တောင်ထွတ်ရွေးချယ်မှု အခမ်းအနား(၇)
Vol. 20 Ch. 274
ကောင်းကင်ဘုံ ယွမ်စုတ်တံမှာ တစ်ချိန်က တော်ဝင်အဆင့် မူလလက်နက်တစ်ခု ဖြစ်ခဲ့သည်။ ယခုအချိန်တွင် သူ၏အဆင့်က နိမ့်ကျသွားသော်လည်းပဲ ဘုရင်တစ်ပါးအဖြစ် ရှိနေဆဲဖြစ်သည်။ ထိုကြောင့် တစ်ဝက်တစ်ပျက် ကောင်းကင်အဆင့်မျှသာ ရှိသေးသော လက်နက်တစ်ခုက သူအား ဆက်တိုက် ဖိနှိပ်လာသောအခါ စတင်ပြီး ဒေါသထွက်လာခဲ့သည်။
ဘုရင်တစ်ပါးက ကျရှုံးခဲ့ပေမဲ့ အနိုင်ကျင့်၍ ရသည်လို့တော့ မဆိုလိုပေ။
ဇူယွမ်၏ အကြည့်က စုတ်တံ၏ ကိုယ်ထည်ကို စိုက်ကြည့်ရင်း တောက်ပလာခဲ့သည်။ ထိုနေရာတွင် လေးခုမြောက် မှော်စာလုံးမှာ ဖြည်းဖြည်းချင်း တောက်ပလာခဲ့သည်။
အချိန်အတော်ကြာသည့် အထိ ဇူယွမ်အနေဖြင့် ကောင်းကင်ဘုံ ယွမ်စုတ်တံကို သားရဲဝိညာဉ်များ ကျွေးမွေးခဲ့ပေသည်။ သို့သော်လည်း စတုတ္ထမြောက် စာလုံးမှာ နိုးထမလာခဲ့သဖြင့် ဇူယွမ်၏ နှလုံးသားတွင် လေးလံလာခဲ့သည်။
အချိန်အတော်ကြာသည် အထိ တိတ်ဆိတ်နေခဲ့သော လေးခုမြောက် စာလုံးမှာ လင်းယုန်စိမ်းဓား၏ အဆက်မပြတ် ရန်စမှုကြောင့် နိုးထလာလိမ့်မည်ဟု သူထင်မှတ်မထားခဲ့ပေ။
တစ်ကြိမ်တစ်ခါက တော်ဝင်အဆင့် လက်နက်ဖြစ်ခဲ့ဖူးသည့် လက်နက်တစ်ခုသည် တစ်ဝက်တစ်ပျက် ကောင်းကင်အဆင့် မူလလက်နက်တစ်ခုက သူ့အား ရင်ဆိုင်လာခြင်းကို မခံမရပ်နိုင် ဖြစ်သွားခဲ့ဟန်တူသည်။
ဇူယွမ်၏ နှုတ်ခမ်းထောင်စွန်းမှာ မြင့်တက်သွားခဲ့သည်။
ဇူယွမ် မထင်ထားခဲ့သလိုပင် လင်းယုန်စိမ်းဓား၏ ဖိအားက ထိုကဲ့သို့ အကျိုးကျေးဇူးများ ပါဝင်ခဲ့ပြီး ထိုအရာက သူ့အား အကျိုးကျေးဇူးများစွာ ရရှိစေခဲ့သည်။
စုတ်တံ၏ ကိုယ်ပေါ်မှ လေးခုမြောက် မှော်စာလုံးက ပိုပိုပြီး တောက်ပလာခဲ့သည်။
ထိုအချိန်တွင် လုဖန်းမှာ တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိလိုက် ရသောကြောင့် မျက်မှောင်ကြုတ် သွားခဲ့သည်။ အစောပိုင်းက ဖြတ်ပိုင်းခြင်း ခံခဲ့ရသော နှင်းဖြူရောင် အမျှင်များမှာ တစ်စထက်တစ်စ ပိုမို သိပ်သည်းလာခဲ့ပြီး ဓားအလင်း၏ စွမ်းအားမှာ လျော့ကျလာခဲ့သည်။
“ငါထပ်ပြီး အချိန်ဆွဲလို့ မရတော့ဘူး။ သူ့ကို စင်ပေါ်က ရှင်းထုတ်မှ ရတော့မယ်”
