← Chapters

နံရံအမြင့်ကြီးများ

Vol. 42 Ch. 580

နံရံအမြင့်ကြီးများ

Vol. 42 Ch. 580

သက်လတ်ပိုင်းလူက ဟန်လိနှင့် အမျိုးသမီးတို့ထံ ခေါင်းလှည့်၍ မထူးခြားနားစွာ ပြောလာသည်။

“မင်းတို့ ကံကောင်းမလား၊ ဆိုးမလား ငါ သေချာ မပြောနိုင်ဘူး။ မင်းတို့က တကယ်ပဲ စိတ်ဝိညာဉ်ကွယ်ပျောက်ခြင်းချီပေါက်ကွဲမှုထဲ တကယ်ကြီး ဝင်တိုးခဲ့တယ်။ ဒါက ဟင်းလင်းပြင်မှာ အက်ကွဲကြောင်းတွေ ပိုပေါ်လာစေလိမ့်မယ်။ ကျွမ်းကျင်သူတွေတောင် ဒီအက်ကြောင်းတွေထဲကနေ လွတ်မြောက်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး။ ဒါကြောင့် တောင်အခေါင်းပေါက်ထဲမှာ ပုံမှန်ဆို အိပ်နေတတ်တဲ့ အမှောင်သားရဲတွေက ထွက်သွားခဲ့ကြတယ်။ မဟုတ်ရင် မင်းတို့ အထဲကို ကျရောက်သွားတာနဲ့ ချက်ခြင်း ဆုတ်ဖြဲခံခဲ့ရမှာ…”

ဟန်လိသည် ထိုစကားကို ကြားသည့်အခါ သူ့စိတ်နှလုံးမှာ ချောက်ချားသွားသည်။ သို့သော် သူ့အမူအရာကမူ မပြောင်းလဲသွားပေ။

“အဲ့လို ရဲတင်းခဲ့အတွက် ခင်ဗျားတို့ ကျုပ်ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့က ဘယ်နေရာကို ရောက်နေတာလဲလို့ မိတ်ဆွေတို့ ပြောပြပေးနိုင်မလား။ မိတ်ဆွေလေသံအရဆို ဒီနေရာဟာ အတော်လေး အန္တရာယ်များမယ့်ပုံပဲ…”

ထိုသူက မချိပြုံးပြုံး၍ ပြန်ဖြေလာသည်။

“အန္တရာယ် ဟုတ်လား။ ဟားဟား။ အပြင်ဘက်လောကမှာ မင်းတို့ဟာ ဘယ်လို အဆင့်အတန်း ဒါမှမဟုတ် ဘယ်လိုပုံရိပ်တွေပဲ ရှိရှိ၊ ဒီ အမှောင်နယ်မြေမှာတော့ အသက်ရှင်ဖို့ ရုန်းကန်ရမှာပဲ။ မင်းကိုယ်တိုင် အသုံးမကျရင် အမှောင်သားရဲ အစာ ဖြစ်သွားလိမ့်မယ်…”

ဟန်လိက မျက်မှောင်ကြုတ်ပြီး နောက်ထပ်မေးခွန်းများ ဆက်မေးချင်နေသည်။ သို့သော် ထိုလူက စိတ်မရှည်ဖြစ်ကာ လက်ဝေ့ရမ်းပြပြီး ပြောလိုက်သည်။

“ကျုပ်တို့ အချိန်ဖြုန်းနေမိပြီ။ ကျေးရွာ ပြန်ရောက်ပြီးမှပဲ ရှင်းပြတော့မယ်။ ခဏကြာရင် အမှောင်သားရဲတွေ သူတို့ အသိုက်ကို ပြန်လာကြတော့မယ်။ ကျုပ်တို့ နောင်ကျရင် အသုံးပြုနိုင်အောင်လို့ ဒီလျှို့ဝှက်ဝင်ပေါက်ကို မြန်မြန် ပိတ်ထားကြမယ်…”

ထိုသို့ ပြောပြီးနောက် သူ့နောက်ဘက်ရှိ လူများထံ လှည့်ကာ အမိန့်များ ခပ်မြန်မြန် ပေးလိုက်သည်။

အမျိုးသားနှင့် အမျိုးသမီးများသည် အနီးဝန်းကျင်ရှိ ကျောက်တုံးများကို ကောက်ယူကာ အပေါက်ဝကို မြန်မြန် ပိတ်ဆို့ကြသည်။

