အားလုံးက ငါ့အပိုင်တွေချည်းပဲ
Vol. 74 Ch. 1097
ရွှီထျန်းကျွင်း၏ စကားလုံးများက ကျန်သုံးယောက်ကို ငြိမ်ကျသွားစေခဲ့၏။
သူတို့အားလုံးက အရူးများ မဟုတ်ကြပေ။ လင်းယွင်အုပ်စု၏ အနာဂတ် ဖွံ့ဖြိုးမှုအတွက် ပုံစံပြာကို မြင်ကြည့် တွေးကြည့်နိုင်လေသည်။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက အကန့်အသတ်မဲ့သည့် ပိုင်မုန့်ကြီး တစ်ခု မဟုတ်ပေ။ ၎င်းတွင် အကန့်အသတ် ဆိုတာ ရှိသည်။
အကယ်၍ လူတစ်ဦး တစ်ယောက်က သန်မာသည်ထက် ပို၍ သန်မာအားကောင်းလာပြီ ဆိုပါက အခြား နယ်ပယ်ရှိ ဈေးကွက်ရှယ်ယာများကို သိမ်းပိုက်ရန် ကြိုးပမ်းလာလိမ့်မည်။
ထိုသို့ ဖြစ်လာပြီ ဆိုပါက သူတို့သည်လည်း ကျိန်းသေပေါက်ကို စီးပွားရေး ဆုံးရှုံးမှုများ ဖြစ်ပေါ်လာပေမည်။
ရွှီထျန်းကျိုး လက်မြောက်ပြီး လက်ညိုးတစ်ချက် ကွေးလိုက်သည်။ အနောက်ရှိ ချုံဆန် ဝတ်စုံနှင့် အလှလေးမှ လက်ဖက်ရည်အိုးလေး ကိုင်ပြီး သူ၏ ခွက်ကို လာဖြည့်ပေးနေချိန်မှာပဲ သူက ဆက်လက်၍ “ semiconductor နယ်ပယ်နဲ့ အင်တာနက် နယ်ပယ်ဆိုတာ သိပ်ကို လွှမ်းမိုးမှုရှိတဲ့ နယ်ပယ်တွေ… တကယ်လို့ မင်းရဲ့ စွမ်းအင်သစ်ကားနဲ့ စမတ်ဟုမ်းကသာ အနာဂတ်မှာ ဆက်ပြီး တိုးတက်ချင်သေးတယ်ဆိုရင် ဒီ ကဏ္ဍမှာတော့ ကန့်သတ်ခံထားရမှာကို စိုးရိမ်မိတယ်… ဒါကြောင့်မို့ ဒီနေ့ ပြဿနာက အဘိုးကြီးဖန့်ရဲ့ ပြဿနာ သပ်သပ်တင် မဟုတ်ဘူး… အနာဂတ်ကျ မင်းတို့ ငါတို့ အားလုံးရဲ့ ပြဿနာပါ ဖြစ်လာလိမ့်မယ်.. ဒါကြောင့်မို့ ငါတို့ လေးလေးနက်နက် ကိုင်တွယ်စဉ်းစားမှ ဖြစ်မှာ… မဟုတ်ရင် ငါတို့ရဲ့ အကျိုးစီးပွားအတွက် နောင်တစ်ချိန်ကျလည်း ဒီလိုမျိုး ရင်ဆိုင်နေရမှာပဲ…”
“ ငါတို့ သူ့ကို ဟွမ်ကျန်း အိမ်တော်ထဲ ဆွဲသွင်းလိုက်ရင် ဒီပြဿနာက ဖြေရှင်းပြီးသား ဖြစ်သွားမယ်လို့ မင်းတို့ မထင်ဘူးလား..” ကျစ်ဖုန်းကျူးမှ ပြောလိုက်သည်။
