← Chapters

တောင်ထွတ်ရွေးချယ်မှု အခမ်းအနား(၅)

Vol. 20 Ch. 272

တောင်ထွတ်ရွေးချယ်မှု အခမ်းအနား(၅)

Vol. 20 Ch. 272

မူလချီတိမ်တိုက်ပေါ်တွင် ရှိနေသော ကလန်ခေါင်းဆောင် ချင်းယန်က ခေါင်းညိတ်လျက် ပြောသည် “မဆိုးဘူး။ ဒါက သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ပဲ ဖြစ်ရမယ်။ သုံးလအတွင်းမှာ သည်အဆင့်ထိ ရောက်အောင် လေ့ကျင့်နိုင်တယ် ဆိုတော့ သူတကယ် ပါရမီရှိတာပဲ”

ဟုန်ယာ တောင်ထွတ်မှာ ဂူထျန်းဟုန်၏ မိုးခြုန်းသံကဲ့သို့ အသံကလည်း ထွက်ပေါ်လာခဲ့သည် “သည်ခရမ်းရွေရောင် ကြေးခွံတွေက ခန္ဓာကိုယ်ပြင်ပ ကျင့်စဉ်နဲ့ တူညီတယ်။ သည်ကလေးက ခန္ဓာကိုယ်ပြင်ပ ကျင့်စဉ်လေ့ကျင့်ဖို့ အရမ်းသင့်လျှော်တယ်”

မျက်ခုံးဖြူနှင့် အကြီးအကဲကလည်း အောက်တွင် ဖြစ်ပျက်နေသော မြင်ကွင်းကို စိုက်ကြည့်လိုက်ပြီး ခေါင်းခါယမ်းကာ ပြောလိုက်သည် “သူရဲ့ ခရမ်းရွှေရောင်ကြေးခွံတွေက ကာကွယ်နိုင်စွမ်း ရှိတာ မှန်ပေမဲ့လည်း လုဖန်းရဲ့ လေဓားသွားပင်လယ်ကို ချိုးဖြတ်နိုင်ခဲ့တဲ့ အဓိက အချက်က ကြေးခွံတွေပေါ်မှာ ရေးဆွဲထားတဲ့ အဆင့်လေး မူလမှော်စာလုံး တွေကြောင့်ပဲ”

“ဒါကြောင့် သူ့ရဲ့ မူလမှော်စာလုံး ကျင့်ကြံမှုက ခန္ဓာကိုယ်ပြင်ပ ကျင့်ကြံမှုထက် သာလွန်တယ်လို့ ငါခံစားမိတယ်။ နောက်ပိုင်းမှာ ခန္ဓာကိုယ် မြန်မြန်ကြီးထွားလာလို့ ကတော့ ကြီးထွားပြီး မိုက်မဲသူ တစ်ယောက် ဖြစ်လာမှာပဲ”

ဂူထျန်ူဟုန်၏ မျက်ဝန်းများမှာ ပြူးကျယ်သွားပြီး ဒေါသတကြီး ပြောလိုက်သည် “လူအိုဖြူကြီး ဘယ်လောက်တောင် အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေ ပြောနေတာလဲ။ မူလမှော်စာလုံး လေ့ကျင့်တာက အခြားသော ကျင့်စဉ်တွေ လေ့ကျင့်တာထက် ပိုပြီး ခြေကုန်လက်ပန်း ကျစေတယ်။ ခန္ဓာကိုယ်ပြင်ပ လေ့ကျင့်ခြင်းနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာလဲ”

မျက်ခုံးဖြူနှင့် အကြီးအကဲက ခေါင်းခါယမ်းကာ မှတ်ချက်ချလိုက်သည် “ကျွဲပါး စောင်းတီး နေရသလိုပဲ။ မိုက်မဲတဲ့ကောင်”

