လျှို့ဝှက်ကြံစည်ရခြင်းရဲ့ အရသာ
Vol. 74 Ch. 1107
သေတ္တာထဲ အပြည့်ဖြစ်နေသည့် ဒေါ်လာ အထပ်လိုက်ကို မြင်တော့ ဂျိုဆမ် မယုံကြည်နိုင်အောင် ကြက်သေသေသွားခဲ့သည်။
ဟွာရှတွင် ယွမ်ငါးသန်းက ပထမအဆင့် မြို့ကြီးပြကြီး၌ အိမ်ကောင်းကောင်း တစ်လုံးဝယ်ရန်ပင် မလောင်ငှချေ။ သို့ပေမယ့် ဒေါ်လာငါးသန်းကတော့ စံပြုရလောက်သည့် ပမာဏဖြစ်ပြီး မီလီယမ်နာ သူဌေးဟုပင် သတ်မှတ်၍ ရနေချေပြီ။
သူ ရုံး၌ အလုပ်လုပ်လာသည်မှာ သုံးနှစ်ကျော် ရှိလာခဲ့ပြီး လူပေါင်းများစွာက လာဘ်ပေးခဲ့ဖူးသော်လည်း ယခုလို ပမာဏကြီးကိုတော့ သူ တစ်ခါမျှ မမြင်ဖူးသေးချေ။ ထို့ပြင် အကုန်လုံးကလည် ငွေသားချည်းသပ်သပ် ဖြစ်နေလေသည်။
“ မစ္စတာလင်းက ဘာလုပ်ဖို့ကြိုးစားနေတာလဲ…” ဂျိုဆမ် လင်းရီ ဘာလုပ်ချင်နေမှန်း သူမသိပေ။ သို့သော် ဤပိုက်ဆံများကို ရက်ရက်ရောရာနှင့် အလကား ပေးလိုက်မည်လို့တော့ သူမယုံချေ။ တန်ဖိုးတစ်ခုတော့ ပေးဆပ်ရလိမ့်မည်။
သို့ပေမယ့် ယခုလို ပြသလိုက်သည်က အမှန်ပင် အကျိုးသက်ရောက်မှုရှိသည်ဟု ပြောဆို၍ရ၏။ ဒေါ်လာတွေအပြည့်နှင့် သေတ္တာကြီးကို မြင်တွေ့ပြီးနောက် သူ့စိတ် တော်တော်လေး ဆွဲဆောင်ခံလိုက်ရသည်။
လင်းရီ ကုလားထိုင်တစ်လုံး ဆွဲယူလိုက်ပြီး ကိုယ်တိုင်သောက်ဖို့ ဝိုင်တစ်ခွက် ငဲ့လိုက်၏။
“ ခင်များ ဆုံးဖြတ်ချက် ချပြီးသွားပြီလို့ ကျုပ် ယူဆတယ်…”
“ ခင်များက မစ်ထျန်းရန်အကြောင်း ပြောနေတာလား....”
“ ဘယ်သူရှိရမှာ… မဟုတ်ရင် ကျုပ်က ဘယ်သူ့အတွက် ဒီရောက်လာတယ်လို့ ခင်များထင်လဲ… ဒါပြီးရင် ကျုပ် ခင်များကို ကောင်မလေး တစ်ယောက်နဲ့ မိတ်ဆက်ပေးဦးမယ်.. ခင်များတို့ အပြန်အလှန် ရိုမန်တစ် ဆန်လို့တောင် ရသေး..”
