← Chapters

ထျန်းရန် အထိန်းသိမ်းခံထားရပြီ

Vol. 74 Ch. 1102

ထျန်းရန် အထိန်းသိမ်းခံထားရပြီ

Vol. 74 Ch. 1102

" မင်း သတ္တိရှိရင် နောက်တစ်ကြိမ် ပြန်ပြောလိုက်စမ်း.... "

" တော်ပြီ... ဒါ နင်တို့ကောင်တွေ ရန်ဖြစ်နေရမယ့် နေရာမဟုတ်ဘူး..."ချိုးယွီလော့ ၎င်းတို့ကို ရပ်တန့်လိုက်သည်။

အကယ်၍ ယခုလို ဂုဏ်သိက္ခာ ရှိသည့် နေရာမျိုး၌ ရန်ဖြစ် စကားများကြမည် ဆိုပါက ပြန်ရောက်သည်နှင့်ကျိန်းသေပေါက် အပြစ်ပေးခံရလိမ့်မည်။

နောက်တစ်ချက်ကတော့ ချင်ရန်လင်း၏ အရည်အချင်းများနှင့် လင်းရီ၏ ပြိုင်ဘက် မည်သို့မျှ မဖြစ်နိုင်ချေ။

" ယွီလော့... မင်း သူနဲ့ ရန်ငြိုးရန်စ ရှိထားတယ်မလား... ဒီအခွင့်အရေးကို အသုံးချပြီး ငါ သူ့ကို သင်ခန်းစာ ပေးပေးမယ်... "

နင်ချဲ့ ချင်ရန်လင်းအပေါ် ထူးမခြားသည့် အကြည့်တစ်ချက် ပေးလိုက်ပြီး တိတ်တဆိတ် ခေါင်းခါယမ်းလိုက်၏။

ချင်မိသား၏ နိမ့်ကျသွားမှုသည် အကြောင်းမဲ့ ဖြစ်ဟန်တော့ မတူချေ။

" ငါတို့ ကြားမှာ ရန်ငြိုးရှိတယ်လို့ နင့်ကို ဘယ်သူ ပြောတာလဲ.. အခု ငါတို့က ရဲဘော်ရဲဘက်တွေ ဖြစ်နေပြီ... "ချိုးယွီလော့ ပြောလိုက်ပြီး " ဒါနင်နဲ့ ဘာမှ မဆိုင်ဘူး.. နင် အပြစ်ပေးခံချင်နေတာလား... "

" ယွီလော့... မင်း ဘာတွေ လာပြောနေတာ.. မင်းတို့နှစ်ယောက်က ခုမှ တစ်သင်းတည်း ကျတာ ကြာသေးတာတောင် မဟုတ်ဘူး ဘာဆိုင်လို့ ရဲဘော်ရဲဘက် သတ်မှတ်လို့ရမှာလဲ.."

" အဲ့တာနင့်ကိစ္စ မဟုတ်ဘူး... နင့်ကိုယ်နင်သာ ဆင်ဆင်ခြင်ခြင်နေ..."

ချိုးယွီလော့ ဒေါသထွက်နေသည်ကို မြင်တော့ ချင်ရန်လင်း ဘာမျှ ထပ်မပြောတော့ဘဲ အထင်တသေးဖြင့် ဘေးတွင်သာ ကပ်ရပ်လိုက်သည်။

တစ်ဖက်ရှိ ၀မ်မြန်ကတော့ တည်တည်ငြိမ်ငြိမ်နှင့်ပင်။

" အနာဂတ်ကျ ကျွန်းပေါ်မှာ မင်းနဲ့အတူ မစ်ရှင် ထမ်းဆောင်ခွင့် ရလိမ့်မယ်လို့ ငါ မျှော်လင့်နေတယ်... ကျုံးဝေ့တပ်ဖွဲ့က အမှိုက်တွေကို ပျိုးထောင်ပေးနေတဲ့ နေရာမဟုတ်ဘူးဆိုတာ မင်းသိထားလိုက်.... "

