← Chapters

ဖော်မပြနိုင်သော အန္တရာယ်

Vol. 42 Ch. 577

ဖော်မပြနိုင်သော အန္တရာယ်

Vol. 42 Ch. 577

ငွေရောင်အလင်း အရံအတားအတွင်း၌ ဟန်လိသည် ခေါင်းမော့ကာ စိတ်ဝိညာဉ်နို့ရည်တစ်စက်ကို သောက်လိုက်ပြီး ထိုပုလင်းငယ်ကို သတိထား၍ ပြန်ချသည်။ နောက်တစ်နေ့ မနက်ခင်းတွင် သူသည် စိတ်ဝိညာဉ်နို့ရည်စက် ငါးစက်ထိ သောက်ခဲ့ပြီး ဖြစ်၏။ သို့ပေမည့် အရံအတား အပြင်ဘက်ရှိ ရွှေရောင်အလင်းက နည်းနည်းလေးမျှ အားနည်းကြောင်း မပြသသေးပေ။ သို့ပေမည့် မီးတောက်များကမူ စတင်ကျုံ့လာခဲ့လေပြီ။

ကြည့်ရတာ ဝမ်ထျန်ရန်သည် ယင်းတို့ကို ကြာကြာ ထိန်းသိမ်းထားနိုင်စွမ်း ရှိတော့မည့်ပုံ မရပေ။ ခဏအကြာတွင် ဟန်လိသည် မီးတောက်များ ဝိုင်းရံထားရာကနေ လွတ်မြောက်နိုင်စွမ်း ရှိတော့မည်ဟု ထင်ရ၏။ ထိုအတွေးဖြင့် ဟန်လိ၏လက်က အဖြူရောင် ဖြတ်ခနဲ လင်းလက်သွားပြီး သူက သိုလှောင်အိတ်ထဲသို့ စိတ်ဝိညာဉ်နို့ရည်ပုလင်းကို ပြန်ထည့်သိမ်းသည်။ ထို့နောက်တွင် သူသည် ကောင်းကင်ထက်ရှိ ယင်တိမ်များထံ တစ်ချက်ကြည့်ကာ အလိုလို မျက်မှောင်ကြုတ်သွားမိ၏။

ယွမ်ယောင်၏ မန္တာန်ပညာရပ်စတေးမှုကြောင့် ဖြစ်ပေါ်လာဟန်တူသော တောင်ကြားထဲမှ အစိမ်းရောင်အလင်းတန်းသည် ကောင်းကင်ထက်သို့ ထိုးထွက်သွားခဲ့တာကို သူ ရှင်းလင်းစွာ တွေ့မြင်ခဲ့သည်။ သူသည် အတိအကျ မည်သို့ဖြစ်သလဲကို မသိသော်လည်း အနက်ရောင်တိမ်တိုက်ထုများ နိမ့်ကျသွားပုံ ထောက်၍ စိတ်ဝိညာဉ်မြှင့်တင်ခြင်း ပညာရပ်က အပြီးသတ်တော့မည့်ပုံပင်။

ဟန်လိ၏စိတ်ထဲ၌ အတွေးများစွာ ဖြစ်ပေါ်နေရင်း သူက ယင်းတို့ကို ကွယ်ပျောက်စေ၏။ သူသည် သည်ရွှေရောင်အလင်း ချုပ်နှောင်မှုမှ မလွတ်ခင်ထိ အခြားအရာများကို စိုးရိမ်နေ၍ မဖြစ်ချေ။

အသက်ဝဝရှူသွင်းလိုက်ပြီးနောက်မှာ သူ့မှော်ရတနာများသည် စိတ်လှုပ်တရှားဖြင့် မြောက်ကြွလာတာ ခံစားမိသည်။ တစ်ချိန်တည်းမှာ သူ့နောက်ကျောမှ ထပ်မံ ထွက်ပေါ်လာသော ငွေရောင်တောင်ပံကိုလည်း ဝိုးတဝါး တွေ့မြင်ရ၏။