“ စိတ်တော့ မရှိနဲ့ မစ္စတာလင်း.. ကျုပ်တို့က ခုထိ သဘောတူညီမှု မရသေးဘူးလေ… မင်း ပြန်ပြီး စောင့်ရမယ်..” ဂျိုဆမ် ပခုံးတစ်ချက်တွန့်ပြီး ပြောလိုက်သည်။
“ အဲ့ဒါဆိုရင်လည်း ဆက်ပြီး ပြောစရာ အကြောင်း မရှိတော့ဘူးပေါ့… “ လင်းရီ သူ့ဖန်ခွက်ထဲရှိ သောက်လက်စ ဝိုင်ကို လက်စသတ်လိုက်ပြီး “ ဝိုင်တိုက်တဲ့အတွက် ကျေးဇူးပဲ… ကြည့်ရတာ သစ်သားစည်နဲ့ ဖောက်ထားတာ ထင်တယ်… အရသာ တကယ်မဆိုးဘူး…”
ပြောပြီးနောက် လင်းရီ လက်ဆွဲသေတ္တာကို ပြန်ပိတ်လိုက်ပြီး ထွက်ခွာရန် ဟန်ပြင်လိုက်၏။
“ ဟိုး… ကိုယ့်လူ… မစ္စတာလင်း… မင်း ဘာတွေ လုပ်နေတာလဲ….” ဂျိုဆမ် လင်းရီကို နောက်ကျောမှ ရပ်တန့်လိုက်ပြီး “တကယ်တော့… ကျုပ်တို့ စကားပြောလို့ ရသေးတယ်လေ…”
“ ကျုပ် လိုချင်နေတာ အဲ့တာပဲ… ကျုပ် တိကျတဲ့ အဖြေတစ်ခု ရချင်တယ်…”
ခေတ္တမျှကြာအောင် တုံ့ဆိုင်းနေပြီးနောက် ဂျိုဆမ် ပြောလာခဲ့သည်။ “ ကျုပ်တို့ ဒီကိစ္စကို လက်လွှတ်ပေးလို့ရတယ်.. ဒါပေမယ့် မင်းလည်း တစ်ခု ပြန်ကတိပေးရမယ်…”
“ ဘာလဲ.. ကျုပ်ကိုပြော…”
“ Intel နဲ့ Cymer ထဲမှာ ရှိတဲ့ မင်းရဲ့ ရှယ်ယာတွေကို သုံးပြီး အမေရိကားရဲ့ စီးပွားရေး တိုးတက်မှုကို မနှောင့်ယှက်ရဘူး….”
“ ဟားဟား…”
လင်းရီ အားရပါးရ ရယ်မောလိုက်ပြီးနောက် အပြုံးဖြင့် “ ခင်များတို့ကောင်တွေက သိပ်ရယ်ရသား… သူများကိုကျ တိတ်တိတ်လေး ပိတ်ဆို့မှုတွေ လုပ်နေပြီးတော့ သူများတွေ ခင်များတို့ကို လာလုပ်တာကြ လက်မခံနိုင်ဘူးပေါ့ ဟုတ်လား… ဘယ်လိုတောင် မျက်နှာနှစ်ဖက်နဲ့ လူတွေပါလိမ့်….”
‘မျက်နှာနှစ်ဖက်’ ဆိုသည်က ဘာကို ပြောချင်နေမှန်း ဂျိုဆမ် မသိသော်လည်းပဲ လင်းရီသည် သူ့ကို တစ်ကိုယ်ကောင်းဆန်သည့်အတွက် ကျိန်ဆဲနေမှန်းတော့ ခန့်မှန်း၍ရသည်။
“ ကျုပ်က ဒီကိစ္စအတွက် တာဝန်ရှိတဲ့သူ မဟုတ်ဘူး.. ဒီတော့ ကျုပ် တတ်နိုင်တာ ဘာမှမရှိဘူး…” ဂျိုဆမ် အပြစ်ကင်းစင်စွာ ပြောလိုက်ပြီး “ ဒါပေမယ့် မစ္စတာလင်းက ကျုပ်ပြောသလို လုပ်ပေးနိုင်မယ်လို့တော့ မျှော်လင့်တယ်…”
“ အရင်ဦးဆုံး၊ ခင်များက ကျုပ်နဲ့ ညှိနှိုင်းဆွေးနွေးဖို့ အရည်အချင်း မပြည့်မီဘူး… ကျုပ် သူ့ကို အဝေးခေါ်သွားပြီးသွားပြီ.. ခင်များ ကိုယ့်နေရာကိုယ် ပြန်ုသုံးသပ်ကြည့်ရင် ကောင်းမယ်.. “
