ဝှက်ဖဲ
Vol. 74 Ch. 1105
ဝမ်ဟန်ရှန်း၏ စကားကို ကြားပြီးသည့် နောက်တွင်တော့ ဂျိုဆမ်နှင့် သူ့လူတို့ စတင်ပြီး သူတို့ကြား ဆွေးနွေးကြတော့သည်။ ဆယ်မိနစ်ကြာအောင် ဆွေးနွေးပြီးနောက် ရလဒ်တစ်ခု ထွက်ပေါ်လာသည်။
ရလဒ်ကတော့
“ မစ္စတာဝမ်… ကျုပ်တို့ ခုလေးတင်ပဲ ဆွေးနွေးလို့ ပြီးသွားပြီ… မင်းတို့ကို ရွေးချယ်စရာ နှစ်ခုပေးမယ်…”
“ ကောင်းပြီ… ဆိုစမ်းပါဦး.. “ ဝမ်ဟန်ရှန်း အပြုံးလေးဖြင့် ဆိုလိုက်၏။ ခံစားချက်များ အားလုံးကိုတော့ ရင်ထဲတွင်သာ သိုဝှက်ထားလျက်ရှိသည်။
“ ပထမ တစ်ချက် … ကျုပ်တို့ အစိတ်အပိုင်းတွေ အကုန်လုံးကို ပြန်လိုချင်တယ်.. အဲ့တာအပြင် တစ်ဖက်ကနေပြီး လျော်ကြေးငွေ ဒေါ်လာ ၃၀ ဘီလီယမ်လည်း လိုချင်တယ်…”
ဝမ်ဟန်ရှန်းနှင့် ကျောက်ရှတို့ မသိစိတ်မှ လင်းရီကို ပြိုင်တူ ကြည့်လိုက်မိကြသည်။
လင်းရီကတော့ ဆိုဖာနောက်ကျောသို့ မှီ၍ မျက်နှာအမူအရာကင်းမဲ့စွာဖြင့် ခြေတင်ချိတ် ထိုင်နေသည်။ ဤကိစ္စနှင့် ပတ်သက်ပြီး သူ့တွင် မည်သည့် အတွေးမျှ ရှိဟန်မတူ။
“ ဒါကြီးကတော့ တအား ရယ်စရာ ကောင်းလွန်းသွားပြီ.. ကျုပ်တို့ လက်မခံနိုင်ဘူး..” ဝမ်ဟန်ရှန်း ပြောလိုက်ပြီး “ မစ္စတာဂျိုဆမ်… ဒုတိယ ရွေးချယ်စရာကို ဆက်ပြောပေးပါ…”
“ ဒုတိယက ကျုပ်တို့ လင်းယွင်အုပ်စုကို အမြန်ဆုံး စာရင်းဝင်စေချင်ပြီး သူတို့ရဲ့ ရှယ်ယာ ၅၁ %ကို ကျုပ်တို့ဆီ ပေးရမယ်… ဒါ ကျုပ်တို့ သဘောတူထားတဲ့ ရွေးချယ်စရာ နှစ်ခုပဲ… မင်းတို့ မဆုံးဖြတ်ခင် အချင်းချင်း ဆွေးနွေးလို့ရတယ်….“
ဂျိုဆမ် အချိန် ဖြုန်းနေခြင်း မရှိဘဲ လင်းရီဘက်သို့ ဘော်လီဘော ပုတ်ပေးလိုက်၏။
“ ဒီ တောင်းဆိုမှု နှစ်ခုက အရမ်းလွန်တယ်.. ကျုပ်တို့ သဘောမတူပေးနိုင်ဘူး..”