“ ငါတော့ မထင်ဘူး… “ ဖန့်ချင်းကျိုး လက်ဖက်ရည် တစ်ကျိုက် သောက်လိုက်ရင်း “ ငါ့သား ဒီနေ့ပဲ သူနဲ့ လူချင်း တွေ့ပြီးသွားပြီ… သူက သိပ်ကို မောက်မာလွန်းတယ်… ငါတို့ကို လုံးဝ အလေးအနက် ထားမှာ မဟုတ်ဘူး… မင်းသူ့ကို စည်းရုံးသိမ်းသွင်းချင်တယ်ဆိုရင် မိုးလောက်မြင့်တဲ့ အကျိုးအမြတ်တွေနဲ့ သိမ်းသွင်းမှပဲ ရရင် ရလိမ့်မယ်…”
“ ဒါကြီးကတော့ မောက်မာလွန်းသွားပြီ.. သူက ငါတို့ ဟွမ်ကျန်းအိမ်တော်ကိုတောင် အလေးအနက် ထားမနေဘူးပဲ…”
“ အမှန်တော့ မင်းတို့က သူ့ကို နားလည်မှုလွဲနေကြတာ..” ရွှီထျန်းကျိုး ပြောလာခဲ့ပြီး “ ငါ ရင်းနှီးမြုပ်နှံသူ အများကြီးဆီကနေ သူ့အကြောင်းတွေ ကြားဖူးတယ်… ပြောကြတာ သူက သိပ်ပြီး ရှေ့ရေးကို ကြိုတွေးတဲ့သူ… ပြီးတော့ သူ့ရဲ့ အမြင်နဲ့ အတွေးအခေါ်တွေကလည်း ငါတို့နဲ့ လုံးဝ ခြားနားတယ်… အီလွန်မတ်နဲ့တောင် နည်းနည်းတူတယ်.. သူ့စိတ်က ရူးမိုက်တဲ့ အတွေးအခေါ်တွေနဲ့ ပြည့်နှက်နေတာ…”
“ ဒါ နည်းနည်းလေးတော့ ယုတ္တိမရှိသလိုပဲ..” လုကောင်းယွဲ့ ပြောလိုက်ပြီး “ တကယ်လို့ ဒီကိစ္စသာ လူသိရှင်ကြား ဖြစ်သွားမယ်ဆိုရင် အဘိုးကြီးဖန့် ကုမ္ပဏီရဲ့ စတော့ဈေးကွက်ကို သေစေနိုင်လောက်တဲ့ ထိုးနှက်ချက်ကြီး ဖြစ်သွားလိမ့်မယ်… အဲ့လို ဖြစ်သွားခဲ့ရင် လင်းရီအတွက် ရွေးချယ်စရာတွေ ပိုများသွားလိမ့်မယ်… သူ ရှယ်ယာဈေးကွက် ကစားပြီး ပိုက်ဆံတွေ အပိုင်သိမ်းရင်တောင် သိမ်းသွားနိုင်တယ်… သူ အရင်က လုပ်ခဲ့သလိုမျိုးပေါ့… ဒါမှ မဟုတ်ရင် သူ ဆင့်ပွားဈေးကွက်ထဲမှာ အဘိုးကြီးဖန့်ရဲ့ ကုမ္ပဏီရှယ်ယာတွေကို သိမ်းကျုံးဝယ်ယူပြီး ရှယ်ယာတွေ အကုန်လုံးကို မောင်ပိုင်စီးသွားနိုင်တယ်.. ဒါက တော်တော်ကြီးကို ကမောက်ကမ ဖြစ်သွားမယ့် အခြေအနေပဲ…”
“ ဒါက ဆိုးရွားတဲ့ အခြေအနေဆိုတာ ငါလည်း သိတယ်.. ဒါပေမယ့် ဘယ်လို ဖြေရှင်းရမလဲဆိုတာကို စဉ်းစားမရသေးဘူးလေ… ခက်တာ ဒါက ဖြေရှင်းမှကို ရမယ့် ပြဿနာ ဖြစ်နေတာပဲ…” ဖန့်ချင်းကျိုး ပြောလိုက်၏။
လေးယောက်လုံးက စီးပွားရေး လောကတွင် အတွေ့အကြုံ ရှိပြီးသူများဖြစ်ပြီး ဤသို့ ဖြစ်လာပြီဆိုပါ မည်သည့် အခြေအနေသို့ ဦးတည်သွားမလဲဆိုတာကို နားလည်ကြလေသည်။