“ မဟုတ်ဘူး…”
ဂျိုဆမ် ပြောလိုက်ပြီး “ မင်းလုပ်နေတာက မရိုးသားတာပဲ.. ငါတို့က သူ့ကို ယာယီပဲ တွေ့ခွင့်ပေးထားတာ… ဒီကိစ္စက ဖြေရှင်းလို့ မပြီးသေးဘူး…”
“ ခင်များက ကျုပ်ကို ကိုယ်ကျင့်တရားနဲ့ ဆိုင်တဲ့ကိစ္စတွေ လာပြီး တရားဟောပြနေတာလား… “ လင်းရီ မေးမြန်းလိုက်ပြီး “ ဘာလို့… ကျုပ်က ခန့်ညားနေတော့ လူကောင်းထင်ပြီး တအား အယုံလွယ်လိုက်တာလား.... ခင်များ မှားသွားပြီ... ကျုပ်က လူကောင်းမဟုတ်ဘူး... ”
ဂျိုဆမ် ဘာမျှ ပြန်မပြော။ သူ့စိတ်ထဲတွင်တော့ သူ ထောင်ချောက်ထဲ ကျသွားပြီဟု ကောင်းကောင်းကြီး ခံစားနေရတော့၏။
" ဒါပေမယ့် စိတ်မပူနဲ့.. ကျုပ်က စီးပွားရေး သမားလေ.. ခင်များဘက်က မလွန်ကြူးလာသရွေ့တော့ ကျုပ်ကလည်း ခင်များကို အသေအကြေ တိုက်ခိုက်မှာ မဟုတ်ဘူး.. "လင်းရီ ပြောလိုက်ပြီး " ပြီးတော့ ကျုပ် ဒီနေ့ လာခဲ့တယ်ဆိုတာက ခင်များနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပဲ... တကယ်လို့ ခင်များက ဆန္ဒရှိတယ်ဆိုရင် ပိုက်ဆံတွေ အကုန် ခင်များ အပိုင် ဖြစ်ပြီ... ပြီးတော့ ခင်များနဲ့ ကျုပ်နဲ့ပဲ သိမှာ... "
ဂျိုဆမ် နှုတ်ဆိတ်လျက်သာ ရှိနေသည်။ သူ လင်းရီကို တစ်လှည့်၊ မြေပြင်ပေါ်ရှိ ဒေါ်လာသေတ္တာကြီးကို တစ်လှည့်ကြည့်နေခဲ့၏။
သူ ဆွဲဆောင်ခြင်း မခံရဟု ပြောလျှင် ကိုယ်စောင့်နတ်ကို လိမ်ညာရာ ကျနေလိမ့်မည်။
" မင်းက ဘာလုပ်စေချင်လဲ....."
" ကျုပ်နဲ့ ထျန်းရန်ကို တရားရုံးဆင့်ခေါ်လိုက်... "
.......
ည ရှစ်နာရီထိုးတော့ လင်းရီ သံရုံးထံ ပြန်လည် ရောက်ရှိလာသည်။
" ဥက္ကဌလင်း.. ရှင် နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့... "
လင်းရီ ပြန်ရောက်လာသည်ကို သိသည်နှင့် ထျန်းရန် သူ့အခန်းသို့ ချက်ချင်း ရောက်လို့လာခဲ့သည်။
" တစ်ခုခုဖြစ်လို့လား... "
