← Chapters

သွေးထွက်သံယို

Vol. 74 Ch. 1099

သွေးထွက်သံယို

Vol. 74 Ch. 1099

တွေးတောရင်းဖြင့် လင်းရီ ကြက်သီးဖြန်းသွားခဲ့သည်။

သူ တွေးကြည့်လေလေ ၊ ပို၍ ဖြစ်နိုင်ချေများသည်ဟု ခံစားရလေလေ ဖြစ်နေသည်။

“ မြန်မြန်တက်ကြစို့… ကျုပ် စိတ်တွေ လေးနေတယ်..”

“ ဟမ်… ဘာဖြစ်လို့လဲ..” ထောက်ချိန် လေးနက်တည်ကြည်လာခဲ့သည်။

ကွမ်တမ် သင်္ဘောကြီးပေါ်ရှိ အဖြစ်အပျက်ပြီးဆုံးသည့် နောက်တွင်တော့ လင်းရီ၏ အလိုအလျောက် သိစိတ်က သူတို့အားလုံးထက် သာလွန်သည်ဟု ထောက်ချိန် ခံစားနေခဲ့ရသည်။

ထို့ကြောင့် လင်းရီ၏ အမြင်ကို သူ တန်ဖိုးထားလေသည်။

“ ကျုပ် ပြောလို့ မရဘူး.. ဘာပဲဖြစ်ဖြစ် မြန်မြန်သာ တက်ကြစို့… တစ်ခုခု ဖြစ်နေမှာကို ကျုပ် စိုးရိမ်တယ်..”

“ ကောင်းပြီ..”

လင်းရီ အနက်ဝတ်နှင့်လူ အကြောင်း ထောက်ချိန်ကို မပြောပြနိုင်ချေ။ မည်သည့် မတော်တဆ ဖြစ်မှုကို မဆို ရှောင်ရှားရန်အတွက် တတ်နိုင်သမျှ သင်္ဘောပေါ်သို့သာ ရောက်ချင်နေမိတော့၏။

မိနစ် နှစ်ဆယ်အတွင်းမှာပဲ နှစ်ယောက်သား သံလိုက်အားသုံး နံရံတက် ကိရိယာများဖြင့် လှေပေါ်သို့ ရောက်လာခဲ့ကြသည်။

ကုန်တင် သင်္ဘောကြီးပေါ်တွင် ထောင်သောင်းချီသည့် ကွန်တိန်နာကြီးမျာကို သပ်ရပ်စွာ စီထားလျက်ရှိပြီး သံမဏိ ဝင်္ကပါကဲ့သို့ ဖြစ်နေလျက် ရှိ၏။

ထောက်ချိန် သူ့ နားတွင် တပ်ဆင်ထားသည့် ဆက်သွယ်ရေး ကိရိယာကို ဖိ၍ တီးတိုးလေသံဖြင့် “ ငါတို့ သင်္ဘောပေါ်ရောက်ပြီ.. ပစ်မှတ်ရဲ့ တည်နေရာကို သတင်းပို့ပါ..”

“ F ဘလော့… တတိယတန်း.. သူတို့ အဲ့နားလေးမှာ ပုန်းနေကြတယ်..”

“ နားလည်ပြီ…”

ထောက်ချိန် လင်းရီကိုကြည့်၍ လေသံခပ်အုပ်အုပ်ဖြင့် “ F ဇုန်၊ တတိယတန်း၊ နှစ်ယောက်ခွဲသွားမယ်.. ဒါပေမယ့် အချင်းချင်း မျက်ခြေမပြတ်ကြေး…”

“ ကောင်းပြီ..”

