ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ချို့ သွားကိုင်တွယ်မလို့
Vol. 74 Ch. 1106
လင်းရီ လက်မောင်းဖွင့်၍ သူမကို ပြန်ပွေ့ဖက်ထားလိုက်ပြီး “ မင်း သိပ်ကြောက်နေခဲ့ရှာမှာပဲ… မင်းကို ပင်ပန်းစေမိပြီ..”
အကယ်၍ ယခုလိုမျိုး ဟွာရှတွင် ဖြစ်ပျက်ခဲ့မည် ဆိုပါက ထျန်းရန် ကြောက်ရွံ့နေလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ဤနေရာသည်က မရင်းနှီးသည့် တိုင်းတပါး၊ အမေရိကား ဖြစ်နေခဲ့သည်။ ဤလူများက ကျိုးကြောင်း ညီညွတ်ခြင်း မရှိသောကြောင့် သူမ၏ ကြောက်ရွံ့မှုများနှင့် နှလုံးသားထဲရှိ စိုးရိမ်နေမှုများကို နားလည်ပေး၍ ရလေသည်။
ဤလူများသည် သူမကို မတော်မတရား ပြုလုပ်ကြလိမ့်မည်လော။
သို့မဟုတ် သူမ၏ သူဌေးသည် သူမကို စွန့်ပစ်ပြီး အရာအားလုံး ခေါင်းခံခိုင်းလိုက်တော့မည်လော။
သူမ တစ်သက်လုံး ထောင်ထဲတွင် အချိန်ကုန်ဆုံး ရတော့မည်လော။
ထိန်းသိမ်းခံထားရစဉ် သူမစိတ်ထဲ အတွေးပေါင်းများစွာ ကြီးစိုးနေခဲ့ကာ တစ်စက္ကန့်လေးမျှ စိတ်အနားမရခဲ့ချေ။
အကယ်၍ သူမက လင်းယွင်အုပ်စု၏ အမှုဆောင် အဖွဲ့ဝင် တစ်ဦး ဖြစ်လင့်ကစား အလုပ် အပြင်ဘက်၌ သာမန် အားနွှဲ့သည့် အမျိုးသမီးတစ်ဦးသာ ဖြစ်နေဆဲပင်။
ယခုလို အခြေအနေမျိုးနှင့် ရင်ဆိုင်လာရတော့ သူမ သဘာဝအလျောက် စိတ်စိုးရိမ် ပူပန်မှုနှင့် ကူကယ်ရာမဲ့မှုကို ခံစားရမည်မှာ သာမန်ပင်။
“ အစကတော့ ကျွန်မလည်း အရမ်းကြောက်သွားခဲ့တာပဲ… ဒီလို ဖြစ်လာမယ်လို့ ထင်မှ မထင်ထားတာ… ပြီးတော့ ဘာအဓိပ္ပာယ်မှလည်း မရှိဘူး.. ဒါပေမယ့် သေချာပြန်စဉ်းစားကြည့်လိုက်တော့ ရှင် ကျွန်မကို သတင်း ကြားတာနဲ့ ချက်ချင်း ပြန်လာခေါ်လိမ့်မယ်လို့ ခံစားရတယ်လေ… အဲ့အချိန်ကစပြီး မကြောက်ရွံ့တော့ပါဘူး..”
“ မင်းအဲ့လို စဉ်းစားတာ မှန်တယ်… ငါ့ရဲ့လူ ဖြစ်နေသရွေ့ ဘယ်သူကမှ မင်းကို မထိစေရဘူး…”
ထျန်းရန် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး “ ကျွန်မတို့ နှစ်ယောက်က သူဌေးနဲ့ ဝန်ထမ်း ဆက်ဆံရေး ဆိုပေမယ့် ဒီစကားလုံးတွေက ကျွန်မကို ချစ်ကျွမ်းဝင်သွားစေသလိုမျိုး ခံစားရစေတယ်နော်..”