" ဟွာရှက အခြေအနေက သိပ်တော့ မကောင်းဘူး.. လုံရှင်းနဲ့ DiDi ရဲ့ ရှယ်ယာတွေက ဆက်တိုက်ဆိုသလို ကျနေတယ်... "ထျန်းရန် ပြောလိုက်ပြီး " ကျွန်မတို့ ရင်းနှီးမြုပ်နှံထားတဲ့ ကုမ္ပဏီတွေထဲမှာ ခြောက်ခုက စာရင်း ၀င်ထားပြီးကြပြီ.. သူတို့ရဲ့ ဈေးကွက်ကလည်း အခြေအနေ ကောင်းမနေဘူး.. ဒီအခြေအနေမျိုးမှာ ကျွန်မတို့ဘက်က ယွမ် ဆယ်ဘီလီယမ်ကျော် ဆုံးရှုံးနေပြီ... သိပ္ပံနဲ့ နည်းပညာ အင်နိုဗေးရှင်းဘုတ်တောင် မတည်မငြိမ်နဲ့ ဖြစ်လာနေပြီ.. ခုလေးတင်ပဲ ဥက္ကဌချီ ကျွန်မဆီ ဖုန်းဆက်ပြီးတော့ သတင်းအချက်အလက်နဲ့ နည်းပညာ ၀န်ကြီးဌာရယ် ၊ ဘဏ္ဍာရေး ဆိုင်ရာ တာ၀န်ရှိသူတွေက ကုမ္ပဏီကိုလာပြီး အမှုဆောင် အဖွဲ့၀င်တွေနဲ့ လာပြီး ရေနွေးကြမ်း သောက်ချင်နေတယ်တဲ့... ဒီကိစ္စက နည်းနည်းလေးတော့ ပေါက်ကွဲထွက်သွားပြီ.. "
" သူတို့က ငါတို့ဆီ လာမှာလား... "
" အင်း.. ဟုတ်တယ်.. "
" ပြဿနာကြီး မဟုတ်ပါဘူး.. "လင်းရီ မတုန်လှုပ်သွားခဲ့ပဲ တည်ငြိမ်သည့်လေသံဖြင့် ပြောလိုက်သည်။
လည်ပတ်မှုတွင် နှစ်မျိုးနှစ်စား ရှိသည်။ တစ်မျိုးက သက်ဆိုင်ရာ ဌာနရှိ အရာရှိများမှ လာရောက် လည်ပတ်ခြင်း ဖြစ်ပြီး ကျန်တစ်ခုကတော့ သင့်ကို လာရောက် လည်ပတ်ရန် တောင်းဆိုလာခဲ့ခြင်းပင်။
ဧည့်လာလုပ်မှုနှင့် ဧည့်သွားလုပ်မှုက ရိုးရှင်းသည့် ကိစ္စ နှစ်ခုမျှသာ ဖြစ်သော်လည်းပဲ ထိုနှစ်ခု၏ သဘောတရား ကွာဟမှုကတော့ ကမ္ဘာကြီးလောက်ကို ကြီး၏။
အကယ်၍ သက်ဆိုင်ရာ ဌာနများ၏ ခေါင်းဆောင်ပိုင်းများမှ လင်းယွင်အုပ်စုသို့ လာရောက်လည်ပတ်သည်ဆိုလျှင် ဆိုလိုသည်က သူတို့ လက်ရှိ အခြေအနေကို ပိုမို၍ နားလည် သဘောပေါက်ချင်သောကြောင့် ဖြစ်၏။
ပြီးလျှင် နှုတ်အားဖြင့် အမိန့် တစ်ချို့ ပေးလိုက်မည်။ ကိုယ့်ဘက်ကလည်း ရေနွေးကြမ်းဖိုး အနည်းငယ်မျှ ပေးပြီး အလိုက်သိလိုက်သည်နှင့် ပြဿနာ တစ်ရပ် မဟုတ်တော့ပဲ မည်သည့် ထွေထူး ပြဿနာမျှ ဖြစ်လာတော့မည် မဟုတ်ချေ။
သို့ပေမယ့် အကယ်၍ လူကို လာပြီး ရေနွေးကြမ်း ခေါ်တိုက်ချင်နေသည် ဆိုလျှင်တော့ ဘုရားအားလုံးကို လှည့်ပတ်ဆုတောင်းပြီး ယတြာလေးများ ချေသွားသင့်သည်။
ဤသည်က ဘာကြောင့်လဲဆိုတော့ သင်က ပိတ်ပင်တားမြစ်ချက် တစ်ခုကို လက်ခံရရှိနိုင်ချေ များနေသောကြောင့် ဖြစ်သည်။ ထို့သို့ ဖြစ်လာပြီဆိုလျှင်တော့ တော်တော်ကလေးကို အန္တရာယ်များ၏။
သို့သော် လင်းရီကတော့ စိုးရိမ်နေစရာ မလို။ သူ့တွင် ရှန်းရှုရီလည်း ရှိသေးသည်။ ထို့ကြောင့် လင်းရီ တစ်စက်ကလေးမျှ စိတ်ပူပန်ခြင်း မဖြစ်မိပါချေ။
