← Chapters

အမည်မဲ့ နေရာ

Vol. 42 Ch. 579

အမည်မဲ့ နေရာ

Vol. 42 Ch. 579

ဟန်လိသည် သူ့ခန္ဓာကိုယ်ကို ပြန်ထိန်းချုပ်နိုင်မှန်း သိသွားပြီးနောက် မီးတောက်များသည် သူတို့နား ပိုကပ်လာကြသဖြင့် သူ့အနေဖြင့် ရှင်းရှင်းလင်းလင်း မြင်ရသည်။

မီးတုတ်များကြောင့် အနီးပတ်ဝန်းကျင်တွင် ငါးများ၊ ပုစွန်များ နေရာအနှံ့တွင် အပုံလိုက်ရှိနေတာကို မြင်ရဖို့ လုံလောက်သွားသည်။ ဟန်လိနှင့် ထိုအမျိုးသမီးတို့သည် ယင်းငါးပုံ၊ ပုစွန်ပုံကြား ရောက်နေကြခြင်းပင်။ သူတို့နှင့် အဝေးနေရာကမူ မှောင်မဲနေဆဲ ဖြစ်ကာ မမြင်ရပေ။ သည်လှိုဏ်ဂူမှာ ကျယ်ဝန်းပုံ ရ၏။ ဂူနံရံကို မမြင်ရပေ။

မီးတုတ်များ ကိုင်ဆောင်ထားသော အမျိုးသားများသည် ဟန်လိနှင့် မီတာတစ်ရာလောက် အကွာတွင် ရပ်လိုက်ကြပြီး သူတို့၏ အိတ်များကို အောက်ဘက်သို့ ခပ်မြန်မြန် ချ၏။ သတိထား၍ ရပ်စောင့်နေသော တစ်ယောက်ကလွဲ၍ ကျန်လူအားလုံးမှာ ထိုငါးများ၊ ပုစွန်များကို သူတို့၏ အိတ်ထဲသို့ ထည့်ကြ၏။

ဟန်လိသည် ထိုသည်ကို မြင်သည့်အခါ အံ့အားသင့်သွား၏။ သူ့အပေါ်မှ အမျိုးသမီးလည်း အံ့အားသင့်ကာ အသံပင် ထွက်မိသွားသည်။ သူမ၏ အသံက တိုးလွန်းသဖြင့် ထိုအမျိုးသားများက မကြားရပေ။ ဟန်လိက သူမထံ အလိုအလျောက် ကြည့်မိသွားသည်။ မီးရောင် မှိန်ဖျော့ဖျော့အောက်မှာ ယင်းအမျိုးသမီးသည် မိန်းမလှတစ်ယောက် ဖြစ်မှန်း သိလိုက်သည်။ သူမက ဟန်လိ၏အကြည့်ကို ချက်ခြင်း သတိပြုမိကာ ရှက်သွေးဖြာသွားသည်။ သူမက တစ်ဖက်သို့ ပြန်လှည့်ကာ အမှောင်ထုထဲ၌ သူမ၏ မျက်နှာကို ဖုံးကွယ်သည်။ သို့ပေမည့် အမှောင်ထဲတွင် သူမ၏မျက်လုံးထဲ၌ ရှက်သွေးဖြာနေဆဲပင်။

ဟန်လိက သူမ၏ ရှက်သွားသည့် ဟန်ပန်ကို တွေ့၏။

ထိုအမျိုးသမီးက တစ်မျိုးပင်။ သူတို့က တစ်ယောက်နှင့် တစ်ယောက်၏ ပုံပန်းသွင်ပြင်ကို မမြင်ရသေးခင်ထိ ပွင့်ပွင့်လင်းလင်း ပြောကာ စကားကြမ်းသည့် အရိပ်အယောင်ပါ ရှိနေခဲ့၏။ အခု သူမကို မြင်ရပြီးနောက်မှာမူ စစချင်းတုန်းက ရန်လိုမှုက ပျောက်ကွယ်သွားပြီး ချက်ခြင်းပင် လိမ္မာယဉ်ပါးကာ ရှက်သွေးဖြာနေသည်။ ထိုစဉ် သူတို့က အကွာအဝေးတစ်ခုမှ အလန့်တကြား အော်သံကို ကြားရသည်။

