ပြုံးနိုင်ဖို့ အခွင့်အရေး
Vol. 74 Ch. 1109
နောက်ထပ် သုံးရက်သည့်တိုင်အောင် လင်းရီ၏ ဘ၀သည်က သက်တောင့်သက်သာရှိပြီး ဇိမ်ကျနေသည်ဟု ပြော၍ရလေသည်။
ထျန်းရန်ကဲ့သို့ သံရုံးတွင် တစ်ချိန်လုံး နေနေရသည့် လူမျိုး မဟုတ်ပါဘဲ လမ်းလည်း ထွက်လျှောက်နိုင်ပြီး ကမ်းခြေသွား၍ နေဆာပင် လှုံလိုက်သေး၏။
ကတိပေးထားသည့် အတိုင်း လူတိုင်းက ဆန်ဖရန်စစ္စကို ဖက်ဒရယ် တရားရုံး၏ ဆင့်ခေါ်မှုကို စောင့်ဆိုင်းနေခဲ့ကြသည်။
အမှုက သုံးရက်အတွင်း အကြောင်းပြန်လာပေမည်။
ဤသတင်းကို ကြားပြီးသည့်နောက် လင်းရီ ချက်ချင်းပဲ ဂျိုဆမ်ထံ ဖုန်းဆက်လိုက်သည်။
" အခြေအနေ... "
" တစ်စုံတစ်ယောက်က မင်း လုပ်ပါတယ်ဆိုတဲ့ အကြောင်းကို လိုလိုလားလား သက်သေခံဖို့ ရှိတယ်လို့ ကြားတယ်... ဒါကြောင့်မို့ ဖက်ဒရယ် တရားရုံးက ဒီအမှုကို စီရင်ချက်ချဖို့ အသင့်ဖြစ်နေပြီ... "
" အဲ့လူက အခု ဘယ်မှာလဲ.. ကျုပ် သူနဲ့ တွေ့လို့ရလား..."လင်းရီ မေးမြန်းလိုက်သည်။
" ဒါတော့ ဖြစ်နိုင်မယ် မထင်ဘူး... ကျုပ်တို့တောင် ဖုန်းထဲတင် ဆက်သွယ်ဖူးကြတာ... သူက စောစီး ကိုယ်ထင်ပြဖို့ ရည်ရွယ်ချက် မရှိဘူးနဲ့ တူတယ်... တကယ်လို့ မင်းသူနဲ့ တွေ့ချင်တယ်ဆိုရင် တရားရုံး အမှုစစ်တဲ့ အချိန်ထိ စောင့်ရမယ်... "
" ကောင်းပြီ.. ကျုပ်နားလည်ပြီ... "
ရိုးရှင်းသည့် စကားတစ်ချို့ ပြောပြီးနောက် လင်းရီ ဖုန်းချ၍ တရားရုံးအတွက် ပြင်ဆင်စရာ ရှိသည်များကို စတင် ပြင်ဆင်တော့သည်။
သုံးရက်က ဖင်လှည့်ခေါင်းလှည့်ဖြင့် အလွန်လျှင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ သို့ပေမယ့် လင်းရီကတော့ သိုသိုသိပ်သိပ်သာ နေလျက်ရှိ၏။ သူ လျှောက်သွားပြီး လမ်းသလား နေခြင်း မရှိတော့ဘဲ သံရုံးထဲတွင်သာ နေပြီး လူတိုင်းကို သူ၏ ကိုယ်ပိုင် လွတ်လပ်ခွင့် ကန့်သတ်ခံထားရပါပြီဟူ၍ ထင်ယောင်ထင်မှား ဖြစ်သွားစေတော့သည်။
တတိယမြောက်နေ့၏ နံနက်ခင်း၌ ၀မ်ဟန်ရှန်းနှင့် ကျောက်ရှတို့ လင်းရီကို အရင်လာရှာကြသည်။
" ဒါက အလုပ်ဖြစ်မယ်ဆိုတာ မင်းသေချာပါတယ်နော်... "
" ဒါက တစ်ခုတည်းသော နည်းလမ်းပဲ... ကျုပ်တို့ အကောင်းဆုံး ကြိုးစားကြည့်ဖို့ပဲ တတ်နိုင်တယ်.. "
လင်းရီ သူ၏ အကြံအစည်ကို ၀မ်ဟန်ရှန်းနှင့် ကျောက်ရှတို့ထံမှ ဖုံးကွယ်ထားခြင်း မရှိချေ။