ရွှေရောင်မီးတောက်များ၏ အထက်တွင် ဝမ်ထျန်ရန်သည် ဟန်လိကို စစချုပ်နှောင်တုန်းကကဲ့သို့ ဝင့်ကြွားဟန် ပေါက်မနေတော့ပေ။ ထိုအစား သူ့မျက်နှာက ဖြူရော်နေပြီး အနက်ရောင်ချီလွှာတစ်ခုပင် မသိမသာ ဖြစ်ပေါ်နေသည်။ သူ့နဖူးထက်ရှိ ရွှေရောင်ဦးချိုသည်လည်း မနေ့ကထက် တစ်လက်မမျှ ပို၍ တိုသွားလေသည်။

ဝမ်ထျန်ရန်သည် သုန်မှုန်စွာ ကျိန်ဆဲနေမိသည်။ သို့သော် သူ့စိတ်ထဲတွင်လည်း ထိတ်လန့်နေသည်။ ဟန်လိက မီးတောက်များကို အများဆုံးမှ တစ်နာရီလောက်သာ တောင့်ခံနိုင်လိမ့်မည်ဟု ထင်ထားခဲ့၏။ ထိုမီးတောက်များက မည်မျှအစွမ်းထက်သလဲ သူ သိသည်။ ရိုးရိုးသားသား ပြောရလျှင် ဟန်လိအဖို့ ထိုမီးတောက်များကို နာရီဝက်လောက် ခံနိုင်ရန်ပင် ခက်ခဲလိမ့်မည်ဟု သူ ယုံထားသည်။

သို့ဖြစ်၍ အနာဂတ်တွင် ပြဿနာကြီး မဖြစ်လာစေရန် ဟန်လိကို သတ်နိုင်ဖို့ သူ့မူလချီအမျှင်တန်းကိုပင် အသုံးပြုဖို့ ဆန္ဒရှိခဲ့၏။ သို့သော် နာရီဝက်ကြာပြီးနောက်မှာ ဟန်လိသည် မည်သို့မျှ ဖြစ်သွားဟန် ပေါ်မနေခဲ့ပေ။ သည့်အတွက် သူ အံ့အားသင့်ခဲ့ရ၏။

နှစ်နာရီလောက် ကြာသည့်အခါ ဝမ်ထျန်ရန်သည် ဟန်လိမှာ ပြာမဖြစ်သွားသေးတာ တွေ့ရသည့်အခါ အလန့်တကြား ဖြစ်မိသွား၏။ လေးနာရီလောက် ကြာပြီးနောက်တွင်လည်း ဟန်လိက တောင့်ခံနိုင်စွမ်း ရှိနေတာ မြင်ရပြီးနောက် စိုးရိမ်ပူပန်လာ၏။

သူ အမှားတစ်ခု လုပ်ခဲ့မိပြီဟု ခံစားလိုက်ရသည်။ ဟန်လိတွင် မှော်စွမ်းအားကို ပြန်ဖြည့်တင်းပေးနိုင်သော ရတနာတစ်ခုခု ပိုင်ဆိုင်ထားတာ သို့မဟုတ် အခြားဆန်းကြယ်သော စွမ်းရည်မျိုး ပိုင်ဆိုင်ထားတာ သိသာနေသည်။ သူ သိသလောက်ဆို ထိုသို့ မှော်စွမ်းအားကို ပြန်ဖြည့်တင်းပေးနိုင်သော အရာမှာ အလွန်တရာ ရှားပါးလှသည့် နှစ်အသင်္ချေစိတ်ဝိညာဉ်နို့ရည်သာ ဖြစ်ပေလိမ့်မည်။ ဟန်လိတွင် ထိုသို့သော ရတနာမျိုး ပိုင်ဆိုင်ထားတာများလား။

ဝမ်ထျန်ရန်သည် သူ့ခန့်မှန်းချက် မှန်ကြောင်း ခပ်မြန်မြန်ပင် သိလိုက်ရသည်။

သို့ရာတွင် သူ့အနေဖြင့် ရပ်တန့်နိုင်စွမ်း မရှိတော့ပေ။ သူ၏ ထိပ်ဆုံးမိစ္ဆာ မန္တာန် အများစုသည် ကုန်ခမ်းသွားခဲ့ပြီး ဂိတ်တံခါးရှစ်ချပ်၏ ရွှေရောင်ကြေးမုံများကိုလည်း အသုံးပြုခဲ့သောကြောင့် သူ့ကျင့်ကြံမှုမှာ ပမ်းနေလေပြီ။ ဟန်လိကိုသာ လွှတ်ပေးလိုက်ပါက သူ အနိုင်မရနိုင်ဖို့ များ၏။