“ ဒါဆိုလည်း ကျုပ်တို့ တတ်နိုင်တာ ဘာမှ မရှိတော့ဘူး.. ဒါက ကျုပ်တို့ရဲ့ အောက်စည်းပဲ…” ဂျိုဆမ် ပခုံးတွန့်လျက် ပြောလိုက်ပြီး “ တကယ်လို့ ဆက်ပြီး မဆွေးနွေးနိုင်ဘူးဆိုရင်လည်း ပြီးပြီပဲ သတ်မှတ်လိုက်ကြတာပေါ့.. ကျုပ် နေ့လည်စာ ဘွတ်ကင် ယူထားတယ်.. စားကြဦးမလား..”
ဂျိုဆင်၏ မောက်မာလွန်းသည့် သဘောထားအပြုအမူက ဝမ်ဟန်ရှန်းနှင့် ကျောက်ရှကို ဒေါသ ထောင်းခနဲ ဖြစ်သွားစေခဲ့သည်။
ဤသည်က လွန်လွန်းလှသည်။
“ မပြီးသေးဘူး… စားဖို့ အဲ့လောက်ထိ အလျင်မလို စမ်းပါနဲ့…” တစ်ချိန်လုံး တိတ်ဆိတ်နေလျက် ရှိသည့် လင်းရီမှ အပြုံးတစ်ပွင့်ဖြင့် ပြောလာခဲ့သည်။
“ ကျုပ်တို့ဘက်က မင်းကို ဖြေရှင်းနိုင်တဲ့ နည်းလမ်း ပေးပြီးသွားပြီ… ဒီတော့ မင်း ဆုံးဖြတ်ပြီးသွားပြီလား မစ္စတာလင်း..” ဂျိုဆမ် အပြုံးလေးဖြင့် မေးလိုက်သည်။
“ ကျုပ်က ဘာလို့ အဲ့ဒီ စောက်ချေမပါတဲ့ အချက်တွေကို ဘာကိစ္စ သဘောတူရမှာလဲ… ခင်များတို့ ကျုပ်အကြောင်း မသိသေးဘူးပဲ…”
ဝမ်ဟန်ရှန်း နှုတ်ခမ်း တွန့်ခနဲ ဖြစ်သွားခဲ့၏။ ထွက်မလာခင်တုန်းက ရှန်းရှုရီ လင်းရီ၏ စိတ်ခံစားချက်များကို ထိန်းချုပ်ပေးဖို့ အဘယ်ကြောင့် အတန်တန် သတိပေးခဲ့လဲ ဆိုတာ နားလည်သွားချေပြီ။
ယခုလို အရေးကြီးသည့် တွေ့ဆုံမှုမျိုး၌ ကျိန်ဆဲသည်ကို ကြည့်ခြင်းအားဖြင့် သူ၏ စရိုက် မည်မျှ ပြင်းထန်သည်ကို တွေးကြည့်နိုင်သည်။
“ ဒါဆို မင်းက ဘာဖြစ်ချင်လဲ… မင်းက ဒီကိစ္စ နောက်ကွယ်က တကယ့် လက်သည် တရားခံ ဖြစ်မယ်လို့ ငါထင်တယ်… ဒီတော့ မင်းက ငါနဲ့ ညှိနှိုင်းဖို့ အရည်အချင်း ပြည့်မီတယ်…”
“ ကျုပ် နှစ်ခုပဲ ပြောချင်တယ်… အရင်ဆုံး ကျုပ်မှာ cymer ရှယ်ယာ ၁၂ ရာခိုင်းနှုန်း ရှိတယ်… အဲ့သလိုပဲ Intel ရဲ့ ရှယ်ယာ ၁၂ ရာခိုင်နှုန်း ကျုပ်မှာ ရှိသေးတယ်.. ဒုတိယ တစ်ချက်ကတော့ ရှယ်ယာတွေ အကုန်လုံးက မဲပေးပိုင်ခွင့် ရှိတဲ့ ရှယ်ယာတွေပဲ… ဒါဘာကို ဆိုလိုချင်လဲ ခင်များ ဦးနှောက်ရှိရင် သဘောပေါက်…”