သူမဘက်က သူ့ဆီ ဖုန်းမ၀င်လာသေးပုံထောက်လျှင် ကုမ္ပဏီ၏ အခြေအနေက ကောင်းမွန်နေဆဲ ဖြစ်သောကြောင့် ဖြစ်မည်။
" ရှင့်ပုံစံ ကြည့်ရတာ သိပ်တည်ငြိမ်နေသလိုပဲ.. ကာကွယ်ပေးမယ့်သူ တစ်ယောက်ယောက် ရှိထားလို့များလား... "
ထျန်းရန် စကားနှိုက်ကြည့်လိုက်၏။
" တစ်စုံတစ်ယောက်က ငါတို့ကို ကာကွယ်ပေးနေတယ်လို့ ပြောမယ်ဆိုရင်တော့ များသွားပြီ.. ဒီတိုင်း ငါတို့ကို နောက်ခံ လုပ်ပေးနေရုံ သပ်သပ်ပဲ.. သက်ရောက်မှု တစ်ချို့ ရှိမယ်ဆိုပေမယ့် ငါတို့ကို နာကျင်စေလောက်တဲ့အထိတော့ မဟုတ်ပါဘူး..."လင်းရီ ပြောလိုက်သည်။
" စကားမဆက် မင်း ဒီရက်ပိုင်း စိတ်ကို ပြင်ဆင်ထားဦး... သုံးလေးရက်နေရင် မင်းကို တရားရုံးက ဆင့်ခေါ်လာလိမ့်မယ်... "
ထျန်းရန်ရဲ့ စိတ်က လုံရှင်းနှင့် Didi နှစ်ခုလုံး ထိခိုက်မှုများ ရှိလာသည်နှင့်တပြိုင်နက် ပြင်ဆင်ထားပြီးဖြစ်၏။
ဟွာရှ၏ သိပ္ပံနှင့် နည်းပညာ အင်နိုဗေးရှင်းဘုတ်ကြီးက ရေငုပ်သင်္ဘာကဲ့သို့ သိသိသာသာ အောက်သို့ ကျလာနေခဲ့သည်။
ရှန်းရှုရီက ယင်းကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သော်ငြား ဘာမျှ ပြုလုပ်ခဲ့ခြင်း မရှိ။
စတော့ဈေးကွက်၏ အပေါ်ပိုင်း အကန့်အသတ်သို့ ကျဆင်းသည်က မပြောပလောက်ချေ။
သူတို့၏ အရွယ်အစားနှင့် ကိစ္စများစွာကို ပြန်လည်ထိန်းချုပ်၍ ရလေသည်။
ထိုအခိုက်အတန့်ကျတော့မှပဲ လင်းယွင် အုပ်စုသည် နှာတစ်ချက် ချေလိုက်သည်နှင့် အင်နိုဗေးရှင်းဘုတ်ကြီးပါ လှုပ်ခတ်သွားစေလောက်သည်အထိ ကြီးထွားနေပြီဖြစ်ကြောင်း သတိပြုမိလိုက်တော့သည်။
လင်းရီ တစ်ဦးတည်းကသာလျှင် ဟွာရှ၌ သိပ္ပံနှင့်နည်းပညာ ဘုတ်ကြီးကို တစ်ကိုယ်တည်း လှုပ်ခါစေနိုင်သူ ဖြစ်ပေလိမ့်မည်။
ရှန်းရှုရီသည် ငါးမျှားသည့် စင်မြင့်ထက်တွင် တည်ငြိမ်စွာ ထိုင်နေခဲ့၏။ သူမက အလျင်လိုနေခြင်း မရှိသလို ဤကိစ္စကို ကူညီ ကိုင်တွယ်ဖြေရှင်းပေးဖို့ ရည်ရွယ်ချက်လည်း မရှိချေ။
သို့သော်လည်းပဲ တရား၀င် ထိန်းသိမ်းကြီးကြပ်သူ အရာရှိကြီးတို့ကတော့ ဤအတိုင်း ဆက်၍ မထိုင်ကြည့်နေကြတော့သည့်ဟန်ပင်။
