← Chapters

အမှောင်ထဲ၌ ကြုံရဆုံရ

Vol. 42 Ch. 578

အမှောင်ထဲ၌ ကြုံရဆုံရ

Vol. 42 Ch. 578

ဟန်လိ၏မျက်လုံးထဲတွင် တုန်လှုပ်မှု အသိသာကြီး ပေါ်လွင်နေ၏။ သူသည် အောက်ဘက် မီတာတစ်ရာလောက်ရှိ ကျောက်စိုင်ကျောက်ခဲများပေါ်သို့ ပြန်ကျသွားခြင်းပင်။ သူ့ခန္ဓာကိုယ်ကို ခပ်ကြမ်းကြမ်း ကွေးညွှတ်ပြီး နောက်သို့ ခြေစောင့်ချသည်။ ထိုအခါ သူသည် အနီးအနားရှိ အပင်ကြီးတစ်ပင်ထံ တန်းမတ်စွာ ရောက်သွားစေသည်။ ထိုအပင်၏ သစ်ကိုင်းများထဲမှ တစ်ခုပေါ် သူ ရောက်သွားခြင်းပင်။ ပြုတ်ကျလုနီးပါး ဖြစ်ခဲ့ရပြီးနောက်မှာ သူ့တစ်ခေါင်းလုံး ချွေးများ ရွှဲနစ်နေသည်။ အရိပ်မြူခိုးခြေလှမ်းကို အသုံးပြုရန် စိတ်ဝိညာဉ်စွမ်းအား မလိုအပ်တာက သူ့အတွက် ကံကောင်းသွားစေတာပင်။ မဟုတ်ပါက သူသည် မရဏလမ်း မြန်းရလောက်ပြီ။ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်က လေပေါ်က ပြုတ်ကျ၍ သေရသည်ဆို ကျော်မကောင်းကြားမကောင်း ဖြစ်သွားရချေလိမ့်မည်။ တကယ်တော့ သည်ဝန်းကျင်မှ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများသည် ဟန်လိလောက် ကံမကောင်းရှာကြပေ။

နောက်ဆုံးတွင်တော့ ဟန်လိသည် ဟန်ချက်ပြန်ရသွား၏။ သူက အကွာအဝေးတစ်ခုမှ ဒေါက်ခနဲ မြည်သံများကို ကြားရ၏။ သူသည် ထိုအရပ်ထံသို့ အလျင်အမြန် ခေါင်းလှည့်ကာ ကြည့်၏။ သူ့အမူဟန်ပန် ပြောင်းလဲသွားသည်။ ယင်းအသံများက သူ့ခန္ဓာကိုယ်ထဲသို့ ပြန်မထည့်သိမ်းခဲ့ရသော ဝါးတိမ်အုပ်ဓားများထံ ထွက်ပေါ်လာတာ သေချာလောက်သည်။ ယင်းဓားများနှင့် မလှမ်းမကမ်းတွင် အနားရှစ်ဖက် ကြေးမုံများ၊ ရှေးဟောင်းပန်းခြင်းနှင့် ငွေရောင်ခေါင်းလောင်းတို့လည်း ရှိနေကြသည်။ ထိုအခိုက်တွင် ၎င်းတို့အားလုံးမှာ ၎င်းတို့၏ စိတ်ဝိညာဉ်သဘာဝ ပျောက်ကွယ်ကာ လုံးဝသက်မဲ့သွားသည့်အလားပင်။

ဟန်လိ၏ စိတ်နှလုံးကား တုန်ရင်သွားရပြီ။ သူက ထိုရတနာများ၏ အခြေအနေကို သိရအောင် စိတ်ဝိညာဉ်အာရုံအမျှင်တန်းတစ်ခုအား ထုတ်လွှတ်ရန် ခပ်သွက်သွက် ကြိုးစားသည်။ သို့ရာတွင်မူ သူ့စိတ်နှလုံးမှာ ချက်ခြင်းလက်ငင်း အေးစက်သွားရသည်။ သူ မည်မျှပင် ကြိုးစားပါစေ သူ့အားကောင်းလှသည့် စိတ်ဝိညာဉ်အာရုံမှာ အခုအခါတွင် သူ့ခန္ဓာကိုယ်တွင်း၌သာ မလှုပ်မယှက် ဆက်ရှိနေသည် မဟုတ်လား။

