ဧရာမသားရဲကောင်၏ တိုက်ခိုက်မှုများ
Vol. 42 Ch. 581
ဟန်လိနှင့်မိုင်နင်တို့သည် ခုမှ ရောက်လာသော လူစိမ်းများ ဖြစ်သော်လည်း အစောင့်များက မည်သည့်မေးခွန်းမျှ မမေးဘဲ သူတို့ကို တစ်ချက်မျှသာ ကြည့်သည်။ သူတို့က ပြန်ရောက်လာသူများနား ဝိုင်း၍ စိတ်လှုပ်တရှားဖြင့် မေးခွန်းအချို့ မေးကြသည်။ သည့်နောက်မှာ လူထွားကြီးများက သူတို့၏ အိတ်များထဲမှ ပုစွန်နှင့်ငါးများကို မျက်စပစ်ပြသည်။ အစောင့်များသည် အံ့အားသင့်စွာ ထအော်သည်။
ထိုမြင်ကွင်းကို ကြည့်ကာ ဟန်လိသည် မျက်မှောင်ကြုတ်မိနေသည်။ ၎င်းပုစွန်နှင့်ငါးတို့မှာ သည်နေရာတွင် စားကောင်းသောက်ဖွယ်ရင်းမြစ်တစ်ခု ဖြစ်မည့်ပုံပင်။ ခဏအကြာတွင် ဟန်လိအကြည့်က ရွာတခွင်သို့ ဝေ့ဝိုက်ကျရောက်သွားသည်။
သည်ရွာတစ်ခုလုံးက မြင့်မားလှသော ကျောက်သားနံရံများအတွင်း၌ တည်ရှိ၏။ ရွာရှိ အိမ်များကို မဟူရာကျောက်တုံးများဖြင့် ဆောက်ထားပြီး သုံးမြှောင့်ပုံစံ ရှိသည်။ ရွာအလယ်တွင် အိမ်များထက် ပိုမြင့်သော ကျောက်စင်မြင့်တစ်ခု ရှိ၏။ ထို့အပြင် အနှီစင်မြင့်၏ထိပ်ပိုင်းကနေ ခရမ်းရောင်မြူလွှာခပ်ဖျော့ဖျော့ကို တစ်ရွာလုံးကို ဖြတ်၍ ထုတ်လွှတ်ပေးသည်။ ၎င်းသည် ရွာပေါ်သို့ လာထိမှန်သော မိုးကြိုးပစ်ချက်တိုင်း၏ အပြာရောင်လျှပ်စီးများကို လုံးဝ စုပ်ယူပစ်နေသည့်ပုံပင်။ ခရမ်းရောင်မြူသည် မန္တာန်အစီအရင် တမျိုးမျိုး ဖြစ်မှာ သံသယ ရှိရန် မလိုပေ။ သို့သော် ဟန်လိသည် ကျောက်တုံးနံရံများအတွင်း၌ စိတ်ဝိညာဉ်ချီကို နည်းနည်းမျှ အာရုံခံမိခြင်း မရှိပေ။ ထိုအစား သူသည် လေထဲတွင် ကပ်တွဲနေသော အေးစက်စက်ယင်စွမ်းအင်ကိုသာ ခံစားမိသည်။
သူ့ခန္ဓာကိုယ်တွင်းရှိ စိတ်ဝိညာဉ်အာရုံသည် ချုပ်နှောင်ခံထားရသော်လည်း ဟန်လိသည် စိတ်ဝိညာဉ်ချီကိုမူ အာရုံခံနိုင်ဆဲပင်။ ဤသို့ ယင်စွမ်းအင်သာ ရှိနေသည့်အတွက်ကြောင့် သူ အံ့အားသင့်သွားရသည်။
