တောင်ထွတ်ရွေးချယ်မှု အခမ်းအနား(၉)
Vol. 20 Ch. 275.b
“ဒါအကုန်ပဲလား”
“ဒီလိုဆိုရင်တော့ ငါ့အလှည့်ပဲ …”
ဇူယွမ်က မိမိဘာသာ ရေရွတ်လိုက်ပြီးနောက် သူက ရုတ်တရက် လေချွန်လိုက်လေသည်။
ထိုလေချွန်သံသည် မိုးချုန်းသံကဲ့သို့ ကျယ်လောင်ပေသည်။ ထိုအခိုက်တွင် ဖိနှိပ်ခြင်းခံနေရသည့် မူလသားရဲများသည် မိုးချုန်းသံကဲ့သို့ ဟိန်းသံများပြုကာ ပြန်လည် တုံ့ပြန်လိုက်သည်။ သူတို့ ဟိန်းဟောက်ပြီးသည်နှင့် သူတို့၏ ခန္ဓာကိုယ်မှ ကြမ်းတမ်းသော အရှိန်အဝါများက ရုတ်တရက် တိုးမြင့်လာခဲ့သည်။
မူလအစောပိုင်းက ပေတစ်ရာသာ ရှည်လျားသော မူလတိုင်များမှာ စတင် ကြီးထွားလာခဲ့ပြီး တစ်ခုချင်းစီမှာ ပေသုံးရာဆီသို့ ရောက်ရှိလာခဲ့သည်။
“ဘာ”
ရုတ်တရက် ပြောင်းလဲသွားသော အဖြစ်အပျက်ကြောင့် လုဖန်း၏ မျက်ဝန်းအိမ်မှာ ကျဉ်းမြောင်းသွားခဲ့ပြီး “ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူ အဆင့်လေးမှော်သားရဲ သွေးအဆီအနှစ်ကိုပဲ သန့်စင်နိုင်ခဲ့တာ သေချာပါတယ် ဘာလို့ ဒီလောက်တောင် စွမ်းအားကြီးသွား ရတာလဲ”
အစောပိုင်းက သူလည်း နဂါးကိုးကောင် နိယာမကျင့်စဉ်ကို လေ့လာခဲ့ပေသည်။ ထိုကျင့်စဉ်တွင် ဖော်ပြထားသည်က အဆင့်ငါး မူလသားရဲ၏ သွေးအဆီအနှစ်ကို သန့်စင်နိုင်မှသာလျှင် မူလချီသားရဲ တိုင်လုံးများမှာ ပေသုံးရာအမြင့်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။ တောက်ပသော ရတနာခန်းမတွင် မည်သည့် အဆင့်ငါးသားရဲ၏ သွေးအဆီအနှစ်မှ မကျန်တော့သည်ကို သူမှတ်မိ နေပေသေးသည်။
ဇူယွမ်၏ အမူအရာမှာ မပြောင်းလဲပဲ ကျန်ရှိနေသေးခဲ့သည်။ သူ့အနေဖြင့် အဆင့်လေး မူလသားရဲ အဆီအနှစ်များသာ ဝယ်ယူ ရရှိခဲ့သော်လည်း ထန်ထန်၏ သွေးကိုအသုံးပြုကာ ထိုအဆင့်လေး မူလသားရဲ သွေးအဆီအနှစ်များအား အစောပိုင်း အဆင့်ငါးမူလသားရဲ သွေးအဆီအနှစ်များနှင့် နှိုင်းယှဉ်နိုင်အောင် အထိ အဆင့်မြှင့်တင် ထားနိုင်ခဲ့ပေသည်။
ဝေါင်း …
ပေသုံးရာအထိ ရှည်လျားသော မူလသားရဲများမှ အံ့အားသင့်ဖွယ် ကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည်။ သူတို့၏ ရှည်လျားသော အမြီးများဖြင့် အစိမ်းရောင် ကြယ်တံခွန် သုံးခုကို ရစ်ပတ်ချည်နှောင် ထားလိုက်ပြီး အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။