အကယ်၍ အင်နိုဗေးရှင်းဘုတ်ကြီးသာ ယခုလို ဆက်လက် ကျဆင်းနေမည်ဆိုပါက ဖြစ်နိုင်သည်မှာ တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေခြင်း ဖြစ်လောက်၏။ ထိုသို့ ဖြစ်လာမည် ဆိုပါက ဤဖြစ်ရပ်သည် မုန်တိုင်းကျဆင်းလာသည့်နှယ် မရေမတွက်နိုင်သည့် ဘေးဒုက္ခသည်များအား ပေါ်ပေါက် လာစေမည် ဖြစ်သည်။ အဆုံးတွင်တော့ အဆိုပါ ဒဏ်ကို အများဆုံး ခံရမည့်သူက သာမန်လူတန်းများပင် ဖြစ်တော့သည်။ ဤသည်က ကောင်းသည့် လက္ခဏာတစ်ရပ် မဟုတ်ချေ။
ထို့ကြောင့်ပဲ ကုမ္ပဏီသို့ လာလည်ပြီးသည့် နောက် တစ်နေ့တွင် Semiconductor နယ်ပယ်အတွက် အစီအစဉ်နှင့် ကြေညာချက် တစ်ရပ်ကို ပြဌာန်းပေးခဲ့သည်။
အဓိက ပေးချင်သည့် မက်ဆေ့ခ်ျကတော့ အခြားသူများအား သူတို့သည် လင်းယွင် အုပ်စုကို ပံ့ပိုးပေးထားကြောင်းနှင့် သည့်ထက်ကျော်လွန်လာပြီး ပြဿနာ မရှာနှင့်ဆိုသည့် သဘောမျိုးပင်။
ထိုအကြောင်းကြောင့်ပဲ လုံရှင်းနှင့် Didi ၏ ကျဆင်းနေသည့် ရှယ်ယာများမှာ လျင်မြန်စွာဖြင့် ရပ်တန့်သွားခဲ့ပြီး တစ်ဖန် ပြန်မြင့်တက်မည့် အရိပ်အယောင်တို့ စတင် ပြသလာခဲ့၏။
သို့သော် တစ်ခုထူးဆန်းသည်က လင်းယွင် အုပ်စုကို ပံ့ပိုးပေးထားကြောင်း ကြေညာချက်သည် နောက်တစ်နေ့ရောက်တော့ ပျောက်ကွယ်သွားခြင်းပင်။
ယင်းက ဘယ်တုန်းအခါကမျှ ပေါ်မလာဖူးသကဲ့သို့ ရှိ၏။ သက်ဆိုင်ရာ အားလုံးကလည်း နှုတ်ဆိတ်နေခဲ့ကြသည်။
သို့ပေမယ့်လည်း လုံရှင်းနှင့် Didi ၏ စတော့ဈေးကွက်က တည်ငြိမ်သည့် အခြေအနေသို့ ရောက်နှင့်နေပြီးဖြစ်သည်။ မည်သည့် အတက်အကျတို့မျှ ထပ်ပြီး ဖြစ်ပေါ်ခြင်း မရှိတော့။
ယင်းက သူတို့ ဖြစ်ချင်သည့် ရလဒ်ကို ရရှိသွားခဲ့စေသည်။ သို့သော် အဆိုပါဖြစ်ရပ်က ရှန်းရှုရီကို သတိပေးလိုက်သလို ဖြစ်သွားခဲ့၏။
ခေါင်းစည်းအနီနှင့် စာတမ်းက ယခုလိုပဲ ပျောက်ကွယ်သွားခဲ့သည်လော။ ဤသည်က တစ်ခါမျှပင် မကြားစဖူး အကြားထူးသည့် ဖြစ်ရပ်ဆန်းကြီး တစ်ရပ်ပင်။
သို့ပေမယ့်လည်း ထက်ထက်မြက်မြက်ရှိသည့် ရှန်းရှုရီကတော့ လျှို့ဝှက် ပူးပေါင်းကြံစည်နေမှု အငွေ့အသက်များကို အာရုံခံနေမိခဲ့၏။
သူမ၏ မသိစိတ်က ပြောပြနေသည်မှာ အမှောင်တစ်ထဲတွင် ပြဿနာကို မွှေနှောက်ရှာဖွေနေသူက တစ်ကွက်ရွေ့သွားခဲ့ပြီ ဆိုတာပင်….