သို့ပေမည့် ဝမ်ထျန်ရန်သည် နှစ်အသင်္ချေစိတ်ဝိညာဉ်နို့ရည် မည်မျှ ရှားပါးကြောင်း သိထား၏။ သို့အတွက် များများစားစား ပိုင်ဆိုင်ထားဖို့မှာ သိပ်မဖြစ်နိုင်ပေ။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ အားတင်းကာ သူ့အစစ်အမှန် အနှစ်သာရကို ဆက်လက် ကုန်ခမ်းစေပြီး ဟန်လိကို ရွှေရောင်နတ်မီးတောက်များဖြင့် လောင်ကျွမ်းပြာကျစေရန် ဆက်ကြိုးစားခဲ့သည်။

ခုလက်ရှိ သူ့အစစ်အမှန် အနှစ်သာရ ထိခိုက်မှုကို ပြန်ဖာထေးနိုင်ရန် အနည်းဆုံး နှစ်သုံးဆယ်လောက် တံခါးပိတ်ကျင့်ကြံရတော့မည် ဖြစ်၏။ အချိန်ကုန်လာလေ သူ့အသားအရေမှာ အနည်းနှင့်အများ ပိုဖြူရော်လာလေပင်။ ငွေရောင်အလင်းအရံအတားကမူ သိပ်သိပ်သည်းသည်း ရှိနေတုန်း ဖြစ်၏။ ဝမ်ထျန်ရန်သည် အချိန်ကြာကြာ တောင့်ခံနိုင်တော့မည် မဟုတ်ပေ။

သူသည် ဟန်လိ၌ စိတ်ဝိညာဉ်နို့ရည် မည်မျှ ပိုင်ဆိုင်ထားမှန်း မသိချေ။ ခု သရေအနေအထား ဖြစ်နေတုန်းပင်။ သူသာ သည်ပြသနာကို မည်သို့ ချိုးဖျက်ရမလဲဟု နည်းလမ်းကို အသည်းအသန် စဉ်းစားနေရင်း ရုတ်တရက် သူ့စိတ်ထဲ တစ်စုံတစ်ခု ဝင်ရောက်လာသည်။

ဝမ်ထျန်ရန်သည် ခြောက်ကပ်နေသော သူ့နှုတ်ခမ်းကို သပ်ကာ အေးတိအေးစက် အမိန့်ပေးလိုက်သည်။

“ခရမ်းစိတ်ဝိညာဉ်၊ သူ လာခဲ့တဲ့ နေရာဆီ သွားပြီး သူ့တာအိုလက်တွဲဖော်ကို သွားဖမ်းချေ။ သူက ခုချိန် ပညာရပ်စတေးမှု လုပ်နေတဲ့ အရေးတကြီး အချိန်ပဲ။ နင့်ကို ခုခံနိုင်လောက်မှာ မဟုတ်ဘူး…”

သူ၏မူလတုန်းက ဟန်ဆောင်ထားသော ပုံစံသည် လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်၏။ ဆိုးယုတ်သည့် သဏ္ဍာန် ပေါ်လာ၏။

နတ်သမီးခရမ်းစိတ်ဝိညာဉ်သည် ထိုစကားကို ကြားသည့်အခါ သူ့အမူအရာက ပြောင်းလဲသွား၏။ ဤတိုက်ပွဲကား အကျိုးအကြောင်းသင့်တာထက် လွန်ကဲနေပြီး ဖြစ်၏။ မူလတုန်းက ဟန်လိသည် အချိန်အကြာကြီး တောင့်ခံနိုင်လိမ့်မည် မဟုတ်ဟု သူမ ထင်ထားခဲ့သည်။ သို့သော် တစ်ညလုံး မထိမခိုက်ဘဲ ဟန်လိက ဆက်ရှိနေခဲ့ပြီး အခုအခါ၌ ဝမ်ထျန်ရန်ကသာ ခက်ခဲသော အခြေအနေ ကြုံနေရလေပြီ။ သည့်အပေါ် သူမအနေဖြင့် များစွာ အံ့အားသင့်ရ၏။