ဒေါင် …
အစိမ်းရောင် ကြယ်တံခွန်သုံးခုသည် ချက်ချင်းပင် ပြိုကွဲသွားခဲ့ပြီး ကောင်းကင်တွင် အလင်းစက် အမှုန်များဖြင့် ပြည့်နှက်သွားခဲ့သည်။
ကောင်းကင်တစ်ခွင်လုံး အုန်းအုန်းကျွက်ကျွက် ဆူညံသံများဖြင့် ပြည့်နှက်သွားခဲ့သည်။ လုဖန်း၏ အစောပိုင်းက အားသာနေမှုမှာ ပြီးဆုံးသွားပြီဖြစ်သည်။
ဝေါင်း …
ကြယ်တံခွန်သုံးခုကို ဖျက်ဆီးပြီးနောက်တွင် သားရဲသုံးကောင်သည် သူတို့တွင် ကျန်ရှိနေသေးသော တုန်လှုပ်ဖွယ် စွမ်းအားများဖြင့် လှုပ်ရှားလိုက်ပြီး လျှပ်တစ်ပြက်အတွင်း လုဖန်း၏ အထက်တွင် ပေါ်လာခဲ့သည်။
သားရဲသုံးကောင်သည် ဝင့်ကြွားစွာ ဟိန်းဟောက်လိုက်ပြီး လုဖန်းအား တိုက်ခိုက်လိုက်ကြသည်။
လုဖန်း၏ မျက်နှာတွင် အလွန်အမင်း ကြောက်ရွံ့ တုန်လှုပ်သွားဟန် ပေါ်လာခဲ့ပြီး မူလချီများကို ဖြန့်ကြက်ကာ ပေတစ်ရာခန့်မြင့်မားသည့် မူလချီနရံကြီးက သူ၏ရှေ့တွင် ပေါ်လာခဲ့သည်။
ဘုန်း …
ရန့်ရင်းသော အားလှိုင်းများက တိုက်ခိုက်ရာမှ ထွက်ပေါ်လာခဲ့သည်။
လုဖန်း၏ အစိမ်းရောင် မူလချီနရံကြီးမှာ အစိတ်အပိုင်းများ အဖြစ် ကွဲထွက်သွားခဲ့ပြီး သူ့၏ ခန္ဓာကိုယ်မှာလည်း အမြောက်ဆန်တစ်ခုကဲ့သို့ ကောင်းကင်ယံမှ ကျဆင်းလာခဲ့သည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သူ၏ ခန္ဓာကိုယ်မှာ ရွှေရောင် ကျောက်တုံးစင်မြင့်ထဲသို့ နစ်ဝင်သွားခဲ့သည်။
စင်မြင့်ပေါ်ရှိ အက်ကွဲကြောင်းမှ ဖုန်မှုန့်များသည် လေထုထဲတွင် ပြည့်နှက်သွားခဲ့သည်။
ကောင်းကင်ယံပေါ်တွင် သားရဲသုံးကောင်မှာ သူတို့၏ စွမ်းအင်များကို အကုန်အစင် သုံးစွဲပြီးသွားသဖြင့် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။ ဇူယွမ်မှာ အသက်ရှူထုတ်လိုက်ပြီး လုဖန်းကျသွားခဲ့သော နေရာသို့ အမူအရာမဲ့စွာဖြင့် လှမ်းကြည့်လိုက်သည်။
ပတ်ဝန်းကျင်ရှိ ကမ္ဘာလောကကြီးသည် ရုတ်ခြည်းပင် တိတ်ဆိတ်သွားခဲ့သည်။
အခြားနေရာတွင် ဖြစ်ပွားနေသော တိုက်ပွဲများမှာလည်း ထိုအခိုက်တွင် ရပ်တန့်သွားခဲ့ပြီး ထိပ်ဆုံးတွင် ရှိနေသော စင်မြင့်ဆီသို့ တုန်လှုပ်စွာ လှမ်းကြည့် လိုက်ကြသည်။ ထိုနေရာတွင် ဖြစ်ပွားနေသော တိုက်ပွဲနှင့် နှိုင်းယှဉ်ပါက သူတို့၏ တိုက်ပွဲများမှာ ကလေးသာသာပင်။