သူ့မှော်စွမ်းအားနှင့် စိတ်ဝိညာဉ်အာရုံတို့က အခုအခါတွင် အသုံးပြုနိုင်စွမ်း မရှိတော့၍ ဟန်လိ၏ သွေးများ အေးစက်လာကြသည်။ အခု သူကား သာမန်သေမျိုးတစ်ယောက်နှင့် မကွာခြားတော့ချေ။ သူ့မှော်စွမ်းရည်များ မဆိုနှင့်ဦး သူ့သိုလှောင်အိတ်နှင့် စိတ်ဝိညာဉ်သားရဲအိတ်များသည်ပင် အခုချိန်တွင် လားလားမျှ အသုံးမဝင်တော့ပေ။

အနီးနားဝန်းကျင် ကောင်းကင်ယံတွင် အနက်ရောင်မြူများနှင့် ပြည့်နှက်နေတာ မြင်သည့်အခါ သူ့မျက်နှာက ဖြူရော်သွားတော့သည်။

ခုလက်ရှိ သေမျိုးတစ်ယောက်၏ အမြန်နှုန်းဖြင့်ဆို သူ့အဖို့ ဤတစ္ဆေမြူများထဲမှ လွတ်နိုင်မည့် အခွင့်အရေး မရှိနိုင်ချေ။ ခုလက်ရှိ အနေအထားကို သုံးသပ်ကြည့်ပြီးနောက် ဟန်လိသည် အံတင်းတင်းကြိတ်၏။ သူ့ခန္ဓာကိုယ်က ဝေဝါးသွား၏။ ထို့နောက်တွင် သူသည် အသက်ဝိညာဉ်မဲ့နေသော ရတနာများဘေးတွင် ပေါ်လာပြီး ၎င်းတို့အား သိမ်းယူလိုက်သည်။

အခုလက်ရှိတွင် သူ့သိုလှောင်အိတ်ကို အသုံးပြုနိုင်မည့် နည်းလမ်း မရှိတော့သောကြောင့် ယင်းမှော်ရတနာများကို သူ့ရင်ဘက်နားတွင် ဆုပ်ကိုင်ထားရန်သာ ရှိတော့သည်။ ကံကောင်းသွားတာက ၎င်းတို့က သိပ်ကြီးမားနေတာ မဟုတ်ခြင်းပင်။ မဟုတ်ပါက ဟန်လိသည် ယင်းတို့ကို သယ်သွားနိုင်မည် မဟုတ်ပေ။

ဟန်လိက ထိုရတနာများကို သိမ်းဆည်းပြီးသည်နှင့် မရေမတွက်နိုင်သော အနက်ရောင်မြူများက ကျွန်းငယ်ပေါ်သို့ ကျဆင်းလာသည်။

ထိုမြူများထံမှ ထွက်ပေါ်လာနေသော ဆွဲငင်အားကား ပြင်းထန်လှသည်ဟု သူ ခံစားမိသည်။ သူက မည်သို့ဖြစ်ပျက်ကုန်သလဲ သဘောမပေါက်သေးခင်မှာပင် နစ်မြုပ်သွားခဲ့ရလေပြီ။

သူ ကြီးစွာ တုန်လှုပ်သွား၏။ သူက အလျင်အမြန် လှုပ်ရှားသည်။ အရိပ်မြူခိုးခြေလှမ်းကို လွတ်မြောက်နိုင်ရန် သူ မျှော်လင့်မိသည်။ သို့ပေမည့် ၎င်းမှာ လုံးဝ အကျိုးမရှိနေတာ သိသာသည်။ ခဏအကြာတွင် သူသည် အနက်ရောင်မြူများထဲ စုပ်ယူခံလိုက်ရကာ အနက်ရောင်လျှပ်စီးလင်းလက်မှုများကြား ရောက်ရှိသွားသည်ဟု သူ သိလိုက်ရ၏။

