← Chapters

တစ္ဆေမြူများ ပေါ်ထွက်လာခြင်း

Vol. 42 Ch. 576

တစ္ဆေမြူများ ပေါ်ထွက်လာခြင်း

Vol. 42 Ch. 576

အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့် အများစုဆို သည်ရွှေရောင်မီးတောက်များကို ဆယ့်ငါးမိနစ်ပင် တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

သို့ရာတွင် ဟန်လိသည် လူအများစုထဲတွင် ပါနေသူ မဟုတ်ပေ။

ထိုအချိန်တွင် သူက သူ့ဘေးပတ်လည်ရှိ ရွှေရောင်မီးတောက်များကို မျက်မှောင်ကြုတ်ပြီး စိုက်ကြည့်နေလျက် သူ့သိုလှောင်အိတ်ကို ပုတ်ကာ ပုလင်းငယ်တစ်လုံးကို ထုတ်ယူသည်။

ဟန်လိသည် ပုလင်းငယ်တစ်လုံးကို တစ်ချက်ဖြတ်ကြည့်ကာ သက်ပြင်းချသည်။ သူ့၌ နှစ်အသင်္ချေစိတ်ဝိညာဉ် ပိုင်ဆိုင်ထားသည် မဟုတ်လား။ ၎င်းသာ မရှိခဲ့လျှင်တော့ သူသည် များများစားစား တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

ထိုအဖြစ်က ရက်စက်လှသည့် ဟာသတစ်ခုပင်။ ယွမ်ယောင်ထံမှသာ စိတ်ဝိညာဉ်နို့ရည်ကို မရခဲ့လျှင် သူ့အဆုံးသတ်က သေခြင်းတရားသာ ဖြစ်နေပေတော့မည်။ သို့ပေမည့် တစ်ချိန်တည်းမှာ ထိုစိတ်ဝိညာဉ်နို့ရည်ကြောင့် မဟုတ်လျှင် သူသည် လမ်းခြောက်သွယ်လက်နက်သူတော်စင်၏ တပည့်ဖြစ်သူ ဝမ်ထျန်ရန်နှင့် တွေ့ကြုံပြီး အခုကဲ့သို့ အခြေအနေမျိုး ဆိုက်ရောက်လိမ့်မည် မဟုတ်ပေ။

ခုလက်ရှိ အနေအထားအရ ဟန်လိသည် အရှုံးဘက်သို့ ရောက်နေပေသည်။ သို့သော် နှစ်အသင်္ချေစိတ်ဝိညာဉ်နို့ရည် ပုလင်းတစ်ဝက်ကြောင့် သူသည် လုံးဝ လုံခြုံသည်ဟု ခံစားမိသည်။ သူ့ကို ပိတ်မိနေစေသော ရွှေရောင်အလင်းကိုဖြစ်စေ၊ သူ့ဝန်းကျင်ရှိ ပူပင်းသော ရွှေရောင်မီးတောက်များကိုဖြစ်စေ ဝမ်ထျန်ရန်အနေဖြင့် အားစုတ်ထုတ်ရခြင်း မရှိလေဘဲ ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ပေ။ ဝမ်ထျန်ရန်သာ သည်တိုက်ပွဲတွင် ခံနိုင်ရည် ရှိမှုခြင်း ပြိုင်လာခဲ့ပါက အနိုင်ရသူသည် ဟန်လိသာ ဖြစ်သွားပေလိမ့်မည်။

ထိုအတွေးဖြင့် ဟန်လိ၏မျက်နှာထက်တွင် လှောင်ပြောင်ဟန်တစ်ခု ဖြစ်ပေါ်လာ၏။ ထို့နောက်မှာ သူက အလင်းအရံအတားအတွင်း၌ ထိုင်ချကာ ဝမ်ထျန်ရန် မောပန်းသွားချိန်တွင် တန်ပြန်တိုက်ခိုက်နိုင်အောင် ကြိုပြင်ဆင်လေသည်။