စောင့်ကြပ်နေသော အမျိုးသားက ရုတ်တရက် တစ်ဖက်သို့ လှည့်ပြီး အလျင်စလို ခပ်တိုးတိုး ပြောသည်။

“မကောင်းတော့ဘူး။ လူစုခွဲကြ။ မီးကြေးခွံသားရဲ ရောက်လာတော့မယ်…”

ရုတ်တရက် ငါးများကို သိမ်းကောက်နေသော သူများသည် သူတို့၏ အိတ်များကို ကျောပေါ် ချက်ခြင်း ကောက်လွယ်ပြီး အခြားဦးတည်ရာတစ်ခုထံ အရူးအမူး ပြေးကြသည်။ မီးတုတ်များက အမှောင်ထုထဲမှ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။

ထိုစဉ် တဝီဝီမြည်သံများကို အမှောင်ထုအတွင်းမှာ ကြားရ၏။ တစ်ခုခုက ထိုသူများကို ရှာဖွေနေသည့်အလား။ ထို့နောက်တွင် တဗုန်းဗုန်းမြည်သံများ ထွက်ပေါ်လာသည်။

အမှောင်ထုထဲမှ မီတာအတော်အတန် အရှည်ရှိသော မီးရောင်အရိပ်များ ခုန်ထွက်လာကြပြီး ဖြတ်ခနဲ အလျင်အမြန် ပျောက်ကွယ်သွားသည်။ ချက်ခြင်းပင် ဟန်လိသည် မီးကြေးခွံသားရဲများ၏ ပုံပန်းသွင်ပြင်များကို ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်း ရှိသွားသည်။ ထိုသားရဲများသည် ပုံဆိုးပန်းဆိုးနိုင်လှကာ အနီရောင်ကြေးခွံများနှင့် ပါးစပ်ထဲတွင်လည်း ချွန်မြသောအစွယ်များလည်း ရှိသည်။

မျက်စိတစ်မှိတ်အတွင်း တိတ်ဆိတ်မှုက တစ်ဖန် ကြီးစိုးသွားပြန်သည်။ ဟန်လိသည် ထိုထူးခြားသောသားရဲများက သူတို့နှစ်ယောက်ကို တွေ့သွားခြင်း မရှိသောအခါမှ စိတ်သက်သာရာရကာ သက်ပြင်းရှည်ကြီး ချနိုင်တော့သည်။

ယင်းသားရဲများ ပျောက်ကွယ်သွားပြီး ခဏအကြာတွင် ဟန်လိက ကြိုးစားပြီး လက်သီးစုပ်ကြည့်သည်။ နောက်ဆုံးတွင် သူက သူ့ခန္ဓာကိုယ်ကို ပြန်ထိန်းချုပ်စွမ်းနှင့် သူ့အပေါ်မှ အမျိုးသမီး၏လက်နှစ်ဖက်ကို ကိုင်ဆုပ်၍ ဖြည်းဖြည်းချင်း ပြန်ထနိုင်သည့်အထိ အားအင်ပြန်ပြည့်လာသည်။

ထိုစဉ် သူမက ရှက်သွေးဖြာကာ တိုးတိုးဖွဖွ ရေရွတ်လာသည်။

“အား...ကျမကို လွှတ်ပေးပါ။ ကျမလည်း ခနနေ ပြန်အားပြည့်တော့မှာပါ...”

ဟန်လိက ထိုအမျိုးသမီးကို ဖြတ်ခနဲ့ ကြည့်၍ မထူးခြားနားစွာ ပြောလိုက်သည်။

“မြေပြင်ပေါ်က ငါးတွေပုစွန်တွေ ရွစိရွစိ ဖြစ်နေတာကို စိတ်ထဲမထားဘူးဆိုရင် ကျုပ် မင်းကို လွှတ်ပေးမယ်...”