မစ်ရှင်များ၏ ရှည်လျားသည့် သမိုင်းအစဉ်အလာကို ကြည့်မည် ဆိုပါက ယခုကဲ့သို့ ထောက်ပံ့ပေး မစ်ရှင်များသည် အင်မတန်ကို သေးနုပ်လှပေသည်။

ထို့ကြောင့်ပဲ ယခုမတိုင်ခင် ချိုးယွီလော့နှင့် နင်ချဲ့တို့မှ အခြေအနေကို ယခုလို ရှုပ်ထွေးလာလိမ့်မည်ဟု ကြိုတင် ထင်မှတ်ထားခြင်းမျိုး မရှိပဲ ပါမွှား ကိရိယာလေးများသာ သယ်ဆောင်လာခဲ့ကြသည်။

ရလဒ်အနေဖြင့် ပစ်မှတ်၏ တည်နေရာကိုရှာရန် သောက်သုံးမကျသည့် နည်းလမ်းများအား အသုံးပြုနေရလေသည်။ ထို့ပြင် သူတို့ထံ၌ လက်နက်ကိရိယာဟူ၍ ပါပင် မပါခဲ့ကြချေ။

ဆက်သွယ်ပြောဆိုပြီးနောက် နှစ်ယောက်သား F ဇုန်၏ တည်နေရာကို လိုက်ရှာလိုက်ကြတော့သည်။

သူတို့ ခြေသုံးလှမ်း လှမ်းပြီးတိုင်း အချင်းချင်း တည်နေရာကို သတင်းပို့ကြလေသည်။

ယခုလို ဧရာမ ကုန်တင် သင်္ဘောကြီး အထက်၌ အထူးအခြေအနေများ ၊ ပမာအားဖြင့် ပေါက်ကွဲမှု။ ထိုသို့သော အခြေအနေများ မရှိပါက လုံခြုံစိတ်ချရသည်ဟု ပြော၍ရသည်။

အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ ဧရာမ ကုန်တင် သင်္ဘောကြီးအား ကင်းလှည့်ပတ်ရန် မည်သို့မျှ မဖြစ်နိုင်သောကြောင့် ဖြစ်သည်။

သင်္ဘောသားများ ရောက်လာခဲ့လျှင်ပင် အသေးစိတ်ကျကျ စစ်ဆေးကြမည် မဟုတ်ပဲ သာမန်လျှံကာ တစ်ချက်ကြည့်ပြီး ပြန်ထွက်သွားကြလိမ့်မည်။ ဤကဲ့သို့ ပင်လယ်ပြင်ကြီး အထက်၌ အင်အားသုံး၍ ပစ္စည်းခိုးရန်က မည်သို့မျှ မဖြစ်နိုင်သောကြောင့် ဖြစ်လေသည်။

ထို့ကြောင့် စိုးရိမ်နေရန် မလိုအပ်ချေ။

သို့တိုင်အောင် နှစ်ယောက်မှာ အလွန်အမင်း သတိကပ်ထားလျက် ရှိကြ၏။

အကြောင်းအရင်းကတော့ အသင်း တစ်မှ အန္တရာယ်ရှိကြောင်း အချက်ပြထားသောကြောင့်ပင်။

ဆိုလိုသည်က ဤသင်္ဘောကြီးပေါ်တွင် သာမန် သင်္ဘောသားများသာမက သူတို့နှင့် ယှဉ်နိုင်သည့် ရန်သူများ ရှိနေသည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။

အကယ်၍ သူတို့သာ ဂရုမစိုက် ပြုမူမိပါက တစ်ဖက်ရန်သူအား အခွင့်အရေး ပေးမိသလို ဖြစ်သွားနိုင်လေသည်။

ဤသည်က အထူးသဖြင့် လင်းရီအတွက် မှန်ကန်သည်ဟု ပြောရမည် ဖြစ်၏။ အကယ်၍ သူ အနက်ဝတ်လူနှင့် တစ်ဖန် ပြန်တွေ့ခဲ့ပြီ ဆိုပါက ထောက်ချိန်ကိုယ်တိုင် ၎င်း၏ ပြိုင်ဘက် ဖြစ်နိုင် မဖြစ်နိုင် သူ မသေချာပေ။