လုဖန်း၏ မျက်လုံးအစုံမှာ ခက်ထက်သွားပြီး နောက်လက်ဟန် တစ်ခုသို့ ပြောင်းလဲလိုက်သည်။ လင်းယုန်စိမ်းထားသည် တုံ့ပြန်သံတစ်ခု ပြန်လည် ထုတ်ဖော်လိုက်ပြီး အစိမ်းရောင် ဓားအလင်းများက အရှေ့သို့ ထွက်ပေါ်လာခဲ့သည်။ ပေတစ်ရာ ရှည်လျားသော အလင်းတန်းတစ်ခု အဖြစ် အောက်သို့ ကျဆင်းလာခဲ့ပြီး လေဟာနယ် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သက်ပြင်းချသံနှင့် အော်သံများက ဧရိယာတစ်ခွင်လုံး ပျံ့နှံ့သွားခဲ့သည်။ လုဖန်း၏ စိတ်ရှည်မှုမျာ ကုန်ဆုံးသွားပြီး အဆုံးသတ် ရိုက်ချက်ကို ထုတ်ဖော်လိုက်မှန်း လူတိုင်း သိကြပေသည်။
မူလစဦး စတုတ္ထအဆင့်များပင် ထိုတိုက်ခိုက်မှုကို ထိခိုက်မှုမရှိဘဲ ချိုးဖြတ်ရန် မဖြစ်နိုင်ပေ။
ဂူဟွမ်ဂျီ၏ အမူအရာပင်လျှင် ချက်ချင်း ပြောင်းလဲသွားပြီး စိတ်ပူနေဟန်ဖြင့် လက်သီးကို တင်းကျပ်စွာ ဆုပ်ထားလိုက်သည်။
အစိမ်းရောင် ဓားအလင်းတန်းသည် ကျဆင်းလာခဲ့သည်။ ထိုအချိန်တွင် ဇူယွမ်က ခေါင်းကို မော့ကြည့်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် အဆုံးမဲ့သော အလင်းတန်းများ ဖြစ်ပေါ်နေသည်။
သူက လက်နှစ်ဖက်ဖြင့် ကောင်းကင်ဘုံ ယွမ်စုတ်တံကို ကိုင်ဆောင်ထားပြီး နှင်းဖြူရောင် အမျှင်များက ပန်းပွင့်ပုံသဏ္ဌာန်သို့ ပြောင်းလဲသွားကာ ထက်ရှသော ဓားအလင်းကို တားဆီးလိုက်သည်။
အမူအရာမဲ့စွာပဲ တန်တစ်ထောင်ခန့်မျှ လေးလံနေသော ကောင်းကင်ဘုံ ယွမ်စုတ်တံကို ခေါင်းပေါ်သို့ ပင့်တင်လိုက်သည်။
“သေချင်နေတာပဲ” ထိုမြင်ကွင်းကြောင့် လုဖန်းက အေးစက်စက် သရော်လိုက်သည်။
“မင်းရဲ့ အသုံးမကျတဲ့ စုတ်တံကို ငါ့ရဲ့ဓားက ဖြတ်တောက် သွားတာကို ကြည့်လိုက်စမ်း”
ခလမ်း …
များစွာသော အကြည့်များက ကောင်းကင်ပေါ်မှ ဒေါင်လိုက်ကျလာသော ဓားအလင်းက ကောင်းကင်ဘုံ ယွမ်စုတ်တံအား ခုတ်ချလိုက်သည့် မြင်ကွင်းကို စိုက်ကြည့်နေကြသည်။
သတ္တုနှစ်ခု ရိုက်ခတ်မိသံသည် ဧရိယာတစ်ခါင်လုံး ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့သည်။
ကျယ်လောင်သော အသံထွက်ပေါ် လာသည်နှင့် လုဖန်း၏ မျက်ဝန်းအိမ်မှာ ကျဉ်းမြောင်းသွားပြီး သူ၏ မျက်နှာပေါ်တွင် ထိတ်လန့် တုန်လှုပ်ဟန် ပေါ်လာခဲ့သည်။
