← Chapters

ရာဟုသားရဲ၏ ဝမ်းဗိုက်

Vol. 42 Ch. 583

ရာဟုသားရဲ၏ ဝမ်းဗိုက်

Vol. 42 Ch. 583

ဟန်လိက မျက်မှောင်ကြုတ်၍ သက်ပြင်းရှည်ကြီးချကာ မေးလိုက်သည်။

“မိတ်ဆွေက ဒီနေရာကို အမှောင်နယ်မြေလို့ ခေါ်တယ်ဆိုတော့ ဒီနယ်မြေဟာ ဒဏ္ဍာရီလာ မြေအောက်လောကနဲ့များ ဆက်နွှယ်မှု တစ်ခုခု ရှိလား။ ချုပ်နှောင်ခံထားရတဲ့ မှော်စွမ်းအားကို ပြန်ရနိုင်မဲ့ နည်းလမ်းတစ်ခုခုကော ရှိပါသလား။ အရေးကြီးဆုံးကတော့ ကျုပ် အပြင်လောကကို ပြန်ချင်တယ်။ ထွက်နိုင်မဲ့ နည်းလမ်းတစ်ခုခုကို မိတ်ဆွေများ သိထားပါသလား…”

အဘိုးအိုက ခေါင်းရမ်း၍ သက်ပြင်းချကာ ပြောလိုက်သည်။

“ဒီမှာရှိတဲ့ လူသားအများစုဟာ ဒီလောကမှာ မွေးဖွားခဲ့ကြတာပဲ။ တစ္ဆေမြူကြောင့် ဒီကို ရောက်လာခဲ့တဲ့ လူသားအများစုကတော့ အမှောင်သားရဲတွေ ဝါးမြိုခံရပြီး ဇာတ်သိမ်းလေ့ ရှိတယ်။ အနည်းစုကသာ ကံကောင်းထောက်မပြီး ရွာတစ်ရာဆီ ရောက်နိုင်တာ။ ကျုပ် အရင်နှီးဆုံး မိတ်ဆွေတွေ၊ မိသားစုဝင်တွေဟာ အပြင်ဘက်မှာပဲလေ။ ပြန်ဖို့သာ လွယ်နေတယ်ဆို အပြင်ဘက်လောကကနေ ဒီရောက်လာပြီး ရှင်သန်နိုင်ခဲ့တဲ့ ကျုပ်တို့လို့ ကျင့်ကြံသူတွေက ဒီမှာ ဘာကြောင့်များ ဆက်နေမလဲ…”

“ဒီနေရာဟာ မြေအောက်လောကနဲ့ ပတ်သက်မှု ရှိမရှိတော့ ဘယ်သူက သိနိုင်ပါ့မလဲ။ ဒါပေမဲ့လို့ ဒီမှာ ကျုပ်ထက် အချိန်ပိုကြာကြာ နေထိုင်ခဲ့တဲ့ စီနီယာတစ်ယောက် ပြောခဲ့ဖူးတာကတော့ ဒီနယ်မြေဟာ လူသားလောကနဲ့ မြေအောက်လောကကြားက ကြားနယ်မြေတစ်ခု ဖြစ်တယ်လို့တော့ သူ ယုံကြည်တယ်တဲ့။ ဒါ့ကြောင့်လည်း ဒီမှာ အမှောင်ချီတွေက သိပ်သည်းထူထပ်စွာ ရှိနေတာမလား။ ဒါပေမဲ့လည်း အသွင်သဏ္ဍာန်ဖွဲ့စည်းနိုင်တဲ့ အစွမ်းထက်လှတဲ့ အမှောင်သားရဲတွေတော့ ရှိမနေဘူး…”

“ဒါ့အပြင် ကျင့်ကြံသူတချို့ကတော့ ဒီနေရာဟာ မြေအောက်လောကနဲ့ လုံးဝဆက်နွှယ်မှု မရှိဘူးလို့ ယုံကြည်ကြတယ်။ သူတို့က ဒီလောကဟာ ဒဏ္ဍာရီလာ နတ်ဆိုးသားရဲရာဟုတစ်ကောင်ရဲ့ ဝမ်းဗိုက်ဖြစ်လိမ့်မယ်လို့ ယုံကြည်နေတာ။ ဒဏ္ဍာရီတွေအရဆို ရာဟုသားရဲဟာ ကြယ်တွေကို ဝါးမြို၊ ဟင်းလင်းပြင်ကို ဆုတ်ဖြဲနိုင်ပြီး ၎င်းကိုယ်၎င်း ပင်လယ်ကြမ်းပြင်မှာ ကွယ်ဝှက်နေပြီး အစားစာချိန်သာ ထွက်ပေါ်လာလေ့ ရှိတာမျိုးကို နှစ်သက်တယ်လို့ ဆိုတယ်လေ။ ဒါမှသာ ပင်လယ်ပြင်ထဲက ထူးခြားတဲ့ မြူတွေ ဘယ်လိုပေါ်ထွက်လာလဲဆိုတာကို ရှင်းပြနိုင်တော့မှာ။ လောကနှစ်ခု ချိတ်ဆက်နေတာကို ရှင်းပြနိုင်မှာ မဟုတ်လား…”