ဒုတိယ အနေဖြင့် ထိုလူက သိပ်ကို ထက်မြက်လွန်းလှ၏။ အကယ်၍ သူသာ ပြိုင်ဘက် မဟုတ်ကြောင်း သတိထားမိသည်နှင့် ချက်ချင်း ထွက်ပြေးသွားလိမ့်မည်။

ထို့ကြောင့် လက်ရှိ အရေးကြီးဆုံးကတော့ ဘက်စ် သတ္တုရိုင်းများ၏ လုံခြုံမှုကို သေချာစေပြီး ကျန်ကိစ္စများကိုတော့ နောက်မှ စဉ်းစားသင့်၏။

များမကြာမီ ထောက်ချိန် လင်းရီ ဘက်ခြမ်းသို့ ရောက်ရှိလာခဲ့ပြီး “ ငါ့ဘက်ခြမ်းက CBA ၊ DEF ကတော့ မင်း ဘက်ခြမ်းဖြစ်မယ်..”

လင်းရီ ခေါင်းညိမ့်လိုက်သည်။ ထို့နောက် နှစ်ယောက်သား စက်ဝိုင်း သဏ္ဌာန် ပြန်လှည့်၍ သေချာစူးစမ်းကြတော့၏။

နောက်ထပ် အချိန် နာရီဝက် ကုန်ဆုံးသွားခဲ့ပြီး နှစ်ယောက်သည်လည်း ဂရုတစိုက်နှင့် ဆက်လက် စူးစမ်းရှာဖွေနေကြဆဲပင်။

မကောင်းသည့် နိမိတ်ကို ဆောင်နေသကဲ့သို့ ရုတ်ချည်း အေးတိအေးစက် လေပြင်းတစ်ချက် တိုက်ခတ်သွားခဲ့သည်။

လူသည်လည်း အလိုအလျောက် ကြက်သီးဖြန်းသွားပြီး သူ၏ အရိုးများကို အပ်များဖြင့် အသာလာဆွနေသယောင်ပင်။

“ ဟမ်…”

လင်းရီ စိတ်ထဲ ရေရွတ်လိုက်သည်။

သူ၏ ထက်ရှသည့် အနံ့ခံ အာရုံဖြင့် သွေးအနံ့ ခပ်ဖျော့ဖျော့ကို နှာခေါင်းက အနံ့ခံနေမိခဲ့၏။

တစ်ချို့သော အကြောင်းအရင်းတို့ကြောင့် ဤသည်က ထင်ယောင်ထင်မှား မဟုတ်သည်ကို လင်းရီ လုံးဝ ကျိန်းသေ နေခဲ့သည်။

သူတို့ ရှေ့ ဆယ်မီတာ အကွာအဝေးထိ စူးစမ်းရင်း ဆက်လက် လမ်းလျှောက်သွားခဲ့ကြ၏။

ရုတ်တရက်ဆိုသလို လင်းရီ၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့၏။

“ ဘာဖြစ်တာလဲ..”

ထောက်ချိန် နောက်ကျောပေးရင်း လင်းရီကို မေးမြန်းလိုက်သည်။

“ တွေ့- တွေ့ပြီ…”

“ တကယ်… ဒါက ငါထင်ထားတာထက်တောင် ပိုမြန်…..”

ထောက်ချိန် ရုတ်တရက် လှည့်လာခဲ့ပြီး သူ စကားပင် ဆုံးအောင် မပြောလိုက်ရသေးခင် အချိန်မှာပဲ သူ့တစ်ကိုယ်လုံး နေရာမှာပင် အေးခဲသွားခဲ့တော့သည်။

ကွန်တိန်နာ နှစ်တန်း၏ အလယ်တွင် ခန္ဓာကိုယ်နှစ်ခုကို ချိတ်ဆွဲထားလေသည်။

လက်ကောက်ဝတ်ရှိ သွေးကြောများ ဖြတ်တောက်ခံထားရပြီး သွေးများက ကွန်တိန်နာ အပေါ်သို့ မြစ်ငယ် တစ်စင်းနှယ် တစ် တောက်တောက် စီးကျနေလျက်ရှိ၏။