သက်လတ်ပိုင်းလူတို့ အုပ်စုသည် ရွာထဲ ဝင်လာခဲ့ပြီး စင်မြင့်အနားရှိ ဟောအဆောက်အဦကြီးတစ်ခုကို ရောက်နေကြလေပြီ။ ၎င်းအဆောက်အဦအပြင်ဘက်တွင် သက်လတ်ပိုင်းလူတို့အုပ်စုနှင့် စကားတီးတိုးပြောနေကြသော အုပ်စုတစ်စု ရှိသည်။ သူတို့ထဲမှ တစ်ယောက်က ဟန်လိတို့ထံ လေးနက်စွာ လှမ်းကြည့်လာသည်။
ဟန်လိ၏စိတ်ထဲ တုန်လှုပ်သွားသည်။ ထိုသူမှာ သူ သည်ကျွန်းပေါ်တွင် တွေ့ရကြုံရသူများထဲမှာ အနက်ရှိုင်းဆုံးခွန်အား ပိုင်ဆိုင်ထားနေသည်။ အပြင်ဘက်လောကတွင်သာ ဖြစ်ပါက ဟန်လိသည် ထိုသူ့ကို လက်ညှိုးကွေးရုံလောက်ဖြင့် လွယ်ကူစွာ သတ်ပစ်နိုင်ပေသည်။ သို့သော် ခုချိန်တွင်မူ ဟန်လိသည် ထိုသူ့ကိုသာ ရင်ဆိုင်ရပါက အတော်လေး ခက်ခဲသွားနိုင်သည်။ ထိုစဉ် သက်လတ်ပိုင်လူသည် ထိုအုပ်စုအား တစ်ခုခု ပြောလိုက်ပုံရသည်။ ထို့နောက်တွင် သူတို့၏အကြည့်က ဟန်လိထံ ကျရောက်လာသည်။
ဟန်လိက နှုတ်မဆိတ်သာ နေနေသည်။ လုံးဝ ကြောက်လန့်ဟန် မပြပေ။ သို့သော် သူ့ဘေးရှိ မိုင်နင်ကမူ ထိုသူတို့စိတ်ထဲ သူတို့အပေါ် ဘာတွေးနေလဲ မသိ၍ စိတ်ပူနေသည်။ သက်လတ်ပိုင်းလူက သူတို့နှစ်ယောက်ကို လက်ယက်ခေါ်ပြီး လှမ်းပြောသည်။
“မင်းတို့နှစ်ယောက်…ဒီကို လာခဲ့ကြ။ ကျေးရွာအကြီးအကဲတွေက မင်းတို့ကို မေးစရာမြန်းစရာတချို့ ရှိတယ်…”
ဟန်လိက ခေါင်းညိတ်ပြပြီး မိုင်နင်နှင့်အတူ တည်တည်ငြိမ်ငြိမ် လှမ်းလာသည်။
ဟောအဆောက်အဦအပြင်ဘက်တွင် ရပ်နေကြသော အုပ်စုက တစ်ဖက်သို့ လှည့်ကာ အထဲဝင်သွားကြပြီ ဖြစ်၏။ ခဏအကြာတွင် ဟန်လိက လိုက်ပါဝင်သည်။
ဟောခန်းမအလယ်တွင် သနားကြင်နာတတ်ဟန်ပေါက်သော အဘိုးအိုတစ်ယောက် ထိုင်နေ၏။ သူက ပြောလာသည်။
“ကျေးဇူးပြုပြီး…ထိုင်ပါ။ ကျုပ်တို့အားလုံးက လူသားတွေ ဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် အကောင်းဆုံး ကူညီပေးရမှာ သဘာဝပါပဲ။ ဒါပေမဲ့ ဒီလောကဟာ အပြင်ဘက်နဲ့ ခြားနားလွန်းတယ်။ ဒီနယ်မြေအကြောင်း ကျုပ် မိတ်ဆက်မပေးခင် မင်းတို့နှစ်ယောက်က ကိုယ့်ကိုယ်ကိုယ်အရင် မိတ်ဆက်ပေးလို့ ရမလား…”