သူ အမိန့်ပေးလာတာ ကြားရပြီးနောက် သူမက ခဏတော့ မင်သက်သွားသေး၏။ ပြီးမှ ဝမ်ထျန်ရန်၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားတော့သည်။ ကြယ်ကြွေမဟာမိတ်အဖွဲ့၏ လူငယ်သခင်လေးကား ဟန်လိကို ဖိနှိပ်နိုင်ရန် ပညာရပ်စတေးခံခြင်းတွင် အရေးတကြီး ဖြစ်နေသော အမျိုးသမီးကို အသုံးပြုချင်နေတာ မဟုတ်လား။ ဟန်လိသည် သူမ၏ ကာကွယ်သူအဖြစ် သဘောတူကာ လုပ်ဆောင်ပေးခဲ့သည် ဖြစ်၍ သူတို့ကြား ပတ်သက်မှုမှာ နက်ရှိုင်းဖို့များ၏။ သို့ပေမည့် လမ်းခြောက်သွယ်လက်နက်သူတော်စင်၏ တပည့်ဖြစ်သူကား ထိုသို့ အရှက်မရှိ နည်းလမ်းကိုပါ အသုံးပြုရန် ကြိုးစားလာခဲ့ပေပြီ။ သူ၏ အကန့်အသတ်သို့ အမှန်တကယ် ရောက်နေခဲ့ပြီ။

နတ်သမီးခရမ်းဝိညာဉ်က အေးစက်စက်အမူအရာ ဖြစ်သွားပြီး နေရာတွင်သာ တိတ်တဆိတ် ရောက်နေသည်။

ဝမ်ထျန်ရန်၏ မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားပြီး သူက ဆိုးယုတ်စွာ ပြောလာသည်။

“ဘာလဲ။ ငါက ကျင့်ကြံမှု ထိခိုက်သွားတဲ့အတွက် နင့် အသက်ကို မနှုတ်နိုင်ဘူးလို့ ထင်လား။ ဒါမှမဟုတ် နင်က အတင်းအကြပ် ပူးပေါင်းလိုက်ရတဲ့အတွက် မဟာမိတ်ကို အမြဲတမ်း ရှုံးစေချင်တာများလား။ ကြယ်ကြွေမဟာမိတ်က ပြန့်ကျဲကြယ်ပင်လယ်ရဲ့ တစ်ဝက်ကျော်ကို အုပ်စိုးပြီးပြီဆိုတာ မေ့သွားတာလား။ နင်ဟာ အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်လေးနော်။ နင် ထွက်ပြေးနိုင်ဖို့ ဖြစ်နိုင်ပါ့မလား။ ငါ့အမိန့်ကိုပဲ နာခံလိုက်။ နင်ရဲ့ အခု သစ္စာမရှိတဲ့ အပြုအမူကို ငါ မမြင်ချင်ယောင်ဆောင်ပေးမယ်…”

နတ်သမီးခရမ်းစိတ်ဝိညာဉ်၏ အမူအရာသည် သူမရှေ့ရှိ ရွှေရောင်မီးတောက်များကို ကြည့်လျက် အကြိမ်ကြိမ် ပြောင်းလဲနေ၏။ သူမ၏စိတ်ထဲ၌ မပြတ်မသား ဖြစ်နေသည်။ သူမက ထိုသို့ ဖြစ်နေစဉ် အကွာအဝေးတစ်ခုမှ အလင်းတန်းများစွာ ပျံသန်းလာကြသည်။ ယင်းတို့ အနီးအနားသို့ ရောက်လာသည့်အခါ ခရမ်းစိတ်ဝိညာဉ်ကော၊ ဝမ်ထျန်ရန်ကောသည် အမျိုးသမီးကျင့်ကြံသူများနှင့် သူတို့၏ စစ်ရထားမှန်း သိသွားသည်။