ထိုစကားများ ပြောပြောပြီးချင်း ရှိနေကြသည့် လူတိုင်း ကြက်သေသေသွားခဲ့ကြ၏။ လူတိုင်း၊ ဂျိုဆမ်နှင့် သူ၏ အသင်းဝင်များအပါအဝင် အကုန်လုံးက လင်းရီကို မယုံကြည်နိုင်သည့် အမူအရာမျိုးဖြင့် ငေးကြည့်လာကြ၏။ ဘုရားသခင် သူတို့ရှေ့ ကိုယ်ထင်ပြလာသည်ကို မျက်မြင်ဒိဠ ကြုံတွေ့လိုက်ရသည့်နှယ်ပင်။
“ ဒါ လုံးဝ မဖြစ်နိုင်တာကြီးပဲ… မင်းမှာ cymer နဲ့ intel ရဲ့ ရှယ်ယာတွေ ရှိနေဖို့ ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… “
“ မယုံရင် သွားပြီး စစ်ဆေးကြည့်လိုက်လေ… ကျုပ်က ဒီလို အခြေအနေမျိုးမှာ ဟာသလုပ်နေလိမ့်မယ်လို့ ထင်လား…” လင်းရီ ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ထားပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။
“ ကျုပ်သိသလောက်ဆိုရင် Cymer မှာ ရှယ်ယာ ၁၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့သူက ဒုတိယ အကြီးဆုံး ရှယ်ယာရှင်ပဲ… intel မှာ ကျုပ်က ၁၂ ရာခိုင်းနှုန်းကို ပိုင်ဆိုင်ထားတယ်… အဲ့ဒီမှာ ကျုပ်က အကြီးဆုံး ရှယ်ယာရှင်… ကျုပ် ဒီရှယ်ယာတွေနဲ့ ဘယ်လို ထိခိုက်မှုတွေ လုပ်နိုင်မယ်လို့ ခင်များ ထင်လဲ..”
ဝမ်ဟန်ရှန်းနှင့် ကျောက်ရှတို့၏ နှလုံးခုန်သံမှာတော့ တဒိန်းဒိန်း မြည်ဟီးသွားကြသည်။ အကယ်၍ ဤသတင်းကိုသာ ကြေညာလိုက်မည် ဆိုပါက NASDAQ သည် သေချာပေါက် ကြီးစွာသော ဆုံးရှုံးမှုကြီးကို ခံစားရလိမ့်မည်။ အမေရိကားရှိ နည်းပညာ ကုမ္ပဏီများအားလုံး ထိုအထဲ ပါဝင်သွားလိမ့်မည် ဖြစ်၏။ စီးပွားရေး ပျက်ကပ် အသစ်တစ်ခုကို ဆောင်ကြဉ်းလာတာမျိုးတောင် ဖြစ်လာနိုင်သည်။
ထို့အပြင် Cymer သည်က အကောင်းဆုံးသော optical lens များ ထုတ်လုပ်သူ တစ်ဦးဖြစ်သည်။ ဟွာရှန့်လူမျိုး တစ်ယောက်က ထိုကဲ့သို့သော နေရာမျိုးတွင် အဓိက ရှယ်ယာရှင် ဖြစ်သွားခဲ့သည်က သိပ်ကို ကြောက်စရာ ကောင်းသည်။ အမေရိကား၏ ထုတ်လုပ်ရေး နယ်ပယ် တစ်ခုလုံးသို့ပါ အကျိုးသက်ရောက်မှုများ ရှိလာနိုင်လေသည်။
သို့တိုင်အောင် ဤသည်က ဘာမျှမဟုတ်သေး။ အရေးကြီးဆုံးကတော့ Intel ၏ ၁၂ ရာခိုင်နှုန်းသော ရှယ်ယာများပင်။