အခြားသူများက သူ့ဘေးတွင် ထိုင်ချပြီး အပြင်ဘက်တွင် ဟန်လိကို တစ်ချက်လှမ်းကြည့်ခဲ့သော တစ်ယောက်လည်း သူတို့ထဲတွင် ရှိနေသည်။ သူက မျက်လုံးမှေးမှေး၊ ရက်လိုသောဟန်ပန်၊ ဖြူရော်သော အသားအရေ ပိုင်ဆိုင်ထား၏။ ထိုစဉ် သူက စိတ်အားထက်သန်သောအကြည့်ဖြင့် ဟန်လိနှင့် သူ့နောက်မှ မိန်းမလှမိုင်နင်တို့ထံ ဝေ့ခတ်ကြည့်ရှုလာသည်။ ဟန်လိက လူမှုရေးသဘောအတိုင်း ပြုံးပြပြီး တည်ငြိမ်စွာ ပြန်ဖြေသည်။
“ကျုပ်တို့အကြောင်း ပြောစရာ များများစားစား မရှိပါဘူး။ ကျုပ်တို့က ပင်လယ်ထဲမှာ တစ္ဆေမြူကို ကြုံခဲ့ပြီး ဒီထိ ဆွဲချခံခဲ့ရတာပဲ။ အရင်တုန်းက ကျုပ်ရဲ့ အဆင့်အတန်းပုံရိပ်ကတော့ ဒီမှာ ဘာများ အသုံးဝင်မှာမလို့လဲ။ ဒါ့ကြောင့် အဲ့အကြောင်းပြောနေလည်း အဓိပ္ပာယ် မရှိလှပါဘူး…”
ဟန်လိ၏ ပါးနပ်သော အဖြေကို ကြားသည့်အခါ အဘိုးအိုက ပြုံးသည်။ သူက ဟန်လိတို့နှစ်ယောက်ကို မျက်လုံးမှေးစင်း၍ စူးစမ်း၏။ ထို့နောက် သူက ပြောလာသည်။
“မင်းတို့နှစ်ယောက်က ကျင့်ကြံသူတွေပဲ ဖြစ်ရမယ်။ ဒါကို ဖုံးကွယ်ထားဖို့ မလိုဘူး…”
ထိုသို့ ပြောပြီးနောက် သူ့အကြည့်က ဟန်လိ၏ခါးရှိ သိုလှောင်အိတ်ထံ ကျရောက်သွားသည်။
ဟန်လိက မျက်နှာအမူအရာ ပြောင်းလဲသွားတာမျိုး မရှိပေ။ သို့ပေမည့် စိတ်ထဲတွင်မူ သူ တုန်လှုပ်သွားမိသည်။ သူ့ဘေးရှိ မိုင်နင်မှာ သိသိသာသာ စိတ်ပူပန်လာ၏။
“မင်းတို့နှစ်ယောက် လန့်သွားဖို့ မလိုပါဘူး။ ကျုပ်တို့ထဲမှာ ကျင့်ကြံသူတွေ အများအပြား မရှိပေမဲ့ ဒီရွာနဲ့ မင်းတို့ ပူပေါင်းပေးမယ်ဆို ဝမ်းမြောက်စရာပါ။ ဒါပေမဲ့ မင်းတို့က ဒီအမှောင်နယ်မြေမှာ မှော်စွမ်းအား ဒါမှမဟုတ် စိတ်ဝိညာဉ်အာရုံကို အသုံးပြုနိုင်စွမ်း ရှိမှာ မဟုတ်ဘူး။ မင်းတို့ အသုံးပြုနိုင်တဲ့ စွမ်းအားဆိုလို့ အကြမ်းထည်သိုင်းပညာရပ်အချို့နဲ့ အမှောင်စွမ်းအင်ပဲ ရှိမယ်…”
“အမှောင်စွမ်းအင်လား…” ဟန်လိက အံ့အားသင့်စွာ မေးလိုက်သည်။
အဘိုးအိုက သူ့မုတ်ဆိတ်ကို ပွတ်သက်ကာ ဖြည်းဖြည်းချင်း ပြောလာသည်။