သို့ပေမယ့် စိတ်ထဲတွင်တော့ သူ သတိချပ်ထားလျက်ရှိ၏။
ဤသည်က ဘာကြောင့်လဲဆိုတော့ သူနှင့် ရှန်းရှုရီတို့ နှစ်ယောက်လုံးက ဤကိစ္စ နောက်ကွယ်ရှိ လူသည် ဟွာရှ၌ အရာအားလုံးကို ထိန်းချုပ်နိုင်သည့် စွမ်းရည် ရှိသည်ဟု ခံစားနေရသောကြောင့်ဖြစ်၏။ ၀မ်ဟန်ရှန်းနှင့် ကျောက်ရှတို့သည်လည်း စက်ကွင်း မလွတ်မည်ကို သူစိုးရိမ်သည်။
ဤသတင်း ဟွာရှတွင် ပျံ့နှံ့သွားမည်ကို လင်းရီ အထူးပင် စိုးရိမ်မိသည်။ ထို့ကြောင့် ရှန်းရှုရီထံ ဆက်သွယ်ပြီး ၀မ်ဟန်ရှန်းနှင့် ကျောက်ရှတို့ကို မည်သည့် သတင်းမျှ ပေါက်ကြားမှု မရှိစေရန် သတိပေးခိုင်း ထားလိုက်၏။
၀မ်ဟန်ရှန်းတို့သည်လည်း နှုတ်ကတိ ခံလိုက်ကြ၏။ အကယ်၍ ပေါက်ကြားသွားခဲ့လျှင် အကျိုးဆက်က မည်သို့ထွက်လာမည်မှန်း သူတို့ တပ်အပ် မပြောနိုင်သော်ငြားလည်း နှစ်ယောက်လုံးသည် နိုင်ငံရေးလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ဖူးပြီး ဖြစ်သောကြောင့် တစ်ချို့တစ်လေကိုတော့ တပ်အပ်ပြောနိုင်သည်။
အကယ်၍ သတင်းပေါက်ကြားသွားခဲ့ပါက လင်းရီ၏ အလုပ်အကိုင်သည်လည်း အဆုံးသတ်သွားလိမ့်မည်။
အာဏာ ကစားပွဲတွင် မည်သူကမျှ အမှားတစ်ခု လုပ်ပိုင်ခွင့် ပေးကြလိမ့်မည် မဟုတ်ချေ။ မှားယွင်းသည့် ခြေတစ်လှမ်းက ပျက်စီးမှုသို့ ဦးတည်စေနိုင်သည်။
ထို့ကြောင့် နှစ်ယောက်လုံး ရေငုံနှုတ်ပိတ်ထားကြပြီး မည်သည့် သတင်းမျှ ပေါက်ကြားစေခြင်း မရှိခဲ့ချေ။
သူတို့ ပြီးစီးတော့ လင်းရီနှင့် ထျန်းရန်တို့ နေကာမျက်မှန်နှင့် မာ့စ်များ တပ်လိုက်ကြပြီး အနောက်တံခါးမှ နေ၍ တိတ်တဆိတ် ထွက်လာခဲ့ကြသည်။
ထိုနေရာတွင် ဂျိုဆမ်မှ ပြည်နယ် ဖက်ဒရယ် တရားရုံးထံ ခေါ်သွားပေးမည့် ကားတစ်စင်း အသင့် စီစဉ်ပေးထား၏။
လုပ်ရိုးလုပ်စဉ် အကုန်လုံးကတော့ သဘာ၀ ကျကျ ၊ စံချိန်စံနှုန်း အပြည့်နှင့်ပင်။ နှစ်ယောက်လုံးက လက်ထိပ် ခတ်ခံထားရပြီး တစ်စုံတစ်ယောက် လာမခေါ်ခင်သည်အထိ စောင့်ဆိုင်းသည့် အခန်းထဲတွင် ထိုင်နေကြရသည်။
အမေရိကားရှိ တရားရုံး အပြင်အဆင်က ဟွာရှနှင့် မတူညီပေ။ အရင်ခေတ်အသွင်ကို ယူထား၏။ သို့သော် ခမ်းခမ်းနားနားတော့ ရှိသည်။
