တောင်ထွတ်ရွေးချယ်မှု အခမ်းအနား(၆)
Vol. 20 Ch. 273
အစိမ်းရောင် အလင်းတန်းက လုဖန်း၏ ဦးခေါင်းထက်မှ ဝှီးခနဲ မြည်သံပေးကာ ထွက်ပေါ်လာခဲ့သည်။ အလင်းတန်းထဲတွင်တော့ ကျယ်လောင်ပြီး ရှင်းလင်းသော ဓားအော်သံ တစ်ခုက အစိမ်းရောင် ဓားတစ်လက်စီမှ ထွက်ပေါ်လာခဲ့သည်။
ရှိန်စရာ ကောင်းလောက်သော ဖိအားတစ်ခုက ဓားဆီမှ ထွက်ပေါ်နေသည်။
ကြောက်ရွံတုန်လှုပ်နေသော အကြည့်များက ဓားပေါ်တွင် ရေးထွင်းထားသော ရှေးဟောင်း မှော်စာလုံး အစီအရင်များကို မြင်နေရပေသည်။ အစိမ်းရောင် အလင်းများက ဓားတစ်လျှောက် တောက်ပနေပြီး လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါကို ပေးစွမ်းနေပေသည်။ ဓား၏ လက်ကိုင်ကို အစိမ်းရောင် ငှက်မွေးများဖြင့် တန်ဆာ ဆင်ထားသည်မှာ ပျံဝဲတက်နေသည့် အစိမ်းရောင် လင်းယုန် ငှက်တစ်ကောင် အလားပင် လင်းယုန်စိမ်းဓား အမှန်ပင် အနက်ရောင် အဆင့်ထက် ကျော်လွန်ပေသည်။
မူလ ချီတိမ်တိုက်ပေါ်တွင် ရှိနေသည့် ကလန်ခေါင်းဆောင် ချန်းယွင်က လင်းယုန်စိမ်းဓားအား ကြည့်ကာ ပြောလိုက်သည်။ “ငါကြားဖူးတာတော့ လုကလန်မှာ လင်းယုန်စိမ်းဓား လို့ခေါ်တဲ့ ရတနာတစ်ပါး ရှိပြီးတော့ အဲဒီဓားက အဆင့်ခြောက် မူလသားရဲဖြစ်တဲ့ အစိမ်းရောင် လင်းယုန်နတ်ဘုရားပဲ အမွေးနဲ့ သွန်းလုပ်ထားတဲ့ အလယ်အလတ် ကောင်းကင်အဆင့် မူလလက်နက် တစ်ခုဆိုပဲ”
“ဒါပေမဲ့လည်း လုဖန်းဆင့်ခေါ်ခဲ့တာက အဲဒီဓားပေမဲ့ သူ့ရဲ့ ထက်ရှမှုက ပစ္စည်းအတု တစ်ခုလိုမျိုးပဲ အားနည်းနေသေးတယ်”
“ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူဆင့်ခေါ်ခဲ့တဲ့ ဓားကတော့ တစ်ဝက်တစ်ပျက် ကောင်းကင်အဆင့်ကို ရောက်နေတဲ့အတွက် ဘယ်မူလစဦး အဆင့်ထက်မဆို ရင်ဆိုင်ရန် သာလွန်နေပြီ”
လျို့လျန်းယီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “သာလွန်တဲ့ ပစ္စည်းတွေကို အသုံးပြုပြီး အနိုင်ယူတာကတော့ တော်တော်လေးကို မတရားတာပဲ”
တောင်ထွတ်ဆရာသခင် လင်းကျွမ်က ရယ်မောကာ ပြန်ဖြေလိုက်သည် “တောင်ထွတ်ရွေးချယ်မှု အခမ်းအနားမှာ မူလလက်နက် အသုံးမပြုရတဲ့ စည်းမျဉ်းမှ မရှိတာ။ ပြီးတော့ မူလလက်နက် ပိုင်ဆိုင်တာက လူတစ်ယောက်ရဲ့ ကံကောင်းမှု ဖြစ်ပြီးတော့ သန်မာမှု တစ်မျိုးပဲ”