“ သူဌေးက ဘောနပ်စ် ပေးတယ်လို့ပဲ သဘောထားလိုက်ပေါ့.. မင်းဘာမင်း ရင်ထဲမှာ စိတ်ကြိုက် စိတ်ကူးယဉ်လို့ရပြီလေ…”
“ ဟင့်အင်း… စိတ်ကူးယဉ်ရမှာ ပျင်းဖို့ကောင်းတယ်.. ကျွန်မ ပိုပြီး တွေးကြည့်လေလေ ပိုပြီး စိတ်ပြင်းပြလာလေလေ ဖြစ်နေပြီ…”
“ ကောင်းပြီ.. ခု လေးနက်ရမယ့် အချိန်ပဲ… ဒါက သံရုံး ဝင်ပေါက်ကြီး.. ဒီလိုနေရာမျိုးမှာ ကလူကျီစယ်နေကြလို့ မသင့်တော်ဘူး..”
နှစ်ယောက်သား လူချင်း ခွဲလိုက်ကြပြီး လင်းရီ ထျန်းရန်ကို အထဲခေါ်ဆောင်သွားလိုက်သည်။
ထိုအခိုက်အတန့်တွင် ဝမ်ဟန်ရှန်းနှင့် ကျောက်ရှတို့သည်လည်း ထွက်လာခဲ့ကြပြီး ထျန်းရန်နှင့် လက်ဆွဲနှုတ်ဆက်လိုက်ကြ၏။
“ မစ်ထျန်.. ကြိုးစားပေးတဲ့အတွက် ကျေးဇူးပါပဲ…”
“ မခက်ခဲပါဘူး.. ဒါက ကျွန်မ လုပ်သင့်လုပ်ထိုက်တာပဲလေ…”
“ သွားကြစို့… ဒီနေရာက စကားပြောသင့်တဲ့ နေရာမဟုတ်ဘူး… အစည်းအဝေးခန်းထဲ သွားကြမယ်.. ငါတို့ ဒီကိစ္စရဲ့ အတွင်းအပြင်ကို သိချင်တယ်..”
“ ကောင်းပြီ…”
လေးယောက်သား အစည်းအဝေးခန်းထဲ ရောက်ရှိလာချိန်တွင်တော့ လေထုသည် ပို၍ သက်တောင့်သက်သာ ရှိလာသည်။
“ ဒီက အခြေအနေတွေ အကြောင်း အရင် ပြောကြတာပေါ့…” ဝမ်ဟန်ရှန်း ပြောလိုက်ပြီး “ ဒါကြီးက ဖြစ်ပျက်သွားခဲ့တာ အရမ်း ရုတ်တရက်ဆန်လွန်းတယ်.. ငါတော့ မင်း အတိုင်ခံလိုက်ရတယ်လို့ သံသယ ဖြစ်မိတယ်… မင်း ဒီအရောင်းအဝယ်တွေ လုပ်နေတုန်း တစ်ယောက်ယောက်ကိုများ အပြစ်ပြုမိသေးလား…”
“ အဲ့တာက ဘယ်လိုမှ မဖြစ်နိုင်ဘူး… ကျွန်မတို့က ဥပဒေဘောင်အတွင်းကနေပဲ အလုပ်လုပ်တာ… ကုန်သွယ်ရေး ဝယ်ယူမှု ပရောဂျက်တွေကိုလည်း ဒီက သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ လုပ်ဆောင်တာတွေချည်းပဲ… ဘယ်သူ့ဘယ်သူရဲ့ အကျိုးစီးပွားကိုမှ ထိခိုက်စေတာမျိုး မရှိပါဘူး…” ထျန်းရန် ပြောလိုက်ပြီး “ ဒါကြောင့်မို့ ကျွန်မအထင် ဖြစ်နိုင်ချေ နှစ်ခုပဲ ရှိတယ်လို့ ထင်တယ်…”
“ အချိန်ယူပြီးပြော… ဘာမှ လောနေစရာ မလိုဘူး..” ကျောက်ရှ ပြောလိုက်၏။
