လောင်စာဆီ လောင်းထည့်ခြင်း
Vol. 74 Ch. 1108
ရန်ကျင်း။ ၀န်ကြီး ခြံ၀န်း။
ခြံထဲတွင် လူသုံးယောက်သည် ရေနွေးကြမ်း သောက်နေလျက်ရှိသည်။
၎င်းတို့ကတော့ ဟန်ကျင်းလေ့၊ သူ၏သား ဟန်ရန်ပင်း နှင့် ကျောက်ကော်ပင်းတို့ပင်။
" ရှောင်ပင်း...မင်း ခြေထောက် ဘယ်လိုတုန်း.. သက်သာလာပြီလား.. "
ကျောက်ကော်ပင်း မေးမြန်းလိုက်၏။
" အကုန်သက်သာသွားပြီ.. ဒါပေမယ့် ပြင်းပြင်းထန်ထန် ဘာတစ်ခုမှတော့ လှုပ်ရှားလို့ မရသေးဘူး... "
ဟန်ရန်ပင်း ပြောဆိုနေသည့် ပြင်းထန်သည့် လှုပ်ရှားမှု ဆိုသည်က သာမန်လူများကဲ့သို့ အလေးအပင် ပြုလုပ်ခြင်းမျိုး မဟုတ်ပဲ အလွန်တရာကို ပြင်းထန်သည့် တိုက်ခိုက်မှုများ ပြုလုပ်ခြင်းပင်။
မည်သို့ပင်ဆိုစေ သူသည် တစ်ချိန်က ကျုံးဝေ့တပ်ဖွဲ့ထဲ ၀င်ရောက်ရန် ရည်ရွယ်ထားခဲ့သည့်သူ မဟုတ်ပါလော။
" နှမြောစရာပဲ.. မဟုတ်ရင် မင်း အခုလောက်ဆို ကျုံးဝေ့တပ်ဖွဲ့ထဲကို ရောက်နေလောက်ပြီ.... "
" သူ့အကြောင်း လာမပြောစမ်းနဲ့.."ဟန်ရန်ပင်း တင်းမာစွာ ပြောဆိုလိုက်ပြီး " ကျုပ် အနာဂတ်က သူ့ကြောင့် ပျက်ဆီးသွားခဲ့တာ... "
ဟန်ရန်ပင်း၏ လက်ရှိ အနေအထားအရ အကယ်၍ ကျုံးဝေ့တပ်ဖွဲ့သည်သာ နောက်တစ်ကြိမ် လူရွေးပွဲ ထပ်မံ ကျင်းပခဲ့မည် ဆိုပါက အရွေးချယ်ခံရနိုင်သည့် အခွင့်အရေးမျိုး ကျိန်းသေပေါက်ကို ရှိသည်။
သို့သော် ယခု လင်းရီသည်က ကျုံးဝေ့တပ်ဖွဲ့ထဲ ရောက်ရှိနေရုံမျှမက လက်ထောက် အသင်းခေါင်းဆောင်ပင် ဖြစ်နေလိုက်သေးသည်။
သူ့လို လူစားမျိုးနှင့် အဖွဲ့အစည်း တစ်ခုတည်း အတူနေဖို့ မပြောနှင့် ဖြစ်နိုင်မည်ဆိုပါက လေပင် တန်းတူမရှူချင်ပေ။
ကျောက်ကော်ပင်း ရေနွေးကြမ်း တစ်ငုံမော့လိုက်ရင်း " မင်းရင်ထဲမှာ မကျေနပ်ချေတွေ ရှိနေတယ်ဆိုတာ ငါသိတယ်.. ဒီတော့ ငါတို့တွေ သူ့ကို သေချာလေး သမလိုက်ကြရင် မကောင်းဘူးလား... "