သက်လတ်ပိုင်းလူက ကောင်းကင်ထက်ရှိ ယင်တိမ်တိုက်များထံ လှမ်းကြည့်ပြီး သူ့မျက်နှာက နက်မှောင်သွားသည်။

“သွားကြစို့။ အရာအားလုံး အဆင်ပြေမယ်ဆို အားဟူနဲ့ တခြားသူတွေကို ကျုပ်တို့ လမ်းမှာ ဆုံလိမ့်မယ်။ အချိန်ဆွဲနေပြီး ယင်လေတွေ တိုက်ခတ်လာရင် ကျုပ်တို့ ပြန်နိုင်တော့မှာ မဟုတ်ဘူး…”

ထိုသို့ ပြောပြီးနောက် သူက တစ်ဖက်သို့ လှည့်ပြီး ထွက်ခွာသည်။ ကျန်သည့်သူများက သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါကြသည်။ မည်သူကမျှ ဟန်လိ သို့မဟုတ် အမျိုးသမီးတို့ကို ဖိတ်ခေါ်ကြခြင်း မရှိပေ။ ဟန်လိက ဤသည်ကို မြင်သည့်အခါ သူ့မျက်လုံးထဲ၌ တမျိုးဖြစ်ဟန် ဖြတ်ပြေးသွား၏။ သူက ခုလက်ရှိ အခြေအနေကို စဉ်းစားကြည့်နေသည်။ သူ့ဘေးမှ မိန်းမလှကမူ စောင့်ကြည့်နေသည်။ ထိုစဉ် ထွက်ခွာသွားသော အုပ်စုမှာ အကွာအဝေးတစ်ခုသို့ ရောက်နေကြပေပြီ။

ဟန်လိက အလေးအနက်ဟန်ပန် ဖြစ်နေတာ မြင်သည့်အခါ သူမက စိုးရိမ်ပူပန်မှု မဖြစ်ဘဲ မနေနိုင် ဖြစ်ကာ မေးမိသည်။

“ကျမတို့ သူတို့နောက်ကို လိုက်သွားကြမလား…”

မည်သည့်မှော်စွမ်းအားမှ မရှိသည့်အခါ သူမသည် အားနည်းကြောက်လန့်တတ်သော သေမျိုးတစ်ယောက်အဖြစ် ပြောင်းလဲခဲ့ပေပြီ။ ဟန်လိက တစ်ချိန်လုံး တည်ငြိမ်နေသောကြောင့် သူ့အပေါ်တွင် သူမသည် အလိုလို မှီခိုမီလာသည်။ ဟန်လိက ခေါင်းမော့ကာ တည်ငြိမ်စွာ ပြော၏။

“မလိုက်စရာ ဘာအကြောင်းပြချက်မှ မရှိတာ။ သူတို့ ပြောတဲ့ ကျေးရွာကို သွားကြည့်ကြတာပေါ့။ ကျုပ်တို့ အဲ့ကို ရောက်မှ တစ်ခုခု စဉ်းစားပြီး ကျုပ်တို့ရဲ့ မှော်စွမ်းအားလည်း ပြန်ကောင်းမွန်လာလောက်မှာပါ…”

ထို့နောက်တွင် သူက အကွာအဝေးတစ်ခုသို့ ခြေလှမ်းကျယ်ကျယ်လှမ်းကာ ဦးတည်လာတော့သည်။

အမျိုးသမီးက စိတ်သက်သာရာရပြီး သက်ပြင်းချကာ ဟန်လိနောက်သို့ လိုက်ပါလာတော့သည်။

“ကျမက မိုင်နင်ပါ။ ကျမအစ်ကိုနဲ့ ကျမက တစ္ဆေမြူတွေထဲကို အတူတူ နစ်မြုပ်သွားတာပါ။ ဒါပေမဲ့ သူက ဒီမှာ မရှိဘူး…”

သူမ၏အစ်ကိုဖြစ်သူအကြောင်း ထုတ်ပြောသည့်အခါတွင် သူမ၏မျက်နှာထက်တွင် စိုးရိမ်ပူပန်ဟန် ပေါ်လာသည်။