“ ပထမ တစ်ချက်က ယူအက်စ် ကြောင့် ဖြစ်နိုင်တယ်… ရှေးတုန်းကတည်းကရင် သူတို့က ဟွာရှရဲ့ ဖွံ့ဖြိုးမှုကို ကန့်သတ်ဖို့ အကွက်အသေးစားလေးတွေ ရွေ့နေခဲ့ကြတာ ဒီတစ်ကြိမ် ဆက်ပြီး ဟန်ဆောင် ပန်ဆောင် လုပ်မနေတော့ပဲ ကျွန်မတိုကို တိုက်ရိုက်တိုက်ခိုက်လိုက်တာပဲ ဖြစ်ရမယ်…”
“ ဒါကလည်း တကယ့်ကို ဖြစ်နိုင်ချေရှိတာပဲ… သူတို့ရဲ့ လျှို့ဝှက် လှည့်ကွက် အသေးစားလေးတွေက တကယ်လည်း အရှက်မရှိကြဘူး…” ကျောက်ရှ ပြောလိုက်သည်။
“ ဒုတိယက ဒါရိုက်တာဝမ် ခုနလေးတင် ပြောလိုက်သလိုမျိုး တစ်စုံတစ်ယောက်က ကျွန်မတို့ကို တိုင်တန်းလိုက်တာပဲဖြစ်ရမယ်.. ဒါပေမယ့် ကျွန်မကတော့ တိုင်လိုက်တဲ့သူက ယူအက်စ်ကလို့တော့ မထင်ဘူး… ဘာလို့ဆို ကျွန်မ ဆောင်ရွက်တဲ့ ပရောဂျက်တိုင်းက သန့်ရှင်းပြီး ဘာမှ မှားယွင်းနေတာမျိုး မရှိဘူးလေ… အမေရိကားရဲ့ အရင်းရှင်တွေက ပိုက်ဆံကို ဆန့်ကျင်ကြမှာ မဟုတ်ဘူး… ဒီတော့ သူတို့ တိုင်တန်းတယ်ဆိုတဲ့ ဖြစ်နိုင်ချေက ဒီမှာတင် တော်တော်လေး နည်းသွားခဲ့ပြီ….”
“ မင်းပြောချင်နေတာ တိုင်လိုက်တဲ့သူက ဟွာရှကလို့ မင်း ပြောချင်နေတာလား…”
“ အင်း… လင်းယွင်အုပ်စုက အရှိန်အဟုန် ကောင်းကောင်းနဲ့ ဖွံ့ဖြိုးလာနေပြီးတော့ လူတော်တော်များများရဲ့ အကျိုးစီးပွားကို နှောင့်ယှက်ခဲ့တယ်လေ… ဒီတော့ အမြင်မကြည်တဲ့လူတွေ၊ မနာလိုကြတဲ့သူတွေလည်း အများကြီးရှိမှာပဲ… အဲ့ဒီထဲ တစ်ယောက်တစ်လေက ဘော့စ်ကို တိုင်လိုက်တာလည်း ဖြစ်နိုင်တာပဲ..”
ဘန်း….
ဝမ်ဟန်ရှန်း ဒေါသတကြီးဖြင့် စားပွဲကို ဗြန်းကနဲ ရိုက်ပစ်လိုက်သည်။
“ ဒါ သောက်အဓိပ္ပာယ် မရှိတာပဲ.. ငါတို့ ဒီကိစ္စ စုံစမ်းတဲ့ အခါကျရင် ဒီကိစ္စ ပြင်းပြင်းထန်ထန် ကိုင်တွယ်ရမယ်…”
ကုန်သွယ်ရေး ဌာန၏ ခေါင်းဆောင် တစ်ယောက် အနေနှင့် ဝမ်ဟန်ရှန်းသည် ကျောက်ရှထက်ပင် ဒေါသထွက်နေလျက်ရှိသည်။
လင်းရီကတော့ ထိုင်ခုံတွင်ထိုင်ပြီး ဘာတစ်ခွန်းမျှ မပြောဘဲနှင့် ရှိနေသည်။
သူ ဝမ်ဟန်ရှန်း၏ ခံစားချက်များကို နားလည်ပါသော်လည်း သူကိုင်တွယ်နိုင်ခြင်း ရှိမရှိကတော့ သူနှင့် သက်ဆိုင်နေခြင်း မရှိချေ။
