနည်းလမ်းတစ်ချို့ အသုံးပြုလိုက်တယ်… ဒါပေမယ့် အောင်မြင်ခါနီးကျမှပဲ ထင်မှတ်မထားတဲ့ ကိစ္စ တစ်ခု ဖြစ်ပျက်သွားခဲ့တယ်…”

လက်ရှိ ရောက်နေကြသည့် လူတိုင်း အထူးနည်းလမ်း ဟု ခေါ်သည့် နည်းလမ်းက သမာရိုးကျ မဟုတ်သည့် နည်းလမ်းကို ဆိုလိုမှန်း လူတိုင်းက နားလည်ကြသည်။ တစ်နည်းအားဖြင့် ယုတ်မာကောက်ကျစ်သည့် နည်းလမ်းကို ဆိုလိုခြင်းဖြစ်၏။

သို့တိုင်အောင် ၎င်းတို့၏ အသိုင်းအဝိုင်းတွင်တော့ ဤသည်က အထူးအဆန်းတစ်ရပ် မဟုတ်။ ထိုသို့ ဆိုသော်ငြားလည်းပဲ ၎င်းတို့၏ သက်ဝင်ယုံကြည်မှုအရ ချမ်းသာသည့် လူများ၏ လုပ်ရပ်ကို အဘယ်ကြောင့် ယုတ်မာကောက်ကျစ်သည့် နည်းလမ်းဟု ဆိုနိုင်မည်နည်း။ ၎င်းတို့၏ ကိုယ်ပိုင် နည်းလမ်းဖြင့် ပြဿနာကို ဖြေရှင်းသည်ဟုသာ ဆိုသင့်ပေသည်။

“ ဘာဖြစ်သွားခဲ့တာတဲ့လဲ… ငါတို့ကို ပြောစမ်းပါဦး… “

ပြောလိုက်သူက ဖန့်ချင်းကျိုးနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် လူတစ်ယောက်ပင်။ သူ၏ နာမည်က လုကောင်းယွဲ့ ဖြစ်ပြီး ထိုသူက ကျုံးဝူ အီလက်ထရောနစ်ကို ပိုင်ဆိုင်သည်။ ယင်း ကုမ္ပဏီက ဟွာရှ အီလက်ထရောနစ် နယ်ပယ်တွင် အကောင် ခပ်ထွားထွား တစ်ကောင်ဖြစ်၏။ သူသည်လည်း သူ၏ နယ်ပယ်တွင် နာမည် အတော်ရှိသည့် ပုဂ္ဂိုလ် တစ်ယောက်ဖြစ်သည်။

“ အစကတော့ ငါ့သား ထင်နေတာ အသီးလေး ပါချီပါချက် ရောင်းတဲ့ လယ်သမားက အနိုင်ကျင့်လို လွယ်မယ် ထင်နေတာပေါ့ကွာ… ဒါကြောင့်မို့ သူ့ရဲ့ ရှေ့နေကို စာတစ်စောင် ပေးခိုင်းလိုက်ပြီး ညှိနှိုင်းလိုက်မယ်ပေါ့…. ဒါပေမယ့် ဘာဖြစ်သွားလဲ မင်းတို့ ခန့်မှန်းကြည့်ကြည့်.. အဲ့လူက လုံးဝ လယ်သမား မဟုတ်ပဲ အဲ့အစား လင်းယွင်အုပ်စုရဲ့ ဥက္ကဌကြီး လင်းရီ ဖြစ်နေတယ်တဲ့ဗျာ…. “

“ ဘာကြီး… လင်းရီ .. ဟုတ်လား…”

လင်းရီ၏ နာမည်ကို ကြားတော့ သုံးယောက်သား ဆက်လက် တည်ငြိမ်စွာဖြင့် ထိုင်မနေနိုင်ကြတော့ချေ။ ၎င်းတို့၏ ဖင်ထိုင်ခုံက မီးထတောက်လာသည့်နှယ် ဖြစ်နေလေသည်။