ယင်းနောက်တွင်မူ ဟန်လိသည် ထိုမြူထဲသို့ သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။

သူ့စိတ်ထဲသို့ ထူးဆန်းသည့် မရေမတွက်နိုင်သော အသံလှိုင်းများစွာ တိုးဝင်လာတာ သူ ကြားရသည်။ သူ့ပတ်ပတ်လည်ရှိ လောကတစ်ခုလုံးကား ဝေဝါးလျက် အကြွင်းမဲ့အမှောင်ထုက အစားထိုးထားသည်။ သူ့ခန္ဓာကိုယ်က ရုတ်တရက် ရပ်တန့်ကာ သူသည် ဘန်းခနဲ မြည်သံနှင့်အတူ အောက်ဘက် တစ်နေရာရာသို့ ကျရောက်သွားသည်။ ထိုမြေပြင်သည် ပျော့၍ ထူထူထဲထဲ ရှိပြီး သူ့ကို နည်းနည်းလေးမျှ ဒဏ်ရာ မရသွားစေခဲ့ပေ။ ဟန်လိသည် အတော်ကြီးကို စိတ်သက်သာရာ ရသွား၏။

သူက ဘေးပတ်ပတ်လည်သို့ ကြည့်နိုင်သွား၏။ အကြွင်းမဲ့ အမှောင်ထုကိုသာ သူ မြင်ရသည်။ သို့ပေမည့် ပြင်းထန်အားကောင်းသော ငါးညှီနံ့ကိုတော့ သူ ရလိုက်သည်။

သူက သူ့ခန္ဓာကိုယ်ပေါ် လက်ဖြင့် စမ်းကြည့်မိသည်။ စေးကပ်စိုစွတ်သော အရာများက သူ့အပေါ်သို့ ကုပ်ကက်တိုးဝင်နေတာ တွေ့လိုက်ရသည်။ သေချာစူးစမ်းကြည့်ပြီးနောက်မှာ ငါးများနှင့် ပုစွန်များ ဖြစ်နေတာ တွေ့လိုက်ရသည်။

ဟန်လိက မျက်မှောင်ကြုတ်သွား၏။ သူက ဖြည်းဖြည်းချင်း ထရပ်နိုင်အောင် ကြိုးစားသည်။ ရုတ်တရက် သူ့ခေါင်းမှာ ဆက်ခနဲ နာကျင်သွား၏။ သူ့ခြေထောက်များသည် ပျော့ခွေကျသွားကာ မူးဝေသွား၏။ ဟန်လိက စိတ်ထဲကနေ ကျိန်ဆဲလိုက်မိသည်။ သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသော မှော်စွမ်းအားလုံးဝ ရှိမနေ၍ သူသည် တည်နေရာရွှေ့ပြောင်းခံရပြီးနောက် ခံစားသွားရသည်။ သူသည် အချိန်တစ်ခုထိ မတ်တပ်ပင် ရပ်နိုင်စွမ်း မရှိလောက်တော့ပေ။

ထိုသို့ဖြစ်၍ ဟန်လိသည် ငါး၊ပုစွန်ပုံထဲတွင် မလှုပ်မယှက် လှဲနေပြီး သူ့ခြေလက်များ ထပ်မံ လှုပ်လာနိုင်သည့်အထိ သူ့ခွန်အားကို ချွေတာကာ အားမွေးနေသည်။ သို့ပေမည့် ခဏအကြာတွင် သူ့အထက် ဆယ်မီတာဝန်းကျင်လောက်တွင် နောက်ထပ် အနက်ရောင်အလင်းလုံးတစ်ခု ပေါ်လာသည်။