နှင်းပဒုမ္မာတောင်ထွတ်မှ ဆရာသခင်မ လျိုလျန့်ယီက လင်ကျွမ်းအား လှမ်းကြည့်လိုက်ပြီး “ကြည့်ရတာ လုဖန်းအတွက် ချန်ပီယံဖြစ်လာဖို့ မလွယ်ကူတော့ဘူး ထင်တယ်”

ဓားကပ်ဘေး တောင်ထွတ် ဆရာသခင် လင်ကျွမ်းက ကြင်နာတတ်သော အပြုံးတစ်ခု ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည် “မင်းမှားနေပြီ တောင်ထွတ် ဆရာသခင်မလျို။ လုဖန်းက ပြိုင်ဘက်ကို စမ်းသပ်နေတုန်းပဲ ရှိသေးတယ်။ ဒါတောင် ဇူယွမ်က ပြန်မတိုက်ခိုက် နိုင်သေးဘူး။ သူက တကယ်ပဲ အားနည်းလွန်းတယ်”

“လုဖန်းက တိုက်ပွဲအစကနေ အဆုံးထိ ချုပ်ကိုင်ထားခဲ့တာ။ ပြီးတော့ ဇူယွမ်က မူလစဦး ပထမအဆင့်လေးပဲ ရှိသေးတယ်။ သူ့အတွက်ကတော့ လုဖန်းကို ရပ်တန့်စေဖို့ ခက်ခဲမှာပဲ”

လျို့လျန်းယီက အသာအယာ ပြုံးလိုက်ပြီး “ငါတို့ ဆက်ကြည့်ကြတာပေါ့”

လင်ကျွမ်း၏ အနောက်ရှိ လုရွှမ်းယင်မှာ တောင်ထွတ် ဆရာသခင် နှစ်ယောက်၏ စကားဝိုင်း အတွင်းသို့ ဝင်ရောက် ပြောဆိုလိုသော်လည်း မဝံ့မရဲ ဖြစ်နေပေသည်။ သို့သော်လည်း သူမ၏ အနီရောင် နှုတ်ခမ်းပါးလေးမှာ ပြုံးလျက်ရှိပေသည်။

သူမ၏ အမြင်တွင် လုဖန်းမှာ တိုက်ပွဲတွင် သေချာပေါက် အနိုင်ရမှာဖြစ်ပြီး ဇူယွမ်၏ အဆုံးစွန်သော ဝှက်ဖဲများကို ချိုးဖြတ်ရန်သာ လိုအပ်ပေသည်။

ရွှေရောင် ကျောက်တုံး စင်မြင့်ပေါ်တွင်။

လုဖန်း၏ အမူအရာက နက်မှောင်နေပြီး သူ၏ လေဓားသွား တိုက်ခိုက်မှုမှ ကျန်ရစ်နေခဲ့သည့် ဇူယွမ်ကို စိုက်ကြည့်နေသည်။ သူ၏ မျက်လုံးများက အေးစက်လျက်ရှိပြီး အမှုမထားဟန်ဖြင့် ပြောလိုက်သည် “ဇူယွမ် မင်းမှာ အစွမ်းအစ အနည်းငယ်ရှိသားပဲ”

ထပ်ပြီးတော့ သူ့အနေဖြင့် ဇူယွမ်၏ သန်မာမှုကို လျှော့တွက်မိပြန်ပြီ ဖြစ်သည်။

သူ့ရဲ့ ကျင့်ကြံမှုက မူလစဦး ပထမအဆင့်မျှသာ ရှိသေးသော်လည်းပဲ ဝှက်ဖဲများစွာ ရှိနေသည့်အတွက် ဖြုတ်ချရန် မလွယ်ကူပေ။

ဇူယွမ်၏ ခန္ဓာကိုယ်ပေါ်တွင် ခရမ်းရွှေရောင် ကြေးခွံများက တောက်ပနေပြီး သူက မည်သည့်စကားမျှ ပြန်မပြောသော်လည်း သူ၏ မျက်လုံးအစုံမှာတော့ တူညီစွာပင် အေးစက်နေခဲ့သည်။