" သမမယ်.. ဟုတ်လား.. ဘယ်လိုမျိုးလဲ... "ဟန်ရန်ပင်း မေးမြန်းလိုက်ပြီး " သူ့ရဲ့ ကျုံးဝေ့တပ်ဖွဲ့၀င် ဖြစ်ပါတယ်ဆိုတဲ့ အထောက်အထားကို ဘေးချိတ်ထားရင်တောင် သူ့ရဲ့ စီးပွားရေး အောင်မြင်မှုတွေသပ်သပ်နဲ့တင် သူက ပြိုင်ဘက်ကင်း ဖြစ်နေပြီ... နောက်ပြီး သူ့အနောက်မှာ လျန်မိသားစုကလည်း ရှိနေသေးတယ်... အဲ့ဒီ နောက်ခံနဲ့ဆိုရင် သူ့ကို ထိလို့ လွယ်မှာ မဟုတ်ဘူး... "
" အမှန်ပဲ.. ဒါပေမယ့် ဒုတိယ အတွေးတစ်ချက် ၀င်လာတာနဲ့ ဘာမှ ကြောက်စရာ မရှိတော့ဘူး..."ကျောက်ကော်ပင်း ပြောလိုက်ပြီး " ကျုံးဝေ့တပ်ဖွဲ့က သူ့တန်ဖိုးသူ သတိပြုမိပြီး အလျင်အမြန်နဲ့ ရာထူးတိုးနိုင်တဲ့ နေရာဆိုတာ သေချာတယ်... ဒါပေမယ့် အဲ့တာက သူ လုံလောက်တဲ့ အကျိုးပြုမှုတွေ ရပြီးတဲ့အထိ စောင့်ပြီးတော့မှ အသက်ရှင်လျက် ပြန်လာနိုင်ဖို့ကလည်း လိုသေးတယ်... သူ့ရဲ့ မောက်မာတဲ့ စရိုက်နဲ့ဆိုရင် စစ်မြေပြင်မှာ အချိန်မရွေး သေသွားနိုင်တာပဲ... မင်း အဲ့ကိစ္စ စိုးရိမ်နေစရာ မလိုပါဘူး... "
" ကျုပ်သိတယ်..."ဟန်ရန်ပင်း ခေါင်းညိမ့်လိုက်ပြီး " လျန်မိသားစုကိုကျ ဘယ်လိုလုပ်မှာလဲ.. သူတို့ လင်းရီကို ကာကွယ်ပေးနေမယ်ဆိုရင် ကျုပ်တို့လည်း ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး... "
" အဲ့တာက ဒီကိစ္စကို ရှုပ်ထွေးစေတယ်ဆိုပေမယ့်.... "ကျောက်ကော်ပင်း ခေတ္တရပ်တန့်လိုက်ပြီး " လျန်မိသားစု လင်းရီကို ကာကွယ်ပေးနေတယ်ဆိုတာက သူ့ဆီကနေ အကျိုးအမြတ်တွေ ရနေလို့ပဲ.. သူ့ရဲ့ စီးပွားရေး အင်အားစုတွေသာ အဖျက်ဆီးခံလိုက်ရမယ်ဆိုရင် လျန်မိသားစုက သူ့ကို ဆက်ပြီး ကာကွယ်ပေးပါဦးမလား... "
" ဒါပေမယ့် ပြဿနာက ကျုပ်တို့တွေ လင်းရီရဲ့ စီးပွားရေး ဖျက်ဆီးနေတာကို သူတို့ ကိုယ်ပိုင်မျက်လုံးနဲ့ ထိုင်ကြည့်နေမှာမို့လို့တဲ့လား... "ဟန်ရန်ပင်း ဟက်ခနဲ ရယ်ရင်း ပြောလိုက်ပြီး " ကျုပ်ကတော့ ဖြစ်နိုင်မယ် မထင်ဘူး... "
" ငါတို့ မိသားစု နှစ်ခုတည်းဆိုရင်တော့ မဖြစ်နိုင်ဘူး... ဒါပေမယ့် ၀မ်မိသားစုကပါ ပါ၀င်လာမယ်ဆိုရင်ကော... "
" ၀မ်မိသားစုရောလား..."