Intel သည်က ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး တစ်ခုဖြစ်ပြီး ၎င်းတို့၏ အကြီးဆုံးသော ရှယ်ယာရှင်သည် ဟွာရှန့် လူမျိုး တစ်ယောက် ဖြစ်လာနေချေပြီ။ ယင်းက အမေရိကားရှိ CPU နှင့် semiconductor နယ်ပယ်ကို သေစေနိုင်လောက်သည့် ထိုးနှက်ချက်ကြီး တစ်ခု ဖြစ်သွားစေနိုင်သည်။
ပြဿနာ၏ လေးနက် ပြင်းထန်မှုကို သတိပြုမိသွားသည်နှင့် တပြိုင်နက် ဂျိုဆမ်နှင့် သူ့လူများ တစ်ဖန် ပြန်စုဝေးလိုက်ကြပြီး ပြဿနာကို ဖြေရှင်းရန် တီးတိုး တိုင်ပင်ကြတော့သည်။
ဤတစ်ကြိမ်တွင်တော့ သူတို့ အမှန်ပင် ထိတ်ထိတ်ပျာပျာ ဖြစ်မိနေချေပြီ။
အကယ်၍ ကောင်းစွာ ကိုင်တွယ်နိုင်ခဲ့ခြင်း မရှိပါက ကြောက်မက်ဖွယ်ကောင်းသည့် မုန်တိုင်းကြီးတစ်ခုကို ဖန်တီးပေးလိုက်သလို ဖြစ်သွားလိမ့်မည်။
“ အိုး… ဟုတ်သားပဲ… ကျုပ် မေ့နေတာ တစ်ခု ရှိသေးတယ်… လက်ရှိ Intel ရဲ့ ချစ်ပ်တွေကို ဒုတိယမျိုးဆက် 2.0 နည်းပညာ အပေါ်မှာ အခြေခံပြီး ထုတ်လုပ်ထားတာမလား… ကျုပ်ဘက်ကလည်း အဆင့်အမြင့်ဆုံး ချစ်ပ် ၂.၀ နည်းပညာကို ထုတ်လုပ်ပြီးသွားပြီ.. တကယ်လို့ နောက် နှစ်ဝက် တစ်နှစ်လောက်အထိ အချိန်ပေးရင် တတိယမျိုးဆက် ၃.၀ ကိုပါ ထုတ်လုပ်လာနိုင်လိမ့်မယ်… ဒီတော့ AMD ကို အဖေသွားခေါ်ဖို့ မစဉ်းစားနဲ့.. သူတို့ ကျုပ်ကို မဖိနှိပ်နိုင်ဘူး… ပြီးတော့ ခင်များတို့လည်း အတူတူပဲ…” လင်းရီ ပြောလိုက်ပြီး “ ခင်များတို့ အိပ်မက်မက်လို့ရတယ်… ဒါပေမယ့် နေ့ခင်းကြောင်တောင်ကြီးတော့ ဘယ်ရမှာ…”
လက်ရှိ ရောက်နေကြသည့် သူတို့အဖို့ အဆိုပါ သတင်းကြီးက အက်တမ်ဒြပ်စင် ဗုံးကြီး ပေါက်ကွဲသွားခဲ့သလိုပင်။ လက်ခံနိုင်ရန် ခက်ခဲလွန်းလှ၏။
“ မစ္စတာလင်း.. ကျုပ်တို့ ဒီကိစ္စ သေချာစဉ်းစားဖို့ လိုမယ်ထင်တယ်.. ဒီနေ့ ဒီမှာပဲ နားပြီး မနက်ဖြန်မှ ဆက်ပြောကြတာပေါ့..”
“ ရတယ်လေ… ကျုပ်မှာလည်း ခင်များတို့နဲ့ ကစားပေးဖို့ အချိန်တွေ အများကြီး ရှိပါတယ်… ဒါပေမယ့် အဲ့လို မလုပ်ခင် ကျုပ်ရဲ့ လူကို အရင်မြင်ချင်တယ်..”