သူ၏ လင်းယုန်စိမ်းဓားမှာ တုန်ခါသွားသည်ကို မြင်လိုက်ရပြီး နာကျင်မှုကြောင့် မြည်သံများပင် ထွက်ပေါ်လာခဲ့သည်။ ဓားအလင်းတန်းမှာလည်း ဓားကဲ့သို့ပင် အနက်ရောင် စုတ်တံ၏ ဆုတ်ဖြဲခြင်းကို ခံလိုက်ရသည်။
ဇူယွမ်၏ စုတ်တံ စွမ်းအားမှာ အရှိန်အဟုန်ဖြင့် အဆုံးမဲ့စွာ တိုးမြင့်လာခဲ့သလိုပင် ဖြစ်သည်။
ထိုအရာဆီမှာ ဝေလငါး တစ်ကောင်၏ အော်သံသဲ့သဲ့ကိုပင် ကြားနေရပေသည်။
“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ဧရိယာတစ်ခွင်လုံးရှိ အော်သံများ ထွက်ပေါ်လာခဲ့သည်။
ကလန်ခေါင်းဆောင် ချင်းယန်တို့ လူစုပင် အံအားသင့်စွာ အော်လိုက်မိကြသည်။
တုန်လှုပ်နေသော အကြည့်များအောက်တွင် ဇူယွမ်က အသက်ကို ရှည်လျားစွာ ရူထုတ်လိုက်သည်။ သူ၏ မျက်လုံးအစုံမှာ တောက်ပနေပြီး စုတ်တံ၏ ကိုယ်ထည်ကို ဖြည်းညင်းစွာ ပွတ်သက် ကြည့်လိုက်သည်။ သူ၏ လက်ဝါး ဖြတ်သန်းသွားရာ တစ်လျှောက်တွင် ရှေးဟောင်းမူလ မှော်စာလုံး တစ်ခုက ထူးဆန်းသော အလင်းများဖြင့် တောက်ပလာခဲ့သည်။
ကောင်းကင်ဘုံ ယွမ်စုတ်တံ စတုတ္ထမြောက် မှော်စာလုံး သန်းချီသောဝေလငါး။
ဘန်း …
လင်းယုန်စိမ်းဓားသည် သူ့ဆီသို့ ပျံသန်းခဲ့ပြီး မူလက မယှဉ်သာနိုင်အောင် ရှိနေသည့် ဓားလင်းတန်းမှာလဲ ဆုတ်ဖြဲခံခဲ့ရပြီး ဖြစ်သည်။ လုဖန်းက သူ၏ မူလချီများကို လှည့်ပတ်လိုက်ပြီး လင်းယုန်စိမ်းဓားကို တည်ငြိမ်စေခဲ့သည်။
ဓားပေါ်တွင် အက်ကြောင်းရာတစ်ခု ရှာတွေ့ခဲ့ပြီး ၎င်းက ဒဏ်ရာ ရရှိခဲ့သည့်အလား တုန်ယင်နေပေသည်။
လုဖန်း၏ အသားရောင်မှာ ပြာနှမ်းသွားပြီး သူ၏ မျက်လုံးအစုံမှာ ထိတ်လန့် တုန်လှုပ်မှုဖြင့် ပြည့်နှက်သွားခဲ့သည်။ လက်းယုန်စိမ်းဓားက ဇူယွမ်ကို တစ်လျှောက်လုံး ဖိနှိမ်လာခဲ့ပြီးမှ ရုတ်တရက် သည်အခြေအနေသို့ ပြောင်းလဲသွားရသနည်း …
ဇူယွမ်၏ ထူးဆန်းသော အနက်ရောင် စုတ်တံသည် အလယ်အလတ် အဆင့် မူလလက်နက်ပင် ဖြစ်သည် မဟုတ်လား။ အဘယ်ကြောင့် လင်းယုန်စိမ်းဓား၏ ဓားအလင်းကို ဆုတ်ဖြဲနိုင်ခဲ့သနည်း။
မူလချီတိမ်တိုက်ပေါ်ရှိ ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားခေါင်းဆောင်များ မှာလည်း ထိတ်လန့်တုန်လှုပ်စွာ ရှိနေခဲ့ကြပြီး သူတို့အားလုံးက ဇူယွမ်၏ လက်ထဲမှ ကောင်းကင်ဘုံ ယွမ်စုတ်တံကိုသာ အာရုံစိုက်နေကြသည်။