ထိုသို့ နားလည်နေကြသည်ကလည်း ၎င်းတို့က သောက်ရမ်း အံ့ဩဖို့ ကောင်းနေသောကြောင့်မဟုတ်။ အင်မတန် ရိုးရှင်းနေသောကြောင့်ဖြစ်သည်။
မည်သို့ပင်ဆိုစေ သူတို့လည်း ယခင်က အခြားသူများ၏ ကုမ္ပဏီကို ယခုလို နည်းလမ်းသုံး၍ မောင်ပိုင်စီးခဲ့ဖူးလေသည်။
ရှေးခေတ် အချိန်များတုန်းကတော့ လက်သီးအား ပိုကောင်းသူသာလျှင် အကောင်ဖြစ်ပြီး လက်ရှိ ခေတ်တွင်တော့ ပိုက်ဆံက ပို၍ ကြွယ်ဝသည့် မည်သူမဆို ကြီးမားသည့် သမုဒ္ဒရာလှိုင်းကြီးများအား ဖန်တီးနိုင်စွမ်း ရှိစေသည်။
ခေတ်ကာလတို့ အလီလီ ပြောင်းလဲလာခဲ့သော်လည်း ကြီးနိုင်ငယ်ညှဉ်း တောတွင်း ဥပဒေသကိုတော့ မပျောက်မပျက် စွဲမြဲ ကျင့်သုံးနေကြဆဲဖြစ်၏။
“ အဘိုးကြီးရွှီ… မင်းက ငါတို့ထက် အဆက်အသွယ် ပိုနှံ့စပ်တယ်.. ငါတို့ကို ကူပြီး တွေးပေးစမ်းပါဦးဟ…” လုကောင်းယွဲ့ ပြောလိုက်လေသည်။
ရွှီထျန်းကျိုး သူ့လက်ထဲရှိ စီးကရက်တိုကို ဖိငြိမ်းသတ်လိုက်ပြီး “ စိတ်အေးအေးထား… ငါ့ရဲ့ ခေါင်းဆောင်ကြီးကို ဖုန်းဆက်ပြီး ဒီကိစ္စ ပြောပြကြည့်ဦးမယ်.. “
ထိုသို့ ပြောပြီးနောက် ရွှီထျန်းကျွင်း သူ၏ ဖုန်းကို ထုတ်လိုက်ပြီး နံပါတ်တစ်ခုကို နှိပ်၍ ဖုန်းခေါ်လိုက်သည်။ “ ဟယ်လို ရွှယ်လောင်ရှစ်…”
“ရွှယ်လောင်ရှစ်… ကျွန်တော်ပါ ရှောင်ရွှီလေးလေ… ကျွန်တော် ဆရာ့ကို တစ်ခုလောက် တောင်းဆိုချင်လို့… ကျေးဇူးပြုပြီး ကျွန်တော့်ကို အကြံလေး ပေးလို့ရမလားဗျ…”
ဖန့်ချင်းကျိုးနှင့် ကျန်နှစ်ယောက်နဲ့ စကားပြောနေစဉ်ကနှင့် မတူညီစွာ ရွှီထျန်းကျွင်း၏ လေသံက ပျော့ပျောင်းညင်သာပြီး ချိုသာယဉ်ကျေးနေလျက် ရှိသည်။ KG ကလေးမှ သူ၏ ဆရာမဖြစ်သူကို မပီကလာ ပီကလာ အသံဖြင့် ချစ်စဖွယ်လေးလုပ်ပြီး စကားပြောနေသကဲ့သို့ ရှိ၏။
“ ကျွန်တော့်ရဲ့ မိတ်ဆွေ တစ်ယောက်က လင်းယွင်အုပ်စုနဲ့ နားလည်မှု တစ်ချို့ လွဲတာလေး ရှိနေလို့ပါ… အခြေအနေက ကျွန်တော်တို့အတွက် နည်းနည်းလေး အလေးမသာဘူး ဖြစ်နေတယ်.. ဒီကိစ္စကို ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးများ ရှိမလားလို့ပါ..”