သည့်နောက်မှာ ထူးခြားသော မြင်ကွင်းတစ်ခု ဖြစ်လာတော့သည်။ အစောပိုင်းတုန်းက လေထုထဲ၌ မိုးကြိုးများ၊ အလင်းများ ဖြာထွက်နေခြင်းကနေ ရုတ်တရက် ငြိမ်သက်အေးဆေးခြင်းသို့ ပြောင်းလဲသွားခဲ့လေပြီ။ ဝမ်ထျန်ရန်ကော၊ ဟန်လိကောသည် ထိုင်နေလျက် သူတို့၏ ကိုယ်စီမန္တာန်များကို ပုံဖော်ထားကြသည်။ သို့ပေမည့် ဆယ်မီတာမျှ အမြင့်ရှိသော မီးတောက်များကမူ ဆက်လက် လောင်ကျွမ်းနေလျက် ရှိ၏။

ထိုသည်ကိုမြင်သည့်အခါ နတ်သမီးစိတ်ဝိညာဉ်သည် စိတ်ထဲကနေ သက်ပြင်းချမိ၏။ သူမ မြင်နေသလောက်ဆို ဟန်လိသည် ရှုံးဖို့များနေသည်။ ရွှေရောင်မီးတောက်များဖြင့် ပိတ်လှောင်ခံထားရသည်။ လက်ရှိတွင် ဟန်လိသည် ငွေရောင်အလင်းအရံအတားထဲတွင် ရှိနေသော်ငြား ၎င်းမှာ အများဆုံးမှ ယာယီအကာအကွယ်မျှသာ ဖြစ်လိမ့်မည်ဟု သူမ ထင်သည်။

သူမသည် စိတ်ရှုပ်ထွေးဟန်ဖြင့်သာ နေရာတွင် ရပ်နေမိတော့သည်။ သို့ပေမည့် သူမက ရှေ့သို့တိုးရန် စိတ်ကူးရှိမနေပေ။ သူမသည် သူတို့နှစ်ယောက်ကြား တိုက်ပွဲမပြီးမချင်း ဝင်ပါမည့်စိတ်ကူး မရှိပုံ ရ၏။

ထိုအချိန်တွင် မိန်မောင်နှစ်မ၊ အဘိုးအိုကျောက်နှင့် အခြားအဆင့်နိမ့်ကျင့်ကြံသူတို့ အုပ်စုသည် ကျွန်းနှင့် ကီလိုမီတာငါးဆယ်အကွာတွင် ရှိနေပေသည်။ သူတို့က ဟန်လိနှင့် ဝမ်ထျန်ရန်တို့ တိုက်ပွဲကို လှမ်းကွာလှသဖြင့် မမြင်ကြသော်လည်း အကွာအဝေးတစ်ခုရှိ အလင်းဖြာထွက်ခြင်းများ၊ ပေါက်ကွဲသံများကိုမူ မြင်ရကြားရသည်ပင်။ ထို့ကြောင့် သူတို့သည် အကြီးအကျယ် ထိတ်လန့်နေကြသည်။

ကျွန်းပေါ်ရှိ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများကြား တိုက်ပွဲသည် သူတို့အား မထွက်သွားခိုင်းခဲ့သော အဖြူရောင်အရိပ်နှင့် ဖြစ်လိမ့်မည်ဟု ထိုအုပ်စုက အထင်မှားနေကြသည်။ သို့ဖြစ်၍ သူတို့သည် မထွက်သွားဝံ့ကြပေ။ သူတို့သည် အနိုင်ရမည့်သူ မည်သူမှန်း မသိကြသည်ဖြစ်၍ သည်နေရာမှ အလျင်စလို မထွက်သွားဝံ့ကြဘဲ အားတင်း၍ နေနေရုံသာ တတ်နိုင်တော့သည်။