လူတိုင်း ကျိုးဟိုင်ရှိ လင်းယွင်အုပ်စု၏ အဆင့်အတန်းကို ကောင်းစွာ သတိပြုမိကြသည်။

စီးပွားရေး လောကတွင် ထိပ်ဆုံး ဦးဆောင်သူ တစ်ယောက် မဟုတ်သော်ငြားလည်း အကြီးဆုံး အုပ်စု ငါးအုပ်စုထဲ ဝင်ရောက်ဖို့ရာတော့ ပြဿနာ ရှိမည် မဟုတ်ချေ။

ထို့အပြင် သူတို့လက်ထဲ၌ ချစ်ပ် နည်းပညာ ၂.၀ ကိုလည်း လက်ဝယ်ပိုင်ဆိုင်ထားသည်။ ဤသည်က semiconductor နယ်ပယ်အပေါ်၌ ဧရာမ လွှမ်းမိုးမှုကြီးကို ဖြစ်ပေါ်စေသည်။

အရေးအကြီးဆုံး အချက်ကတော့ ၎င်းတို့သည် စာရင်းဝင်ထားခြင်း မရှိသေးဘဲ ၎င်းတို့၏ ဘဏ္ဍာရေး အဆင့်အတန်း မည်မျှ ရှိလဲ ဆိုသည်အား မည်သူကမျှ မသိကြချေ။ ရလဒ်အနေဖြင့် လင်းယွင်အုပ်စုသည် လူမသိ သူမသိ လျှို့ဝှက်စွာဖြင့် တိုးတက်ကြီးထွားလာနေသည်။

သို့ပေမယ့်လည်း ၎င်းတို့က အကောင်ကြီးကြီး အမြီးရှည်ရှည် ဖြစ်သည်ကိုတော့ ကျိုးဟိုင်ရှိ မည်သူကမျှ ငြင်းပယ်ခြင်းငှာ မပြုနိုင်ကြချေ။

“ မင်းနောက်နေတာ မဟုတ်ဘူးဆိုတာ သေချာပါတယ်နော်.. လင်းယွင် အုပ်စုရဲ့ ဂုဏ်သိမ်ကြီးမားတဲ့ ဥက္ကဌကြီးလင်းက တကယ်ကြီး အသီးတွေ လမ်းဘေး ချရောင်းနေတယ်ပေါ့.. ဟုတ်လား… သောက် အဓိပ္ပာယ် မရှိလိုက်တာ…” ရွှီထျန်းကျွင်း ပြောလိုက်သည်။

“ အေး ငါလည်း သောက် အဓိပ္ပာယ်မရှိဖို့ မျှော်လင့်ခဲ့တာပဲ… ဒါပေမယ့် တကယ်ကြီး လင်းရီ ဖြစ်နေခဲ့တာကွ… ငါတို့ လက်လွန်သွားခဲ့ပြီ..” ဖန့်ချင်းကျိုး ပြောလိုက်၏။ “ ပြီးတော့ သူက ဒီကိစ္စကို သီးသန့် မဖြေရှင်းချင်ဘူးလို့လည်း ပြောသွားသေးတယ်… လင်းယွင်အုပ်စုရဲ့ အရွယ်အစားနဲ့ ဒီကိစ္စကို ဆက်လိုက်နေမယ်ဆိုရင် ငါတို့ ‘ ကြီးမြတ်သော ‘ လယ်ယာတိုးတက်မှု ကုမ္ပဏီက ဘယ်လိုမှ တောင့်ခံနိုင်မှာ မဟုတ်ဘူး..”

“ အလွန်ဆုံး ရှိလှ အသရေဖျက်မှုပေါ့ကွာ.. လင်းရီ ဘယ်လောက်ပဲ အာဏာရှိတယ်ပြောပြော သူ စီးပွားရေး လောကက စည်းမျဉ်းတွေကို မလိုက်နာပဲ နေလို့ မရပါဘူး.. ငါတို့ သူလုပ်ချင်သလို လုပ်ခွင့် ပြုထားလို့ ဘယ်ဖြစ်မှာလဲ ဟုတ်တယ်မလား..”