ထိုစကားကို ကြားမှ သူမက ခေါင်းငုံ့ကာ အောက်သို့ ကြည့်မိသွားပြီး ချီတုံချတုံ ဖြစ်သွားသည်။ အဆုံးသတ်တွင်တော့ သူမက ငြိမ်နေရန်သာ ရွေးချယ်လိုက်၏။ ဟန်လိက လက်တစ်ဖက်ဖြင့် အမျိုးသမီးကို သိုင်းပွေ့ပြီး ငါးပုစွန်ပုံထဲကနေ ခုန်ထွက်ပြီး လွှတ်ပစ်ထားခဲ့သော မီးတုတ်များ ရှိရာသို့ လှမ်းလျှောက်လာသည်။ သူသည် ဤနေရာက မည်သည့်နေရာမှန်း မသိသော်ငြား သူတို့တွင် အလင်းဓာတ် မရပါက ပိုဒုက္ခရောက်နိုင်ကြောင်း သိ၏။ သူက ခါးကိုင်းပြီး မီးတုတ်တစ်ချောင်းကို ကောက်၏။ ဘေးပတ်လည်သို့ အလေးအနက်ဟန်ပန်ဖြင့် ကြည့်၏။

တအောင့်အကြာတွင် ရှက်သွေးဖြာနေသော အမျိုးသမီးက ခပ်တိုးတိုး ပြောလာပြန်သည်။

“ကျေးဇူးပြုပြီး ကျမကို လွှတ်ပေးပါတော့။ ခု ကျမ လှုပ်ရှားနိုင်ပါပြီ...”

သည်စကားကို ကြားတော့ ဟန်လိက သူ့လက်ကို ဖြေလျှော့ပေးသည်။ အမျိုးသမီးက လှပညက်ညောစွာ မြေပေါ်မှာ ရပ်၏။ သူမ၏ ဝတ်စုံကို ခပ်မြန်မြန် ဖုတ်ဖတ်ခါလိုက်ပြီး သူမကလည်း မီးတုတ်ကို ကောက်ယူကာ ဘေးပတ်ဝန်းကျင်ကို စူးစမ်းသည်။ သည့်နောက်မှ ဟန်လိက အစောပိုင်းတုန်းက အမျိုးသားများ ရောက်လာခဲ့သော နေရာထံ ရုတ်တရက် ခေါင်းလှည့်ကြည့်သည်။

ထိုအပြုအမူကို မြင်သည့်အခါ သူမက သတိထားသွားပြီး ခပ်သွက်သွက် မေးလာသည်။

“ရှင်...ဘယ်ကို သွားမလို့လဲ...”

ဟန်လိက ခေါင်းမလှည့်ဘဲ ပြန်ဖြေသည်။

“ဟိုသားရဲကောင်တွေ ပြန်ရောက်လာတဲ့အထိ ကျုပ် ဒီမှာ စောင့်မနေနိုင်ဘူး။ အခု လုံခုံတဲ့ တစ်နေရာရာ သွားရှာတာက ပိုကောင်းတယ်…”

အမျိုးသမီးက ထိုစကားကို ကြားသည့်အခါ ထိတ်လန့်ဟန် ဖြစ်ပေါ်သွားပြီး ဟန်လိနောက်သို့ ခပ်သွက်သွက် လိုက်လာသည်။ ဟန်လိက နှုတ်ဆိတ်လျက် သူ့လမ်းကိုယ်သာသူ ဆက်သွားသည်။

ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ဟန်လိက ရပ်၍ မီးတုတ်ဖြင့် မြေပြင်နား ကပ်ကြည့်၏။ အမျိုးသားခြေရာများ မြေပြင်တွင် ထင်နေတာ မြင်ရသည်။ အမျိုးသမီးကလည်း သတိထားသွားပြီး ဟန်လိနား ပြေးလာသည်။ သူမက နည်းနည်းတော့ အံ့အားသင့်နေပြီး ခပ်တိုးတိုး ပြောလိုက်သည်။

“ဘာများ ဖြစ်လို့လဲ…”

ဟန်လိက မဖြေပေ။ ထိုအစား အောက်သို့ ငုံ့က လက်တစ်ဆုပ်စာ သဲများကို ယူ၍ နှာခေါင်းနားတော့ကြည့်၏။ သူက နှာရှုတ်လိုက်ပြီးနောက် တမျိုးတမည်ဖြစ်သွားသည်။

“သွေးနံ့တွေ ရှိနေတယ်။ ဒါက ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး…” ဟန်လိက ထိုသို့ ပြောပြီး အမျိုးသားများ၏ခြေရာများအတိုင်း ဆက်လျှောက်လာသည်။ နာရီဝက်လောက် ကြာပြီးနောက် သူတို့က အကွာအဝေးတစ်ခု၌ ခပ်သဲ့သဲ့အပြာရောင်အလင်းကို လှမ်းမြင်ရသည်။