ထပ် …

သူ၏ ခြေထောက်က မြေပေါ်သို့ ဆောင့်နင်းချလိုက်ပြီး ဒြပ်မဲ့နေသော ခန္ဓာကိုယ်က တည်ရှိနေရာမှ ပျောက်ကွယ်သွားသည်။ စက္ကန့်အချို့ အကြာတွင် လုဖန်း၏ အရှေ့၌ ပြန်ပေါ်လာခဲ့ပြီး ခရမ်းရွှေရောင် ကြေးခွံများ ဖုံးအုပ်နေသည့် လက်သီးတစ်လုံးက ရုန်ရင်းသော မူလချီများ ထွက်ပေါ်လျက် အရှေ့သို့ ပစ်ဝင်သွားသည်။

သူက စတင်ပြီး တန်ပြန် တိုက်ခိုက်နေပြီ ဖြစ်သည်။

“အို … နောက်ဆုံးတော့ မင်းက မျက်နှာချင်းဆိုင် တိုက်ရဲပြီပေါ့” ထိုမြင်ကွင်းကြောင့် လုဖန်း၏ နှုတ်ခမ်းထောင့်စွန်းတွင် သရော်ပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူကလည်း နောက်သို့ ဆုတ်ခွာခြင်းမရှိဘဲ မူလချီများ လှိုင်းထနေသည့် လက်သီးတစ်လုံးကို ပြန်လည် ပစ်သွင်းလိုက်သည်။

ထပ် … ထပ် …

တစ်ခဏအတွင်းမှာပဲ လူနှစ်ယောက်က တိုက်ကွက်ပေါင်း ဒါဇင်ချီ ဖလှယ်ပြီးသွားခဲ့ပြီး တိုက်ကွက်တိုင်းက အခြားတစ်ဦး၏ သေကွင်းသေကွက်များ ကိုသာ ရည်ရွယ်နေပေသည်။

ဇူယွမ်၏ တိုက်ခိုက်မှုများက အားမာန် ပြည့်ဝသော်လည်းပဲ လုဖန်းက အားလုံးကို ချိုးဖြတ်နိုင်သည်ကြီးသာ ဖြစ်သည်။ မူလစဦး စတုတ္ထအဆင့် ဖြစ်သော သူ၏ မူလချီများက ဇူယွမ်ထပ် များစွာ သန်မာပေသည်။

လျှပ်စီးကဲ့သို့ လျင်မြန်သော တိုက်ကွက်များကို ထုတ်ဖော်ရင်း လုဖန်းက လှောင်ပြောင်လိုက်သည် “မင်းတိုက်ခိုက်နိုင်တာ ဒါအကုန်ပဲလား”

ဇူယွမ်၏ လက်သီးအရိပ်များကို စိုက်ကြည့်ရင်း သူ၏ လက်ဖဝါးကို အောက်သို့ မှောက်ချလိုက်လေသည်။ မူလချီများက လုဖန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့ပြီး ဇူယွမ်၏ လက်သီးအရိပ်များကို အဝေးသို့ ရိုက်ချလိုက်သည်။

ဖတ် …

သို့သော်လည်း ဇူယွမ်၏ လက်သီးအရိပ်များ ပျက်ပြယ်သွားချိန်တွင် ဇူယွမ်၏ ညာဘက်လက်မှာ တိတ်တဆိတ် ရွေ့လျားသွားပြီး ထိတ်လန့် တုန်လှုပ်ဖွယ် ကောင်းသော မူလချီပမာဏက သူ၏ လက်ဖဝါးအလယ်တွင် စုဝေးလာခဲ့သည်။ မူလချီများက လေနှင့် မိုးကြိုးများ ပါဝင်နေသည့် မူလချီဘောလုံး တစ်လုံးအသွင်သို့ ပြောင်းလဲသွားပြီး ပြင်းထန်စွာ လှုပ်ခတ်လျက် အပြင်သို့ တိုးထွက်သွားသည်။