ကျွန်း၏ အခြားတစ်ဖက်တွင်မူ စစ်ရထားလှည်းပေါ်မှ မိန်းမလှကျင့်ကြံသူများကမူ တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောနေကြသည်။ သူတို့အားလုံးသည် ဝမ်ထျန်ရန်၏ အစေခံများ ဖြစ်ကြသော်လည်း အစစ်အမှန်ကိုယ်လုပ်တော်များနှင့် သိပ်မကွာခြားလှပေ။ ဝမ်ထျန်ရန်၏ နှစ်သက်သဘောကြခြင်းကို ခံရသူများ ဖြစ်ကြသည်။ ဝမ်ထျန်ရန်သာ တစ်ခုခု ဖြစ်သွားခဲ့လျှင် သူတို့ ပြန်ရောက်သည်နှင့် သူတို့၏ကံကြမ္မာသည် ဆိုးဝါးသွားပေလိမ့်မည်။

သို့ပေမည့် ဝမ်ထျန်ရန်က သူတို့ကို သည်စစ်ရထားပေါ်မှာသာ နေခဲ့ရန် အမိန့်ပေးထားခဲ့သည်ဖြစ်၍ ထိုကိုယ်လုပ်တော်များသည် အလျင်စလို မလှုပ်ရှားဝံ့ကြပေ။

သည်လိုဖြင့် အချိန်သည် ဖြည်းဖြည်းချင်း ကုန်လာနေသည်။

တဖြည်းဖြည်း ညရောက်လာ၏။ ညမှသည် အာရုံတက်ချိန်ထိပင် ရောက်လာခဲ့လေပြီ။ တစ်နေ့တာနီးပါး ငြိမ်သက်တိတ်ဆိတ်နေသည်။ မနေ့က တိုက်ပွဲသည် မဖြစ်ပွားလေတော့သည့်အလား။

ထိုအခိုက်တွင် ကျွန်းပေါ်ရှိ နှစ်ဖက်လုံးမှ ကျင့်ကြံသူအုပ်စုသည် စိတ်မရှည် ဖြစ်လာကြသည်။ သံသယများဖြင့် ပြည့်နေသော အခြားကျင့်ကြံသူများသည်လည်း အနီးအနားဝန်းကျင်တွင် ပေါ်လာကြသည်။

ကျွန်းအထက်တွင် ကောင်းကင်နိမိတ်ပေါ်လာပြီး တစ်နေ့တာအချိန်ကာလ ရှိလာပြီးနောက် သည်ကျွန်းငယ်ပေါ်၌ ရတနာပေါ်လာသည်ဟူသော သတင်းကား ပျံ့နှံ့သွားခဲ့လေပြီ။ သို့ဖြစ်၍ ကျင့်ကြံသူများက သည်ကျွန်းဝန်းကျင်မှာ ပေါ်လာကြတာ သဘာဝပင်။ ထိုကျင့်ကြံသူအများစုမှာ အခြေခံတည်ဆောက်ခြင်းအဆင့်များ ဖြစ်ကြသည်။ သူတို့ထဲတွင် ယုံကြည်မှုလွန်ကဲသော ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူ အနည်းငယ်တော့ ပါ၏။

သူတို့သည် ကျွန်းထံသို့ အရပ်မျက်နှာပေါင်းစုံကနေ ရောက်လာကြခြင်းပင်။ သူတို့ အနီးအနားသို့ ရောက်လာချိန်တွင် အဘိုးအိုကျောက်တို့ အုပ်စုနှင့် စစ်ရထားပေါ်မှ အမျိုးသမီးကျင့်ကြံသူအုပ်စုတို့ကို တွေ့ကြ၏။ အဘိုးအိုကျောက်၊ မိန်မောင်နှစ်မတို့နှင့် တွေ့ရှိကြသူများက ပို၍ အခြေအနေကောင်းသည်။ အဘိုးအိုကျောက်နှင့် မိန်မောင်နှစ်မတို့က ပြောပြ၍ ကျွန်းပေါ်၌ ဖြစ်ပျက်နေသော အခြေအနေကို ကျင့်ကြံသူ အများစု သိသွားကြသည်။

အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများသည် ကျွန်းပေါ်တွင် ရောက်နေကြကြောင်း ကြားရသည့်အခါ သူတို့သည် တီးတိုးရေရွတ်လျက် အဘိုးအိုကျောက်တို့ အုပ်စုနားမှာ စုနေကြတော့သည်။ သူတို့က ကျွန်းပေါ်သို့ အလျင်စလို သွားမည့် ရူးမိုက်သည့်အတွေးများ မရှိနေပေ။

စစ်ရထားရှိ မိန်းမလှကျင့်ကြံသူများနှင့် ကြုံရသော ကျင့်ကြံသူများကိုမူ စစ်ရထားမှ တာဝန်ရှိသူ အမျိုးသမီးတစ်ယောက်က ရှေ့ထွက်၍ ကြယ်ကြွေမဟာမိတ်အဖွဲ့၏ အလံကို ထုတ်၍ ချက်ခြင်း ချိန်းချောက်သည်။ ကြယ်ကြွေမဟာမိတ်ဟူသည့် အမည်ကြောင့် ထိုကျင့်ကြံသူများသည် အမြှီးကုပ်သွားကြသည်။ သည်ကျွန်းပေါ်တွင် ဖြစ်ပွားနေသော ကိစ္စ၌ ကြယ်ကြွေမဟာမိတ်အဖွဲ့မှ ပါဝင်နေသည်ဖြစ်၍ သည်နားဝန်းကျင်တွင် နေ၍ မကောင်းတော့ပေ။

အချိန် ပိုကြာလာသည့်အခါ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူနှစ်ယောက်လည်း ရောက်လာသည်။ သူတို့က အတူတူ ခရီးနှင်လာခဲ့ကြတာ ဖြစ်၏။ သူတို့ထဲမှ တစ်ယောက်သည် တောက်ပအင်ပါယာကျွန်း၏ အရှင်ပင်။ ထိုနှစ်ယောက်က ဝမ်ထျန်ရန်၏ အစေခံများနား ရောက်လာသည့်အခါ မေးလားမြန်းလား လုပ်ကြသည်။

ထိုနှစ်ယောက်သည် အမြုတေဖွဲ့စည်းခြင်းအဆင့်များ ဖြစ်၍ မိန်းမလှကျင့်ကြံသူများသည် သူတို့ကို မချိန်းချောက်ဝံ့ပေ။ စစ်ရထား၏ တာဝန်ရှိ အမျိုးသမီးသည် သူတို့အမေးကို ပြန်ဖြေသည့်အခါ ဝမ်ထျန်ရန်၏ အမည်ကို ထုတ်ပြောလာသည်။ ထိုအမည်ကို ကြားသည့်အခါ အမြုတေဖွဲ့စည်း ကျင့်ကြံသူနှစ်ယောက်သည် တုန်လှုပ်သွားကြ၏။ တောက်ပအင်ပါယာကျွန်းသည် ကြားနေဝါဒ ကျင့်သုံးသော်လည်း သူတို့သည် မိစ္ဆာတာအို သို့မဟုတ် ကြယ်ကြွေမဟာမိတ်အဖွဲ့မှ ထိပ်ဆုံးပုံရိပ်၏ လွှမ်းမိုးနိုင်သော စွမ်းအားကို ရန်မစဝံ့ပေ။ သည်လိုဖြင့် ထိုနှစ်ယောက်သည် ချက်ခြင်းနောက်ပြန်လှည့်သွားကြ၏။

ထိုကျွန်းပေါ်၌ ရတနာတစ်ခု ရှိ၊ မရှိကို သေချာ မသိရသော်လည်း လမ်းခြောက်သွယ်လက်နက်သူတော်စင်၏ တပည့်ဖြစ်သူ ရောက်နှင့်နေမှတော့ သူတို့သည် မပါဝင်တော့တာ သဘာဝပင်။ မဟုတ်ပါက တစ်စုံတစ်ခု ဖြစ်လာခဲ့လျှင် သူတို့အဖို့ မရဏလမ်း မြန်းသွားနိုင်သည် မဟုတ်လား။