ဟွာရှ၌ လင်းယွင်အုပ်စုကို တိုင်ဝံ့သည့်သူသည် သတ္တိတစ်မျိုးတည်း လိုအပ်သည်သာ မဟုတ်။ လုံလောက်သည့် အာဏာ မရှိလျှင်လည်း ယခုလို လုပ်ရပ်မျိုးကို လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။
မည်သို့ပင်ဆိုစေ အမေရိကား ရုံးခွဲက အင်မတန် လျှို့ဝှက်ထားသည့် အချက်အလက် တစ်ခုဖြစ်ပြီး လူခြောက်ယောက်ကသာလျှင် ဤအကြောင်း သိရှိထားသည်။
၎င်းကြောင့် သာမန်လူတစ်ယောက်ဆိုပါက ထိုအကြောင်း ရှာတွေ့နိုင်လိမ့်မည် မဟုတ်ချေ။
ဝမ်ဟန်ရှန်း၏ အဆင့်အတန်းဖြင့် ဆိုပါက သူ့အတွက် ဤကိစ္စကို ကိုင်တွယ်ဖို့ရာ အင်မတန် ခက်ခဲလိမ့်မည်။ သို့ပေမယ့် သူတို့၏ အကြီးအကဲ ခေါင်းဆောင် ထွက်ပေါ်လာမည် ဆိုလျှင်တော့ တစ်မျိုးပင်။
“ ဒါရိုက်တာဝမ်… စိတ်လျော့ပါဦး… ခုက ဒေါသထွက်နေရမယ့် အချိန် မဟုတ်သေးဘူး..” ထျန်းရန် အပြုံးလေးဖြင့် ပြောလိုက်ပြီး ဝမ်ဟန်ရှန်းအပေါ် အမြင်ကောင်းတစ်ခု ချန်ထားရစ်နိုင်ရန် ကြိုးပမ်းနေခဲ့သည်။ မည်သို့ပင် ဆိုစေ တစ်ဖက်သူသည်က ကုန်သွယ်ရေးနှင့် စီးပွားရေး တာဝန်ခံ တစ်ယောက်ဖြစ်ပြီး သူမ ရင်နှီးမှု တည်ဆောက်ထားသင့်သူ တစ်ယောက်ဖြစ်၏။
“ ထျန်လေးပြောတာ အဓိပ္ပာယ် ရှိတယ်… ငါတို့ရဲ့ လက်ရှိမစ်ရှင်က ဒီက ကိစ္စတွေအားလုံး အခြေတကျ ဖြစ်အောင် ပြုလုပ်ဖို့ပဲ… ဝီစီ မှုတ်လိုက်တဲ့သူကိုတော့ ငါတို့ ပြန်ရောက်တဲ့အချိန်ကျမှ ဖြည်းဖြည်းချင်း ရှာလိုက်လို့ရတယ်.. ငါတို့ လင်းယွင်အုပ်စုကို သေချာပေါက် ဖြေရှင်းချက် တစ်ခု ပေးရမယ်လေ… အလားအလာကောင်းတဲ့ ပြည်တွင်း စီးပွားရေး လုပ်ငန်းကြီး တစ်ခုကို လွဲချော်သွားစေလို့ ဘယ်ဖြစ်မှာလဲ…”
ကျောက်ရှ၏ စကားလုံးများက လင်းရီကို ရည်စူးထားသည်။
ပို၍ တိကျရမည်ဆိုပါက ရှန်းရှုရီကို ဦးတည်ထားခြင်း ဖြစ်၏။ မည်သို့ပင်ဆိုစေ နှစ်ယောက်က အင်မတန် ရင်းနှီးသောကြောင့် လျန်မိသားစုနှင့် ဆက်ဆံရေး တစ်ခု တည်ဆောက်နိုင်မည် ဆိုပါက ကျောက်ရှအတွက်လည်း သိပ်ကို အကျိုးများလိမ့်မည်။
ဝမ်ဟန်ရှန်း ခေါင်းညိမ့်လိုက်ပြီး “ ဒါပေမယ့် ညှိနှိုင်းဆွေးနွေးတဲ့ ကိစ္စကတော့ ပြဿနာ မရှိလောက်တော့ဘူး.. ခု သူတို့အားလုံး အဆုံးသတ်ပြီ.. အသာစီးက ငါတို့လက်ထဲမှာပဲ..”
