← Chapters

သံသယ လွန်ကဲခြင်း

Vol. 74 Ch. 1103

သံသယ လွန်ကဲခြင်း

Vol. 74 Ch. 1103

" ဟုတ်ကဲ့ ပြေပါတယ်... အန်တီ ပြောစရာ ရှိရင် ပြောလေ... "

" ငါ ခုလေးတင် မီတင်ပြီးလို့ နင့် ကုမ္ပဏီ တစ်ခုခု ဖြစ်နေတယ် ကြားလိုက်တယ်... ဘာတွေဖြစ်နေလဲ ဆိုတာ ငါ နင့်ကို မေးချင်လို့... "

" ထျန်းရန် ကိစ္စလား..."

" အင်း...အမေရိကားက နင့် ကုမ္ပဏီ ထိန်းသိမ်းခံထားရတယ်ဆို.. ဘာတွေ ဖြစ်နေတာလဲ...."

" ကျွတ်တော်လည်း အသေးစိတ် မသိရသေးဘူး.. ကျွန်တော့်ကိုတောင် ကုမ္ပဏီက ခုမှ သတင်းပို့လာခဲ့တာ... ခု ပြန်ဖို့ လုပ်နေပြီ.. "

" ပြန်မယ်.. ဟုတ်လား... နင်က အခု ဘယ်မှာမို့လို့... "

" ကျုံးဝေ့ တပ်ဖွဲ့နဲ့ ကိစ္စလေး တစ်ချို့ရှိလို့ ရန်ကျင်း ရောက်နေတာ... "

" အတော်ပဲ.. ငါ့ကုမ္ပဏီကို လာခဲ့လိုက်... ငါတို့ ရောက်ရင် အသေးစိတ် စကားပြောကြမယ်... "

" ကောင်းပြီ... "

လင်းရီ ဖုန်းချပြီး နင်ချဲ့ကို ကြည့်၍ " မင်း ပြန်သွားတော့... ကားကိုတော့ ငါ့ဆီ ခဏ ငှားလိုက်ဦး... "

နင်ချဲ့ ကြက်သေသေသွားခဲ့၏။ လင်းရီ၏ စိတ်သဘောထား အဘယ်ကြောင့် ဤမျှ မြန်ဆန်စွာ ပြောင်းလဲသွားရသလဲဆိုတာကို မသိရှိ ဖြစ်နေလေသည်။

" ရတယ်လေ.. ယူသွားလိုက်.. "

ဤအတိုင်း ကားလေး တစ်စင်းပင်။ နင်ချဲ့ ထွေထူး ဂရုစိုက်မနေချေ။ အကယ်၍ လင်းရီ လိုချင်သည်ဆိုပါက ယူမောင်းလို့ အဆင်ပြေသည်။

ကားသော့ ရရှိပြီးနောက် လင်းရီ အချိန် တစ်စက္ကန့်မျှ ဖြုန်းတီးခြင်း မပြုဘဲ သူ့ ဦးနှောက် မှတ်ဉာဏ်ထဲရှိ လမ်းအတိုင်း မောင်းထွက်လာခဲ့လိုက်သည်။

တစ်နာရီ နီးပါးလောက် ကြာညောင်းပြီးသည့်နောက် လင်းရီ ဟွာရန် ကော်ပိုရေးရှင်းသို့ ရောက်ရှိလာခဲ့သည်။

" မင်္ဂလာပါရှင့် လူကြီးမင်း... ဘယ်သူ့ကို ရှာနေတာပါလဲ.. ကြိုတင် ချိန်းဆိုထားတာများ ရှိလားမသိဘူး... "

" မင်းတို့ရဲ့ ဥက္ကဌကို ရှာနေတာ... "

" ရှင်က လင်းရီ လူကြီးမင်းပေါ့... "

" ငါပဲ... "

လင်းရီ မည်သူမည်ဝါဖြစ်ကြောင်း သိရှိသွားပြီးနောက် ကောင်တာရှိ ကောင်မလေးမှ သူ့ကို ၀င်သွားရန် လက်ဟန်ပြလိုက်သည်။

" ဥက္ကဌရှန်းရဲ့ ရုံးခန်းက ထိပ်ဆုံးထပ်မှာပါ.. ဓာတ်လှေကားကနေ ထွက်ရင် ဘယ်ဘက်ကို ချိုးလိုက်ရုံပါပဲ... "

" ‌ကျေးဇူးပါပဲ..."