ကြယ်ကြွေမဟာမိတ်အဖွဲ့၏ အမည်နာမက ကျင့်ကြံသူ အနည်းငယ်ကို ချောက်လှန့်မောင်းထုတ်နိုင်ခဲ့သော်လည်း ကျွန်း၏ အခြားဘက်များတွင် ကျင့်ကြံသူလေးဆယ်နီးပါး စုဝေးရောက်ရှိနေကြပြီ ဖြစ်၏။ သူတို့သည် အနီးဝန်းကျင်တွင် မည်သည့် ကျင့်ကြံသူကိုမျှ ထောက်လှမ်းနိုင်စွမ်း မရှိသည့်အခါ အလျင်စလို ဝင်ရောက်လာကြသည်။

ထိုကျင့်ကြံသူများသည် မကောင်းသော အကြံများ ကိုယ်စီ ရှိကြ၏။ လက်ဗလာနှင့် ကျွန်းကနေ ထွက်သွားကြမည် မဟုတ်ပေ။ သူတို့က ခုလက်ရှိ ဗရမ်းဗတာ ဖြစ်နေချိန်တွင် ကိုယ့်အတွက်ကို အကျိုးအမြတ် ရရန် ကြံစည်ထားကြ၏။

ကျွန်းအထက်ရှိ အနက်ရောင်တိမ်ထုက ဆက်လက် လှည့်ပတ်နေရင်း ၎င်းသည် အောက်ဘက်ရှိ ကျွန်းငယ်တစ်ခုလုံးကို ဖုံးလွှမ်းသည့်အထိ ပျံ့နှံ့လာခဲ့ပြီး ဖြစ်၍ ကျွန်းပေါ်သို့ ကျရောက်သော အလင်းရောင်ဟူသမျှကို ကာဆီးထားလေ၏။

အစိမ်းရင့်ရောင် အလင်းတန်းတစ်ခုသည် ရုတ်တရက် ကျွန်းထံမှ ထိုးထွက်လာပြီး အနက်ရောင်ယင်တိမ်ထုထံ ဝင်ရောက်လာ၏။ ထိုအခိုက်အတန့်တွင် တိမ်ထုအစုအဝေးသည် ကြမ်းကြုတ်စွာ တစ်ချက် လှိမ့်တက်သွားပြီး ဖြည်းဖြည်းချင်း သက်ဆင်းကာ ကျွန်းအထက် မီတာလေးရာလောက် အကွာတွင် ရပ်သွားပြီး တည်ငြိမ်သွား၏။

ထိုအနက်ရောင်တိမ်ထု ဝါ ကောင်းကင်နိမိတ်၏ အသွင်ပြောင်းလဲမှုက အနီးဝန်းကျင်ရှိ ကျင့်ကြံသူများ၏ စိတ်နှလုံးကို လှုပ်ခါသွား၏။ သို့ပေမည့် အကင်းပိုပါးသော အချို့ကျင့်ကြံသူများမှာ ပျော်ရွှင်သွားကြ၏။ အစောပိုင်းတုန်းက အစိမ်းရောင်အလင်းတန်းသည် ရတနာတစ်ခု ထွက်ပေါ်လာခြင်း၏ သင်္ကေတ ဖြစ်လိမ့်မည်ဟု သူတို့ ထင်သွားကြသည်။

ထိုကျင့်ကြံသူများသည် လောဘတက်လာကြ၏။ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်ကာ ကျင့်ကြံသူဆယ်ယောက်အုပ်စုက ကျွန်းထံသို့ ပျံသန်း၏။ သူတို့သည် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ အများအပြား အတူတူ ပူးပေါင်းမည် ဆိုလျှင် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်ပင် သူတို့ကို တားဆီးနိုင်လိမ့်မည် မဟုတ်ဟု ယုံကြည်နေကြခြင်းပင်။ ထိုအထဲတွင် မပါဝင်သော ကျင့်ကြံသူများလည်း ရှိကြ၏။ သူတို့က တည်ငြိမ်စွာဖြင့် အခြားသူများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသည်။ အခြားသူများက ကျွန်းထံ အရင်သွားပြီး အခြေအနေကို သေချာ သိမှ သူတို့က လှုပ်ရှားကြမည်။