“ ဒါဆိုလည်း ဒီတိုင်းပဲ ထားလိုက်ကြတာပေါ့… ဘယ်လိုပဲဖြစ်ဖြစ် ပြဿနာကို ဖြေရှင်းဖို့ စိတ်ကျေနပ်လောက်တဲ့ အဖြေတစ်ခု ဖြစ်နေပြီပဲ… “ ကျောက်ရှ ပြောလိုက်သည်။
“ မှန်တယ်..” ဝမ်ဟန်ရှန်း မတ်တပ်ရပ်လိုက်ပြီး “ အရင်ဆုံး တစ်ခုခု သွားစားကြစို့… ဒါရိုက်တာထျန်ကလည်း ပြန်ရောက်လာပြီဆိုတော့ သူမကို စိတ်ငြိမ်သက်အောင် လုပ်ဖို့ အချိန်ကောင်းပဲ… ဥက္ကဌလင်းနဲ့ ငါနဲ့က သောက်မယ်… အောင်ပွဲကျင်းပတယ်ပဲ သဘောထားလိုက်ကြတာပေါ့…”
“ ကောင်းသားပဲ…”
သူတို့တတွေ စားလို့သောက်လို့ ပြီးစီးသည့် အချိန်၌ ညနေ လေးနာရီ ထိုးနေပြီးဖြစ်၏။ လင်းရီ သူ့အဝတ်များကို သန့်ပြန့်အောင် ပြုလုပ်၍ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
“ ရှင် ဘယ်သွားမလို့လဲ…”
“ အပြင်သွားမလို့… ခဏကျရင် ပြန်လာခဲ့မယ်… ဒီမှာပဲနေ.. လျှောက်ပြီး မသွားနဲ့..”
လင်းရီ အမေရိကန်တွေ ဘာကောင်လဲ ဆိုတာကို သူ ကောင်းကောင်းကြီး သိသည်။ သူတို့က ဆုံးဖြတ်ချက်ကို အချိန်မရွေး နောင်တရနိုင်သည့် လူစားမျိုးများ ဖြစ်ကြ၏။
သို့သော်လည်း ထျန်းရန်ကတော့ ဤနေရာတွင် ရှိနေသရွေ့ လုံခြုံ စိတ်ချရလိမ့်မည်။ မည်သူကမျှ သူမကို ထိပါးဝံ့လိမ့်မည် မဟုတ်ချေ။ မဟုတ်ပါက သူ နှစ်နိုင်ငံ သဘောထားကွဲလွဲပြီး ကျည်ဆံတွေ ပါလာသည်အထိဖြစ်အောင် ပြုလုပ်ပစ်လိုက်မည်။
“ ဒါပေမယ့် ခုချိန် အပြင်ထွက်တာက အန္တရာယ်များတယ်လေ…”
“ မပူနဲ့… သူတို့ငါ့ကို ထိန်းသိမ်းထားလို့ မရပါဘူး… ဒီမှာပဲ နေ…”
ပြောပြီးနောက် လင်းရီ နောက်ပြန်မလှည့်ကြည့်ဘဲ ထွက်ခွာသွားခဲ့ပြီး သူ၏ ကိုယ်ပိုင်ကိစ္စများ ပြုလုပ်ရန် ဟန်ပြင်လိုက်တော့သည်။
အိမ်မှ ထွက်လာခဲ့ပြီးနောက် လင်းရီ လက်ဆွဲသေတ္တာ အကြီးစားကြီး သွားဝယ်လာ၍ ဘဏ်သို့သွားပြီး ယူအက်စ် ဘဏ်ထဲမှ ဒေါ်လာ ငါးသန်းကို သွားထုတ်လိုက်သည်။သူ ပြီးစီးသည့် အချိန်၌ ညနေ ခြောက်နာရီပင် ကျော်နေချေပြီ။
ဆန်ဖရန်စစ္စကို ကို ည အမှောင်က ခြုံလွှမ်းထားပြီး နီယွန်မီးအလင်းတို့ကတော့ ခုခံတွန်းလှန်နေလျက်ရှိကာ လင်းရီ ဂျိုဆမ်ထံ ဖုန်းခေါ်လိုက်သည်။