မိနစ် အနည်းငယ်ကြာပြီးနောက် လင်းရီ ရှန်းရှုရီ၏ ရုံးခန်းထဲသို့ ရောက်လို့လာခဲ့သည်။

လင်းရီ ၀င်လာသည်ငို မြင်တော့ ရှန်းရှုရီ သူ့ကို ဆိုဖာပေါ်တွင် ထိုင်ရန် ဖိတ်မန္တက ပြုလိုက်၏။

" အန်တီရှန်းက ဒီအကြောင်း ဘယ်လိုလုပ်ပြီး သိသွားတာလဲ... "

" နင် အလျင်စလိုတွေ လျှောက်မလုပ်နဲ့ဦး.. သူက စုံစမ်းစစ်ဆေးဖို့ ယာယီ ထိန်းသိမ်းထားခံရရုံလောက် ရှိတာ.. ဘာ အသက်အန္တရာယ်မှ မရှိဘူး.."ရှန်းရှုရီ ပြောလိုက်ပြီး " ငါ နိုင်ငံခြားက ရုံးကိုလည်း ဖုန်းဆက်ထားပြီးပြီ.. သူတို့ ဒီကိစ္စကို တက်တက်ကြွကြွနဲ့ ဆောင်ရွက်နေပြီ ဆိုပေမယ့် ဘယ်လို ရလဒ်မျိုး ထွက်မလာလဲဆိုတာကိုတော့ စောင့်ဆိုင်းရဦးမယ်... "

" ကျွန်တော် ခန့်မှန်းတာတော့ ယူအက်စ်က ကျိန်းသေပေါက် တရားစွဲလာမှာပဲ... ကျွန်တော်တို့ မြန်မြန်ဆန်ဆန် မလှုပ်ရှားဘူးဆိုရင် အခြေအနေတွေက ခက်ခဲကုန်လိမ့်မယ်..."

" ဖြစ်နိုင်ပါတယ်.. ဒါပေမယ့် ငါ့လူတွေကလည်း လူညံ့တွေမှ မဟုတ်တာ... သူတို့ နင့်လူကို သေချာပေါက် လုံလုံခြုံခြုံနဲ့ ပြန်ခေါ်လာပေးနိုင်မှာပါ.... "

" ဒါပေမယ့် ထူးတော့ ထူးဆန်းတယ်.. အရာအားလုံးက ရုတ်တရက်ကြီး ဖွင့်ပြခံလိုက်ရသလိုမျိုးချည်း..."

ရှန်းရှုရီ လင်းရီကို ကြည့်လိုက်ပြီး " တစ်စုံတစ်ယောက်က နင့်ကို နောက်ကွယ်ကနေ တိုင်ကြားလိုက်တယ်လို့ နင် ထင်နေတာလား... "

" အဲ့လိုမျိုး ဖြစ်မယ် ထင်တာပဲ.. အတိအကျတော့ ကျွန်တော်လဲ မသိရသေးဘူး... " လင်းရီ ပြောလိုက်သည်။

" သူတို့ လီတိုဂရပ်ဖီစက် ပရောဂျက်အကြောင်း သိသွားကြပြီလို့ နင်ပြောချင်နေတာလား... "

" ဆိုပါတော့... ဒါပေမယ့် ဖော်ထုတ်ခံရနိုင်ချေကတော့ တော်တော်လေးကို မရှိသလောက်ပဲ.. ဒါပေမယ့် ဒီလိုမျိုး အစွန်းရောက်တဲ့ အပြုအမူမျိုးကိုတော့ ကျွန်တော် တကယ်ကြီး မျှော်လင့်မထားခဲ့တာ အမှန်ပဲ... "

ရှန်းရှုရီသည်လည်း ငြိမ်ကျသွားခဲ့သည်။ ဤကိစ္စက ကြည့်ရသလောက် ကျိုးကြောင်း သင့်တင့်ဟန် ရှိသော်ငြားလည်း သေချာ စဉ်းစားသုံးသပ်ကြည့်ပြီးသည့်နောက် သောက် အဓိပ္ပာယ် မရှိသည့် အချက်များစွာကို သွား၍ သတိပြုမိနေသည်။

ဒေါက် ဒေါက် ဒေါက်...