“ရာဟု” ဟူသော စကားကို ကြားသည့်အခါ ဟန်လိ၏အမူအရာသည် ပြောင်းလဲသွားသည်။

“ရာဟုလား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါက မြေအောက်လောကထက်တောင် ပိုပြီး အဓိပ္ပာယ် မရှိတော့ဘူး။ ဒီလောကတစ်ခုလုံးဟာ နတ်ဆိုးသားရဲတစ်ကောင်ရဲ့ကိုယ်တွင်းထဲမှာလို့ ကျုပ်ဖြင့် မယုံကြည်နိုင်ပေါင်…”

အဘိုးအိုသည် ပျင်းရိပျင်းတွဲလေသံဖြင့် ပြောလိုက်သည်။

“အမှန်ပါပဲ။ ကျုပ်လည်း ဒီစကားကို စစကြားတုန်းကတော့ တုန်လှုပ်အံ့အားသင့်ခဲ့မိတာပဲ။ ပြောဖို့ခက်ပေမဲ့လို့ အဲ့လိုဖြစ်နိုင်ခြေတစ်ခုကလည်း ရှိနေတုန်းပဲ။ ဟင်းလင်းပြင်မှာ အက်ကြောင်းတွေ ပုံမှန်ပေါ်လာခဲ့မယ်ဆို လူတစ်ယောက်ဟာ ဒီအက်ကြောင်းတွေက တူညီတဲ့နေရာတစ်ခုမှာပဲ ပေါ်လာလိမ့်မယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ အဲ့လို မဟုတ်ဘူး။ ဒီအမှောင်နယ်မြေထဲကို စုပ်ယူခံခဲ့ရတဲ့ အသစ်ရောက်လာတဲ့သူတွေဟာ အခြားသူတွေ တစ်ခါမှ မကြားဖူးတဲ့ အခြားပင်လယ်ပြင်တွေကနေ ရောက်လာခဲ့ကြတာပဲ။ ဥပမာ ကျုပ်ဆို မဟာနန်းမြို့တော်ကျင်းရဲ့ တောင်ပိုင်းပင်လယ်အော်စီရင်စုမှာ ရှိတဲ့ ကျွန်းငယ်တစ်ခုကနေ ရောက်လာခဲ့တာပဲ။ တခြားကျင့်ကြံသူတွေကတော့ နဂါးငါးကောင်ပင်လယ်ပြင်၊ ကောင်းကင်သဲမှုန်ကုန်မြေ၊ ပြန့်ကျဲပင်လယ်ပြင်တို့လို နေရာတွေကနေ ရောက်လာခဲ့ကြတာ။ ဘယ်သူကမှ တခြားသူတွေ ဘယ်လိုနေရာကနေ လာခဲ့လဲကို သိရှိနိုင်တာမျိုး မရှိဘူး။ ဒါပေမဲ့ ဒီနေရာမှာတော့ ကျုပ်တို့အားလုံးဟာ အတူတူပါပဲ…”

“မဟာနန်းမြို့တော်ကျင်း။ ခင်ဗျားက ကျင်းဒေသက ကျင့်ကြံသူတစ်ယောက်လား…”

ဟန်လိ၏မျက်လုံးထဲတွင် အံ့အားသင့်ဟန် ဖြတ်ပြေးသွားသည်။ သူသည် ကောင်းကင်တောင်ပိုင်းဒေသတွင် ရှိခဲ့စဉ်တည်းက ကျင်းဒေသကြီးအကြောင်းကို ကြားဖူးခဲ့သည်။

အဘိုးအို၏မျက်လုံးတို့က အရောင်တောက်သွားသည်။

“မင်းကလည်း ကျင်းဒေသကနေ လာခဲ့တာပဲလား…”

ဟန်လိက ခေါင်းခါရမ်းကာ ပြောလိုက်သည်။

“မဟုတ်ပါဘူး။ ကျုပ်က အဲ့အကြောင်းကို နည်းနည်းပါးပါး ကြားဖူးရုံပါ။ ကျင်းမြို့တော်ဟာ ကြီးမားကျယ်ပြောလှတဲ့ နိုင်ငံကြီးတစ်ခု ဖြစ်တယ်ဆိုတာပဲ ကျုပ် သိထားပြီး အမြဲတမ်း အဲ့ကို သွားချင်နေခဲ့တာ။ ဒါပေမဲ့ ကျုပ်မှာ အခွင့်အရေး မရခဲ့ပါဘူးလေ…”