ဟန်လိက တည်ငြိမ်စွာ ပြောသည်။ “အဲ့လို ဖြစ်တတ်ပါတယ်။ အနက်ရောင်လျှပ်စီးမှာ ကျပန်းတည်နေရာရွှေ့ပြောင်းပေးနိုင်နဲ့ စွမ်းအားရှိတဲ့ပုံပေါ်တယ်။ ခင်ဗျားရဲ့ အစ်ကိုက တခြားနေရာကို တည်နေရာရွှေ့ပြောင်းသွားတယ်။ မဟုတ်ရင် ကျွန်းပတ်ပတ်လည်မှာ ကျင့်ကြံသူတွေ အများအပြား ရှိနေတဲ့ကြားက ကျုပ်တို့နှစ်ယောက်ပဲ ဒီကို ဘာကြောင့် တည်နေရာရွှေ့ပြောင်းလာခဲ့ရမှာလဲ။ ခင်ဗျားကသာ သူ့ကို ရှာမယ်ဆို ဖြည်းဖြည်းချင်းတော့ တွေ့မှာပါ…”

ထိုစကားကိုကြားမှ သူမက စိတ်သက်သာရာရသွားပြီး ဟန်လိကို စူးစမ်းချင်စိတ်ဖြင့် ကြည့်သည်။ ဟန်လိ၏အသွင်အပြင်မှာ သူမအတွက် သူစိမ်းသူပြင်ပင်။ အရင်က လုံးဝ မမြင်ဖူးတာ သေချာသည်။ ဟန်လိသည် မတူညီသော အရပ်မှ ကျွန်းငယ်ထံ ချဉ်းကပ်ခဲ့တာ ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိသည်။

သူမသည် ဟန်လိကို နောက်ထပ်မေးမြန်းကြည့်ဦးမည်ဟု တွေးလိုက်သေးသည်။ သို့သော် သူတို့က ရင်းနှီးသော ပတ်သက်မှု မရှိတာ သဘောပေါက်ပြီးနောက် ချိတုံချတုံ ဖြစ်ကာ နှုတ်ဆိတ်၍သာ နေလိုက်တော့သည်။

အစိမ်းရောင်ဝတ်စုံနှင့်အုပ်စုနောက်သို့ သူတို့နှစ်ယောက်သည် အလျင်အမြန် လိုက်လာနေရင်း ဟန်လိအကြောင်း ထပ်မံ စပ်စုကြည့်ရင် ဖြစ်လာနိုင်မည့် ကောင်းကျိုး၊ဆိုးကျိုးကို စဉ်းစားနေသည်။ သူတို့၌ လက်ရှိတွင် မှော်စွမ်းအား မရှိသော်ငြား ကျင့်ကြံသူများသည် ခန္ဓာအနှစ်သာရကို သန့်စင်ထားသည့် ခန္ဓာကိုယ်များ ပိုင်ဆိုင်ထားသည် ဖြစ်၍ သာမန်သေမျိုးများထက် များစွာ ပိုအစွမ်းထက်သည်။

သူတို့နှစ်ယောက်က မိမိတို့အုပ်စုနောက် အခက်အခဲမရှိ လိုက်ပါလာနိုင်တာ မြင်သည့်အခါ သက်လတ်ပိုင်းလူ၏မျက်လုံးထဲတွင် ထူးခြားသော ဟန်အမူအရာတစ်ခု ဖြစ်ပေါ်သွားသည်။ သူက ဘာစကားမျှ မဆိုလေဘဲ ခေါင်းငုံ့ကာ အရှိန်တင်သည်။ သူ၏နောက်မှ အခြားသူများကလည်း ထိုနည်းတူသာပင်။

ထိုသူများက သာမန်သေမျိုးများထက် သတိနိုးကြားမှု ရှိနေခြင်းကို ဟန်လိ အံ့အားသင့်သွားရသည်။ သူတို့၏ ခန္ဓာကိုယ်များထဲ၌ ထူးကဲလှသော အတွင်းအား မပိုင်ဆိုင်ထားသော်ငြား သူတို့သည် ပေါ့ပေါ့ပါးပါး သိုင်းပညာရပ်များကို လေ့ကျင့်ထားကြမှန်း သိသာသည်။ ထိုသိုင်းပညာရပ်တို့မှာ သည်နေရာတွင် အတော်လေး အသုံးတည့်ပုံ ပေါ်သည်။