နှစ်ယောက်သား မည်သို့ တန်ပြန်သင့်ကြောင်း မြိုင်ဆိုင်စွာ ဆွေးနွေးနေကြစဉ် ရှန်းရှုရီ၏ ရုံးခန်းတံခါးသို့ ခေါက်သံ တစ်သံ ထွက်ပေါ်လာခဲ့လေသည်။

" ၀င်လာခဲ့.."

ရှန်းရှုရီ တုံ့ပြန်လိုက်သည်။ အသက် လေးဆယ် အရွယ် ရှိမည့် သက်လတ်ပိုင်း လူကြီးတစ်ယောက်သည် လက်ထဲတွင် လက်တော့ တစ်လုံး ကိုင်ဆောင်ပြီး အထဲ ၀င်လာခဲ့လေသည်။

ထိုလူ၏ နာမည်မှာ ကော်ချွင်ရှန်း ဖြစ်သည်။ သူသည်က ဟွာရန် အုပ်စု၏ ဒုဥက္ကဌလည်း ဖြစ်၏။

" ဘရာဇီးက ပရောဂျက် ကိစ္စဆိုရင်တော့ နင် သွားလိုက်တော့... ငါ့မှာ တခြား လုပ်စရာ ရှိသေးတယ်.. ပြီးမှ နင့်ဆီ လာခဲ့မယ်... "

" ခုက ပရောဂျက် ကိစ္စမဟုတ်ဘူး... "

ကော်ချွင်ရှန်း ပြောလိုက်ပြီး " ဥက္ကဌ ကျုပ်ကို အစောပိုင်းတုန်းက စာရင်းတစ်ခုပေးပြီး သေချာစောင့်ကြည့်ဖို့ ပြောထားခဲ့တယ် မလား.. အဲ့ ကုမ္ပဏီထဲ ၁၅ ခုကနေ ကျုပ် ခန့်မှန်းရသလောက် ၁၄ ခုလောက်က သူတို့ရဲ့ မတည်ငြိမ်တဲ့ ဘဏ္ဍာရေးတွေနဲ့ စိတ်မချရတဲ့ သုတေသနနဲ့ ဖွံ့ဖြိုးမှုတွေအကြောင်း မကောင်းသတင်းတွေ ဖော်ထုတ်ခံလိုက်ရတယ်... ဒီရဲ့ ကုမ္ပဏီတွေထဲ ခြောက်ခုက စာရင်း ၀င်ထားပြီးသား.. ပြီးတော့ သူတို့ အကုန်လုံးရဲ့ ဈေးကွက် တစ်ရပ်လုံးက စပြီး နိမ့်ဆင်းလာနေပြီ... ပြီးတော့ ဒီဆောင်းပါးကို ရေးသားတဲ့ သူက ဒီကုမ္ပဏီတွေ အားလုံးက လင်းယွင် အုပ်စု ရင်းနှီးမြုပ်နှံမှု ပြုထားတဲ့ ကုမ္ပဏီပါ ဆိုတာကို သေချာလေး မီးမောင်းထိုးပြသွားခဲ့တယ်... ဒါက လုံရှင်းနဲ့ Didi လိုမျိုး ကုမ္ပဏီတွေအပေါ် သက်ရောက်မှုတွေရှိလာပြီး ချက်ချင်း လက်ငင်းပဲ ယွမ် ၅ ဘီလီယမ်လောက် အထိ ဆုံးရှုံးသွားစေခဲ့တယ်... "

" ဟင်... ဒါက လင်းယွင် အုပ်စုနဲ့ ဆက်နွယ်နေတယ် ဟုတ်လား... "

လင်းရီ ရုတ်တရက် စကား၀င်ပြောလာသည်ကို ကြားတော့ ကော်ချွင်ရှန်း ခေတ္တမျှ ကြောင်အမ်းသွားခဲ့သည်။ ရှန်းရှုရီ မိတ်ဆက်ပေးလိုက်၏။ " သူက လင်းရီ.. လင်းယွင်အုပ်စုရဲ့ ဥက္ကဌလေ... "

လင်းရီ မည်သူ ဖြစ်ကြောင်း သိရှိသွားပြီးနောက် ကော်ချွင်ရှန်း သူ့လက်ကို အရေးတကြီး ဆန့်ပေးလိုက်ပြီး " မင်္ဂလာပါ ဥက္ကဌလင်း.. ငါ မင်းရဲ့ အကြောင်းတွေ ကြားဖူးနေတာ ကြာပါပြီ... "