“ကြီးမြတ်သော လေနှင့်မိုးကြိုး”

နက်ရှိုင်းသော အသံတစ်သံက ဇူယွမ်၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။

လုဖန်း၏ မျက်ဝန်းများက ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ ဇူယွမ်၏ အစောပိုင်းက လက်သီးရိပ်များမှာ အယောင်ပြမျှသာဖြစ်ပြီး ထိုလက်သီးအရိပ်၏ နောက်တွင် စစ်မှန်သော တိုက်ခိုက်မှုကို ဖုံးကွယ်ထားခဲ့ပေသည်။

လေနှင့် မိုးကြိုးအလုံးသည် လုဖန်း၏ မြင်ကွင်းထဲသို့ တဖြည်းဖြည်း တိုးဝင်လာခဲ့သည်။

သို့သော်လည်း လုဖန်းမှာ သာမန်လူတစ်ယောက် မဟုတ်ချေ။ ထိုအန္တရာယ်ရှိသော အခြေအနေတွင် သူက ရုတ်တရက် ပါးနှစ်ဖက် ဖောင်းလာသည်အထိ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး အစိမ်းရောင်ချီ စီးကြောင်းတစ်ခုကို မှုတ်ထုတ်လိုက်သည်။

“အစိမ်းရောင် အလင်းတန်း၏ ဒေါသအရင်းအမြစ်”

အစိမ်းရောင်ချီများသည် ပါးလွှသော အရိပ်အသွင်သို့ ပြောင်းလဲသွားကာ ထိတ်လန့်ဖွယ် ကောင်းသော အမြန်နှုန်းဖြင့် လေနှင့်မိုးကြိုး ဘောလုံးအတွင်းသို့ စီးဝင်သွားခဲ့သည်။

ဘန်း …

ကြမ်းတမ်းသော လှိုင်းတစ်ခုက ဖြန့်ထွက်လာခဲ့ပြီး ဇူယွမ်နှင့် လုဖန်းတို့ အဝေးသို့ လွင့်စဉ်သွားခဲ့သည်။

သူတို့၏ ခြေထောက်များမှာ မြေပေါ်တွင် တရွတ်တိုက် ဆွဲသွားခဲ့ပြီး သူတို့ခန္ဓာကိုယ်များ ရပ်တန့်သွားချိန်၌ မြေပြင်ပေါ်တွင် ရှည်လျားသော စွပ်ကြောင်းကြီးများ ချန်ထားခဲ့လေသည်။

လုဖန်း၏ အမူအရာမှာ အတော်ပင် ဆိုးရွား၍ နေသည်။ သူ့အနေဖြင့် ဇူယွမ်၏ အငိုက်ဖမ်း တိုက်ခိုက်မှုကို ခံရလုနီးနီး ဖြစ်သွားခဲ့ပြီး သူ၏ ဝှက်ထဲတစ်ကဒ်ကို ထုတ်ပြခဲ့ရပေသည်။

အစိမ်းရောင် အလင်းတန်း၏ ဒေါသအရင်းအမြစ်သည် ကောင်းကင်ဘုံငယ် အဆင့် ကျင့်စဉ်တစ်ခုဖြစ်ပြီး ထိုအရာက မူလချီများကို သိပ်သည်းအောင် ပြုလုပ်ပြီးနောက် အံ့သြဖွယ် ကောင်းသော စွမ်းအားကို ဖြစ်ပေါ်စေပေသည်။ ထိုကျင့်စဉ်ကိုသာ မှန်ကန်သော အချိန်တွင် အသုံးပြုပါက တိုက်ပွဲတစ်ခု၏ ရလဒ်ကို ပြောင်းပြန် လှန်ပစ်နိုင်ပေသည်။

၎င်းကျင့်စဉ်ကို အသုံးချဖို့ ပြင်ဆင်ရန် လိုအပ်သော်လည်း ယခုအချိန်တွင် ဇူယွမ်၏ တိုက်ခိုက်မှုကြောင့် ထုတ်ဖော်လိုက်ရပြီ ဖြစ်သည်။