“ ဗျာ.. တကယ်ကြီးလားဗျ…”
“ ဟုတ် ဟုတ် .. ကျွန်တော် နားလည်ပါပြီ… ကျေးဇူးပါ ရွှယ်လောင်ရှစ်…ကျေးဇူးပါဗျ.. ”
သာယာနာပျော်ဖွယ် စကားတစ်ချို့ ဖလှယ်ပြီးနောက် ရွှီထျန်းကျွင်း ဖုန်းကို ချလိုက်သည်။ သူ၏ အမူအရာက တုန်လှုပ် တုန်လှုပ်နေပြီး တစ်ချိန်တည်းတွင် ဘဝင်ခိုက်နေလျက်လည်း ရှိ၏။
“ ရပြီ… မင်းတို့ကောင်တွေ ဘာမှ စိတ်ပူပန် မနေကြနဲ့တော့… သူ့ကို အထက်ကြီးပိုင်းတွေက ဂရုစိုက်လိုက်မယ်တဲ့… ကိုယ့်နယ်ပယ်ကို အေးအေးဆေးဆေးလေးနဲ့ တိုးတက်အောင်သာ လုပ်ကြတော့..”
“ အထက်ကြီးပိုင်းတွေက ဂရုစိုက်လိုက်မယ်… ဟုတ်လား.. မင်း ဘာပြောချင်နေတာတုန်း…” ဖန့်ချင်းကျိုး မေးမြန်းလိုက်သည်။
“ ငါ့ရဲ့ ခေါင်းဆောင်ဟောင်းကြီးကလည်း အသေးစိတ်တော့ မပြောပြသွားဘူး.. ငါကြားတာ အထက်ကြီးပိုင်းတွေထဲ တစ်ယောက်ယောက်က သူ့ကို အမြင်မကြည် ဖြစ်နေတယ်ဆိုပဲ… အနှစ်ချုပ်ရရင်ကွာ. သူ့ရဲ့ အနာဂတ် နေ့ရက်တွေက လွယ်ကူတော့မှာ မဟုတ်ဘူး… ဒီတော့ ငါတို့ကောင်တွေလည်း အရမ်း ဒုက္ခရောက်စရာ မလိုတော့ဘူးပေါ့ကွာ… “
“ ဒါက တော်တော်လေးကို စိုးရိမ်ဖို့ ကောင်းတဲ့ အနေအထား ရောက်ခဲ့ပြီး ငါတို့ကောင်တွေလည်း ကြံရာ မရ ဖြစ်နေချိန်မှာ အထက်က သူ့ကို နှောင့်ယှက်ချင်နေလိမ့်မယ်လို့တော့ ထင်မထားဘူး… ဘုရားသိကြားမတာပဲ...” ကျစ်ဖုန်းကျူး ပြောလိုက်သည်။
“ သူတော့ ဘာတွေ ဖြစ်နေလဲဆိုတာ သိမှာ မဟုတ်ဘူးလို့ ငါထင်တယ်.. မဟုတ်ရင် ဒီလောက်ထိ မောက်မာဝံ့နေမှာ မဟုတ်ဘူး…” လုကောင်းယွဲ့ ပြောလိုက်၏။
“ အဆိုးထဲက အကောင်းပဲပေါ့ကွာ… ဒါက ငါတို့တွေအတွက် အခွင့်အရေးဆိုလည်း ဟုတ်တယ်… တွေးကြည့်လိုက်.. ငါတို့ အကျိုးအမြတ် တစ်ချို့တောင် ရှာရင် ရှာလို့ရလောက်တယ်..”
……………….