" မင်း အဲ့လိုတွေ လာပြောနေတာ မမောဘူးလား... လူထင်ကြီးခံလို့ ဟိတ်ဟန်လုပ်ချင်နေတယ်ဆိုရင်လည်း ပေါ်တင်လုပ်လေ... အနည်းဆုံး အဲ့လိုဆိုရင် ငါ မင်းကို ယောက်ျားတစ်ယောက်အနေနဲ့ လေးစားမှု ပေးလို့ရသေးတယ်... "

ပြောရင်းဖြင့် လင်းရီ သူ့ရှေ့ရှိ အုတ်ဂူ နှစ်လုံးကို လက်ညိုးထိုးပြလိုက်ပြီး " မင်းရဲ့ ရဲဘော်နှစ်ယောက် ကျဆုံးသွားခဲ့တယ်... အဲ့တာကို မင်းက ဘာမှားသွားလဲ ပြန်မတွေးဘဲနဲ့ ငါ့ဆီ ရန်လာစောင်နေတယ် ဟုတ်လား... မင်းဟာက ဘာကြီးလဲ... ဒါမှမဟုတ် မင်း ဒီလိုဖြစ်မယ်မှန်း ကြိုသိနေလို့ ဒီတိုင်း မျက်မှာလာပြရုံ သပ်သပ်ပဲလား... "

"ဟမ်... "

ထိုစကားလုံးများ ပြောပြောပြီးချင်း လူတိုင်း၏ မသိစိတ်သည် အလိုအလျောက် ၀မ်မြန်ထံ ရောက်ရှိသွားခဲ့တော့၏။

လင်းရီသည် သူတို့၏ ခေါင်းဆောင်ကို အတွင်းသူလျှိုအဖြစ် သံသယ ရှိနေသည်လော။

ချက်ချင်းဆိုသလိုပဲ ၀မ်မြန်သည် အလေးမသာသည့် အခြေအနေသို့ ချက်ချင်း ကျရောက်သွားခဲ့တော့၏။

ယခုလို ထိခိုက်ရှလွယ်သည့် အခိုက်အတန့်မျိုး၌ သူလျှိုလို့ အခေါ်ခံရသူ မည်သူမဆို အရှက်ရမည်မှာ အသေအချာပင်။

" မင်း ဘာ ပေါက်တတ်ကရတွေ လာပြောနေတာလဲ..."၀မ်မြန် အေးစက်စက် ပြောဆိုလိုက်တော့၏။

" ဒီတိုင်း စကား သံသယပါပဲ ဟုတ်ပြီလား.. ဘာတွေ အဲ့လောက်ထိ စိတ်ကြီးနေတာ... အဲ့လောက်ထိ ပြင်းပြင်းထန်ထန် တုံ့ပြန်နေရင် မင်းကိုယ်မင်း ဘယ်သူပါဆိုတာ ဖော်ထုတ်လိုက်သလို ဖြစ်သွားလိမ့်မယ်နော်... "လင်းရီ ပြောလိုက်ပြီး " ဒါပေါ့... မင်း မကျေနပ်ရင် ငါ့ကိုလည်း သံသယ ရှိလို့ရတယ်.. ဘယ်သူက မင်းကို ယုံကြမလဲ ကြည့်ကြတာပေါ့..."

" တော်ပြီ.. တိတ်ကြတော့... "လျိုဟုန် ၀င်ဟန့်လိုက်၏။

၀မ်မြန် ဘာမျှ ထပ်မပြောတော့။ ထိုအစား ဘေးသို့သာ ကပ်ရပ်နေပြီး ဤကိစ္စကို ဆက်လက် ချေပပြောဆိုခြင်း မရှိတော့ချေ။

" အဲ့နှစ်ကောင်က ဘာဖြစ်ချင်နေကြတာလဲတဲ့.. တွေ့တွေ့ချင်းကို ရန်စောင်နေကြတယ်... "ချိုးယွီလော့ ရေရွတ်လိုက်သည်။