နှစ်ယောက်လုံး တရားခံ နေရာသို့ တစ်ယောက်ပြီးတစ်ယောက် ခေါ်ဆောင်သွားခြင်း ခံခဲ့ရ၏။ ထိုအချိန်မှာပဲ လင်းရီ မျက်မြင်သက်သေနေရာတွင် မာ့စ်ကြီးအုပ်၊ နေကာမျက်မှန်ကြီးတပ်၊ လျှာရှည်ထုပ်ကြီးဆောင်းထားသည့် အမျိုးသားတစ်ဦးကို လှမ်းမြင်လိုက်ရသည်။ မျက်နှာ တစ်ပြင်လုံး ယိုပေါက် မရှိရလေအောင် ဖုန်းကွယ်ထားပြီး မည်းနက်နေသည့် ဆံပင်တစ်ချို့ကိုသာ မတွေ့ရပါက ဘယ်နိုင်ငံသားလဲဆိုတာကို ပြောပြရ အခက်တွေ့လိမ့်မည်။
တစ်ချိန်တည်းတွင် မျက်မြင်သက်သေသည်လည်း လင်းရီ လက်ထိပ်နှင့် ၀င်လာသည်ကို မြင်သွားခဲ့၏။ သူ မသိစိတ်မှ မာ့စ်နှင့် ဦးထုပ်ကို ပြင်လိုက်ပြီး သူ့ကိုယ်သူ ပို၍ တင်းကြပ်စွာ ဖုံးကွယ်ထားလိုက်သည်။
တစ်ချိန်တည်းတွင် အပြုံးတစ်ပွင့်က မျက်နှာထက် ထွက်ပေါ်လာသည်။ ၎င်း၏ မျက်၀န်းများကို ကြည့်လိုက်သည်နှင့် လင်းရီအား ထေ့ငေါ့ လှောင်ပြောင်နေကြောင်း ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။
" တရားရုံးက လက်၀ယ်ရထားတဲ့ အခိုင်အမာ သက်သေတွေအရ တရားခံ လင်းရီသည် ယခင် သုံးလတုန်းက တားမြစ်ထားတဲ့ အစိတ်အပိုင်း ၁၃ မျိုးကို ၀ယ်ယူပြီး ဟွာရှဆီ သင်္ဘောနဲ့ ပြန်တင်ပို့ခဲ့ကြောင်း ပြဖို့ လုံလောက်နေတယ်... ပြည်နယ်ရဲ့ တရားဥပဒေအရ ... ဒါဟာ အပြစ်ပေးသင့်တဲ့ ပြစ်မှုမြောက်တယ်... တရားခံ ဘာများ ပြောချင်ပါသလဲ... "
" လေးစားရပါသော တရားသူကြီးမင်း.. ခင်များတို့ဆီမှာ ဘယ်လို သက်သေမျိုး ရထားလဲ ကျုပ်သိချင်ပါတယ်.. "
" မျက်မြင်သက်သေက ငါတို့ကို အ၀င်အထွက် စာရင်း ပြထားပြီးပြီ.. ဟွာရှရဲ့ ကုန်ပစ္စည်း မှတ်တမ်းထဲမှာ မင်း နိုင်ငံကို ပြန်တင်ပို့ထားတဲ့ ကုန်ပစ္စည်း ၄၈ ခုလုံး ဒီထဲ မှတ်တမ်း ရှိထားတယ်... ဒါ အကောင်းဆုံး သက်သေပဲ.. "
" ဒါပေမယ့် ကျုပ်ကတော့ ဒီ သက်သေရဲ့ စစ်မှန်မှုကို မယုံကြည်နိုင်ပါဘူး... " လင်းရီ ပြုံးလျက် ပြောလိုက်သည်။
" မစ္စတာစွန်း... မင်း ပြောတဲ့ စကားကို အာမခံနိုင်ရဲ့လား... "တရားသူကြီးမှ မာ့စ်တပ်ထားသည့် အမျိုးသားကို ကြည့်ပြီး မေးလိုက်သည်။
" ခံနိုင်ပါတယ်... ကျုပ် ပြောသမျှ အမှန်တွေချည်းပဲဆိုတာ အာမခံနိုင်ပါတယ်... ကျုပ် ပေးတဲ့ သက်သေထဲ ဘာအမှားမှ မပါဘူး.. တကယ်လို့ အမှားတစ်ခုပါခဲ့ရင် ကျုပ်ရဲ့ လုပ်ရပ်အတွက် တာ၀န်ယူပေးနိုင်တယ်..."