သူက ထိုမြင်ကွင်းကို မျက်မှောင်ကြုတ်၍ လှမ်းကြည့်ပြီး ခြေလှမ်းအရှိန်ပိုတင်သည်။ ခဏအကြာတွင်သည် မှောင်မဲနေသောနေရာထံမှ ဝင်ပေါက်ဟု ထင်ရသော အပြာရောင်အလင်း တောက်ပနေတာကို သူ တွေ့ရှိသည်။ ၎င်းမှာ သုံးမီတာမျှ အကျယ်ရှိသော်ငြား လူတစ်ယောက် ဖြတ်ကျော်ဖို့အတွက်မူ လုံလောက်တာထက် ပိုသည်။

သူတို့နှစ်ယောက်သားက ဤသည်ကို မြင်သည့်အခါ စိတ်အားတက်ကြွလျက် ခပ်သွက်သွက် လျှောက်လာကြသည်။

အနှီဝင်ပေါက်နားသို့ ရောက်ရောက်ချင်း ဟန်လိရှေ့တွင် အဖြူရောင်လင်းလက်သွားပြီး ဓားရှစ်လက်က သူ့လည်ပင်းပေါ် ဝဲ၍ကျရောက်လာ၏။ ကြမ်းရှရှအေးစက်စက်လေသံ ထွက်ပေါ်လာ၏။

“မင်း ဘယ်သူလဲ။ အားဟုနဲ့ အခြားသူတွေကော ဘယ်မှာလဲ။ မင်းတို့က အသစ်ရောက်လာတဲ့သူတွေလား…”

သူ့ကို လူငယ်လူရွယ်အမျိုးသား၊အမျိုးသမီး နှစ်ဆယ်ကျော်လောက်က ဝိုင်းထားတာ မြင်လိုက်ရသည့်အခါ ဟန်လိ၏စိတ်ထဲတွင် တင်းကျပ်သွားမိသည်။ သူတို့တစ်ယောက်ချင်းစီက ထူးခြားသော အဖြူရောင်ဓားများကို ကိုင်ထားလျက် ထူးဆန်းသည့် အစိမ်းရောင်ဝတ်စုံများဖြင့်ပင်။ သူတို့ရှေ့တွင် သက်လတ်ပိုင်းလူတစ်ယောက် ရှိနေသည်။ သူတို့အားလုံးက ဟန်လိကို စိုက်ကြည့်နေကြသည်။

ဟန်လိနောက်မှ ပါလာသော မိန်းမလှမှာမူ ဝိုင်းထားခံရ၍ မလှုပ်ဝံ့ဘဲ ရှိနေသည်။

ဟန်လိက နှာခေါင်းပွတ်ကာ မချိတင်ကဲဟန်ဖြင့် ပြော၏။

“ကျုပ်တို့ကို အသစ်ရောက်လာတဲ့သူတွေလို့ ယူဆတဲ့အတွက် ဘာကြောင့်ထင်လဲ ကျုပ် စဉ်းစားနေတာ။ အပြင်လူတွေ ဒီမှာ မကြာဆိုသလို ပေါ်လာတတ်တာလား…”

ဟန်လိ၏ စကားကို ကြားသည့်အခါ သက်လတ်ပိုင်းလူသည် စိတ်အေးသွားပုံရသည်။ သို့သော် သူ့လေသံကမူ အေးစက်နေဆဲသာ။

“ခင်ဗျား ဝတ်ထားတဲ့အဝတ်အစားမျိုးကို အပြင်လူတွေပဲ ဝတ်တာ။ ဒါပေမဲ့ မင်းတို့ ကျုပ်တို့နဲ့ ကြုံရတဲ့အတွက် ကံကောင်းတယ်။ တကယ်တော့ အပြင်လူအများစုဟာ ဘာဖြစ်သွားလဲ မသိလိုက်ခင်မှာတင် အမှောင်သားရဲတွေရဲ့ ဝမ်းဗိုက်ထဲ ရောက်သွားတာ များတယ်။