ဂျိုဆမ်နှင့် သူ့လူများ တစ်ဖန် ခေါင်းချင်းဆိုင်လိုက်ကြပြီး လင်းရီထံသို့ “ ကောင်းပြီ.. ကျုပ်တို့ ခဏနေကျရင် သူ့ကို သတ်မှတ်ထားတဲ့ တည်နေရာဆီ ပို့ပေးလိုက်မယ်…”
“ ကောင်းပြီလေ.. ခင်များတို့ကောင်တွေ စကားတည်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်…”
“ တည်မှာပါ… စိတ်ချပါ မစ္စတာလင်း..”
“ ဒီနေ့ ဆွေးနွေးတာကို ဒီမှာတင်ပဲ ရပ်ကြတာပေါ့..” လင်းရီ ပြောလိုက်ပြီး “ တစ်ချိန်တည်းမှာပဲ နောက်တစ်ကြိမ် ညှိနှိုင်းဆွေးနွေးမှုကို မကြာခင် ဖော်ဆောင်နိုင်မယ့်လို့ မျှော်လင့်ပါတယ်… ကျုပ်ကို အချိန်အကြာကြီး စောင့်ရအောင် မလုပ်နဲ့…”
“ ကျုပ်တို့ အမြန်ဆုံး စီစဉ်ပေးသွားမှာပါ…”
ရိုရှင်းသည့် စကားတစ်ချို့ ပြောဆိုပြီးနောက် တွေ့ဆုံမှုမှာ အဆုံးသတ်သွားခဲ့သည်။ အပြင်ဘက်၌ စောင့်ဆိုင်းနေသည့် ဟွာရှ ကောင်စစ်ဝန်မှ လင်းရီနှင့် ကျန်နှစ်ယောက်ကို သူတို့ အခြေစိုက်ရာ နေရာသို့ ခေါ်ဆောင်လာခဲ့လေသည်။
“ မစ္စတာလင်း… မင်းက တကယ့်ကို အံ့ဖွယ်တပါးပဲ… ဒီနှစ်တွေထဲမှာ ငါ့ကို မတူညီတဲ့ အမြင်နဲ့ ရှုမြင်သွားစေတဲ့ လူငယ်တွေ ဘယ်နှစ်ယောက်မှ မရှိဘူး… မင်းက သူတို့အားလုံးထဲမှာမှ ထိပ်တန်းပဲ…”
ဝမ်ဟန်ရှန်း စိတ်လှုပ်ရှားစွာဖြင့် ပြောလာခဲ့သည်။
“ အမှန်အတိုင်း ဝန်ခံရရင်လေ… ငါ့ရဲ့ စိတ်ပျက်စရာကောင်းတဲ့ သားငမူးသာ နင့်ရဲ့ တစ်ဝက်လောက်သာ တော်လို့ကတော့ ငါ သိပ်ကို ကျေနပ်မိမှာပဲ..”ကျောက်ရှလည်း ဝင်ပြောလာခဲ့သည်။
“ တကယ်ဆို ကျုပ်လည်း အဲ့ကိစ္စတွေကို ဒီလောက် အမြန်ကြီး မဖော်ထုတ်ချင်ပါဘူး… ဒါပေမယ့် ရွေးချယ်စရာမှ မရှိတာ… ဒီလူတွေက သိပ်ပြီးတော့ကို ဟိတ်ဟန်များလွန်းတယ်.. အဲ့တာနဲ့ ကျုပ်ရဲ့ ဝှက်ဖဲနှစ်ချပ်ကို ချပြလိုက်တာပဲ..”