ထိုအလင်းကြောင့် ဟန်လိသည် သူ့အပေါ်ဘက် မီတာသုံးဆယ်လောက် အကွာတွင် ထူးဆန်းသော ကျောက်စိုင်ကျောက်ခဲများ ရှိနေတာကို မြင်လိုက်ရသည်။ သည်နေရာမှာ မြေအောက်လှိုဏ်ဂူတစ်ခုမှန်း သူ သိသွား၏။ ယင်းအလင်းထဲ၌ တစ်ခုခု ရှိနေပုံ ရသည်။ ၎င်းကို ကြည့်နေရင်း ဟန်လိစိတ်ထဲ ဂနာမငြိမ် ဖြစ်နေသည်။

လေးငါးကြိမ်လောက် လင်းလက်သွားပြီးနောက်မှာ ထိုအလင်းလုံးသည် ပျောက်ကွယ်သွားပြီး ဟန်လိထံ ပိန်းပိန်းမှောင်နေသော အရာဝတ္ထုတစ်ခု တန်းမတ်စွာ ပြုတ်ကျလာသည်။ သူ မင်သက်သွား၏။ သူက ရှောင်ချင်သည်။ သို့သော် သူ့ခန္ဓာကိုယ်မှာ အားအင်မဲ့နေ၏။ သူသည် ၎င်းအရာက သူ့အပေါ်သို့ ပြုတ်ကျလာတာကို သည်အတိုင်း ကြည့်နေရုံသာ တတ်နိုင်သည်။

ဤသို့ဖြင့် နူးညံ့အိစက်သော အမျိုးသမီးတစ်ယောက်၏ ခန္ဓာကိုယ်ပေါ်သို့ ငြီးသံနှင့်အတူ ကျရောက်သွား၏။ သူမလည်း သည်နေရာသို့ တည်နေရာရွှေ့ပြောင်း ခံလိုက်ရတာ ဖြစ်ပုံရ၏။ သူမက စိတ်လှုပ်ရှားနေတာ သိသာ၏။ သူမသည် ဟန်လိက သူမအောက်တါင် ရှိနေမှန်း မသိသည့်အတွက် သူ့အပေါ်မှာ ကုန်းရုံးထ၏။ ဟန်လိ၏ ဆံပင်ကိုပါ လှမ်းဆုပ်ကိုင်မိသည်။ ဟန်လိ ရှုံ့မဲ့သွားပြီး နာသွားသဖြင့် ခပ်သဲ့သဲ့ အော်လိုက်မိသည်။

“ဟယ်…” ခုခါကျမှ သူမလည်း သူမအောက်ဘက်တွင် လူတစ်ယော်က ရှိနေမှန်း သဘောပေါက်သွားတော့သည်။ သူမက လန့်၍ ထအော်ပြီး အလျင်အမြန် ထရပ်နိုင်ရန် ကြိုးစားသည်။ သို့သော် သူမ၏ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီး အားနည်းစွာ ပြန်ပြုတ်ကျသည်။

သူမက ဟန်လိ၏ ဗိုက်ပေါ်သို့ ပြန်ပြုတ်ကျသွားပြန်သည်။ အလန့်တကြား ဖြစ်နေသဖြင့် သူမက ငယ်ရွယ်လောက်မည်။

“ရှင် ဘယ်သူလဲ…” သူမက တုန်တုန်ရင်ရင်ဖြင့် မေးလာသည်။ သူမ၏ နှလုံးသံ တဒိတ်ဒိတ်ခုန်သံကို တိတ်ဆိတ်နေသော အမှောင်ထုထဲ၌ အတိုင်းသား ကြားရ၏။ သူမ၏အသံက နားထောင်၍ကောင်းလှသည်။ သို့သော် ဟန်လိက ထိုအမျိုးသမီးသည် မည်သူမည်ဝါမှန်းလည်း မသိ၊ သူမ၏ ရုပ်သွင်ကိုလည်း သေချာ မမြင်ရ၍ သူက စနောက်ကာ ပြန်ဖြေလိုက်သည်။