" မင်္ဂလာပါ.. တွေ့ရသာ ၀မ်းသာပါတယ် ဥက္ကဌကော်... "

လင်းရီသည်လည်း သူ့လက်ကို ဆန့်တန်း နှုတ်ဆက်လိုက်ပြီး " ဒါထက် .. ခင်များ ခုနတုန်းက ဘာပြောလိုက်တာ.. ကျုပ်တို့ လင်းယွင် အုပ်စုက ဘာလို့ ပါ၀င် ပတ်သက်နေရတာလဲ... "

" အဲ့တာက ဒီလိုလေ... Semiconductorထိပ်သီး အစည်းအဝေးပွဲပြီးတော့ နင် ရင်းနှီးမြုပ်နှံထားတဲ့ ကုမ္ပဏီ အခုလေးဆယ်ကို စာရင်းလုပ်ထားပြီး သူတို့ရဲ့ စီးပွားရေး တိုးတက်မှုတွေအကြောင်း အကဲဖြတ်မှု လုပ်မလို့.. "ရှန်းရှုရီ ပြောလိုက်ပြီး " ကံမကောင်းချင်တော့ အကဲဖြတ် မှတ်တမ်းတောင် မပြီးသေးခင် အကုန်လုံးက ကမောက်ကမတွေ ဖြစ်ကုန်တာပဲ.. "

လင်းရီ ကော်ချွင်ရှန်းထံမှ လက်တော့ ယူပြီး ရေးထားသည်များကို ဖတ်ကြည့်လိုက်သည်။ တိုက်ခိုက်မှုများက အရမ်းကို အချက်အချာကျနေကြောင်း လင်းရီ တွေ့ရှိလိုက်ရ၏။

တစ်နည်းဆိုသော် သူတို့ လင်းယွင်အုပ်စုကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းပင်။

" ဒီကိစ္စ ကန့်လန့်ကာ နောက်ကွယ်မှာ တစ်စုံတစ်ယောက် ရှိနေတယ်ဆိုတာ ပိုသေချာသွားပြီ..."လင်းရီ ပြောလိုက်ပြီး " သူ့နည်းလမ်းတွေက တော်တော်လေးကို ပြောင်မြောက်လွန်းတယ်... တစ်ဖက်မှာကျ အမေရိကား ပြဿနာ၊ တစ်ဖက်မှာကျ ပြည်တွင်း ဖိအားနဲ့...ဒါ လူကို ခေါင်းကိုက်သွားစေဖို့ တော်တော်ကြီးကို လုံလောက်တယ်... "

ရှန်းရှုရီသည်လည်း လင်းရီ ဘာပြောချင်နေလဲဆိုတာကို ရိပ်ဖမ်းမိလေသည်။

အမေရိကားရှိ နိုင်ငံတကာ ထောက်ပံ့ရေး ကွင်းဆက် သို့မဟုတ် ရင်းနှီးမြုပ်နှံမှု ပြုလုပ်ထားသည့် လေးဆယ်သော ကုမ္ပဏီများသည် လူသိ နည်းပါးသည့် ကိစ္စရပ်များ ဖြစ်သည်။

သို့ပေမယ့်လည်း အမှောင်ထဲမှ တစ်ဖက်သူသည် အမှန်ပင် အရာအားလုံးကို အနံ့ခံနိုင်ခဲ့၏။ ထိုသူက လုံး၀ မရိုးရှင်းချေ။

" အရင်ဆုံး စိတ်အေးအေးထားလိုက်.. ငါ နိုင်ငံတွင်းက အများပြည်သူရဲ့ အမြင်ကို နင့်ကိုယ်စား ဖိနှိပ်ပေးထားမယ်... ဒါက ဘာမဟုတ်တဲ့ ကိစ္စလေးပဲ... ဒါပေမယ့် အမေရိကားက ပြဿနာကိုတော့ ဖြေရှင်းဖို့ နည်းလမ်းရှာမှ ဖြစ်မှာ.... "

" ကျွန်တော် ထျန်းရန်ရဲ့ အခြေအနေကို အသေးစိတ် သိချင်တယ်... အန်တီ လုပ်ပေးလို့ရလား... "

" ငါ အခုပဲ မေးပေးမယ်..."