လုဖန်းက ဓားကပ်ဘေး တောင်ထွတ်သို့ ဝင်ရောက်မည်ဖြစ်သည်။ ထို့ကြောင့် ကလန်ခေါင်းဆောင် လင်ကျွမ်းအနေဖြင့် လုဖန်း ချန်ပီယံ ဖြစ်မည်ကို မြင်ရသောအခါ ပိုပြီး ပျော်ရွှင်ရပေသည်။ ထိုသို့ ဖြစ်လာပါက များစွာသော တပည့်များကို ဓားကပ်ဘေး တောင်ထွတ်ဆီသို့ ဖိတ်ခေါ်နိုင်ပြီး အင်အားတိုးလာမည် ဖြစ်သည်။
လျို့လျန်းယီက အမှုမထားဟန်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။ မူလလက်နက် အသုံးပြုခြင်းက အမှန်ပင် စည်းကမ်းအတွင်းမှာပင် ဖြစ်သည်။
သူမက ဇူယွမ်ကို လှမ်းကြည့်လိုက်ပြီး စိတ်ထဲမှ တိုးတိတ်စွာပြောလိုက်သည် “သည်ကလေး လွယ်လွယ်နဲ့ မရှုံးနိမ့် နိုင်လောက်ပါဘူး …”
သူမက တကယ့်ကို လင်ကျွမ်းအား မနှစ်သက်ပေ။ သူတို့ နှစ်ယောက်လုံး တစ်ကလန်ထဲတွင် တည်ရှိနေသော်လည်းပဲ သူ၏ အစီအစဉ်များ ပျက်စီးခြင်းက သူမကို ကောင်းမွန်သော ခံစားချက်များ ရရှိစေပေသည်။
များစွာသော အကြည့်များက ရွှေရောင်ကျောက်တုံး စင်မြင့်ပေါ်သို့ လှမ်းကြည့်နေကြပြီး ဇူယွမ်ကလည်း မျက်မှောင်ကြုတ်ကာ သူ၏ အရှေ့ရှိ မြင်ကွင်းကို စိုက်ကြည့်နေသည်။ ထိုမှ ထွက်ပေါ်လာသော စွမ်းအားများက သူ၏ နှလုံးသားကို ကြောက်ရွံမှုကြောင့် အနည်းငယ် တုန်လှုပ် နေစေပေသည်။
သို့သော်လည်း ထိုလက်နက်က အစစ်အမှန် ကောင်းကင်အဆင့်သို့ မရောက်ရှိသေးကြောင်း သူမြင်နေရပေသည်။ မူလလက်နက် တစ်ခုသည် ထိုအဆင့်သို့ ရောက်ရှိပါက ပတ်ဝန်းကျင်ရှိ မူလချီများကို တိုက်ရိုက် စုပ်ယူနိုင်ပြီး များစွာသော စွမ်းအားများကို ထုတ်ပေးနိုင်ပေသည်။
လုဖန်း၏ ဓားကတော့ တစ်စုံတစ်ခု လိုအပ်နေသေး သယောင်ပင်။
ထိုလက်နက်က အနက်ရောင် အဆင့်ထက် သာလွန်နေသည်။ ထို့ကြောင့် ထိုလက်နက် အဆင့်မှာ အနက်ရောင် အဆင့်နှင့် ကောင်းကင် အဆင့်ကြားတွင် ရှိပေသည်။
“ဘယ်လောက်ပြဿနာ များလိုက်လဲ”
ဇူယွမ်က ရေရွတ်လိုက်သည်။ လုဖန်း၏ အင်အားသက်သက်ပင်လျှင် မူလစဦး စတုတ္ထအဆင့်သို့ ရောက်နေပြီဖြစ်သည်။ ထပ်ပြီးတော့ အစိမ်းရောင် လင်းယုန်ဓားသာ ထက်ပြီး ပေါင်းထည့်လိုက်လျှင် သူ့အားရင်ဆိုင်ရန် ခက်ခဲသွားပေလိမ့်မည်။