“ ရှေးလူကြီးတွေ ပြောခဲ့တာ တစ်ကြိမ်ကို ခြေတစ်လှမ်းပဲ လှမ်းပြီး ရှေ့ သုံးလှမ်းကို ကြိုမြင်တဲ့… မင်းကတော့ မတူဘူး… အလှမ်း သုံးရာလောက်ကို ကြိုကြည့်လိုက်တော့တာ…” ဝမ်ဟန်ရှန်း ကြည်ညို လေးစားနေဟန်ဖြင့် ပြောလိုက်သည်။
“ ကျုပ်လည်း ရွေးချယ်စရာ မရှိဘူးလေ… တချို့ကိစ္စတွေမှာ တခြားသူတွေကြောင့် မွန်းကြပ်လာရင် ခြေတစ်လှမ်းချင်း လှမ်းနေတာက မရေမတွက်နိုင်တဲ့ နှစ်တွေအထိ အချိန်ယူနေရလိမ့်မယ်… ဖြတ်လမ်းက အန္တရာယ် ရှိတယ်ဆိုပေမယ့် စွန့်စားရမှာပဲလေ… ဒါကြောင့်မို့ ကျုပ် အာမခံချက်ပေးနိုင်တဲ့ ဒီရဲ့ တန်ပြန်ကတ်တွေကို ကြိုတင် ထုတ်ထားလိုက်တော့တာ…”
“ အင်း… အမှန်ပဲ…” ဝမ်ဟန်ရှန်း သက်ပြင်းချလျက် ပြောလိုက်သည်။ ကုန်သွယ်ရေး ဌာန၏ ခေါင်းဆောင်တစ်ယောက်အနေဖြင့် ဤအရာများကို သူ ကောင်းကောင်းကြီး နားလည်သည်။
“ အရင်အချိန်တွေတုန်းကတော့ စစ်မြေပြင်မှာ ရွပ်ရွပ်ချွံချွံနဲ့ တိုက်ခိုက်တဲ့သူက သူရဲကောင်းပဲ… အခုကျ မင်းလိုမျိုး စီးပွားရေး လုပ်ငန်းရှင်တွေက ခေတ်သစ်ရဲ့ စံပြပုဂ္ဂိုလ်တွေ ဖြစ်သွားပြီ.. လူတိုင်းက မင်းဆီကနေ သင်ယူသင့်တယ်..”
“ ဒါရိုက်တာဝမ်က လေးနက်လွန်းနေပါပြီ… ကျုပ်က ကျုပ် တာဝန်ယူသင့်တာကို တာဝန်ယူသွားခဲ့ရုံပါပဲ…”
“ ကောင်းပြီ.. အခြေအနေတွေလည်း အိုကေ နေပြီဆိုတော့ ဒီည သောက်ကြမယ်..”
“ ပြဿနာ မရှိဘူး..”
မကြာမီ သူတို့လိုက်ပါ စီးနင်းလာသည့် ကားက သံရုံးသို့ ရောက်ရှိလာခဲ့သည်။
“ ခင်များတို့ နှစ်ယောက် အရင်ဝင်သွားလိုက်.. ကျုပ် နည်းနည်းကြာအောင် ထပ်စောင့်လိုက်ဦးမယ်… သူရောက်လာဖို့ သိပ်ကြာမယ် မထင်ဘူး..”
“ ဒါဆိုလည်း ငါတို့ အရင်ဆုံးသွားပြီး သတင်းပို့လိုက်ဦးမယ်… နောက်မှ စကားပြောကြတာပေါ့..”
“ ကောင်းပြီ…”
လင်းရီ တံခါးပေါက်ဝနားတွင် ရပ်တန့်နေခဲ့၏။ မကြာမီ ထျန်းရန်ကို ကြိုဆိုရန် တာဝန်ယူထားသည့် ကားက ဆိုက်ရောက်လာလေသည်။
လင်းရီ ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ သူမအတွက် တံခါးဖွင့်ပေးလိုက်သည်။ သို့ပေမယ့် သူမ ကားထဲမှ ထွက်လျှင်ထွက်ချင်း ထျန်းရန်သည် သူ့ကို ပွေ့ဖက်လို့ လာခဲ့၏။
“ ရှင် ကျိန်းသေပေါက် လာခဲ့မယ်ဆိုတာ ကျွန်မ သိသားပဲ…”