လင်းရီ ခေါင်းလှည့်ပြီး မာ့စ်နှင့်လူကို တစ်ချက်ရှိုးကြည့်လိုက်သည်။
သူ၏ လေသံက ခိုင်မာနေပြီး တွေဝေသည့် အရိပ်အယောင်လေးပင် မရှိချေ။ ကြည့်ရသည်မှာ ထိုလူ့နောက်ကွယ်တွင် ရှိနေသူက သူ့ကို တကယ်ကြီး သတ်ဖြတ်ချင်နေသည့်ပုံပင်။
" တရားခံ လင်းရီ၊ တရားခံ ထျန်းရန်.. အခု မင်းတို့ရဲ့ လုပ်ရပ်ကို ခုခံကာကွယ်လို့ရပြီ...."
" မလိုပါဘူး..."လင်းရီ ပခုံးတွန့်လိုက်ပြီး " ကျုပ် အားလုံး ၀န်ခံပါတယ်... "
" ကျွန်မရောပါပဲ.."ထျန်းရန် ပြောလိုက်သည်။
လင်းရီ သူမဘေးနား ရှိနေသည်နှင့် ထျန်းရန် ငရဲပြည်ဆိုလည်း သွားရဲသည်။ သူမ ဘာကိုမျှ မကြောက်ရွံ့တော့ချေ။
" မင်းတို့ရဲ့ ခုခံပိုင်ခွင့်ကို ငြင်းဆန်တယ်ဆိုမှတော့ တရားခံ လင်းရီနဲ့ တရားခံ ထျန်းရန်ကို ဖက်ဒရယ် တရားရုံးကနေပြီး အမေရိကားရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုနှင့် ထောင်ဒဏ် ၂၈ နှစ်နဲ့ ၁၆ နှစ် အသီးသီး ချမှတ်လိုက်တယ်... "
ဂျူရီအဖွဲ့၏ ဆုံးဖြတ်ချက်ကို ကြားတော့မှ မာ့စ်တပ်ထားသည့် လူသည်လည်း စိတ်သက်သာရာ ရစွာ သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။
လက်ရှိ အခြေအနေထက် ပိုကောင်းသည့် ရလ် မရှိတော့ချေ။
အမှုလည်း ပြီးဆုံးသွားခဲ့ပြီး လင်းရီနှင့် ထျန်းရန်တို့ ခေါ်ထုတ်လာခြင်း ခံရ၏။
မာ့စ်တပ်ထားသည့် လူသည်လည်း သူ၏ ဦးထုပ်ကို တစ်ချက် ပြုပြင်ပြီး ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
ထိုအချိန်တွင်ပဲ ဗလတောင့်တောင့်နှင့် ရဲအရာရှိ နှစ်ဦး သူ့ထံ လမ်းလျှောက်လာခဲ့ပြီး " စိတ်မရှိပါနဲ့ မစ္စတာစွန်း.. ခင်များ ထွက်သွားလို့ မရသေးပါဘူး... ကျုပ်တို့နဲ့ လိုက်ခဲ့ရပါမယ်... "
" ငါမင်းတို့ကို သက်သေတွေ အကုန် ပေးပြီးသွားပြီလေ.. တခြား ဘာလိုအပ်သေးလို့..." မစ္စတာစွန်း ဆိုသူမှ မျက်မှောင်ကြုတ်သွားခဲ့၏။
" အဲ့တာတော့ ကျုပ်တို့လည်း မသိဘူး.. ကျုပ်တို့သိတာ အခု ခင်များကို ခေါ်သွားရမယ် ဆိုတာပဲ.. တကယ်လို့ မေးစရာ ရှိတယ်ဆိုရင် ခဏနေကျ တစ်စုံတစ်ယောက် လာဖြေပေးလိမ့်မယ်... "
သို့နှင့် ရဲအရာရှိ နှစ်ဦးမှ မာ့စ်တပ်ထားသည့် လူကို ဖမ်းဆီးလိုက်ပြီး ဘယ်ညာ နှစ်ဖက်ညှပ်၍ ချက်ချင်း ခေါ်သွားခဲ့တော့၏။