“ ဟယ်လို … “
“ ခုပြောနေတာ လင်းရီ… ကျုပ်တို့ နေ့ခင်းတုန်းက တွေ့ခဲ့ကြသေးတယ်လေ.. ကျုပ်ကို မေ့တော့ မေ့မသွားဘူးမလား…”
“ ဘယ်မေ့မှာ… ကျုပ်တို့ ခုချိန်ထိ နောက်တစ်ကြိမ် ညှိနှိုင်းဆွေးနွေးမယ့် အချိန်ကို မဆုံးဖြတ်ရသေးပါဘူး မစ္စတာလင်း.. ကျေးဇူးပြုပြီး မလောပါနဲ့…”
“ ကျုပ် အခု ဖုန်းဆက်လိုက်တာ အဲ့ကိစ္စ အတွက် မဟုတ်ဘူး… ကျုပ် ခင်များနဲ့ တွေ့ပြီး ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ချို့ ပြောချင်လို့ပါ…” တစ်ချိန်တည်းတွင် လင်းရီ ပြောလိုက်ပြီး “ ခင်များဖို့လည်း လက်ဆောင်အကြီးစားကြီး ပြင်ထားပေးသေးတယ်.. ခင်များ ကြိုက်မယ်ဆိုတာ ကျုပ် လုံးဝ သေချာတယ် …”
“ ဒါဆိုလည်း ကျုပ်အိမ်လာပြီး ဝိုင်သောက်ရင်း စကားပြောကြတာပေါ့….”
“ ကောင်းပြီ..”
လင်းရီ ဂျိုဆမ် သူ့ကို ပို့လာသည့် လိပ်စာအတိုင်း တက္ကစီ ငှားသွားလိုက်၏။
ဟိုကို ရောက်တော့ အခြေအနေက သူ စိတ်ကူးထားသည်နှင့် တပ်တပ်စင်အောင်ကို လွဲချော်နေခဲ့သည်။ မည်မျှလဲဆို တစ်ချက်ကလေးမျှပင် အကြောင်းတိုက်ဆိုင်နေခြင်း မရှိခဲ့ချေ။
ဂျိုဆမ်၏ အိမ်ကို ခမ်းနားသည်ဟု သတ်မှတ်လို့မရ။ နည်းနည်းလေးလည်း ရှုပ်ယှက်ခပ်နေသည်။ သူနှင့် ခွေးတစ်ကောင်မှ လွဲ၍ မောင်းမ တစ်ယောက်တစ်လေပင် မရှိခဲ့ချေ။
ထို့ပြင် အမျိုးသမီး ရှိခဲ့ဖူးသည်ဟူသည့် အရိပ်အယောင် စိုးစဉ်းမျှပင် မရှိ။ တစ်ကိုယ်တည်း အထီးကျန်နေသည့် လူအိုကြီး တစ်ယောက်နှယ်ပင်။
“ ကျုပ် မိန်းမနဲ့က ရှေ့တစ်နှစ်လောက်တုန်းကတည်းကရင် ကွာရှင်းခဲ့တာလေ… အဲ့တာကြောင့် ဒီနေရာလေးမှာ တစ်ယောက်ထဲ နေနေတာ… မင်း ပြောစရာ ရှိသာပြော.. သူများတွေ လာပြီး ချောင်းနားထောင်မှာကို စိုးရိမ်နေစရာ မလိုဘူး…”
“ အေးဆေးပေါ့.. ကျုပ်တို့ အလုပ်အကြောင်း မဆွေးနွေးခင် ခင်များကို ပြချင်တာလေး တစ်ခု ရှိတယ်…”
ပြောပြီးနောက် လင်းရီ ဆွဲလာသည့် လက်ဆွဲသေတ္တာကို ဖွင့်ပြလိုက်တော့ ဂျိုဆမ် ချက်ချင်းပဲ ကြက်သေသေသွားခဲ့တော့သည်။