ဇူယွမ်မှာ ချက်ချင်းပင် မျက်မှောင်ကြုတ် သွားခဲ့သည်။ ထိုသို့ ဖြစ်သွားရခြင်းမှာ လုဖန်းကို ထိခိုက်ဒဏ်ရာ မရစေနိုင် လိုက်သောကြောင့် မဟုတ်ပေ။ သူ့တွင် ဝှက်ဖဲများစွာ ရှိနေပေသေးသည်။ လုဖန်း အသုံးပြုခဲ့သော အစိမ်းရောင် အရိပ်မှာ လွန်စွာ လျင်မြန် လွန်းလှပေသည်။ လုဖန်းသာ ထိုကျင့်စဉ်နှင့် ရုတ်တရက် တိုက်ခိုက်လာပါက ဇူယွမ်အနေ့ဖြင့် ထိုအရာကို ကာကွယ်နိုင်လိုက်မည် မဟုတ်ချေ။

ကံကောင်းစွာနဲ့ပဲ ထိုအရာအတွက် သူပြင်ဆင် သွားနိုင်ခဲ့ပြီ ဖြစ်သည်။

ဟူး …

လုဖန်းက ဇူယွမ်ကို အေးစက်စက် ကြည့်ရင်းမှ ရုတ်တရက် ခေါင်းခါယမ်းလိုက်ပြီး “ကြည့်ရတာ မင်းကိုငါ လျှော့တွက်မိသွားပြီပဲ။ ဒါပေမဲ့လည်း အခုတော့ ငါမင်းကို အနိုင်ကျင့်တယ်လို့တော့ အပြစ်မတင်ပါနဲ့ မင်းရဲ့အားနည်းပြီး ဆင်းရဲတဲ့ နောက်ခံကိုသာ အပြစ်တင်လိုက်တော့”

ဇူယွမ်၏ မျက်ခုံးနှစ်ခုမှာ ထိစပ်လုမတတ် ကွေးညွတ်သွားပြီး သူ၏ မျက်လုံးထဲတွင်လည်း နားမလည်နိုင်ဟန်များ အထင်းသား ပေါ်လွင်နေသည်။

လုဖန်းက အေးစက်စက် ရယ်မောလိုက်သည်။ ထို့နောက် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးနောက် သူ၏ လက်များကို ချိပ်ပိတ်ဟန် အမှတ်အသားများ ဖော်ဆောင်လိုက်သည်နှင့် သူ၏ ဦးခေါင်းထက်မှ အစိမ်းရောင် အလင်းတန်းတစ်ခုက ချက်ချင်းပင် ထွက်ပေါ်လာခဲ့ပြီး ကမ္ဘာပင် တုန်လှုပ်သွားစေနိုင်သည့် ဓားအော်သံတစ်ခုက ထိုအလင်းတန်းထဲမှ ထွက်ပေါ်လာခဲ့သည်။

ထိုအသံက လင်းယုန်တစ်ကောင်၏ အော်သံနှင့်ပင် ဆင်တူပေသည်။

လူတိုင်းက အစိမ်းရောင် အလင်းတန်းကြားထဲမှ အစိမ်းရောင် ဓားရှည်တစ်ချောင်းကို လှမ်းမြင်လိုက်ကြရသည်။ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းသော အလင်းလှိုင်းများနှင့် အတူ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါများကလည်း ဓားဆီမှ ဖြန့်ထွက်လာခဲ့သည်။

တုန်လှုပ် ချောက်ချားဖွယ် ကောင်းသော အသံများ ဓားဆီမှ ထပ်မံ ထွက်ပေါ်လာသောအခါ မရေမတွက်နိုင်သော တပည့်များ၏ မျက်လုံးများမှာ ပြူးကျယ် သွားတော့သည်။

“ဒါက … ကောင်းကင်အဆင့် မူလလက်နက် တစ်ခုလား”

All Chapters