ဇူယွမ်က ဓားကို ကြည့်ရှုနေချိန်အတွင်း လုဖန်းက မကွဲပြားသော အသံဖြင့် ပြောလိုက်သည် “မင်းကိုငါ အနိုင်ကျင့်တယ်လို့ အပြစ်မတင်နဲ့နော်။ ငါက တော်ဝင်လုကလန်က လာတာဆိုတော့ ပုံမှန်အားဖြင့် မင်းထက်ကောင်းတဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေပဲ ရတယ်လေ။ ဒါက ငါ့ရဲ့ အသားစီးရမှုပဲ”
သူ၏ လေသံထဲတွင် ဝင့်ကြွားမှုများ ပြည့်နှက်နေသည်။ စွမ်းအားပြည့်ဝသော ကလန်တွင် မွေးဖွားလာရခြင်းက အမှန်ပင် လူတစ်ဦး၏ ကံကောင်းမှုနှင့် သန်မာမှုဖြစ်သည်။
ဇူယွမ် ပြန်ပြောသည်ကို မစောင့်တော့ပဲ လုဖန်းက ဓားကို ချိပ်ပိတ်ကာ အော်ဟစ်လိုက်သည် …
“ဟ …”
“ဂီး …”
လင်းယုန်စိမ်း ဓားသွားဆီမှ ရှင်းလင်း ပြတ်သားသော လင်းယုန်အော်သံ ထွက်ပေါ်လာခဲ့ပြီး ထောင်ချီသော အစိမ်းရောင် အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး သေစေနိုင်သော ဓားချီများက ကောင်းကင်တစ်ခွင်လုံး ပြည့်နှက်သွားသည်။
ဝှစ် …
ဆက်ခနဲ လှုပ်ရှားလိုက်သည်နှင့် ဓားက အစိမ်းရောင် စီးကြောင်းအသွင် ပြောင်းလဲသွားသည်။ အလွန်အမင်း မြန်ဆန်သော နှုန်းဖြင့် ဇူယွမ်ထံသို့ တိုးဝင်သွားတော့သည်။
ဇူယွမ်၏ ခန္ဓာကိုယ် ချက်ချင်းပင် ဒြပ်မဲ့အခြေအနေသို့ ပြောင်းလဲသွားပြီး ရှောင်တိမ်းလိုက်သည်။
“မင်းဘယ်လောက်မြန်မြန် ငါ့ရဲ့ဓားရဲ့ အမြန်နှုန်းကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး” လုဖန်းက နှာခေါင်းရှုံ့လိုက်သည်။
ဘန်း …
တုန်လှုပ်ဖွယ် ကောင်းသော အစိမ်းရောင် အလင်းတန်းက ဇူယွမ်၏ရှေ့တွင် ပေါ်လာခဲ့သည်။ တောက်ပသော ဓားအလင်းက အရှေ့သို့ တိုးထွက်လာပြီး ဇူယွမ်၏ သေကွင်းသေကွက်များကို ဦးတည်လိုက်သည်။ သေစေနိုင်သော ဓားချီများ၏ တိုက်ခိုက်မှုကို ခံရပြီးနောက် ဇူယွမ်၏ ခရမ်းရွှေရောင် ကြေးခွံများမှာလည်း စတင် အက်ကွဲလာတော့သည်။
အံ့ဖွယ် စပါးအုံးကြေးခွံပင် အစိမ်းရောင် လင်းယုန်ဓား၏ ခုတ်ဖြတ်မှုမှ သူအား အကာကွယ်နိုင်တော့ပေ။
တစ်ဝက်တစ်ပျက် ကောင်းကင်အဆင့် မူလလက်နက်ကို မည်သည့် ခန္ဓာကိုယ် ပြင်ပကျင့်စဉ်ကမှ ရင်ဆိုင်နိုင်ဟန်မတူပေ။