" လင်းရီ လူတွေ အများကြီးကို ရိုက်နှက်လိုက်တဲ့ ကိစ္စက ဒုတိယမျိုးဆက် အသိုင်းအဝိုင်းထဲ ပျံ့နှံ့သွားတယ်လေ.. ၀မ်မြန်ကလည်း အဲ့လူတွေရဲ့ ခေါင်းဆောင်... လင်းရီဆိုတာကလည်း ကျိုးဟိုင်က... ဒီတော့ သူ့ကို သဘာမတွေ့တာ သဘာ၀ပါပဲ.... "

နင်ချဲ့ ပြောသွားသည်မှာ တစ်၀က်သာလျှင် မှန်ကန်သည်။

ကျန်သည့် မကျေမချမ်း ဖြစ်မှု တစ်၀က်က လင်းရီသည် ဟန်မိသားစုကို တိုက်ခိုက်ရန် ဟန်ပြင်နေခဲ့သောကြောင့်ပင်။

အကယ်၍ သူ၏ အစီအစဉ်သာ အောင်မြင်သွားခဲ့မည် ဆိုပါက လျန်မိသားစု၏ အာဏာသည် မြင့်တက်လာလိမ့်မည်။ ထိုသို့ ဖြစ်လာပြီဆိုပါက ၀မ်မိသားစု၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အင်မတန်ကြီးမားသည့် ဆူးညှောင့်ခလုတ် ဖြစ်လာတော့မည် ဖြစ်၏။

မကြာမီ အရာအားလုံး နေသားတကျ ဖြစ်သွားခဲ့ပြီး လူတိုင်း ကျုံးဝေ့တပ်ဖွဲ့၏ လေ့ကျင့်ရေး အခြေစိုက်စခန်းသို့ ပြန်လာခဲ့ကြသည်။

နောက်ထပ် အတွေးအစည်းဝေးပွဲတစ်ရပ် စီစဉ် ကျင်းပခဲ့လေသည်။

" ၀မ်မြန်.. မင်း ဒီ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ဘာပြောစရာ ရှိလဲ.. "လျိုဟုန် လေသံကို နိမ့်ပြီး မေးမြန်းလိုက်သည်။

" ကျုပ်လည်း ဒါမျိုး ဖြစ်လာမယ်လို့ မျှော်လင့်မထားဘူး ခေါင်းဆောင်.. ကြည့်ရတာ တစ်ဖက်သူက စကတည်းကနေ တောက်လျှောက်ပစ်မှတ်ထားခဲ့လို့ ဖြစ်မယ်..."

၀မ်မြန် ကျန်သူများ တွေးတောနေသည့် ဒုတိယ တစ်ခုကို ထုတ်ဖော်ပြောသွားခဲ့သည်။

သူသည်လည်း အသင်းထဲ သူလျှိုရှိနေသည်လို့ မထင်ပေ။ ထိုအစား စလာကတည်းက တစ်ခုခု မှားယွင်းနေသည်ဟုသာ ခံစားခဲ့ရ၏။

" နောက် .. ကျုပ်တို့ဘာကျုပ်တို့ ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီး ပြဿနာကို အဖြေရှာမယ်.. ပြီးရင် လူသတ်သမားကို ရှာမယ်... "

" တိလိရာ့ကျွန်းပေါ်က တခြားကိစ္စတွေ အကုန် ဘေးချိတ်ထားလိုက်တော့.. ဒီကိစ္စကို မင်း မီးကုန်ယမ်းကုန် စုံစမ်း စစ်ဆေးရမယ်.. လူသတ်သမား ဒါမှမဟုတ် သဲလွန်စ တစ်ခုကိုမှ ရှာမတွေ့ဘူးဆိုရင်တော့ အသင်းခေါင်းဆောင် ဆက်လုပ်မနေနဲ့တော့... "

" နားလည်ပါပြီ.. ကျုပ် ဒီကိစ္စကို ပြင်းပြင်းထန်ထန် စုံစမ်းလိုက်ပါ့မယ်... "