ရှန်းရှုရီ သူမဖုန်းကို ကိုင်လိုက်၏။ သူမ မည်သူ့ကို ဆက်သွယ်မည်လဲ ဆိုတာတော့ လင်းရီလည်း မသိပေ။

အရေးကြီးဆုံးသည်က ထျန်းရန်၏ တည်နေရာ အတိအကျနှင့် သူမ အခြေအနေ မည်သို့မည်ပုံ ရှိနေလဲဆိုတာက အရေးကြီးဆုံး ကိစ္စဖြစ်သည်။

မိနစ် အနည်းငယ်ခန့် ကြာပြီးနောက် ရှန်းရှုရီ ဖုန်းချလိုက်သည်။

" သူ့ကို ပြည်နယ်တရားရုံးက အချိန်မရွေး ရုံးဆင့်ခေါ်နိုင်ချေ ရှိတယ်ဆိုတော့ ခရီးသွားလာခွင့်လည်း ကန့်သတ် ခံထားရတယ်.. ခု ဆန်ဖရန် စစ္စကိုက သူ့အိမ်မှာ... "

" ကောင်းပြီ ... ကျေးဇူးပါ အန်တီရှန်း.. "လင်းရီ မတ်တပ်ထရပ်လိုက်၏။

" နင် ဘယ်သွားမလို့လဲ... "

" အမေရိကားကိုပေါ့.. သူက ကျွန်တော့်အတွက် အလုပ်လုပ်ပေးခဲ့တယ်... တကယ်လို့ တစ်ခုခု ဖြစ်လာပြီဆိုရင် သူ့ကို ဒီပြန်ခေါ်လာခဲ့ပေးဖို့ ကျွန်တော့်မှာ တာ၀န်ရှိတယ်... "

" ရယ်စရာပဲ.. "ရှန်းရှုရီ မတ်တပ်ရပ်၍ လင်းရီကို တားမြစ်လိုက်ပြီး " နင်က ထျန်းရန် နောက်ကွယ်က သူဌေးကြီးလေ... ဒီကိစ္စ ပေါက်ကြားသွားရင် သူတို့ နင့်ကို စကားတစ်ခွန်းတည်းနဲ့ ဟိုမှာ ခေါ်ထားလိုက်လို့ရတယ်ဆိုတာ သိလား ... အဲ့လိုမျိုးတွေ ဖြစ်လာခဲ့ရင် လင်းယွင် အုပ်စုနဲ့ ဖိုတိုလီတိုဂရပ်ဖီစက် ပရောဂျက်အပေါ် အတိုင်းအဆမရှိ အကျိုးသက်ရောက်မှုတွေ ရှိလာလိမ့်မယ်နော်..."

" အန်တီရှန်း... ဘာမှ စိတ်ပူနေစရာ မလိုပါဘူး.. သူတို့ ဘာကောင်လဲဆိုတာ ကျွန်တော်သိပြီးသား... ကျွန်တော်လည်း ကိုယ့်ကိုယ်ကို အထိခိုက် မခံပါဘူးဗျာ... "

" အဲ့တာလည်း မရဘူး... "

" မရလည်း ကျွန်တော်ကတော့ သွားရမှာပဲ..."

လင်းရီ အခိုင်အမာ ပြောဆိုလိုက်ပြီး " ဒီ ပြဿနာကို ဖြေရှင်းဖို့ ထိုင်ပြီး တံခါးပိတ် ဆွေးနွေးနေရင် ဘာ တိကျတဲ့ အဖြေရလဒ်မှ ရလာမှာ မဟုတ်ဘူး.... စောင့်နေရအောင်လည်း ကျွန်တော့်မှာ အချိန်မရှိဘူး... ‌"

သူမ လျန်ရူရွှယ်မှတဆင့် လင်းရီသည် အလွန် ခေါင်းမာသည့် လူစားမျိုး ဖြစ်ကြောင်း ကြားသိထားပြီးဖြစ်၏။ သို့သော် ယခု အချိန်တွင်တော့ ရှန်းရှုရီ နားလည်သွားခဲ့ချေပြီ။

သူက အခြားသူများကဲ့သို့ သူ၏ ခေါင်းမာမှုကို ဆောက်တည်ရာမရ ဒေါသူပုန်ထပြီး ပြသနေခြင်းမျိုး မဟုတ်ဘဲ သူ လုပ်မည့် အရာကို တည်ငြိမ်စွာဖြင့် ပြောဆိုသွားခဲ့သည်။ သူ့ကို လာတားသည့်သူ မှန်သမျှ သူ၏ ရန်သူ ဖြစ်လာပေမည်။

All Chapters