အမျိုးသား တစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်။ သူတို့၏ မျက်နှာက ဖြူဖပ်ဖြူလျော် ဖြစ်နေပြီး အမူအရာမှာ ပုံပျက်ပန်းပျက် ဖြစ်နေသည်။

နေရာတစ်ခုလုံး သွေးနံ့များ မွှန်ထူနေပြီး အေးစက်စက်ရှိသည့် လရောင်က သူတို့နှစ်ယောက် ရှေ့ရှိ မြင်ကွင်းကို သွေးပျက်ဖွယ်ကောင်းအောင် ထပ်လောင်း အားဖြည့်ပေးနေတော့သည်။

၎င်းတို့နှစ်ယောက်က အဖမ်းခံလိုက်ရပြီး ဤနေရာ၌ ချိတ်ဆွဲခံထားရသည်မှာ ကျိန်းသေလေသည်။

ထို့နောက် လက်ကောက်ဝတ်ရှိ သွေးကြောများအား ဖြတ်တောက်သွားပြီး သွေးထွက်လွန်ကာ ဖြည်းဖြည်းချင်း ညှဉ်းပြီး သေဆုံးသွားစေခဲ့၏။

“ သေစမ်း… ဒါ ဘယ်လိုတောင်…”

“ တိုးတိုး…”

လင်းရီ ချက်ချင်းပဲ ထောက်ချိန်၏ ပါးစပ်ကို လက်ဝါးဖြင့် ပြေးအုပ်ထားလိုက်သည်။

လက်ရှိ အခြေအနေက မလုံခြုံသေးချေ။ လူသတ်သမားက သင်္ဘောပေါ်တွင် ရှိနေသေးသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။

တစ်စုံတစ်ရာ ဖြစ်ပျက်မလာခင် သူတို့ အမြန်ဆုံး ပြန်ထွက်ခွာရမည် ဖြစ်၏။

“ ခု လောလောဆယ် ဘာမှ မစဉ်းစားသေးနဲ့ဦး… ကျုပ်တို့ မစ်ရှင်ကို ပြီးဆုံးအောင် လုပ်ဖို့က ပိုအရေးကြီးတယ်…”

လင်းရီ ထောက်ချိန်၏ မျက်လုံးကို စေ့စေ့ကြည့်ပြီး သတိကပ်အောင် ပြောဆိုလိုက်သည်။ ထောက်ချိန်၏ မျက်လုံးမှ မျက်ရည်များက သူ့လက်ချောင်းများပေါ် တစက်စက် စီးကျကျလျက်ရှိသည်။ သို့သော် ယခုအချိန်က စိတ်ခံစားနေချက်ကို ဦးစားပေးဖို့ရန် အချိန်မရှိသေးချေ။

“ ကျုပ် သူတို့ကို ခေါ်ခဲ့လိုက်မယ်… ခင်များသွားပြီး အောက်ကလူတွေကို အချက်ပြလိုက်.. ကျန်းချင်နဲ့ ကျန်တဲ့သူတွေကို လှေကို ကျုပ်တို့နား မောင်းခဲ့ဖို့ ပြောလိုက်….”