လု ကောင်းယွဲ့မှ ပြောလိုက်သည်။

“ အဘိုးကြီးလု ပြောတာ အဓိပ္ပာယ် ရှိတယ်… ဒါ ထွေထူး ကိစ္စကြီးလည်း မဟုတ်ပါဘူး..” ကျစ်ဖုန်းကျူး ပြောလိုက်ပြီး “ မင်းတို့ကောင်တွေ နားလည်မှု လွဲသွားသလိုမျိုး ဖြစ်အောင် လုပ်လို့ရတယ်လေ… နည်းနည်းပါးပါး ဆုံးရှုံးမှုတော့ ရှိနိုင်တယ် ဆိုပေမယ့် ထွေထူး ကိစ္စကြီးတော့ မဟုတ်ပါဘူးဟ…”

“ မင်းတို့ကောင်တွေက ဒီကိစ္စကို လျှော့တွက်လွန်းနေတာပဲ… လင်းရီရဲ့ စရိုက်က တော်တော်လေး ပြဿနာကွ… တကယ်လို့ သူသာ ဒေါသထွက်လာရင် အဘိုးကြီးဖန့် ဘယ်လိုမှ တောင့်ခံနိုင်မှာ မဟုတ်ဘူး…”

ရွှီထျန်းကျွင်း၏ စကားလုံးများက ကျစ်ဖုန်းကျူးနှင့် လုကောင်းယွဲ့ကို သူ့အား ကြည့်လာစေခဲ့သည်။

သူသည်က နိုင်ငံတွင်း ထိပ်တန်း ရင်းနှီးမြုပ်နှံသူ တစ်ယောက်ဖြစ်သည်။ စီးပွားရေး အမြင်တွင်သာမက သူ၏ ရင်းနှီးမြုပ်နှံမှုအပေါ် အာရုံ ထက်ရှမှုတို့ကလည်း နယ်ပယ်တွင်း ပြောင်မြောက်လွန်းသည်ဟု သတ်မှတ်၍ ရလေသည်။ ထို့ကြောင့် သူ၏ စကားလုံးများက ဝိတ်တော်တော်လေး ပါနေခဲ့၏။

“ မင်းက သူ့အကြောင်း ဘာတွေ သိထားသေးလို့…”

“ လတ်တလောလေးတင်ပဲ လင်းယွင်အုပ်စုက ခြေလှမ်း အသစ်တွေ လှမ်းနေပြီလို့ ငါ သတင်းတစ်ချို့ ရထားတယ်…” ရွှီထျန်းကျွင်း ပြောလိုက်ပြီး “ semiconductor နယ်ပယ် အပြင်ကို သူတို့က စွမ်းအင်သစ် ကဏ္ဍမှာပါ ရင်းနှီးမြုပ်နှံမှုတွေ ပြုနေကြပြီ… သူတို့ ပါဝင်လာပြီဆိုတော့ မင်းရဲ့ စွမ်းအင်သစ် ကားနယ်ပယ်လည်း ဧရာမ သက်ရောက်မှုကြီး ဖြစ်လာမှာပဲ..”

“ သူတို့က စွမ်းအင်သစ် ကဏ္ဍထဲကိုလည်း ခြေချနေတယ် ဟုတ်လား.. အင်တာနက်နဲ့ semiconductor နယ်ပယ်ထဲမှာ ခြေကုပ်ယူနိုင်တာတောင် မကြာသေးဘူး တစ်ခြား နယ်ပယ်တွေဆီ တကယ်ကြီး လက်ဆန့် နေကြပြီပေါ့…”

“ အင်း… သူတို့ ‘ အံ့မခန်းခေတ် ‘ ဆိုတဲ့ စွမ်းအင် ကုမ္ပဏီ အသေးစားလေး တစ်ခုမှာ ရင်းနှီးမြုပ်နှံနေတယ်ဆိုပဲ… ခြေဆန့်ဖို့ စဉ်းစားနေကြတာ နေမှာပေါ့…”

“ အံ့မခန်းခေတ်.. ဟုတ်လား…” ကျစ်ဖုန်းကျူး အထင်သေးစွာဖြင့် ဟမ့်ခနဲ မြည်သံ ပြုလိုက်ပြီး “ငါ အဲ့ဒီ စက်ရုံကို သိတယ်.. ဘာအကောင်မှ မဟုတ်တဲ့ စက်ရုံလေးကိုများ… ထုတ်ပြောဖို့တောင် မထိုက်တန်ဘူး..”