" မင်းတို့ ဒါ ဘာလုပ်နေတာတုန်း... ငါက ဒီကို မျက်မြင်သက်သေ လာလုပ်ပေးတာ.. ဘာလို့ ငါ့ကို လာဖမ်းနေတာလဲ.. လွှတ်စမ်း.. "
မာ့စ်နှင့်လူမှာ တော်တော်လေးကို ယမ်းပုံမီးကျ ဖြစ်သွားခဲ့ပြီး ဝေခွဲမရလည်း ဖြစ်သွားခဲ့သည်။ အဘယ်ကြောင့် ယခုလိုတွေ လာဖြစ်နေမှန်း သူနားမလည်နိုင်တော့ချေ။ သူသည်က မျက်မြင်သက်သေ လာလုပ်ပေးသည့်သူပင်။ အဘယ်ကြောင့် မဆီမဆိုင် လာရောက်ဖမ်းဆီးနေရသနည်း။
" ခင်များ အသာတကြည်နဲ့ လိုက်ခဲ့ရင် ကောင်းမယ်.. မဟုတ်ရင် အရာရှိကို ကလန်ကဆန် ပြုမှုနဲ့ အမှုထပ်တိုးသွားမယ်.. "
" ငါ ရှေ့နေ ခေါ်ချင်တယ်... မင်းတို့ငါ့ကို ဒီလို လာလုပ်လို့မရဘူး.. နိုင်ငံသား အခွင့်အရေး တစ်ရပ်အနေနဲ့ ငါ့မှာ ရှေ့နေ ခေါ်ပိုင်ခွင့်ရှိတယ်..."
" ခေါ်ရမှာပေါ့.. ဒါပေမယ့် အခုတော့ မဟုတ်သေးဘူး.. ခင်များ ပူးပေါင်းပေးရင် ကောင်းမယ်နော်.. မဟုတ်ရင် မယဉ်ကျေးဘူးဆိုပြီး အပြစ်လာမတင်နဲ့... "
ခါးတွင် သေနတ်များ ချိတ်ထားသည်ကိုလည်း မြင်တော့ မာ့စ်တပ်ထားသည်မှာ ချက်ချင်း နှုတ်ပိတ်သွားခဲ့တော့၏။ တရားရုံး ပြင်ပသို့ ခေါ်ဆောင်လာခဲ့ခြင်း ခံရပြီး အပြင်ဘက်ရှိ ရဲကားထံသို့ ပို့ဆောင်ခံလိုက်ရသည်။
ရဲကားထဲ၌ လင်းရီနှင့် ထျန်းရန်တို့ ရှိနေသည်ကို မြင်တော့ မာ့စ်နှင့်လူမှ အမူအရာ အေးခဲသွားခဲ့တော့သည်။
စလာကတည်းက ရှုပ်ထွေးနေသည့် သူ၏ စိတ်သည် ယခု ပိုလို့ပင် ရှုပ်ထွေးသွားခဲ့တော့၏။
လင်းရီတို့က စီရင်ချက် အချခံထားရသည့် အကျဉ်းသားနှစ်ယောက် မဟုတ်ပေလော။ ၎င်းတို့၏ ရည်ရွယ်ချက်က မည်သို့ပင် ဖြစ်နေစေကာမူ တစ်ကားထဲတွင် အတူ ဖမ်းဆီးထားရလောက်သည်အထိ ရေစက်ပါနေသည်တော့ မဖြစ်နိုင်ချေ။
" အမ်.. တိုက်ဆိုင်လှသကိုး.. ခင်များလည်း အဖမ်းခံလိုက်ရတယ်လား... "လင်းရီ အပြုံးလေးဖြင့် အံ့အားသင့်သွားချင်ယောင် ဆောင်ပြီး ပြောလိုက်သည်။
" သူတို့က ငါ့ကို နားလည်မှု လွဲပြီး ဖမ်းတာ.. မင်းက မင်းကိုယ်မင်း အရင် စိုးရိမ်သင့်တယ်... အခု မင်းရော မင်းရဲ့ လင်းယွင် အုပ်စုရော အဆုံးသတ်သွားပြီ... မင်းက ဒါတောင် ပြုံးနိုင်သေးတယ်ပေါ့... "
ဘုတ်...
ထိုစဥ် လင်းရီ လက်ပေါ်ရှိ လက်ထိပ်သည် ရုတ်တရက် အောက်သို့ ကျသွားခဲ့၏။
" အခု ကျုပ်မှာ ပြုံးခွင့် ရှိပြီလို့ ခင်များ မထင်ဘူးလား... "