ည ဆယ်နာရီလောက်ထိုးတော့ လင်းရီနှင့် ကျန်သူများအားလုံး ဘားထဲမှ ထွက်လာခဲ့ကြသည်။
ကျန်းချင်နှင့် အခြား လူသစ်လေး နှစ်ယောက်ကတော့ တော်တော်လေး စိတ်တုန်လှုပ်ပြီး စိုးထိတ်နေလျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ မစ်ရှင် ပြုလုပ်ရမည် ဖြစ်သောကြောင့် ဖြစ်ပြီး မစ်ရှင် လုပ်သည့် အခါတွင်လည်း ၎င်းတို့၏ ကပြက်ကချော် ဖြစ်မှုကြောင့် မကောင်းသည့် ရလဒ်များ ဖြစ်ပေါ်သွားလိမ့်မည်ကို တွေးရင်းဖြင့် စိတ်ပူပန်နေကြလေသည်။
သို့သော် တစ်ဖက်ရှိ နင်ချဲ့ကတော့ နည်းနည်းလေး မကျေနပ်နိုင် ဖြစ်နေခဲ့သည်။ သူမ ပုံစံက ကဲလို့ ပြဲလို့ မဝသေးသည့်ဟန်ပင်။
လင်းရီ အုပ်စုကို ဝမ်ကျန်း ဆိပ်ကမ်းသို့ ခေါ်ဆောင်လာခဲ့လိုက်သည်။
အပျော်စီး သင်္ဘော အသေးစားလေး တစ်စင်းက သင်္ဘောဆိပ်တွင် ရပ်တန့်ထားလျက်ရှိပြီး ၎င်းကိုတော့ လင်းရီအတွက် အထူး ပြင်ဆင်ထားပေးခြင်း ဖြစ်၏။
ပီစုန့်ကျန်း၊ ဝမ်ကျန်းဆိပ်ကမ်းအား ကြည့်ရှုစောင့်ရှောက်ရန် လင်းရီ တာဝန်ပေးထားသူသည် ယခုတိုင် အလုပ်မဆင်းသေးချေ။ သူက လင်းရီ၏ အလာကို အခြား ဝန်ထမ်း နှစ်ယောက်နှင့်အတူ စောင့်မျှော်နေသည်။
“ ဥက္ကဌလင်း… သင်္ဘော အဆင်သင့် ဖြစ်နေပါပြီ…”
“ ကောင်းပြီ… ငါတို့ ကိုယ့်ဘာကိုယ် ဂရုစိုက်လိုက်မယ်.. ပြန်ပြီး နားကြတော့…”
လင်းရီ သင်္ဘောမောင်း မကျွမ်းကျင်သော်ငြားလည်းပဲ ထောက်ချိန်သည်က ဆရာကြီးဖြစ်၏။ ဤယာဉ်များကို အထူးကိုင်တွယ် မောင်းနှင်ရန် ပရော်ဖက်ရှင်နယ် သင်တန်းများဖြင့် လေ့ကျင့်ရေး ဆင်းထားသူ ဖြစ်လေသည်။
ထို့ကြောင့် မာလိန်မူးနေရာကို ထောက်ချိန်အား ပေးအပ်ရန် ဆုံးဖြတ်လိုက်တော့သည်။
“ နားလည်ပါပြီ ဥက္ကဌလင်း.. ကျုပ်တို့ ပြန်ပါတော့မယ်…”
ပြောပြီးနောက် ပီစုန့်ကျန်းနှင့် ကျန်နှစ်ယောက်သည် တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားခဲ့ကြသည်။ လင်းရီ နင်ချဲ့တို့ကို ခေါ်၍ သင်္ဘောပေါ်သို့ တက်လိုက်၏။
“ လင်းရီ.. ဒီ သင်္ဘောကလည်း နင့် အပိုင်ပဲလား..” နင်ချဲ့ သိချင်စိတ် ပြင်းပြစွာဖြင့် မေးမြန်းလာသည်။
“ ပိုင်တာထက်ကို ပိုတယ်…”
“ ပိုင်တာထက်ကို ပိုတယ် … ဟုတ်လား..”
“ မင်းတို့နောက်က ဆိပ်ကမ်းကြီးနဲ့ မွန်ဘေကမ်းခြေကလည်း ငါ့အပိုင်ပဲ…”
နင်ချဲ့ “ …. “
ချိုးယွီလော့ “ …. “
ထောက်ချိန် “ …..”