“အမှန်ပဲ။ ဒါက မှော်စွမ်းအားနဲ့ဆင်တယ်။ ဒါပေမဲ့ မှော်ပညာရပ်တွေကို ဖော်ထုတ်ရာမှာတော့ အသုံးမပြုနိုင်ဘူး။ ကျင့်ကြံသူတွေကတော့ မန္တာန်အစီအရင်ငယ်တွေ ထုတ်ဖော်ဖို့ အမှောင်သားရဲတွေရဲ့ အတွင်းအမြုတေတွေကို အသုံးပြုနိုင်စွမ်း ရှိကြတယ်။ ကျုပ်တို့ရွာမှာ ဒီအမြုတွေဟာ များစွာ အသုံးဝင်လှတယ်။ မင်းတို့က မန္တာန်အစီအရင်ကို မကျွမ်းကျင်ဘူးဆိုရင်တော့ ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်ဟာ သာမန်လူတွေထက် အများကြီး ပိုသန်မာတယ်လေ။ မင်းတို့ဟာ ကြီးမြတ်တဲ့ ကူညီပေးသူတွေ ဖြစ်လာမှာပါ…”
ခဏစဉ်းစားပြီးနောက်မှာ ဟန်လိက မေးလိုက်သည်။
“ခင်ဗျားက ကျုပ်တို့ကျင့်ကြံသူတွေအကြောင်း တော်တော်များများ သိနေသားပဲ။ ဒီရွာမှာ တခြားကျင့်ကြံသူတွေကော ရှိကြလား…”
အဘိုးအိုက ဟန်လုပ်ပြုံးကာ ပြောလိုက်သည်။ “တကယ်တော့ ရှိပါတယ်။ ဒါပေမဲ့ ခြောက်ယောက်ပဲ ရှိတယ်။ ဒီအဘိုးအိုကတော့ သူတို့ထဲကတစ်ယောက်ပေါ့။ ကျုပ် တစ္ဆေမြူထဲမှာ နစ်မြုပ်သွားခဲ့တဲ့အခါတုန်းက ကျုပ်ဟာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့ပါတယ်…”
ဟန်လိ၏မျက်လုံးထဲတွင် အံ့အားသင့်တုန်လှုပ်ဟန် ဖြတ်ပြေးသွားသည်။ သို့သော် သူသည် နောက်ထပ်မေးခွန်းများ ထပ်မေးရန် စဉ်းစားနေသည့်အခါတွင် အဆောက်အဦခန်းမတစ်ခုလုံးသည် အပြင်းအထန် တုန်ခါသွားတော့သည်။ အကွာအဝေးတစ်ခုတွင် ကြီးမားသော မွန်းစတားကြီးတစ်ကောင်က သည်ရွာထဲ တိုးဝင်လာပုံ ပေါ်သည်။ ခန်းမထဲရှိ လူတိုင်း၏အမူအရာများသည် အကြီးအကျယ် ပြောင်းလဲသွားကြသည်။ သူတို့က ဟန်လိကို ထပ်မံ အာရုံမစိုက်ကြတော့ပေ။ သူတို့အားလုံးသည် ချက်ခြင်းအပြေးလှမ်းထွက်ကြသည်။ ခဏအကြာတွင် ဟန်လိသည် သူတို့နောက်သို့ လိုက်သွားသည်။
ရွာအကြီးအကဲများသည် သန်မြန်အားကောင်းလှသော လူငယ်အယောက်တစ်ရာလောက်ကို နံရံများထံ ပြေးဝင်ရန် အမိန့်ပေးကြသည်။ ထိုလူငယ်များ၏လက်ထဲတွင်လည်း သစ်သားအရိုးတပ်လှံရှည်များ ကိုင်ထားကြသည်။ အချို့ဆို လေးများနှင့်ပင်။ သူတို့အားလုံး၏ အမူအရာများသည် ဖိအားများနေပုံ ပေါ်သော်လည်း သူတို့ကား စည်းကမ်းကျနစွာ ပြုမူကြသည်။ ဤသို့ လှုပ်ရှားရာတွင် အတွေ့အကြုံများစွာ ရှိနှင့်ထားပြီး ဖြစ်ပုံရသည်။
ဟန်လိ၏အကြည့်က ကျောက်နံရံအပြင်ဘက်မှ ကျယ်လောင်စွာ မြည်ဟိန်းသံ ထွက်ပေါ်ရာ နေရာထံ ကျရောက်နေသည်။