ထိုအခါ ဝမ်ထျန်ရန်သည် နှစ်ထောင်အားရ ဖြစ်သွားပြီး နတ်သမီးခရမ်းစိတ်ဝိညာဉ်ကတော့ စိတ်ထဲကနေသာ ခါးသီးစွာ ရယ်မိရုံ တတ်နိုင်တော့သည်။ ယင်းအခြေခံတည်ဆောက်ခြင်းအဆင့် အမျိုးသမီးများကား အစတုန်းက ဘာမျှ အသုံးဝင်တာမျိုး ရှိမနေခဲ့သော်ငြား ခုချိန်တွင်မူ သူမတို့က အရေးပါလာခဲ့လေပြီ။

ခရမ်းစိတ်ဝိညာဉ်က မချိတင်ကဲ ပြုံး၍ ရောက်လာချိန်တွင် ဝမ်ထျန်ရန်ထံ လှမ်းလာတာကို ကြည့်နေသည်။ သူတို့က ခုလက်ရှိ မြင်ကွင်းကို ထိတ်လန့်အံ့အားသင့်စွာ ကြည့်နေမိပြီးမှ ဝမ်ထျန်ရန်ကို ခပ်သွက်သွက် ဂါဝရပြုလိုက်ကြသည်။ သူတို့သည် အတော်လေး စိတ်ဂနာမငြိမ် ဖြစ်နေကြသော်ငြား နှုတ်ဆိတ်၍သာ ဆက်ရှိနေသည်။

ဝမ်ထျန်ရန်၏အသွင်အပြင်မှာ ဖြူရော်နေလျက် သူ့မျက်နှာထက်တွင်လည်း ရန်လိုကြမ်းကြုတ်ဟန် အထင်းသား ပေါ်နေ၏။ သူက အေးတိအေးစက်ဖြင့် အော်ရယ်လိုက်ပြီး တစ်စုံတစ်ခုကို တွေးမိသွားပြီး အကွာအဝေးတစ်ခုထံ လှမ်းကြည့်ကာ သူ့မျက်နှာက ရှုံ့တွသွား၏။ အခြားသူများသာ ထိုသည်ကို မြင်သည့်အခါ အကြောင်သား ဖြစ်ကာ သိချင်စိတ်ဖြင့် ခေါင်းမော့ကာ လှမ်းကြည့်သည်။

“ဒီလောကက ဘာတွေ ဖြစ်နေတာလဲ…” သူတို့ထဲမှ တစ်ယောက်က ၎င်းကို မြင်သည့်အခါ ထိုသို့ ထအော်သည်။ သူတို့အားလုံးသည် ပင်လယ်ပြင်ထဲမှ လျင်မြန်စွာ မြင့်တက်လာသော အနက်ရောင်အမျှင်တန်းများကို မြင်ကြ၏။ သူတို့အားလုံး ဆွံ့အနေကြသည်။

“တစ္ဆေမြူတွေလား…” ခဏအကြာတွင် အမျိုးသမီးကျင့်ကြံသူများထဲမှ တစ်ယောက်က ကြောက်လန့်စွာ ထအော်ပြီး သည်ကျွန်း အနက်ပိုင်းသို့ ချက်ခြင်း ပျံသန်းပြေးလေတော့သည်။ ထိုစဉ် အခြားသူများလည်း ယင်းအနက်ရောင်အမျှင်တန်းများကို ရှင်းလင်းစွာ မြင်လိုက်ရပေပြီ။ ထိုမြူထုက ပင်လယ်ပြင်မှ မြင့်တက်လျက် အသက်ဝင်နေသည့်နှယ် သူတို့ထံ အကြမ်းပတမ်း တိုးဝင်လာနေသည်။ ရုတ်ချည်းပင် သည်မှာ ရှိနေသော ကျန်သည့် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများအားလုံးလည်း တုန်လှုပ်ချောက်ချားကာ အသည်းအသန်၊ အကြောက်အကန် ထွက်ပြေးကြတော့သည်။