လုဖန်းလေထဲမှ ပြုတ်ကျ လာခဲ့သည်ကို မြင်ရသောအခါ အားလုံးက တံတွေးကို အကြိမ်ကြိမ် မျိုချလိုက်ပြီး ထိတ်လန့် တုန်လှုပ်စွာဖြင့် ဇူယွမ်အား လှမ်းကြည့်လိုက်ကြသည်။
ဇူယွမ်၏ တိုက်ပွဲဝင်စွမ်းအားမှာ ဤမျှ လွှမ်းမိုးနိုင်စွမ်း ရှိလိမ့်မည်ဟု မည်သူမှ မထင်မှတ်ထားခဲ့ပေ။
ဂူဟွမ်ဂျီက ရွှေရောင်စင်မြင့်၏ ဘယ်ဘက်အခြမ်းတွင် မတ်တတ်ရပ်ကာ ကျန်ရစ်နေခဲ့သော ပုံရိပ်ကို ကြည့်ကာ အံ့အားသင့်နေပေသည်။ ထိုအကောင် ပြသခဲ့သော အင်အားသည် သူမ မျှော်လင့်ထားခဲ့ သည်ထက် များစွာ သာလွန်နေပေသည်။
ဂူဟွမ်ဂျီက အေးစက်စက်ပြုံးကာ ယန်ရှိုးအား လှမ်းကြည့်လိုက်ပြီး “နင် ဘယ်လိုထင်လဲ”
ယန်ရှိုး၏ အမူအရာမှာ လေးနက်သွားခဲ့ပြီး ဖြည်းညင်းစွာ ဖြေလိုက်သည် “သူက အတော်လေး ကြောက်စရာ ကောင်းတယ်။ ငါတောင် သူ့လောက် မကောင်းနိုင်ဘူး”
သူသာ လုဖန်းနေရာတွင် ဆိုပါက သူလည်းရှုံးနိမ့်မည်ကို သိပေသည်။
သို့သော်လည်း သူက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူ၏ မျက်လုံးအစုံတွင် စိတ်ရှုပ်ထွေးဟန်များ ပေါ်လာခဲ့သည် “ဒါပေမဲ့ … လုဖန်းက အောင်မြင်မှုရဖို့ ဘာမဆိုလုပ်မှာပဲ … ဟွမ်ဂျီ ဒီတိုက်ပွဲမှာ ဇူယွမ် မနိုင်နိုင်ဘူး”
ထိုစကားကို ကြားရချိန်တွင် ဂူဟွမ်ဂျီ၏ မျက်ဝန်းများမှာ ကျဉ်းမြောင်း သွားတော့သည်။ သူမက တစ်စုံတစ်ခု ပြန်ပြောရန် ပြင်လိုက်စဉ်မှာပဲ သူမက ရုတ်တရက် တစ်စုံတစ်ခုကို ခံစားမိလိုက်ပြီး ခေါင်းမော့ကာ ရွှေရောင်စင်မြင့်ဆီသို့ လှမ်းကြည့်လိုက်သည်။
ဖုန်မှုန့်များမှာ တဖြည်းဖြည်း လွင့်စဉ်သွားခဲ့ပြီး ပုံရိပ်တစ်ခုက လမ်းလျှောက် ထွက်လာခဲ့သည်။
ထိုပုံရိပ်မှာ လုဖန်းပင် ဖြစ်သော်လည်း ယခုအချိန်တွင် သူ၏ ပုံရိပ်မှာ အလွန်အမင်း သနားဖွယ်ရာ ကောင်းနေပေသည်။ သူ၏ အဝတ်အစားများမှာ စုတ်ပြဲနေပြီး နှုတ်ခမ်းထောင့်စွန်းမှပင် သွေးများ စီးကျနေကာ ဇူယွမ်၏ နဂါးကိုးကောင် နိယာမကြောင့် ဒဏ်ရာရရှိခဲ့မှန်း သိသာနေပေသည်။