ဓားအလင်းက နောက်တစ်ကြိမ် သူ၏ မျက်ဝန်းအိမ်တွင် မြင်လိုက်ရချိန်တွင် ဇူယွမ်က ကောင်းကင်ဘုံ ယွမ်စုတ်တံကို ထုတ်ယူလိုက်ပြီနောက် ကြီးထွား စေလိုက်သည်။ အဖြူရောင် အမျှင်များသည် အဖြူရောင် မြွေကြီး တစ်ကောင်အလား အရှေ့သို့ ထိုးတက်သွားပြီး အစိမ်းရောင် ဓားအလင်းကို ရစ်ပတ်လိုက်သည်။
ရှပ် … ရှပ် … ရှပ် …
သို့သော်လည်း အစိမ်းရောင် ဓားအလင်းများက အလွန်အမင်း စွမ်အားပြည့်နေပြီး အဖြူရောင် အမျှင်များကို တစ်ချက်တည်း ဖြတ်ပိုင်းလိုက်သည်။
ဇူယွမ်က နောက်သို့ ဆုတ်ခွာလိုက်ပြီး မူလချီများကို ကောင်းကင်ဘုံ ယွမ်စုတ်တံဆီသို့ ပို့လွှတ်လိုက်သည်။ မရေမတွက်နိုင်အောင် များပြားလှသည့် အဖြူရောင်အမျှင်များ ထွက်ပေါ်လာခဲ့ပြီး အစိမ်းရောင် အလင်းများကို ဆက်တိုက် တားဆီးနေသည်။
သို့သော်လည်း အစိမ်းရောင် ဓားအလင်းက အရှေ့သို့ ဆက်လက် တက်လာခဲ့ပြီး သူ၏ လမ်းကြောင်းတွင် ရှိနေသော မည်သည့် အတားအဆီးကိုမဆို ဖျက်ဆီးနေသည်။
ကောင်းကင်ဘုံ ယွမ်စုတ်တံမှာ တဖြည်းဖြည်း ပို၍ အရေးနိမ့်လာခဲ့သည်။
လွန်ခဲ့သော နေ့ရက်များတွင် ကောင်းကင်ဘုံ ယွမ်စုတ်တံမှာ တတိယ မှော်စာလုံးအထိသာ နိုးထခဲ့ပြီး အနက်ရောင် အလယ်အလတ်အဆင့် မူလလက်နက်သာ ရှိသေးသည်။ ထိုအရာက တော်ဝင်အဆင့် မူလလက်နက် တစ်ခု ဖြစ်ခဲ့ဖူးသော်လည်း ယခုအချိန်တွင် အိပ်မောကျနေသည့် ကျားကြီး တစ်ကောင်သာ ဖြစ်သည်။
ထိုစဉ်တွင် ဇူယွမ်က အနောက်သို့ ဆက်လက် ဆုတ်ခွာနေရဆဲ ဖြစ်သည်။
လုဖန်းက လေထဲတွင် လက်ပိုက်ကာ ရပ်လျက်ရှိပြီး ဇူယွမ် တစ်လှမ်းပြီး တစ်လှမ်း ဆုတ်ခွာနေရသည်ကို ကျေနပ်စွာ ကြည့်ရှုနေပေသည်။ သူ၏ ခန္ဓာကိုယ်မှ မူလချီများက စီးကြောင်းတစ်ခု အသွင်ဖြင့် လင်းယုန်စိမ်းဓား ဆီသို့ အဆုံးမဲ့စွာ စီးဝင်နေပြီး ဓားအား သဲကြီးမဲကြီး တိုက်ခိုက် နေစေပေသည်။
ဇူယွမ်အနေဖြင့် အစောပိုင်းတွင် သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန်၏ အမြန်နှုန်း စွမ်းအားပြည့်ဝသော အကာအကွယ်တို့ဖြင့် လုဖန်းနှင့် စည်းချက်ကျကျ တိုက်ခိုက် နိုင်ခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် လင်းယုန်စိမ်းဓားက ဇူယွမ်ထက် ပိုလျင်မြန်နေခဲ့ပြီး သူ၏ အကာအကွယ်ကို ချိုးဖြတ်ရန် အတွက်လည်း စွမ်းအား လုံလောက်နေပေသည်။