ထိုကဲ့သို့ ရုတ်ချည်း ဖြစ်ပေါ်လာသော အခြေအနေကြောင့် ဝမ်ထျန်ရန်ကော၊ နတ်သမီးခရမ်းစိတ်ဝိညာဉ်ကော ပင့်သက်ရှိုက်မိကုန်သည်။ ထို့နောက်တွင် နတ်သမီးခရမ်းဝိညာည်သည် ခြေစောင့်လိုက်ပြီး အနီရောင်အလင်း လွှမ်းခြုံစေလျက် အဝေးသို့ ပြေးလေ၏။

ဝမ်ထျန်ရန်သည် ရွှေရောင်မီးတောက်များကို ကြောင့်ကြပူပန်စွာ စိုက်ကြည့်နေသည်။ သူ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ သူ့မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ခနဲ လင်းလက်သွားပြီး သူက အံတင်းတင်းကြိတ်ကာ မီးတောက်များထဲသို့ သွေးအနှစ်သာရကို ပါးစပ်အပြည့် ထွေးထုတ်ပစ်ကာ ယင်းတို့အား ချက်ခြင်း အရှိန်မြှင့်သည်။

ယင်းနောက် သူက ရွှေရောင်အလင်းတန်းအဖြစ်သို့ ပြောင်း၍ အကွာအဝေးတစ်ခုထံ ပျံသန်းသွားသည်။ သူ့အစေခံများကလည်း သူနောက်သို့ လိုက်ပါလာသည်။ တစ္ဆေမြူများက ကျွန်းနားထိ ရောက်လာခဲ့လေပြီ။ ကျင့်ကြံသူအားလုံးမှာ တစ္ဆေမြူနှင့် နီးကပ်သွားကြသည်။ ရုတ်တရက် သူတို့သည် လေထဲ၌ ပျံသန်းနိုင်စွမ်း ဆုံးရှုံးသလို ဖြစ်သွားပြီး သူတို့၏ အမူအရာများကား သေလောက်အောင် ဖြူရော်ကုန်သည်။

သူတို့၏ မှော်ပစ္စည်းများသည်ပင် ၎င်းတို့၏ စိတ်ဝိညာဉ်သဘာဝ ဆုံးရှုံးကုန်သည်။ နတ်သမီးခရမ်းစိတ်ဝိညာဉ်နှင့် ဝမ်ထျန်ရန်တို့ကမူ အချိန်ခဏအတွင်း ကျွန်း၏ အခြားဘက်သို့ ရောက်သွားနိုင်သည် ဆိုရုံမျှသာ။ ယင်းနောက်မှာ သူတို့၏ အလင်းများက ပျောက်ကွယ်လျက် ပင်လယ်ပြင်ထဲ ကျရောက်သွားတော့သည်။

ထိုစဉ် အကွာအဝေးတစ်ခုတွင် ကျန်နေခဲ့သော ရွှေရောင်မီးတောက်များသည် လှုပ်ခါရမ်းနေပြီးနောက် ပေါက်ကွဲထွက်၏။ ကြေးမုံငယ် ရှစ်ခုသည်လည်း ၎င်းတို့၏ မူလပုံစံသို့ ပြန်ရောက်သွားလျက် အတွင်းဘက်ရှိ ငွေရောင်အရံအတား လှစ်ဟပေါ်လာသည်။ ထိုအရံအတား ပေါ်လာရုံ ရှိသေး ၎င်းမှာ ကြယ်အလင်းများနှယ် လွင့်ပြယ်လျက် အံ့အားသင့် ကြောက်လန့်နေသော ဟန်လိကို မြင်ရသည်။

ဟန်လိသည် အခြားသူများ မည်သို့ ဖြစ်ပျက်သွားတာကို တွေ့မြင်ခဲ့ပြီး ဖြစ်၏။ သို့သော် သူသည် တုန်လှုပ်ချောက်ချားပြီး တန်ပြန်ဖို့ မလုပ်နိုင်ခင်မှာပင် သူ့ခန္ဓာကိုယ်ထဲရှိ မှော်စွမ်းအားများသည် ကန့်သတ်ခံရကာ သာမန်သေမျိုးတစ်ယောက်ကဲ့သို့ ကောင်းကင်ထက်မှ ပြတ်ကျသွားလေ၏။

All Chapters