တစ်ချိန်တည်းမှာ ဝမ်ထျန်ရန်၏ အစေခံများမှာလည်း ဆက်ပြီး စောင့်နေနိုင်စွမ်း မရှိကြတော့ပေ။ သူတို့၏ စစ်ရထားကလည်း ကျွန်းထံသို့ ချဉ်းကပ်လာခဲ့လေပြီ။

ထိုသူများအားလုံး မသိသည်က သည်ကျွန်းငယ်၏ အနီးဝန်းကျင်ရှိ ပင်လယ်အတွင်းနက်ပိုင်း၌ ထူးဆန်းသော အနက်ရောင်အလင်းတစ်ခုက စတင်တောက်ပလာခြင်းကိုပင်။ ထိုသို့ တောက်ပပြီးနောက်မှာ ပါးလှပ်သော အနက်ရောင်အက်ကြောင်းတစ်ခု ပေါ်လာ၏။ ခဏအကြာတွင် မရေမတွက်နိုင်သော ပိန်းပိန်းမှောင်နေသည့် အနက်ရောင်ချီအမျှင်တန်းများသည် ထိုအက်ကြောင်းထဲမှ ထွက်ပေါ်ကာ မြူအသွင် ဖြစ်ပေါ်သည်။

ယင်းပိန်းပိန်းမှောင်နေသည့် မြူထုသည် ဆယ်မီတာဝန်းကျင်လောက် အကျယ်ရှိပေမည်။ သို့သော် ၎င်းက လျင်မြန်စွာ စတင်ချဲ့ကားလာ၏။ တအောင့်အကြာတွင် မီတာငါးရာလောက် ဧရိယာထိ ပျံ့နှံ့ကာ ဆက်ပြီး ကြီးမားလာသည်။ ထိုမြူအတွင်း၌ တစ္ဆေငြီးသံများကို ကြားရလေ၏။ အံ့ဖွယ်ဆန်သော အနက်ရောင်လျှပ်စီးများကလည်း အဆက်မပြတ် လင်းလက်နေသေးသည်။ ပို၍ ထူးဆန်းသည်မှာ အနီးဝန်းကျင်ရှိ သက်ရှိများသည် ထိုအနက်ရောင်မြူများထဲသို့ ဆွဲငင်ခြင်း ခံရသည်။ မီးကို ဝင်တိုးသည့် ပိုးဖလံများအလားပင်။

ခဏအကြာတွင် အနီးဝန်းကျင်ရှိ သက်ရှိအားလုံးမှာ ရှင်းလင်းသွားခဲ့လေပြီ။ သို့သော် မည်သို့ပင်ဖြစ်စေ ၎င်းမြူက ဆက်၍ ချဲ့ကားနေတုန်းပင်။ တစ်ကီလိုမီတာ၊ နှစ်ကီလိုမီတာ…။

၎င်းသည် ပင်လယ်ရေမျက်နှာပြင်ထက်သို့ ဖြည်းဖြည်းချင်း ပေါ်လာပြီဖြစ်၍ လက်ရှိ ရှိနေသူများသည် မြင်တွေ့သွားကြသည်။ အနှီအနက်ရောင်မြူထုကို တွေ့မြင်သည့်အခါ လူတိုင်းသည် အကြောက်တရားနှင့် ထုံထိုင်းကုန်၏။

တွေ့ရမြင်ရသလောက် ခဏအကြာတွင် ၎င်းမြူသည် ကျွန်းငယ်ထံ သိပ်မကြာခင် ပျံ့လာပေတော့မည်။

ဟန်လိ အပါအဝင် ကျွန်းပေါ်ရှိ လူတိုင်းသည် ၎င်းမြူ ချဉ်းကပ်လာတာကို စောင့်ကြည့်နေရင်း ဆွံ့အကုန်ကြသည်။

All Chapters