ဤသည်ကိုတော့ ဟန်ရန်ပင်း လုံး၀ မျှော်လင့်မထားချေ။
ရန်ကျင်းရှိ နံပါတ်တစ် မိသားစုကြီး တစ်ခု ဖြစ်သည်နှင့်အညီ ၀မ်မိသားစု၏ အင်အားက လူတိုင်းထက်ကို ကျော်လွန်နေသည်။
လျန်မိသားစုပင် သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ဖို့ လွှဲရှောင်ကြရ၏။ အကယ်၍ ၀မ်မိသားစုကသာ ကန့်လန့်ကာ နောက်ကွယ်တွင် ရှိနေမည် ဆိုပါက ထိုအခါ လင်းရီနှင့် လျန်မိသားစုကိုလည်း ကြောက်နေစရာ မလိုအပ်တော့ချေ။
လင်းရီ၏ အထောက်အထား အစစ်အမှန်ကို သိရှိပြီးသည့်တိုင် မိသားစု နှစ်ခု ဆက်လက် တိုက်ခိုက်ဝံ့နေသည်က ၀မ်မိသားစု၏ ကူညီပေးမှုကြောင့် ဖြစ်၏။
မဟုတ်ပါက လင်းရီအနောက်တွင် လင်းကျင်ကျန့် ရှိနေသည်နှင့် သူတို့ မဆင်မခြင် လှုပ်ရှားဝံ့မည် မဟုတ်ချေ။
သို့ပေမယ့် ၀မ်သားစု ပါ၀င်လာသည်ကတော့ မတူကွဲပြားသွားစေခဲ့သည်။
လင်းရီသည်က လင်းကျင်ကျန့်၏ သားတစ်ယောက် ဖြစ်နေလျှင်ပင် မည်သည်ကို ကြောက်ရွံ့နေရမည်နည်း။
ရန်ကျင်း၏ နံပါတ်တစ် မိသားစုဟူသည့် ဂုဏ်ပုဒ်က အလကား သပ်သပ် မဟုတ်ချေ။
" အဖေ.. အန်ကယ်ကျောက်... သိပ္ပံနဲ့ နည်းပညာ အင်နိုဗေးရှင်းဘုတ်က ဒီရက်ပိုင်းအတွင်း ဆက်တိုက်ကျနေတာ အဖေတို့ လက်ချက် ဟုတ်တယ်မလား... "ဟန်ရန်ပင်း စကားနှိုက်ကြည့်လိုက်၏။
" ငါတို့တင် မကဘူး.. တခြား ကျန်တဲ့သူတွေလည်း ပါတယ်..."ကျောက်ကော်ပင်း ပြောလိုက်ပြီး " ဒါပေမယ့် ဒီဟာက ဟွာရှမှာ အသေးစား တိုက်ခိုက်မှုလေးပဲ.. အလေးအနက်ကြီး ထားမနေနဲ့... ငါတို့ရဲ့ အဓိက ရည်ရွယ်ချက်က နိုင်ငံခြားမှာ.. ငါတို့ရဲ့ အစီအစဉ်က သူ့ကို တစ်ခါတည်း အမှောက်သိပ်ပစ်လိုက်နိုင်မယ်ဆိုတာ သေချာတယ်... "
" နိုင်ငံခြားက.. ဟုတ်လား... "
" မဟုတ်ရင် ၀မ်မိသားစုက သိပ်ကို အစွမ်းထက်လွန်းတယ်လို့ ဘယ်သူက ပြောမကြတုန်းကွ.. "ကျောက်ကော်ပင်း ရယ်ရင်း မောရင်း ပြောလိုက်ပြီး " အဲ့ လင်းရီဆိုတဲ့ ကောင်လေးက နိုင်ငံခြားမှာ ကုမ္ပဏီထောင်ပြီး Semiconductorအစိတ်အပိုင်းတွေကို ကမ္ဘာ အနှံ့ကနေ ၀ယ်ယူနေတာလေ.. သူတစ်ခုခု စီစဉ်နေတယ်လို့ မင်း မထင်ဘူးလား... "
" အဲ့တာတော့ မဖြစ်နိုင်ဘူး..."ဟန်ရန်ပင်း ပြောဆိုလိုက်ပြီး " အမေရိကန်က ကျုပ်တို့နဲ့ တိတ်တိတ်လေး လာရှုပ်နေတာ ကြာပြီ... သူတို့ ကျိန်းသေပေါက် ဒါကို ရပ်တန့်မှာပဲ... "
" ဒါပေမယ့် လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းက ငါတို့ သူ့ရဲ့ အမေရိကားက ကုမ္ပဏီကို တိုင်လိုက်တယ်... အခု သူ့ရဲ့ လူတွေကို ဖမ်းရုံတင် မကသေးဘူး.. တာ၀န်ရှိသူကိုပါ ဆန်ဖရန်စစ္စကို ဖက်ဒရယ် တရားရုံးက အမျိုးသားရေး လုံခြုံမှုကို ခြိမ်းခြောက်မှုနဲ့ ဖမ်းထားတယ်... "
" အဲ့လိုကိစ္စမျိုး ဖြစ်ပျက်သွားခဲ့သေးတာလား..."