ထိုကြောင့် ဇူယွမ်က ယခုအချိန်တွင် လုံးဝကို ဖိနှိပ်ခံနေရပြီ ဖြစ်သည်။
ကောင်းကင် တစ်ခွင်လုံးမှ အကြည့်များက ရွှေရောင်ကျောက်တုံး စင်မြင့်မှ တိုက်ပွဲဆီသို့သာ ရောက်ရှိနေသည်။
စင်မြင့်ပေါ်ရှိ မြင်ကွင်းကြောင့် တပည့်များစွာက စိတ်အတွင်းမှ သက်ပြင်း ချလိုက်ကြသည်။ မျှော်လင့်ထားသလိုပဲ လုကလန်တွင် မွေးဖွားခဲ့သော လုဖန်းအနေဖြင့် သူ၏ ကျင့်ကြံခြင်း အရင်းအမြစ်နှင့် အခြေခံအုတ်မြစ်များမှာ သာမန်လူများ မယှဉ်နိုင်အောင် ဝေးကွာလွန်းပေသည်။
တစ်ဝက်တစ်ပျက် ကောင်းကင်အဆင့် မူလလက်နက်ကို မည်သည့် သာမန်တပည့်မျှ မကိုင်ဆောင်နိုင်ပေ။
ရွှေရောင်ကျောက်တုံး စင်မြင့်နှင့် အနီးဆုံးတွင် ရှိနေသည့် ဂူဟွမ်ဂျီနှက့် ယန်ရှိုးတို့မှာ တစ်ယောက်နှင့် တစ်ယောက် လှမ်းကြည့် လိုက်ကြသည်။ လုဖန်းသည် ဂူဟွမ်ဂျီနှင့် ပြဿနာဖြစ်ရန် အစီအစဉ် မရှိသောကြောင့် သူတို့နှစ်ယောက်မှာ မတိုက်ခိုက်ကြပေ။ ထိုကြောင့် သူတို့နှစ်ယောက်လုံးက ဇူယွမ်နှင့် လုဖန်းတို့၏ တိုက်ပွဲကိုသာ ကြည့်ရှုနေကြသည်။
ထိုတိုက်ပွဲကို ကြည့်နေရင်း ယန်ရှိုးက ရယ်မောကာဖြင့် ဂူဟွမ်ဂျီကို ပြောလိုက်သည် … “ကြည့်ပါဦး။ မင်းငါ့ကို တားနိုင်ခဲ့ပေမဲ့ သူလုဖန်းကို မယှဉ်နိုင်ခဲ့ဘူး။ သူ့အတွက် စောစောရှုံးနဲ့ နောက်ကျမှ ရှုံးတာပဲ ကွာသွားတယ်”
ဂူဟွမ်ဂျီက အေးစက်စက် လှမ်းကြည့်လိုက်ပြီး မည်သည့်စကားမျှမဆိုပေ။ သို့သော်လည်း သူမ၏ စိတ်ထဲတွင်တော့ အနည်းငယ် ဝမ်းနည်းမိပေသည်။ ဇူယွမ်၏ လက်ရှိအခြေအနေမှာ အမှန်ပင် မကောင်းပေ။
အားလုံး၏ အကြည့်အောက်တွင် ဇူယွမ်က ဆက်လက် နောက်ဆုတ်လျက်ရှိပြီး ရွှေရောင် ကျောက်တုံးစင်မြင့်၏ အစွန်နှင့် တဖြည်းဖြည်း နီးကပ်ခဲ့သည်။
သို့သော်လည်း သူ၏ အကြည့်က စတင်ပြီး တောက်ပလာခဲ့သည်။
သူ၏အကြည့်က သူ့လက်ထဲရှိ ကောင်းကင်ဘုံ ယွမ်စုတ်တံဆီသို့ ရောက်ရှိနေသည်။ လင်းယုန်စိမ်းဓား၏ ဖိနှိပ်မှုအောက်တွင် ထိုအရာက ဒေါသထွက်နေသည်ကို အနည်းငယ် ခံစားမိလိုက်ရသည်။
ထိုအရာက ဘုရင်တစ်ပါး၏ ဂုဏ်သိက္ခာကို စိန်ခေါ်ခံနေရသကဲ့သို့ ဖြစ်နေသည်။
ကောင်းကင်ဘုံ ယွမ်စုတ်တံထဲတွင် အမျက်ဒေါသများ စတင် အရှိန်ယူနေပေပြီ။