မည်သို့ပင်ဖြစ်စေ ဟန်လိသည် အစောပိုင်းတုန်းက ဖြစ်ပွားခဲ့သော တစ္ဆေမြူအပေါ် ဒွိဟ ဖြစ်နေမိသည်။ သူ ဖတ်ရှုခဲ့ဖူးသော မှတ်တမ်းများအရဆို တစ္ဆေမြူများသည် ထိတ်လန့်ဖွယ်ကောင်းသော်လည်း အစောပိုင်းတုန်းက ဖြစ်ပွားခဲ့သလောက် ဆိုးဝါးခြင်းမျိုး ရှိမနေခဲ့ပေ။ လူတိုင်းမှာ ထွက်ပြေးရန်ပင် အခွင့်အရေး မရခဲ့သည် မဟုတ်လား။ သူကိုယ်တိုင်လည်း တစ္ဆေမြူနှင့် မထိခင်မိမှာပင် သူ့မှော်စွမ်းအား အားလုံး ချိတ်ပိတ်ခံခဲ့ရသည်။ ဤကား အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းလှ၏။

တစ္ဆေမြူ ထွက်ပေါ်လာတိုင်း ဤသို့ ကပ်ဘေးမျိုးသာ ဖြစ်ခဲ့ပါက စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများသည်ပင် လွတ်မြောက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ သို့သော် အရင့်အရင်တုန်းက တစ္ဆေမြူများ ထွက်ပေါ်လာခဲ့စဉ်က ၎င်းကို ရှောင်နိုင်ခဲ့သော ကျင့်ကြံသူများစွာ ရှိခဲ့ပေသည်။ ယင်းကျင့်ကြံသူများထဲတွင် အဆင့်နိမ့်ကျင့်ကြံသူများပင် ပါသေးသည်။

သို့ရာတွင် ဟန်လိသည် သက်လတ်ပိုင်းလူ ရည်ညွှန်းခဲ့သော စိတ်ဝိညာဉ်ကွယ်ပျောက်ခြင်းချီနှင့် ပတ်သက်ပြီး သိချင်စိတ် ဖြစ်မိနေသည်။ ၎င်း၏အမည်အရဆို သူ့စိတ်ဝိညာဉ်အာရုံနှင့် မှော်စွမ်းအားများ ခုလက်ရှိတွင် အတားအဆီးခံရသည့် အကြောင်းရင်းမှာ ၎င်းနှင့် ပတ်သက်နေမှာ သေချာသည်။

ခုလက်ရှိ ရှိနေသူမှန်သမျှကို ဖမ်းမိနိုင်စွမ်း ရှိသည့် ဤကဲ့သို့ ကြောက်မက်ဖွယ်တစ္ဆေမြူနှင့် လာတိုးရခြင်းမှာ အမှန်တကယ် ကံဆိုးသည်ဟု ပြော၍ ရသည်။ အသက်ရှင်လျက် တည်နေရာရွှေ့ပြောင်းခံခဲ့ရသော သူများသည် သည်နယ်မြေ၏ အခြားနေရာများတွင် တကွဲတပြား တွေ့နိုင်သည်ဟု သူ ထင်သည်။

ဟန်လိက ထိုသို့ စဉ်းစားနေရင်း သက်လတ်ပိုင်းလူသည် ရုတ်တရက် ရပ်တန့်ကာ အခြားဦးတည်ရပ်တစ်ခုထံ ခေါင်းလှည့်ကြည့်သည်။ သူ့အုပ်စုမှ အခြားသူများကလည်း သူ့အတိုင်း ပြုမူကြသည်။ ဤကန္တာရ၏ အဝေးတစ်နေရာကနေ အဝါရောင်နဂါးတစ်ကောင်သည် သူတို့ထံ သဲထုများကို ဖြတ်၍ တိုးဝင်လာနေသည်။

“ဒါက အားဟူနဲ့ အခြားသူတွေပဲ…” လူငယ်တစ်ယောက်က အားရဝမ်းသာ ထအော်သည်။ အခြားသူများကလည်း စိတ်လှုပ်ရှားလာ၏။ သက်လတ်ပိုင်းလူက ခေါင်းညိတ်လျက် စိတ်အေးသွားဟန် ပေါ်သည်။ သို့သော် ခဏအကြာတွင် သူ့အပြုံးကား တောင့်တင်းသွား၏။ သူက ယင်းအဝါရောင်နဂါးထံမှ စူးရှသော အော်မြည်သံများကို ကြားလိုက်ရပေသည်။