ထိုသတင်းကို ကြားပြီးတော့ ဟန်ရန်ပင်း အချိန်တော်တော်ကြာအောင် ကြက်သေသေသွားခဲ့တော့သည်။
" ဒါပေါ့ကွ.. ဒါပေမယ့် ကျေးဇူးတင်ရမှာက ၀မ်မိသားစုကိုပဲ.. မဟုတ်ရင် သူ့ကို ဖမ်းလို့မိမှာတောင် မဟုတ်ဘူး.. "
ဟန်ရန်ပင်း အပျော်လွန်သွားခဲ့တော့သည်။
လင်းရီ၏ လူများသည် အမေရိကားတွင် ထိန်းသိမ်းခြင်း ခံထားရ၏။ ဤသည်က သူ့ကို တိုက်ခိုက်ရန်အတွက် အခွင့်အရေးကောင်းပင်။
ယင်းက သူ့ကို အပြတ်သပ် ရှုံးနိမ့်သွားစေပြီး ဟွာရှရှိ စီးပွားရေး အပေါ်၌ပါ အကျိုးသက်ရောက်မှုများ ရှိလာစေနိုင်သည်။
သူ ဖန်တီးခဲ့သည့် စီးပွားရေး အင်ပါယာကြီးသည်လည်း အချိန်တိုအတွင်း ပြိုလဲသွားတော့မည် ဖြစ်၏။
ခရိခ်...
ထိုအခိုက်အတန့်တွင်ပဲ အမည်းရောင် မာစီးတီး တစ်စင်း မလှမ်းမကမ်းတွင် ထိုးရပ်လာခဲ့သည်။
အနက်ရောင် ၀တ်စုံပြည့်နှင့် လူတစ်ယောက် ကားထဲမှ ခပ်သွက်သွက် ထွက်လာခဲ့၏။
ထိုလူ၏ နာမည်ကတော့ လီကျန်းပင်။ သူက ဟန်ကျင်းလေ့၏ လက်ထောက်နှင့် အတွင်းရေးမှုးလည်း ဖြစ်သည်။
" ဥက္ကဌဟန်.. အမေရိကားကနေ အခုပဲ သတင်းရလာပါတယ်... "
" အချိန်ယူပြီးပြော.. လောစရာ မလိုဘူး... "
" ထျန်းရန် အဖမ်းခံလိုက်ရတဲ့ သတင်းကို ကြားတော့ လင်းရီ ကြားကြားချင်းပဲ ဆန်ဖရန်စစ္စကို ကို သွားခဲ့ပါတယ်.. အဆုံးကျ သူပါ အဖမ်းခံလိုက်ရပါတယ်... "
" ဟားဟား... "
ဟန်ကျင်းလေ့ အကျယ်ကြီး အော်ရယ်လိုက်ပြီး " စိတ်၀င်စားစရာပဲ.. ငါထင်တဲ့ အတိုင်းပါပဲလား... "
ထျန်းရန်သည်က အမေရိကားရှိ ကုမ္ပဏီကို ထိန်းချုပ်ထားသော်လည်း မျက်နှာဖြူကောင်များက ငတုံးမဟုတ်ကြ။ အစီရင်ခံသည့် သတင်းမှတ်တမ်းများအရဆို လင်းယွင် အုပ်စု၏ နောက်ကွယ် သူဌေးကြီးက လင်းရီဆိုတာ ရှင်းလင်းသိသာပေသည်။
အမေရိကန်များ သူ့ကို ဖမ်းဆီးလိုက်သည်မှာ အဆန်းမဟုတ်တော့ချေ။