ကိုယ့်လူ.. မင်း ဘယ်လောက်တောင် ချမ်းသာနိုင်ရတာတုန်း…
အရင်ဆုံး ဟိုတယ်၊ နောက်တော့ ကားပြိုင်ပွဲကွင်း ၊ ခုကျတော့ ဆိပ်ကမ်းနဲ့ ကမ်းခြေ။
နောက်ဘာပြောဦးမလဲ… ကျိုးဟိုင်တစ်မြို့လုံးကလည်း မင်းအပိုင်လို့ရော ပြောဦးမလား…
“ တကယ်လို့ နင် ဒီ ဆိပ်ကမ်းကို ပိုင်တာမှန်း သိရင် အစောကြီးကတည်းကလာပြီး လေညင်းလာခံပါတယ်…” နင်ချဲ့ ကလူမြူဆွယ်စွာ ပြုံးပြီး ပြောလိုက်ပြီး “ အမှန်အတိုင်းပြောရရင် ငါ တစ်ခါမှ သင်္ဘော မစီးဖူးသေးဘူး..”
“ အသင်းခေါင်းဆောင်နင်… ဒီမှာ ရှန်ပိန်နဲ့ ဝိုင်နီတွေလည်း ရှိနေတယ်ကော…” ကျန်းချင် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ပြီးတော့ ဘီကီနီ အပိုတွေကောပဲ တစ်ဒါဇင်လောက် ရှိတယ်…”
နှစ်ယောက်သား အချင်းချင်း ကြည့်လိုက်ကြပြီး စိတ်ချလို့မရသည့်အပြုံးမျိုးကို လှစ်ဟာပြလာကြသည်။
“ ဒါဆို ဘာတွေ စောင့်နေတာ… ရေကူးဝတ်စုံ ပါတီ လုပ်ကြမယ်လေ..”
“ နင်တို့ နှစ်ယောက် နည်းနည်းပါးပါး ဂရုစိုက်ပေးလို့ မရဘူးလား.. ငါတို့က မစ်ရှင် ထမ်းဆောင်နေတာနော်… ပင်လယ်ပြင်မှာ ပျော်မြူးကခုန်ဖို့ လာခဲ့တာ မဟုတ်ဘူး..” ချိုးယွီလော့ စောဒကတက်လိုက်သည်။
“ နင်ကကော ဘာတွေ မခုတ်တတ်တဲ့ ကြောင်လေးလို လာလုပ်ပြနေတာလဲ… နင့်ဘာနင် ချွတ်မလား.. ဒါမှမဟုတ် ငါတို့ကိုယ်တိုင် လာချွတ်ပေးရမလား…” နင်ချဲ့ ပြောလိုက်ပြီး “ ပြီးတော့ နင့် ဘရာက အခု လင်းရီ အပိုင်ဆိုတာ မမေ့နဲ့ဦးနော်… ချွတ်ပြီး အခု သူ့ကို ပေးလိုက်တော့..”
“ လစ်စမ်း… ငါ့ကိုများ နင်လို့ ထင်နေတာလား..”
“ နင်က ငါ မဟုတ်ရင်တောင် ငါ့ဆီကနေ သင်ယူလို့ ရတယ်လေ… တကယ်လို့ လင်းရီသာ လိုချင်တယ်ဆိုရင် ငါသာဆို သူ့ကို ပေးပြီးနေပြီ…”
“ လူတိုင်းကို နင့်လိုမျိုးများ ထင်နေတာလား…” ချိုးယွီလော့ မျက်လုံးလှိမ့်လိုက်၏။
“ အဓိကက နင် လင်းရီကို ရှုံးသွားပြီး နင့်ကတိကို နင်တည်ရမယ်လေ.. အသင်းခေါင်းဆောင် တစ်ယောက် အနေနဲ့ လက်ထောက် အသင်းခေါင်းဆောင်ကို အကျိုးခံစားခွင့် တစ်ချို့ ပေးသင့်တယ် မထင်ဘူးလား…”
“ ဘာ ပေးစရာ သောက်ကြောင်း ရှိလို့… ငါ့ကတိကို ငါမတည်ဘူးဟာ.. နင်ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ…”
“ အဲ့သာဆို ငါလည်း နင့်ကို ဆွဲချွတ်မယ်…”
ပြောပြီးနောက် နင်ချဲ့ ယုတ်မာတော့မည့် အပြုံးကြီးဖြင့် ချဉ်းကပ်လာခဲ့တော့သည်။