သက်လတ်ပိုင်းလူက မျက်စိမျက်နှာပျက်ကာ ဒေါသတကြီး အော်ဟစ်သည်။

“လူတိုင်းပဲ…မြန်မြန်သွားမယ်။ သူတို့ကို သွားကူကြမယ်။ သူတို့ အမှောင်သားရဲတွေ လိုက်လံတာ ခံနေရပြီ…”

သူက ခါးမှ အဖြူရောင်ဓားရှည်ကို ထုတ်၍ ရှေ့ကနေ ဦးဆောင်ကာ ပြေးဝင်သွားသည်။

ကျန်သည့်သူများကလည်း သူတို့၏ဓားများကို ထုတ်ကာ နောက်မှ လိုက်ပါသွားကြသည်။ ဟန်လိက နေရာတွင်သာ ရပ်နေရင်း အကွာအဝေးတစ်ခုရှိ အဝါရောင်နဂါးကို ထူးခြားသည့်ဟန်ပန်ဖြင့်သာ စိုက်ကြည့်နေသည်။

သက်လတ်ပိုင်းလူအုပ်စုသည် အဝါရောင်နဂါးထံ ရောက်သွားချိန်တွင် ကိုယ်ရှိန်သက်၍ မာန်သွင်းပြီး အဝါရောင်မြူထုထဲ တိုးဝင်သည်။ သူတို့က ထိုအခိုးအငွေ့ထဲ ဝင်သွားချိန်တွင် ရောထွေးနေသော အသံဗလံမျိုးစုံ ထွက်ပေါ်လာသည်။ ဆယ့်ငါးမီနစ်လောက် ကြာပြီးနောက်မှာ သူတို့၏အသံများက တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။

ခဏအကြာတွင် အဝါရောင်မြူတွင်းမှ အားရဝမ်းသာအသံများ ထွက်ပေါ်လာသည်။ အမျိုသား၊အမျိုးသမီးများကို မြင်ရ၏။ သူတို့၏ခန္ဓာကိုယ်များတွင် သားရဲသွေးများ ပေပွနေသည်။ ထို့ကြောင့် သူတို့ကို ဒဏ်ရာရထးသလား ပြောရခက်သော်လည်း ကျေနပ်အံ့အားသင့်သည့် အပြုံးများ ရှိနေသည်။

ထိုအုပ်စုထဲ၌ လှိုဏ်ဂူအတွင်းမှာ ဟန်လိမြင်ခဲ့ရသော ဗလတောင့်တောင့်ယောက်ျားသားများ ပါလာသည်။ သူတို့၏ကျောပေါ်တွင်လည်း အိတ်ကြီးများ သယ်ထားတုန်းပင်။ သူတို့က ဟန်လိနှင့် မိုင်နင်တို့ကို မြင်သွားချိန်တွင် စိတ်ရှုပ်ဟန် ဖြစ်ပေါ်ကြသည်။ သို့ပေမည့် သက်လတ်ပိုင်းလူက သူတို့ကို ခပ်တိုးတိုး ပြောပြလိုက်ပြီးနောက် သူတို့၏အမူအရာများသည် ရွှင်လန်းသွားကာ ဟန်လိတို့ကို စိတ်ထဲ မထားတော့ပေ။

သည်အုပ်စုမှာ အသစ်ရောက်လာသူများနှင့် ပေါင်း၍ ရှေ့သို့ ဆက်ချီတက်ကြသည်။ နှစ်နာရီလောက်ကြာပြီးတွင် သူတို့သည် ဤကန္တာရကို ကြားဖြတ်၍ တည်ရှိသော နက်မှောင်သည့် ကျောက်ဆောင်ကျောက်ခဲကြီးများ ရှိနေသည်။

ကန္တရာကဲ့သို့ပင် အနှီကျောက်တန်းကြီး၏ အဆုံးသတ်ကိုလည်း ဟန်လိ မြင်နိုင်စွမ်း မရှိချေ။ သို့ရာတွင် ၎င်းကျောက်တုံးများက ထူးခြားသည့် အသွင်သဏ္ဍာန် ရှိကာ ဟန်လိကို မသက်မသာ ခံစားရစေသည်။ သို့ပေမည့် အခြားသူများက ဤနေရာကို မြင်မှ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချကာ စိတ်အေးလက်အေးအမူအရာများ ဖြစ်သွားသည်။