“ယောကျ်ားသား တစ်ယောက်ပါပဲ…”

“အန်…” သူမ၏မျက်လုံးထဲတွင် မကျေနပ်ဟန် အထင်းသား ပေါ်သွားပြီး ဟန်လိကို ရန်လိုစွာ ကြည့်၏။ သို့ပေမည့် သူမ၏ခြေလက်များက နာကျင်လှသဖြင့် သူမကား ဇာတ်လှည့်နိုင်ရုံသာ။

သူမ၏ ကိုယ်သင်းမွှေးရနံ့က ဟန်လိ၏ နှာသီးဝကို လာကျီစယ်ပြီး သူ့အား တမျိုးတမည် ခံစားချက်တစ်ခု ဖြစ်ပေါ်လာစေသည်။ သူမ၏ နူးညံ့အိစက်သော ခန္ဓာကိုယ်ကလည်း သူ့အပေါ် ဖိထားသေးသည်ဖြစ်၍ အချို့အချို့သော ဧရိယာတစ်ခုက မသိလိုက်ပါဘဲ မြောက်ကြွလာတော့သည်။

“နင် ဘာလုပ်နေတာလဲ…” ထိုအမျိုးသမီးက ဟန်လိ၏ခန္ဓာကိုယ်မှ ပြောင်းလဲမှုကို ချက်ခြင်း ခံစားမိပြီး သူ့ကို ရန်လိုရှက်ရွှံ့စွာ ကြည့်သည်။ သို့ပင်ငြားလည်း ဟန်လိက ထိုအပြုအမူမှာ ချစ်ဖွယ်ကောင်းလှသည်ဟု မြင်သည်။ သူက ခါးသက်စွာ ရယ်မောပြီး ပြောလိုက်သည်။

“ဒါက ငါ ထိန်းချုပ်နိုင်တဲ့အရာ မဟုတ်ဘူး။ ငါ့မှာ မှော်စွမ်းအားကော၊ စိတ်ဝိညာဉ်အာရုံကော ဆုံးရှုံးထားတယ်။ ကျင့်ကြံမှု မရှိတဲ့အတွက် အခု ငါက သာမန်လူတစ်ယောက်လိုပဲ။ အဲ့လို တုန့်ပြန်တဲ့အပေါ် ငါ ဘာမှ မတတ်နိုင်ဘူး…”

အမျိုးသမီးက နှာခေါင်းရှုံ့၏။ သူမက ဘာမျှ ထပ်မပြောတော့သော်လည်း သူ ပြောတာကို ကြားလောက်မည်။ သူမက အရှက်ရ၍‌ ဒေါသထွက်နေသော်ငြား ဟန်လိကဲ့သို့ပင် မလှုပ်ရှားနိုင်၊ ဘာမျှ လုပ်နိုင်စွမ်း မရှိဖြစ်နေသည်။

တစ်ဖန် တိတ်ဆိတ်သွားသော အမှောင်ထုထဲတွင် လူနှစ်ယောက်၏ အသက်ရှူသံကိုသာ ကြားနေရတော့သည်။

ဟန်လိသည် သည်အတွေ့အကြုံမှာ လုံးဝ မကြုံစဖူးဟု ခံစားမိနေသည်။ သူ့အောက်ဘက်တွင် မရေမတွက်နိုင်သော ငါးများ၊ ပုစွန်များက လူးလာနေကြ၏။ သူစိမ်း အမျိုးသမီးတစ်ယောက်ကလည်း သူ့အပေါ်မှာ လာလှဲနေပြန်သည်။ ဤအခြေအနေကို မည်သို့ ဖော်ပြလို့ ဖော်ပြရမှန်းပင် မသိနိုင်တော့ပေ။ ကြောင်တောင်တောင် နိုင်လှ၏။