“ဟီးဟီး … ဘယ်လောက် စိတ်ဝင်စားဖို့ ကောင်းလိုက်လဲ။ သည်ကောင်လေး လက်ထဲက အနက်ရောင် စုတ်တံကလည်း တကယ်ကို သာမန်မဟုတ်ဘူးပဲ” ကလန်ခေါင်းဆောင် ချင်းယန်က အံ့အားသင့်စွာ ပြောသည်။
“အနက်ရောင် စုတ်တံက မူလက အလယ်အလတ် အနက်ရောင်အဆင့် မူလလက်နက်ပဲ ရှိသေးပေမဲ့ အခုတော့ အဆင့်တက်သွားပြီး တစ်ဝက်တစ်ပျက် ကောင်းကင်အဆင့်ကို ရောက်သွားခဲ့ပြီ”
အဖြူရောင် ဝတ်စုံနှင့် အကြီးအကဲက တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားသည့် အလား စိတ်ဝင်စားသည့် လေသံဖြင့် ပြောလိုက်သည် “သည်စုတ်တံကလည်း မူလမှော်စာလုံး စုတ်တံအမျိုးအစားပဲ၊ ဘယ်လောက်တောင် စိတ်ဝင်စားဖို့ ကောင်းလိုက်လဲ …”
“သည်ကလေးလည်းပဲ ကံကောင်းခြင်းရဲ့ ကောင်းချီးတွေ ရရှိထားတာပဲ” ဂူထျန်းဟုန်က ခေါင်းညိတ်လိုက်သည်။
နှင်းပဒုမ္မာတောင်ထွတ် ဆရာသခင်မ၏ နီဆွေးသော နှုတ်ခမ်းရဲလေးက ကွေးညွတ်တက်သွားပြီး ဇူယွမ်၏ ပုံရိပ်ကို စိုက်ကြည့်လိုက်သည် “သည်တစ်ယောက်က တကယ်ကို မဆိုးဘူးပဲ။ ငါသူ့ကို ပိုပိုပြီး သဘောကျလာပြီ”
သူမက စကားပြောရင်းနှင့် လင်ကျွမ်းဆီသို့ လှမ်းကြည့်လိုက်သည်။
လင်ကျွမ်းက အသာအယာပင် ရယ်မော လိုက်သော်လည်း မည်သည်မှ ပြန်မပြောဘဲ ဇူယွမ်ကိုသာ အတန်ကြာသည် အထိ စိုက်ကြည့်နေသည်။
သူ၏ အနောက်ရှိ လုရွှမ်းယင်ကတော့ အံကြိတ်လျက် ဇူယွမ်ကို မုန်းတီးစွာ စိုက်ကြည့်နေသည်။ သည်ကောင်လေးက အမှန်တကယ်ပင် ရွှံ့နှင့်တူပြီး ရှင်းထုတ်ရန် ခက်ခဲလှပေသည်။
တုန်လှုပ်နေသော အကြည့်များ အောက်တွင် ဇူယွမ်၏ အမူအရာမှာ တည်ငြိမ်နေပြီး တောက်ပသော မျက်လုံးများဖြင့် ကောင်းကင်ဘုံ ယွမ်စုတ်တံကို ကြည့်ရှုနေသည်။
“သန်းချီသော ဝေလငါး ဟမ့် …”
ဇူယွမ်က မိမိဘာသာ ရေရွတ်လိုက်သည်။
လေးခုမြောက် မှော်စာလုံး နိုးထလာပြီ ဖြစ်သဖြင့် ထိုစာလုံး၏ စွမ်းအား အကြောင်းကို သူရလိုက်ပြီဖြစ်သည်။
အစောပိုင်း ရှေးဟောင်းစာလုံး သုံးခုမှာ အမျိုးမျိုးသော စွမ်းရည်များနှင့် ပြောင်းလဲခြင်းမှာ ပါရှိနေပြီး စတုတ္ထမြောက် စာလုံး၏ စွမ်းအားကိုတော့ ဥပဒေသတစ်ခုဟု ပြောနိုင်ပြီး အံ့အားသင့်ဖွယ် စွမ်းအားများ ပါရှိပေသည်။