" ဒါဆို.. ငါတို့ အမေရိကားက ကိစ္စကို ဘယ်လို ဆက်လုပ်ကြမလဲ.."ဟန်ကျင်းလေ့ ပါးစပ်ထဲ စီးကရက်ထည့်ရင်း မေးမြန်းလိုက်၏။
" ဆန်ဖရန်စစ္စကိုက ဒီကိစ္စကို မကြာခင် တရားရုံးတင်တော့မှာ.. ဒါပေမယ့် သက်သေ ရှာနေကြတုန်းပဲ.. အခြေအနေက ကျုပ်တို့ ထင်သလောက် မပြင်းထန်သေးဘူး... "
" သက်သေ.. ဟုတ်လား.. ရှာနေစရာ လိုသေးလို့လား... အရမ်းကြီး သိသာလွန်းနေပြီ မဟုတ်ဘူးလား..."ကျောက်ကော်ပင်း ပြောလိုက်၏။
" ကျုပ်လည်း တွေးမိတယ်.. တကယ်လို့ သာမန်လူသာဆိုရင် အဲ့ဒီနည်းလမ်းက အဆင်ပြေပေမယ့် တစ်ဖက်သူက လင်းရီ ဖြစ်နေတယ်လေ... သူ့ရဲ့ ကိုယ်ပိုင် အစွမ်းအစကို မပြောသေးနဲ့ဦး.. လျန်မိသားစု တစ်ခုတည်းကရင် အမေရိကန်တွေကို လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ မရအောင် လုပ်လို့ရတယ်... ဒါကြောင့်မို့ သူတို့ ပိုကောင်းတဲ့ သက်သေတွေ လိုက်ရှာပြီးတော့ လောလောဆယ် လင်းရီကို စီရင်ချက် ချလို့ မရသေးတာပဲ.. "
" အဲ့တာ ပြဿနာပဲ.. "သုံးယောက်လုံး ငြိမ်ကျသွားခဲ့ကြသည်။
သူတို့၏ အန္တိမ ပန်းတိုင်က လင်းရီကို သုတ်သင်ဖို့ရာ ဖြစ်သည်။
သို့သော်လည်း တစ်ဖက်သူသည် ကိုယ်တိုင် လည်ပင်းရေဆေးပြီး စဉ်းနီတုံးပေါ် လာတင်ပေးမည့်သူ ဟုတ်မနေခဲ့ချေ။
အကယ်၍ သိသာထင်ရှား အသုံး၀င်သည့် သက်သေ မရှိပါက သူ့အပေါ် မည်သည့်အကျိုးသက်ရောက်မှုတို့မျှ ရှိမည် မဟုတ်ချေ။
အကယ်၍ သက်ရောက်ခဲ့လျှင်ပင် လက်ခံကိုင်တွယ်နိုင်သည့် အတိုင်းအတာအတွင်း၌သာ ရှိနေလိမ့်မည် ဖြစ်၏။
ထိုသို့ ဖြစ်ပျက်လာပြီဆိုပါက သူတို့ ကြိုးပမ်းထားသမျှသည်လည်း အဓိပ္ပာယ်မဲ့ ဖြစ်သွားပေလိမ့်မည်။
" အဲ့တာအပြင်ကို ကျုပ်တို့တွေ ဆန်ဖရန်စစ္စကို ဖက်ဒရယ် တရားရုံးဆီ မှတ်တမ်းကို ကိုယ်တိုင်ကိုယ်ကျ ပို့ခဲ့တယ် မဟုတ်ဘူးလား.. သူတို့လည်း အဲ့နေ့က ဗွီဒီယိုကို ကြည့်ပြီးသွားကြပြီပဲ.. သူတို့က စာကို ပို့လိုက်တဲ့သူကို ရှာပြီး လင်းရီကို တရားစွဲချင်နေကြတာ နေမှာ.. ဒီတော့ ကျုပ်တို့တွေ.... "