အမျိုးသမီးက တိတ်ဆိတ်မှုကို ဖြိုခွဲကာ ရုတ်တရက် မေးလာသည်။

“နင်က ကျွန်းပေါ်ကို ဝင်ရော်ကခဲ့တဲ့ ကျင့်ကြံသူတွေထဲက တစ်ယောက်လား…”

“အင်း…ဟုတ်လောက်မှာပါ” ဟန်လိက သူမ၏ စကားကို ကြားသည့်အခါ ကျွန်းငယ်ထံ ဝရောသုန်းကား ပြေးလာခဲ့ကြသော ကျင့်ကြံသူ ဒါဇင်ကျော်အကြောင်း ပြန်တွေးမိသွားသည်။ ထိုအမျိုးသမီးက သူတို့ထဲမှ တစ်ယောက် ဖြစ်နိုင်လောက်သည်။ သူမ၏မျက်လုံးထဲ၌ သံသယဝင်ဟန် ဖြတ်ပြေးသွားပြီး သူမက နှာခေါင်းရှုံ့ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ဘာကို ဆိုလိုတာလဲ…”

ဟန်လိက ပြုံး၏။ သူမက ထိုအမျိုးသမီး၏အမေးကို မည်သို့ ပြန်ဖြေရင် ကောင်းမလဲ စဉ်းစားနေစဉ်မှာပင် ရုတ်တရက် ခြေသံများ ကြားရသည်။ မီးတုတ်များ အကွာအဝေးတစ်ခုမှာ ပေါ်လာကြသည်။ ထိုမီးတုတ်များ တလက်လက် အောက်မှာ ဝိုးတဝါး မြင်ရသော အရိပ်များ ရှိနေသည်။

ဟန်လိ၏ စိတ်ထဲတွင် တုန်ရင်သွားမိသည်။ သည်မှာ လူများ ရှိနေပုံ ရ၏။ သူတို့သည် တစ္ဆေမြူ၏ ဝါးမြိုခြင်း မခံရသော အခြားကျင့်ကြံသူများ ဖြစ်နေမလား။ ခဏအကြာတွင် မီးတုတ်များက သူတို့ထံ နီးကပ်လာသည်။

ဟန်လိက မျက်လုံးမှေးစင်းသွား၏။ မီးတောက်များ နောက်ကွယ်မှ အရိပ်များကို သူ ကောင်းကောင်းမြင်ရသည်။ သူတို့သည် လူကောင်ကြီးကြီး အမျိုးသားများပင်။ သူတို့တစ်ယောက်ချင်းစီ၏ အရပ်အမောင်းက ဟန်လိထက် ခေါင်းတစ်လုံးစာ ပိုမြင့်ပြီး အသက်လေးဆယ်ဝန်းကျင်လောက်တွေ ရှိလောက်မည်။

ထိုသူများက အစိမ်းရောင်ဝတ်စုံများ ဝတ်ထားကြပြီး သူတို့၏ လက်ထဲတွင် ဓားကဲ့သို့ လက်နက်များ ကိုင်ထား၏။ နောက်ကျောဘက်တွင်လည်း သားရေအိတ်များ လွယ်ထားကြပြီး ခြေလှမ်းကျယ်ကျယ်လှမ်းကာ အလျင်စလို ရှေ့ဆက်လာကြသည်။

ထိုသူများကို မြင်သည့်အခါ သူ့စိတ်ထဲ လန့်သွားမိသည်။ သူသည် ထိုသူများ မည်သူမည်ဝါ ဖြစ်လောက်မလဲ ခန့်မှန်းကြည့်နေစဉ် သူ့မျက်နှာပေါ်သို့ ဆံနွယ်တစ်စ လာထိခတ်သည်။ သူ့အပေါ်မှ အမျိုးသမီးကလည်း ထိုသူများထံ ခေါင်းလှည့်၍ လှမ်းကြည့်လိုက်တာ ဖြစ်မည်။ သူမလည်း တုန်တုန်ရီရီ ဖြစ်နေ၏။

All Chapters