၎င်းနောက် လျိုဟုန် အစည်းအဝေးခန်းထဲရှိ လူတိုင်းကို တစ်ချက် ကြည့်လိုက်ပြီး " ငါ အခု ကျုံးဝေ့တပ်ဖွဲ့က အရေးပေါ် အခြေအနေထဲ ၀င်ရောက်သွားပြီလို့ ကြေညာတယ်.. လူတိုင်းက အချိန်မရွေး လှုပ်ရှားဖို့ အသင့်ဖြစ်နေရမယ်... "

" နားလည်ပါပြီ.. "

" အစည်းအဝေး ပြီးပြီ.. "

လင်းရီကတော့ ကြောင်တောင်တောင် ဖြစ်နေခဲ့သည်။

အရေးပေါ် အခြေအနေဆိုတာက ဘာကြီးလဲ..

အကုန်လုံးကရော ဘာလို့ စိတ်လှုပ်ရှားနေကြတာလဲတဲ့...

အစည်းအဝေး ပြီးနောက် လင်းရီနှင့် နင်ချဲ့တို့ အတူထွက်လာကြပြီး လင်းရီမှ " အသင်းခေါင်းဆောင်.. အရေးပေါ် အခြေအနေဆိုတာက ဘာကြီးလဲ... "

" နင် ကျုံးဝေ့တပ်ဖွဲ့ရဲ့ မူဝါဒ စည်းမျဉ်း လမ်းညွှန်ကို မဖတ်ထားဘူးပေါ့... "နင်ချဲ့ လင်းရီကို ' အံ့ဩပါ့ ' ဆိုသည့် အကြည့်မျိုးဖြင့် မျက်လုံးလှန်ကြည့်လိုက်ပြီး " ပြောချင်တာက ငါတို့ကို အပျင်းတစ်မနေဖို့နဲ့ လေ့ကျင့်ရေးမှာ အားစိုက်ပြီး စိန်ခေါ်မှုတွေ အတွက် အမြဲတမ်း အသင့်ဖြစ်နေရမယ်လို့ ပြောတာ... "

" ဆိုတော့ အဲ့လိုကိုး... ငါထင်နေတာ စစ်တပ်ထဲကလိုမျိုး အထူးလေ့ကျင့်ရေးတွေ ဆင်းရတော့မှာလားပေါ့.. "

" အစကတုန်းကတော့ တကယ်ကြီး အဲ့လိုမျိုး ရှိခဲ့ဖူးတယ်.. ဒါပေမယ့် မကြာပါဘူး အကျိုးသက်ရောက်မှုက မကောင်းတာကို သိသွားကြတယ်လေ.. "နင်ချဲ့ ပြောလိုက်ပြီး " ဘယ်လိုပဲဖြစ်ဖြစ် ကျုံးဝေ့တပ်ဖွဲ့၀င်တွေက မိသားစုကြီးတွေရဲ့ တန်းထျန်ထဲက အတွင်းအားထုတ်တဲ့ နည်းလမ်းကို တတ်မြောက်ထားကြပြီးသားမလား... ဒီလိုမျိုး သာမန်ရိုးကျ လေ့ကျင့်ရေးတွေက သူတို့အတွက် တိုးတက်မှု မရှိစေသလောက်ပဲ... ဒါကြောင့်မို့ ကိုယ့်ဘာကိုယ် လေ့ကျင့်ခြင်းဆိုတဲ့ နည်းလမ်းတစ်ရပ်ကိုပဲ ကျင့်သုံးလိုက်ကြတယ်... ဒါပေမယ့် လင်းရီ.. ဒါက ကလေးကစားစရာ မဟုတ်ဘူးနော်.. ငါတို့ လေးလေးနက်နက် ရှိနေမှဖြစ်မှာ... "

လင်းရီ ခေါင်းညိမ့်လိုက်၏။ " နားလည်ပါတယ်... "