သူ့မေးစေ့ကို ပွတ်၍ ဟန်လိသည် ဘေးပတ်ပတ်လည်သို့ ကြည့်ရှုနေသည်။ ထို့နောက်တွင် သူသည် အနီးအနားရှိ ခပ်မြင့်မြင့်အဆောက်အဦပေါ်သို့ လှမ်းတက်ပြီး ဤဗရမ်းဗတာအခြေအနေကို အခွင့်ကောင်းယူကာ ကျောက်သားအဆောက်အဦ၏ အိမ်ခေါင်းမိုးပေါ်သို့ လွယ်လွယ်ကူကူ တက်လာသည်။ အဆောက်အဦထိပ်ပိုင်းကနေ ဟန်လိသည် မည်သို့ဖြစ်ပျက်နေသလဲကို မြင်နိုင်စွမ်း ရှိသွားသည်။
သူသည် အကွာအဝေးတစ်ခုတွင် အနက်ရောင်လေပြင်းတစ်ခုပေါ်ရှိ လေဝဲထဲမှာ ရုန်းကြွနေသော ကျောက်စိုင်နှင့်သဲ အစအနများ ရှိနေပြီး အနက်ရောင်နှင်းခဲများကလည်း ၎င်း၏ယက်ကြောင်းထဲရှိ မြေပြင်အနှံ့ ပျံ့ကျဲနေသည်။ ၎င်းက အံ့အားသင့်ဖွယ်ကောင်းလှစွာ အေးစက်လှသည်။
ဤသည်မှာ သက်လတ်ပိုင်းလူ အစောပိုင်းတုန်းက ပြောခဲ့သော ယင်လေ ဖြစ်မည့်ပုံပင်။ ၎င်းက သာမန်သေမျိုးများ ကိုင်တွယ်နိုင်သော အရာမဟုတ်လေပေ။
သို့ရာတွင် ထိုယင်လေသည် ရွာနှင့် မီတာသုံးရာလောက်အကွာသို့ ရောက်ရှိလာချိန် ၎င်းမှာ စတင်ပျောက်ကွယ်သွားခြင်းနှင့်အတူ ကြီးမားသော အရာဝတ္ထုတစ်ခုက မြေပေါ်သို့ ကျရောက်သွား၍ ပြင်းထန်လေးလံသည့် တုန်ခါမှုကပါ တွဲပါလာသည်။ ထိုပြုတ်ကျသည့်ဖြစ်အင်မှာ အတော်လေး ဝေးကွာသော်ငြား ၎င်းထံမှ ချောက်ချားဖွယ်အော်ရာတစ်ခုကို ခံစားရသည်။ ခဏအကြာတွင် လေပြင်းများထဲမှ မီတာလေးဆယ်လောက်အမြင့်ရှိ အနက်ရောင်ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။
ဟန်လိသည် အနက်ရောင်အရိပ်၏ အစစ်အမှန်ပုံပန်းသွင်ပြင်ကို မြင်သည့်အခါ သူ့သွေးများ အေးစက်သွားသည့်နှယ် ခံစားမိလိုက်ရသည်။
ပထမဆုံးဖြတ်ခနဲ့ ကြည့်ပါက မျက်လုံးလေးလုံးနှင့် ၎င်း၏နံရိုးများကြားတွင် ငေါထွက်နေသော တောင်ပံတစ်စုံ ပိုင်ဆိုင်နေတာကလွဲ၍ ၎င်းအနက်ရောင်ပုံရိပ်သည် ဧရာမမီးခိုးရောင်လူဝံကြီး ဖြစ်သည်ဟု ထင်ရမည်သာ။ ၎င်း၏လက်တစ်ဖက်ထဲတွင် အနက်ရောင်သစ်သားတုံးကြီးတစ်ခုကိုလည်း သယ်ဆောင်ထားလျက် ရွာထံသို့ ရူးသွပ်စွာ ပြေးဝင်လာနေသည်။ ၎င်း၏မျက်လုံးတွင် ကြက်သွေးနီရောင် ဖြာထွက်လျက် ရှိကာ ပြင်းထန်လှသည့် သွေးဆာသော အော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။