ထိုစဉ် ကောင်းကင်ထက်ရှိ ယင်တိမ်တိုက်များသည် မရပ်မနား စလှုပ်ရှားလာ၏။ လျှပ်စီးအလင်းများ ပိုလင်းလက်လာ၏။ အနီးနားရှိ နေရာတစ်ခုထံ မိုးကြိုးပစ်ချကာ ကျောက်တုံးများကြားတွင် အပေါက်တစ်ခု ဖြစ်ပေါ်သွားစေသည်။

ရုတ်တရက် ပြောင်းလဲသွားသော ဤအဖြစ်သနစ်ကြောင့် ဟန်လိနှင့် မိုင်နင်တို့သည် မင်သက်အံ့အားသင့်ကုန်သည်။ သို့သော် အခြားသူများက ၎င်းအဖြစ်ကို ရိုးနေပုံ ရသည်။ သူတို့က ခြေလှမ်းသွက်သွက်ဖြင့် ကျောက်တုံးများ ထူထပ်စွာ ရှိနေသော နေရာများထဲ တိုးဝင်လျှောက်သွားသည်။ ထို့နောက်တွင် သက်လတ်ပိုင်းလူက အော်ဟစ်လိုက်သည်။

“လူတိုင်းပဲ…မြန်မြန်သွားကြ။ ရွာတံခါး ပိတ်တော့မယ်။ အပြင်ဘက်မှာ မပိတ်မိအောင် လုပ်မှ ဖြစ်မယ်…”

ယင်းနောက်တွင်မူ သူတို့အုပ်စုသည် ရှေ့သို့ အစွမ်းကုန် ပြေးကြတော့သည်။

ဟန်လိနှင့် မိုင်နင်တို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်မိ၏။ သူတို့က မည်သို့ ဖြစ်ပျက်နေသလဲ မသိသော်လည်း နောက်မှာ မကျန်နေဝံ့ပေ။

သူတို့က ကျောက်စိုင်တန်းကြီးကို ဖြတ်၍ ဟိုကွေ့ဒီကွေ့ လိုက်ပါလာပြီးနောက်မှာ ရုတ်တရက် ကျောက်တုံးများ ကင်းစင်နေသည့် နေရာလွတ်တစ်ခုရှေ့ ရောက်လာကြသည်။

ထိုနေရာတွင် အလွန်မြင့်မားသော အနက်ရောင်ကျောက်သားနံရံကြီးများ ရှိနေ၏။ ထိုကျောက်သားနံရံများတွင် အနည်းဆုံး သုံးမီတာအကျယ်၊ ဆယ်မီတာအမြင့်ရှိမည့် ရေလေတိုက်စားခံထားရသော ကျောက်တုံးကြီးများ ရှိနေသည်။ ထို့အပြင် ကျောက်သားရံရံများ တလျှောက် ဆယ်မီတာတိုင်းမှာ နံရံအတွင်းမှ ထိုးထွက်နေသော ချွန်မြနေသော သစ်သားများ ရှိနေလျက် ကြောက်လန့်စရာ မြင်ကွင်းတစ်ခု ဖြစ်နေသည်။

ခုလက်ရှိတွင် သူတို့အုပ်စုသည် သစ်သားအရိုးတပ် လှံရှည်များကို ကိုင်ဆောင်ကာ စောင့်ကြပ်နေသော သစ်သားဂိတ်တံခါးတစ်ခု ရှိရာထံ ဦးတည်နေကြသည်။ ထိုအစောင့်အကြပ်များက သက်လတ်ပိုင်းလူတို့အုပ်စု ချဉ်းကပ်လာတာ မြင်သည့်အခါ စိတ်လှုပ်တရှားဖြင့် အော်ကြဟစ်ကြသည်။ ကျယ်လောင်စွာ မြည်သံနှင့်အတူ ဂိတ်တံခါးက ဖြည်းဖြည်းချင်း ပွင့်ဟလျက် သူတို့ကို ဝင်ရောက်ခွင့် ရသွားစေသည်။

All Chapters