ထောက်ချိန် ခေါင်းညိမ့်လိုက်၏။ လင်းရီလည်း သူ့ကို လွှတ်ပေးလိုက်သည်။ နှစ်ယောက်သား ကိုယ့်အလုပ်ကိုယ်လုပ်ရန် လမ်းခွဲလိုက်ကြပြန်သည်။

လင်းရီ တန်းလန်းဖြစ်နေသည့် လူနှစ်ယောက်ကို ခြေထောက်မှ နေ၍ အောက်သို့ ဆွဲချလိုက်၏။ သို့သော် နှစ်ကြိမ် သုံးကြိမ်ခန့် ဆွဲပြီးသည့်တိုင် အောက်သို့ ကျမလာချေ။

သို့နှင့် သူလည်း အစီအစဉ်ပြောင်း၍ ကွန်တိန်နာ၏ တံခါး လက်ကိုင်မှတစ်ဆင့် အပေါ်သို့ တက်လိုက်၏။

ထိုအခါမှပဲ ၎င်းတို့၏ ပခုံးနှစ်ဖက်၌ သံများ အရိုက်ခံထားရပြီး ကွန်တိန်နာနှင့် ဆွဲကပ်ထားခြင်း ခံရကြောင်း လင်းရီ သတိပြုမိလိုက်တော့သည်။

လင်းရီ အသက်ပြင်းပြင်း ရှူထုတ်၍ တည်ငြိမ်စေရန် ကြိုးစားလိုက်၏။

လူသတ်သမားက သိပ်ရက်စက်လွန်းပေသည်။

ထောက်ချိန် မမြင်စေရန်အတွက် လင်းရီ သံများကို ပါလာသည့် တန်ဆာပလာများဖြင့် ဆွဲနှုတ်လိုက်ပြီး ကုန်းပတ်သို့ ပြန်သယ်လာခဲ့လိုက်သည်။

“ စိတ်အေးအေးထား.. ခင်များ ကျုံးဝေ့တပ်ဖွဲ့ထဲ နေလာတာ နှစ်တွေ ဒီလောက်ကြာနေပြီကို ဒီလို အခြေအနေမျိုးအတွက် စိတ်ပြင်ဆင်ထားပြီး ဖြစ်သင့်တယ်…”

“ ငါသိတယ်…”

ထောက်ချိန် ယခု တည်ငြိမ်သွားခဲ့ချေပြီ။ သို့သော် ငိုသံ စွက်သည့် အသံဖြင့် “ သူတို့ ဒီလိုပုံစံနဲ့ အသက်စွန့်သွားရတာကိုပဲ ငါ ဘယ်လိုမှ လက်မခံနိုင်ဘူး ဖြစ်နေတယ်ကွာ…”

လင်းရီ ထောက်ချိန်၏ ပခုံးကို ပုတ်ပေးလိုက်သည်။ သူတို့အားလုံးက လူကြီးများ ဖြစ်သောကြောင့် နှစ်သိမ့်ပေးရန် မလိုချေ။

“ အလုပ်လုပ်ကြစို့..” လင်းရီ ပြောလိုက်ပြီး “ ခင်များ ဘောင်းဘီနဲ့ အင်္ကျီတွေချွတ်ပြီး သူတို့ကို ကျုပ်တို့နဲ့ တွဲချည်ထားလိုက်… ပြီးရင် ဒီကနေ ဆင်းကြမယ်.. မြန်မြန်…”

“ ကောင်းပြီ…”

သူတို့ထဲ မည်သူကမျှ တုံ့ဆိုင်းမနေကြချေ။ အဝတ်အစားများကိုချွတ်၊ အလောင်းကို နောက်ကျောပိုးပြီး ကိုယ်နှင့် တင်းကြပ်အောင် သေချာချည်ထားလိုက်ကြသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် လင်းရီနှင့် ထောက်ချိန်တို့ သေချာ ချည်နှောင်လို့ ပြီးဆုံးသွားပြီး သံလိုက်အားသုံး နံရံတက် ကိရိယာများဖြင့် သင်္ဘောအောက်သို့ ဆင်းလာခဲ့ကြသည်။

ကျန်းချင်နှင့် ကျန်သူများ အလောင်းကို မြင်တော့ သူမတို့တတွေ အံ့အားသင့်သွားခဲ့ကြလေသည်။