" ဒီကိစ္စကို အသင်းတစ်ဆီ လွှဲပြောင်းပေးလိုက်ပြီဆိုတော့ ငါတို့ လုပ်စရာ ဘာမှ ရှိတော့မယ် မထင်ဘူး... "နင်ချဲ့ ပြောလိုက်ပြီး " နင် ဘယ်သွားချင်လဲ... ငါ ဒကာခံပေးမယ်လေ... "

" ငါ အိမ်မှာ လုပ်စရာတွေ ရှိနေသေးတုန်းပဲ.. ကျိုးဟိုင်ကို ပြန်တော့မှာ... "

လင်းရီ နာရီကို တစ်ချက်ကြည့်လိုက်သည်။ နေ့လည် နှစ်နာရီ စွန်းစွန်းတော့ ရောက်နေချေပြီ။ အကယ်၍ သူ ယခုချိန် အလျင်အမြန်ဖြင့် လေယာဉ်စီးသွားပါက ကျိုးဟိုင်သို့ ငါးနာရီလောက်ဆို ရောက်နေပြီးဖြစ်သည်။

" ပြီးတာပဲလေ.. ဒါဆိုလည်း ငါ လိုက်ပို့ပေးမယ်...."

" အားမနာ.... ကလင် ကလင် ကလင်... "

လင်းရီ စကားကို အဆုံးမသတ်နိုင်သေးခင်မှာပဲ အိတ်ကပ်ထဲရှိ ဖုန်းက အသံမြည်လာသည်။ ချီရှန်းကျောက်မှ ဆက်သွယ်လာခဲ့ခြင်း ဖြစ်သည်။

" ဥက္ကဌလင်း.. မကောင်းတော့ဘူး... "ချီရှန်းကျောက် ပြောလိုက်ပြီး " အမေရိကားမှာ ရှိတဲ့ ကျုပ်တို့ရဲ့ ကုမ္ပဏီ ထုတ်ဖော်ခံလိုက်ရပြီ.. သက်ဆိုင်ရာ ဌာနတွေက ချိတ်ပိတ်ထားလိုက်ပြီးတော့ ဒါရိုက်တာထျန်ရဲ့ ခရီးသွားလာခွင့်ကိုပါ ပိတ်ပင်ထားကြတယ်လို့ ကြားတယ်... "

ထိုသတင်းကြားတော့ လင်းရီ စက္ကန့်ပိုင်းမျှ မယုံကြည်နိုင် ဖြစ်သွားခဲ့၏။

" ထျန်းရန်က ခရီးသွားလာခွင့် ကန့်သတ်ခံထားရတယ် ... ဟုတ်လား... "

" ဟုတ်တယ်.. ကုန်သွယ်ရေး ဌာနက ကျုပ်တို့ရဲ့ ကုမ္ပဏီကို ထိန်းသိမ်းထားပြီး ကျုပ်တို့ကို တရားမ၀င် ကုန်သွယ်မှုနဲ့ သံသယ ရှိနေတယ်လို့လည်း ပြောထားသေးတယ်... "ချီရှန်းကျောက် ပြောလိုက်ပြီး " ပြီးတော့ ဒီကိစ္စက သံတမန်ရေးရာ အကြမ်းဖက်မှုအသွင်ကိုတောင် ပြောင်းလဲနေပြီ.. ကျုပ် ဒါရိုက်တာထျန်နဲ့ ထပ်ပြီး ဆက်သွယ်လို့ မရတော့ဘူး... "

" ‌မင်း ဒီကိစ္စကို စိုးရိမ်နေစရာ မလိုဘူး... ကုမ္ပဏီကိုပဲ အရင်ဆုံး အာရုံစိုက်ထားလိုက်.. ကျန်တာကို ငါ ဖြေရှင်းလိုက်မယ်... "