“ ဒါပေမယ့် မင်းသိရမှာ ဒီရဲ့ ပရောဂျက်ကို သူတို့ရဲ့ COO ၊ ချီရှန်းကျောက် နဲ့ CFO ၊ ဟော်ယွမ်ယွမ်တို့ ဦးဆောင်တယ်ဆိုတာပဲ… တစ်ချီတည်းနဲ့ ယွမ် ၁.၄ ဘီလီယမ် ရင်းနှီးမြုပ်နှံသွားခဲ့တာ… အဲ့ပိုက်ဆံက ပါချီပါချက်လေး မဟုတ်ဘူးနော်…” ရွှီထျန်းကျွင်း သုံးယောက်လုံးကို သိမ်းကျုံးကြည့်လိုက်ပြီး “ ချီရှန်းကျောက်နဲ့ ဟော်ယွမ်ယွမ် ဘယ်သူဆိုတာတော့ ငါ လေကုန်ခံပြီး ရှင်းပြမနေတော့ဘူး…သူတို့ အသိုင်းအဝိုင်းထဲက လူတိုင်း သူတို့ကို သိတယ်..”

“ ဒီလူနှစ်ယောက်က လင်းယွင်အုပ်စုရဲ့ ယုံကြည်ရတဲ့ လက်ရုံးတွေပဲ .. သူတို့ရဲ့ အပြုအမူတိုင်းက လင်းရီရဲ့ အလိုဆန္ဒကို ဖော်ဆောင်တယ်… သူတို့ ဒီပရောဂျက်ထဲမှာ ရင်းနှီးမြုပ်နှံလာပြီဆိုတော့ … ဆိုလိုတာ လင်းယွင်အုပ်စုက စွမ်းအင်သစ် နယ်ပယ်ထဲ စတင် ခြေဆန့်ဖို့ ပြင်ဆင်နေတယ် ဆိုတာပဲ…”

ရွှီထျန်းကျွင်း ပြောပြီးနောက် လုကောင်းယွဲ့ ကျစ်ဖုန်းကျူးကို ကြည့်လိုက်ပြီး “ မင်းရဲ့ စွမ်းအင်သစ် ကုမ္ပဏီကတော့ စိန်ခေါ်မှု အသစ်နဲ့ ရင်ဆိုင်ရတော့မယ်..”

“ ပြောရရင် ဒါက အချက်ပြမှု တစ်ခုပဲ.. တကယ်လို့ ငါတို့ အခုချိန် အစစ်အမှန် အကျိုးသက်ရောက်မှုတွေ အကြောင်း ပြောကြမယ်ဆိုရင် လောလောဆယ် ဘာမှ မြင်နိုင်သေးဦးမှာ မဟုတ်ဘူး..” ရွှီထျန်းကျွင်း ပြောလိုက်၏။

“ နောက်ပြီး သိပ်မကြာခင်တုန်းက Semiconductor နယ်ပယ် ထိပ်သီး အစည်းအဝေးပွဲ တစ်ခု ရှိခဲ့တယ်.. ဆယ့်လေးကြိမ်မြောက် ငါးနှစ်တာ စီမံကိန်းက semiconductor နယ်ပယ်အတွက် တကယ့် အရေးကြီးဆုံး ကာလပဲ… လင်းယွင် အုပ်စုက ဒီအချိန်အတွက် ဟိုးကတည်းကနေ ကြိုပြီး အစီအစဉ်တွေ ချမှတ်ထားတယ်ဆိုတာ ငါ ရှင်းရှင်းလင်းလင်းကြီး ပြောနိုင်တယ်.. ကုန်ကုန်ပြောရရင်ကွာ သူတို့က လက်ဝါးကြီးအုပ် ထိန်းချုပ်လို့တောင် ရနေပြီ… ဒါ ဘာကို ဆိုလိုလဲ မင်းတို့ကောင်တွေ နားလည်ပါတယ်…”

All Chapters