သန်းချီသော ဝေလငါးသည် ရှေးဟောင်း နဂါးဝေလငါးမျိုးနွယ် ဖြစ်ပြီး အကန့်အသတ်မဲ့သော စွမ်းအားများ ပါရှိပေသည်။ ရှေးဟောင်း နဂါးဝေလငါး တစ်ကောင်၏ စွမ်းအားသည် တောင်များကို ဖြိုချနိုင်ပြီး ပင်လယ်ကို ပြောင်းပြန် လှန်နိုင်ပေသည်။ ထို့ကြောင့် သန်းချီသော ဝေလငါးလဟူသည့် ခေါင်းစီးသည် အလွန်ကို ကြောက်မက်ဖွယ် ကောင်းပေသည်။
သည်သန်းချီသော ဝေလငါး စာလုံးကို အသက်သွင်းရန် လုံလောက်သော မူလချီရှိနေပါက စုတ်တံကို တစ်ချက်မျှ ယမ်းလိုက်ရုံဖြင့် ထိုအရာ၏ လမ်းကြောင်းမှာ ရှိနေသော မည်သည့် အတားအဆီးကို မဆို ဖျက်ဆီးပစ်နိုင်ပေသည်။
“အံ့အားသင့်စရာပဲ …” ဇူယွမ်က ရယ်မောလိုက်သည်။ စတုတ္ထမြောက် မှော်စာလုံး နိုးထပြီးသည်နှင့် ကောင်းကင်ဘုံ ယွမ်စုတ်တံမှာ တစ်ဝက်တစ်ပျက် ကောင်းကင်အဆင့်သို့ ရောက်ရှိသွားခဲ့ပေပြီ။
သူ့အနေဖြင့် ထိုထဲတွင် ပါဝင်နေသည့် စွမ်းအားများ စီးဆင်းနေမှုနှင့် ဖိအားအချို့ကို ခံစားမိပေသည်။
ဇူယွမ်က ကောင်းကင်ဘုံ ယွမ်စုတ်တံကို ဆုပ်ကိုင်ထားရင်း ခေါင်းမော့ကာ အမူအရာ ပျက်ယွင်းလျက် ရှိနေသည့် လုဖန်းကို လှမ်းကြည့်လိုက်သည် “မင်းပြောတဲ့ နောက်ခံအင်အားနဲ့ အရင်းအမြစ်တွေက ငါပိုင်ဆိုင် ထားတာတွေထက် ပိုမကောင်းပါလား …”
လုဖန်းက ဒေါသတကြီး ရယ်မောလိုက်ပြီး အေးစက်စက် ပြန်ပြောလိုက်သည် “ဇူယွမ် မင်းအောင်ပွဲခံတာ မစောလွန်းဘူးလား”
သူ၏ လက်နှစ်ဖက်ကို အတူတကွ စုစည်းလိုက်သည်နှင့် ရုန့်ရင်းသော မူလချီများက ကောင်းကင်ထက်သို့ ဝင်ရောက်သွားပြီး လင်းယန်စိမ်းဓားနှင့် ပေါင်းစပ်သွားကာ အရှေ့သို့ ပျံသန်းသွားခဲ့သည်။ ဓားတစ်ခုလုံး ချက်ချင်းပင် တုန်ခါလာခဲ့ပြီး ဓားအလင်းတန်းက ထပ်မံပြီး ပေါက်ကွဲကာ ထွက်ပေါ်လာခဲ့သည်။
“မင်းရဲ့အသုံးမကျတဲ့ စုတ်တံကို ငါမခုတ်ပိုင်းနိုင်ဘူး ဆိုတာ ငါမယုံဘူး”
လုဖန်း၏ ကြုံးဝါးသံနှင့်အတူ လင်းယုန်စိမ်းဓားမှ အစိမ်းရောင် အလင်းတန်းများက ပေါက်ကွဲ ထွက်လာခဲ့သည်။ ထိုအစိမ်းရောင် အလင်းတန်းကြားတွင် ကြီးမားသော လင်းယုန်ကြီး တစ်ကောင်၏ ပုံရိပ်ပင် ပေါ်လာခဲ့ပြီး ဆွဲဆွဲငင်ငင် အော်မြည်ကာ ထိတ်လန့် တုန့်လှုပ်ဖွယ် ကောင်းသော အော်ရာ အရှိန်အဝါများက အရှေ့သို့ ပျံ့လွင့်လာခဲ့သည်။
“သွား …”