ဖုန်းချပြီးသည့်နောက် လင်းရီ၏ အမူအရာသည် အင်မတန် အကျည်းတန်နေလျက် ရှိသည်။

မည်သို့ ဖြစ်သွားမှန်းကို သူ မစဉ်းစားနိုင်သေးပဲ ထူးဆန်းသည်ဟုသာ စိတ်ထဲ ခံစားနေရ၏။

ထျန်းရန်၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် ပါးနပ် ချက်ချာမှုတို့ဖြင့် ဆိုပါက အကယ်၍ တစ်စုံတစ်ရာ လွဲချော်ခဲ့သည် ရှိသော် ချက်ချင်း သတိပြုမိပေမည်။

မည်သည့် လှုပ်ရှားမှုတို့မျှ မရှိဘဲ အရမ်း တိတ်ဆိတ်နေတာကြီးက မည်သို့မျှ မဖြစ်သင့်ပေ။

ထို့ပြင် သူနှင့် ယခင် တစ်ခေါက် ဖုန်း အဆက်အသွယ် ရခဲ့တုန်းက သူမ၏ အမေရိကားရှိ အလုပ်များ အဆုံးသတ်ရန် အချိန်ကျလာပြီး အသေးမွှားကိစ္စလေးများသာ ကျန်ရှိတော့သည်ဟုပင် ပြောလာခဲ့သေးသည်။

သူမ ယခုထက်ထိ ပြန်မလာရသေးခြင်း အကြောင်းပြချက်က သူမကိုယ်သူမ ပြန်မလာခင် လ၀က်ခန့် အနားယူချင်နေသောကြောင့်ဖြစ်၏။

လင်းရီလည်း ထိုသို့သော တောင်းဆိုလာမှုမျိုးကို ငြင်းပယ်စရာ အကြောင်း မရှိချေ။ ထိုအစား သူပျော်ပင် ပျော်ရွှင်ခဲ့မိသေး၏။ သူမက ခရီးထွက်ရန် စိတ်ရှိသေးသည်ဆိုတော့ အမေရိကားရှိ အခြေအနေများက အားလုံး ပုံမှန်ဖြစ်နေသည် ဆိုသည့် သဘောပင် မဟုတ်ပါလော။ မဟုတ်ပါက သူမ ရေးကြီးသုတ်ပျာနှင့် ဟွာရှကို ပြန်လာပေလိမ့်မည်။

သို့‌သော် ယခုအခါတွင်တော့ အခြေအနေက ရုတ်တရက်ဆန်စွာဖြင့် ယခုကဲ့သို့ ဖြစ်ပွားလာခဲ့လေသည်။ အလွန်ပင် ထင်မှတ်မထားသည့် ကိစ္စရပ်ဖြစ်၏။

သူ့တွင် တုံ့ပြန်ဖို့ အချိန်ပင် မရလိုက်ချေ။

ဤသည်ကလည်း အထူးဆန်းဆုံးသော ကိစ္စတစ်ရပ် ဖြစ်နေပြန်သည်။

" ဘာလို့ ရုတ်တရက်ကြီး တိတ်ဆိတ်သွားခဲ့တာလဲ... နင် တစ်ခုခု တွေးမိလို့လား..."နင်ချဲ့ မေးမြန်းလိုက်၏။

" ဘာမှမဟုတ်ပါဘူး... အရင်ဆုံးသွားကြစို့.. ငါ့ကို လေဆိပ် အရင်လိုက်ပို့ပေး.. ငါ အလျင်လိုနေတယ်... "

" အင်း.သွားကြစို့.."

လင်းရီ စိတ်အခြေအနေ မကောင်းသည်ကို မြင်တော့ နင်ချဲ့ အချိန်ဆက်ဖြုန်း မနေတော့ပဲ သူ့ကို လေယာဉ်ကွင်းသို့ လိုက်ပို့ပေးရန် ဟန်ပြလိုက်တော့၏။

ကလင် ကလင် ကလင် ...

ရှန်းရှူရီမှ ဖုန်းဆက်လာသည်။

" နင်အခု ဘယ်ရောက်နေတာလဲ.. စကားပြောမို့ ရလား... "

All Chapters