ထို့နောက်တွင် သူက လက်ဝေ့ရမ်းသည်။ လူငယ်သည် ဓားများကို ပြန်ရုတ်၏။

ဟန်လိသည် လည်ပင်းကို ပွတ်သပ်လျက် ဓားများကို ထိတ်လန့်ဟန်ဖြင့် ငေးကြည့်သည်။

ထိုဓားသွားများက သူ့လည်ပင်းကို လာထိချိန်တွင် ယင်းတို့ကား ခြစ်ခြစ်တောက်ပူပြင်းသော သံမဏိဖြင့် ပြုလုပ်ထားသည့်နှယ် လောင်ကျွမ်းမှုအငွေ့အသက်ကို သူ ခံစားမိခဲ့ရသည်။ ယင်းက အမှန်တကယ် ထူးကဲသော အတွေ့အကြုံတစ်ခုပင်။ ထို့နောက်တွင် ဟန်လိက ဘေးပတ်လည်သို့ ကြည့်၏။ သူတို့သည် ကျောက်တောင်ငယ်တစ်ခုရှေ့တွင် ရှိနေမှန်း သိလိုက်ရသည်။ အကွာအဝေးတစ်ခုသို့ လှမ်းကြည့်သည့်အခါ အဆုံးမဲ့သော အဝါရောင်ကန္တာရတစ်ခု ရှိနေသည်။

ထို့နောက်တွင် ဟန်လိက ကောင်းကင်ထက်သို့ မော့ကြည့်၏။ သူက ပို၍ပင် တုန်လှုပ်သွားတော့သည်။

ဟန်လိသည် ကောင်းကင်ထက်တွင် ပိန်းပိန်းမှောင်နေသော တိမ်စိုင်များကို မြင်ရသည်။ ၎င်းတို့မှာ အဆုံးမရှိဟန်ပေါ်လျက် အပြာရင့်ရောင်လျှပ်စီးများကလည်း အဆက်မပြတ် လင်းလက်နေသည်။ ကောင်းကင်တစ်ခွင်မှာ အပြာရောင်အလင်းသဲ့သဲ့ တောက်နေ၏။ ယင်းမှာ ဟန်လိ စိတ်ကူးမိသည့်ထက် ပို၍ ထူးဆန်းနေသည်။

ဟန်လိသည် သူ့ဘေးပတ်ဝန်းကျင်ကို စူးစမ်း၍ မပြီးသေးခင်မှာပင် သက်လတ်ပိုင်းလူက မျက်မှောင်ကြုတ်၍ မေးလာသည်။

“မင်းတို့ ရောက်လာတော့ တစ်ယောက်ယောက်နဲ့ ကြုံခဲ့ရသေးလား။ သူတို့က ကျုပ် အဖော်တွေပဲ…”

ဟန်လိက ချက်ခြင်း ပြန်ဖြေသည်။

“ကျုပ်တို့ အုပ်စုတစ်စုကို မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့ကို သားရဲအချို့က လိုက်လံနေတယ်။ သူတို့ အခြားဦးတည်ရာတစ်ခုဆီ ပြေးသွားကြတယ်…”

ထိုမေးလာသူမှာ စိတ်ပူပင်ဟန် ပေါ်လာပြီး သူက ဓားသွားကို တင်းတင်းဆုပ်ကိုင်လျက် မေးလာသည်။

“သားရဲတွေလား။ ဘယ်လို သားရဲမျိုးလဲ…”

“သူတို့ကတော့ မီးကြေးခွံသွားရဲတွေလို့ ခေါ်တာတော့ ကျုပ် ကြားခဲ့ရပါတယ်…”

ထိုသူသည် စိတ်အေးသွားပြီး တည်ငြိမ်စွာ ပြောလာသည်။

“မီးကြေးခွံသွားရဲတွေလား။ ကောင်းတယ်။ အားဟူနဲ့ အခြားသူတွေက ဒီကောင်တွေကိုတော့ ရင်ဆိုင်နိုင်မှာပါ။ ဒါပေမဲ့ ပိုသေချာအောင်လို့ ဖန်လီရေ…အဖွဲ့တစ်ဖွဲ့ခေါ်၊ အထဲဝင်ပြီး သူတို့ကို ကူညီပေးလိုက်။ ပြီးရင် အနီးဆုံးထွက်ပေါက်ကနေသာ သူတို့ကို ခေါ်လာခဲ့…”

အရပ်မြင့်မြင့်၊အသားမည်းမည်းလူတစ်ယောက်သည် ဘာစကားမျှ မဆိုလေဘဲ အဖွဲ့တစ်ဖွဲ့ကို ခေါ်၍ လှိုဏ်ဂူထဲသို့ ဝင်ရောက်သွားသည်။

All Chapters