သားရဲ၏ ပုံစံအမှန် ပေါ်ထွက်လာပြီးနောက်မှာ လူအများက ကျယ်လောင်စွာ စတင်အော်ဟစ်ကြတော့သည်။
“ဒါက မော်လာသားရဲကောင်ပဲ။ မြန်မြန်ဆန်ဆန်…မဟာဒိုင်းတွေကို စေလွှတ်ကြ…”
ချက်ခြင်းလက်ငင်းပင် အမျိုးသမီးများ၊ ကလေးများ၊ လူအိုကြီးများသည် ကျောက်သားနံရံများထံ အမျိုးမျိုးသောဒိုင်းအားလုံးကို စပို့ပေးကြသည်။ သို့ပေမည့် ခဏအကြာတွင် ထိုသားရဲကောင်ကြီးက ရွာနှင့် မီတာသုံးရာအတွင်းသို့ ရောက်လာစဉ် သူတို့သည် ပျာယာခတ်စွာ စပြေးကြတော့သည်။ ထိုသားရဲကောင်၏ ခြေလှမ်းတိုင်းကြောင့် တသိမ့်သိမ့်တုန်ခါသွားသည့်အပေါ် ဟန်လိသည် အံ့ဩဘနန်း ဖြစ်နေမိသည်။ ယင်းသားရဲကောင်ကိုယ်တိုင် မရောက်လာခင်မှာပင် ကျောက်သားနံရံများသည် ပျက်စီးသွားလေမလားဟုပင် ထင်ရ၏။
သို့ပေမည့် တဒင်္ဂအတွင်း သိပ်သည်းသော ခရမ်းရောင်မြူအမျှင်တန်းများထံမှ ဖြစ်ပေါ်သော ကြီးမားသည့် လက်တံများက သားရဲကောင်ကြီး၏ ခြေထောက်များထံ မြန်ဆန်စွာ တိုးဝင်သွားသည်။ ထိုအခါ သားရဲကြီးသည် ၎င်း၏ခြေထောက်ကို ဆုံးရှုံးသွားပြီး ကျောက်သားနံရံရှေ့တွင် ပြိုလဲသွား၏။ ထိုအခါ ၎င်းပြိုလဲသွားခြင်းကြောင့် တုန်ခါမှု ဖြစ်ပေါ်သဖြင့် ရွာထဲ ခံစစ်ရှိ လူတိုင်းမှာ အခိုက်အတန့်အားဖြင့် ဟန်ချက်ပျက်သွားသည်။
ဟန်လိသည် မြင့်မားသောစင်မြင့်ထံသို့ အံ့အားသင့်ထိတ်လန့်စွာဖြင့် လှမ်းကြည့်မိသည်။ ထိုစင်မြင့်ပေါ်တွင် လူလေးယောက်သည် တင်ပလ္လင်ခွေ၍ ထိုင်နေသည်ကို တုန်လှုပ်စွာ တွေ့လိုက်ရသည်။
“ဒါက အမှောင်စွမ်းအင်လား…” ဟန်လိ၏စိတ်နှလုံးမှာ လှုပ်ခတ်သွားသည်။
သည့်နောက်မှာ အမိန့်ပေးသံတစ်သံ ထွက်ပေါ်လာသည်။
“တိုက်ခိုက်ကြ…”
လှံများ၊ မြားများသည် ဧရာမသားရဲကြီးထံ မိုးစက်မိုးပေါက်များနှယ် တိုးဝင်ထိုးနှက်၍ ၎င်းအား ခြုံလွှမ်းသွားချေသည်။ ထိုမြင်ကွင်းကို စောင့်ကြည့်နေရင်း ဟန်လိ၏စိတ်နှလုံးထဲတွင် စိတ်လှုပ်ရှားမှုဖြင့် ခုန်ပေါက်နေတော့သည်။