သူမ မြင်လိုက်ရသည့် မြင်ကွင်းကိုပင် မယုံကြည်နိုင်ပါတော့ချေ။ မိုးကြိုးကြီး တစ်စင်း ဒိန်းကနဲ အပစ်ခံလိုက်ရသကဲ့သို့ (သို့မဟုတ်) တစ်စုံတစ်ယောက်က အေးစက်သည့် ရေဖြင့် ခေါင်းမှ လောင်းချလိုက်သည့်နှယ် နေရာမှာတင် ကျောက်ရုပ်ဖြစ်သွားပြီး မလှုပ်ရှားနိုင်တော့ချေ။

“ ဘယ်လို - ဘယ်လိုလုပ်ပြီးဖြစ်…..” ကျန်းချင် နှုတ်မှ လွှတ်ကနဲ ထွက်လာခဲ့၏။

“ ဒီနေရာက စကားပြောရမယ့် နေရာမဟုတ်ဘူး.. မြန်မြန် ပြန်မောင်းတော့.. ငါတို့ ချိုးယွီလော့တို့ နင်ချဲ့တို့နှင့် ပြန်ဆုံဖို့ လိုတယ်…”

“ နားလည်ပါပြီ…” အမျိုးသား အဖွဲ့ဝင် ဝမ်ရုံမှ ပြောလိုက်၏။

အင်ဂျင် တစ်ဖန် ပြန်နှိုးလိုက်ပြီး နှစ်ဖက်ရှိ လှိုင်းများက မော်တော်ကိုယ်ထည်၏ စည်းခြားခြင်းကို ခံလိုက်ရသည်။

လှေပေါ်ရှိ လေထုက အုံ့မှိုင်းနေပြီး မည်သူကမျှလည်း စကားမပြောကြချေ။

သူတို့ အင်မတန် အံ့အားသင့်နေခဲ့ကြပြီး အသက်ရှူရုံမျှသာ ရှူနိုင်ကြတော့သည်။

ကုန်တင် သင်္ဘောကြီး၏ အသံက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့ပြီး မလှမ်းမကမ်း အဝေးတစ်နေရာတွင် ချိုးယွီလော့နှင့် နင်ချဲ့တို့ အပျော်စီး သင်္ဘော အသေးလေးအား လင်းရီတို့ထံ ဦးတည်နေသည်ကို မြင်တွေ့နိုင်ပေသည်။

ထိုခဏ၌ ထောက်ချိန် သူမတို့ကို မစ်ရှင် ကျရှုံးသွားပြီ ဖြစ်ကြောင်း ကြိုတင် သတင်းပေးပို့ထားပြီးဖြစ်သည်။

“ သူတို့ကို ခေါ်တင်လာခဲ့…” ချိုးယွီလော့ ပြောလိုက်၏။

နာရီ ဝက်ကြာပြီးနောက် လူတိုင်း သင်္ဘောပေါ်သို့ ရောက်လာခဲ့ကြသည်။

တင်းကြပ် လေးလံနေသည့် လေထုအခြေအနေကတော့ နည်းနည်းလေးမျှ ယုတ်လျော့သွားခြင်း မရှိခဲ့ချေ။

ဤသည်က ချိုးယွီလော့ရော နင်ချဲ့ပါ လက်သင့်မခံနိုင်သည့် အမှန်တရား ဖြစ်လို့နေသည်။

“ လင်းရီ… နင် အရင်က ဒေါက်တာ ဖြစ်ခဲ့ဖူးတာပဲ… အလောင်းခွဲစိတ်တဲ့ နေရာမှာ နင်က ငါတို့ထက် ပိုပြီး အရည်အချင်း ရှိပါတယ်… သူတို့ကို စစ်ဆေးကြည့်လိုက်…” နင်ချဲ့ အနိမ့်သံဖြင့် ပြောလာခဲ့သည်။

လင်းရီ ခေတ္တမျှ တုံ့ဆိုင်းနေခဲ့ပြီး “ မင်းတို့ အဖြေကို တကယ်ကြီး ကြားချင်ကြလား….”

All Chapters