သူ၏ အနေအထားမှာ လွန်စွာ ဆိုးရွားနေသော်လည်း သူ၏ မျက်လုံးထဲတွင် နှလုံးပင် တုန်ခါ သွားစေနိုင်သည့် မီးတောက်များ လောင်ကျွမ်းနေပေသည်။
သူက ဇူယွမ်ကို လှမ်းကြည့် လိုက်ပြီးနောက် သူ၏ နှုတ်ခမ်းထောင့်စွန်းမှ မှိန်ဖျော့သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်”
“ငါ့ကို ဒီလိုအခြေအနေအထိ ဖြစ်လာစေမဲ့နေ့မျိုး ရှိလာလိမ့်မယ်လို့ ငါတကယ် မထင်ထားခဲ့ဘူး”
“ဒါပေမဲ့ ငါ့ကို နင်းဖြတ်သွားဖို့ ဆိုတာ မင်းအတွက် လွယ်ကူနေမှာ မဟုတ်ဘူး”
လုဖန်း၏ တိုးညင်းသောအသံ ကွယ်ပျောက် သွားချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲမှ သွေးများ လောင်ကျွမ်းလာခဲ့ပြီး ကြက်သွေးနီရောင်သို့ ပြောင်းလဲလာခဲ့သည်။ တစ်ချိန်တည်းမှာပဲ သူ့ခန္ဓာကိုယ်မှ တုန်လှုပ်ဖွယ် ကောင်းသော မူလချီများက မီးတောင်တစ်လုံးကဲ့သို့ ပေါက်ကွဲထွက်လာပြီး တဖြည်းဖြည်း သန်မာလာခဲ့သည်။
အသက်ရှိုက်စာ အချိန်အနည်းငယ် ကြာပြီးနောက် …
လုဖန်း၏ မူလချီများသည် မူလစဦး စတုတ္ထအဆင့်ကို ဖြတ်ကျော်ပြီး ပဉ္စမအဆင့်သို့ တက်လှမ်းသွားခဲ့သည်။
နားကွဲမတတ် အော်ဟစ်သံများသည် ကောင်းကင် တစ်ခွင်လုံး လွှမ်းမိုးသွားခဲ့သည်။
ဇူယွမ်နှင့် လုဖန်းတို့၏ တိုက်ပွဲမှာ သည်လောက်အထိ ပြင်းထန် လာခဲ့လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ပေ။ လုဖန်းက အမှန်ပင် အသိစိတ် ပျောက်ဆုံးနေခဲ့ပြီး ဇူယွမ်အား နင်းချေနိုင်ရန် အတွက် မည်သည့် တန်ဖိုးမဆို ပေးဆပ်ရန် အသင့်ဖြစ်နေလေသည်။
ဇူယွမ်တွင် နောက်ထပ် ဝှက်ဖဲမရှိတော့ပါက လုဖန်းအား ဆက်လက် ရင်ဆိုင်ရန် မဖြစ်နိုင်တော့ပေ။
ထိုသို့ ဖြစ်ခဲ့ပါက ပထမနေရာက လုဖန်း၏ လက်အတွင်းသို့ ကျရောက်မည်မှာ အသေအချာပင် ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်အတွင်းမှာ မူလချီများ တဖြည်းဖြည်း မြင့်တက်လာသည်ကို ခံစားမိသည်နှင့် လုဖန်း၏ မျက်လုံးများမှာ သွေးနီရောင် သန်းလာခဲ့ပြီး ဇူယွမ်ကို စိုက်ကြည့်လိုက်သည်။
အေးစက်စက် အသံထွက်ပေါ် လာခဲ့သည်။
“ဇူယွမ် မင်းမှာ လိမ္မာပါးနပ်မှု နည်းနည်းရှိသေးရင် မင်းကိုယ်တိုင် စင်အောက်ကို ဆင်းသွားလိုက်”
“ငါ့လက်နဲ့ လုပ်ရရင်တော့ … သေမလား ရှင်မလား မသေချာဘူး”