" မင်းပြောချင်တာ သွားပြီး ကူညီပေးရမယ်.. အဲ့လိုလား.. "
" အဲ့တာ ကျုပ် စဉ်းစားနေတာပဲ... "လီကျန်း ပြောလိုက်ပြီး " မဟုတ်ရင် ဒီ အမှုက တအား အချိန်ဆွဲသွားလိမ့်မယ်.. အချိန်ပြည့်သွားလို့ရှိရင် လင်းရီနဲ့ ထျန်းရန်က ပြန်လွှတ်လာကြတော့မှာ.. အဲ့လိုဖြစ်လာရင် သူတို့က အဆင်ပြေရုံတင် မကဘဲ ပိုပြီး နည်းပညာ မြင့်မားတဲ့ ပစ္စည်းတွေကိုပါ သယ်ဆောင်လာနိုင်လိမ့်မယ်.. အဲ့ခါကျ လင်းယွင် အုပ်စုရဲ့ ဂုဏ်သတင်းက တိုင်းဆမရတဲ့ အနေအထားထိ မြင့်တက်သွားပြီးတော့ သူ့ရဲ့ စီးပွားရေး အင်ပါယာကြီးလည်း ပိုပြီး သန်မာအားကောင်းလာခဲ့တော့မှာ... "
ဟန်ကျင်းလေ့ တိတ်တဆိတ် ခေါင်းညိမ့်လိုက်ပြီး ကျောက်ကော်ပင်းကို ကြည့်လိုက်သည်။
" မင်း ဘယ်လိုထင်လဲ.. "
" အင်း.. ငါတို့က အရေးမသာတဲ့ အနေအထားမှာပဲ... လင်းရီရဲ့ ပါးနပ်မှုနဲ့ဆိုရင် သန်မာအားကောင်းတဲ့ သက်သေရှာဖို့က တော်တော်ကြီးကို ခက်ခဲမှာ.. "ကျောက်ကော်ပင်း နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး " ဒါကြောင့်မို့ သူတို့ သေတာ ပိုမြန်အောင်လို့ သူတို့ နောက်ကွယ်ကနေ မီးထဲ လောင်စာထပ်ထည့်ဖို့ စိတ်အားသန်နေရတာပေါ့... "
အချိန်အကြာကြီး တိတ်ဆိတ်ငြိမ်သက်ပြီးသည့်နောက်ပိုင်း ဟန်ကျင်းလေ့မှ " ငါတို့ ဒီကိစ္စ ၀မ်မိသားစုနဲ့ ဆွေးနွေးမှရမယ်.. ဒါပေမယ့် ကြီးမားတဲ့ ပြဿနာ တစ်ရပ်လို့တော့ ငါမထင်ဘူး... "
ထိုသို့ ပြောပြီးနောက် ဟန်ကျင်းလေ့ လီကျန်းကို ကြည့်လိုက်ပြီး " မင်းကိုယ်မင်း ပြင်ဆင်ပြီးတော့ သက်သေတွေ စုစည်းထားလိုက်... တကယ်လို့ ဒီကိစ္စ ဆုံးဖြတ်ပြီးသွားရင် သူ့ကို မြေမြုပ်ဖို့ မင်း အမေရိကားကို ခရီးထွက်ရမယ်... "
" နားလည်ပါပြီ ဥက္ကဌဟန်... "