အဘိုးအိုသည် စိတ်ပျက်သွားဟန် ပေါ်ပြီး သူက ပြောလိုက်သည်။

“ဒီလိုကို။ ဒါဆို စိတ်မကောင်းစရာပဲ။ ဒီအဘိုးအိုကလည်း အမြဲတမ်း ပြန်နိုင်မဲ့ အခွင့်အလမ်းတစ်ခုကို ရချင်နေခဲ့တာ အမှန်ပါပဲ…”

ခဏအကြာတွင် ထိုအဘိုးအိုက ပြုံး၍ ရယ်ကာမောကာ ပြောလိုက်သည်။

“တာအိုရောင်းရင်းကသာ ကျုပ်တို့ မဟာကျင်းဒေသကြီးဆီ လာလည်နိုင်မယ်ဆို အစစ်အမှန်ကျင့်ကြံခြင်းလောကက ဘာလဲဆိုတာကို သိပါလိမ့်မယ်။ ကျုပ် သိသလောက်ဆို ကျုပ်တို့နဲ့ ယှဉ်နိုင်တဲ့ တခြားကျင့်ကြံသူလောက မရှိဘူးလေ။ မဟာကျင်းဒေသကြီးဟာ ကျင့်ကြံသူတွေအတွက် မြင့်မြတ်တဲ့ ဒေသဖြစ်တယ်ဆိုတာ အလိမ်အညာ မဟုတ်ပါဘူး…”

ဟန်လိသည် နှာခေါင်းပွတ်သပ်၏။ သူ့မျက်နှာထက်တွင်မူ ခါးသီးသော အပြုံးတစ်ရှိနေသော်ငြား အဘိုးအို၏စကားများကြောင့် သူ့စိတ်နှလုံးမှာ လှုပ်ခတ်နေသည်။

အဘိုးအိုက ပြုံး၍ ထပ်ပြောလာသည်။ “ ဒီအဘိုးအိုကတော့ စကားလမ်းကြောင်း ချော်နေမိပြီ။ စောစောတုန်းက မင်း မေးခဲ့တဲ့ လူတစ်ယောက်ရဲ့ မှော်စွမ်းအားကို ပြန်ရနိုင်မဲ့ နည်းလမ်းတစ်ခု ရှိ၊မရှိကို ဖြေရမယ်ဆိုရင်တော့ ဒီအမှောင်နယ်မြေမှာ ရှိနေသေးသ၍ မင်းအနေနဲ့ အဲ့မျှော်လင့်ချက်တွေကို စွန့်လွှတ်ထားသင့်တယ်။ အမှောင်ချီအပြင် ဒီလေထုထဲမှာက စိတ်ဝိညာဉ်ကွယ်ပျောက်ခြင်းချီလည်း ရှိသေးတယ်။ ဒါချီဟာ ပေါက်ကွဲမှုဖြစ်တိုင်း အတွင်းနက်ပိုင်းကနေ ထုတ်လွှတ်တတ်ပြီး ကောင်းကင်တစ်ခွင် ပျံ့နှံ့လေ့ ရှိတယ်။ အဲ့ချီအဝန်းအဝိုင်းအတွင်းမှာ ရှိနေသ၍ ကျင့်ကြံသူတွေဟာ သူတို့ရဲ့ မှော်စွမ်းအားနဲ့ စွမ်းရည်တွေကို ချိပ်ပိတ်ခံထားရမှာပဲ။ မင်းဟာ စိတ်ဝိညာဉ်ကွယ်ပျောက်ခြင်းချီ ပေါက်ကွဲမှုအတွင်း ဒီကို ခေါ်လာခံရတာ အတော်လေး ကံကောင်းတယ်လို့ ပြောနိုင်တယ်…”

ထိုစကားများကို ကြားသည့်အခါ ဟန်လိသည် ရုတ်တရက် သုန်မှုန်သွားလေတော့သည်။ စိတ်ဝိညာဉ်ကွယ်ပျောက်ခြင်းချီ ပေါက်ကွဲမှုကြောင့်သာ မဟုတ်ပါက သူသည် တစ္ဆေမြူများကြောင့် သည်နေရာထိ ဆွဲခေါ်ခံခဲ့ရလိမ့်မည် မဟုတ်ချေ။

ခဏ တိတ်ဆိတ်သွားပြီးနောက်မှာ ဟန်လိက မကျေမချမ်းဖြင့် ပြောလိုက်သည်။

“ကျုပ်တို့က ဝင်ရောက်နိုင်မှတော့ ထွက်နိုင်မဲ့ နည်းလမ်းတစ်ခုကတော့ ကျိန်းသေပေါက် ရှိရမှာပဲ။ အဲ့လိုနည်းလမ်းမျိုး မရှိဘူးဆိုတာကိုတော့ ကျုပ်အနေနဲ့ မယုံနိုင်ဘူး…”

အဘိုးအိုက သူ့မုတ်ဆိတ်ကို ကျစ်ကာ မနှေးမမြန် ပြောလာသည်။

“ကောင်းပြီလေ။ နည်းလမ်းအားဖြင့် ပြောမယ်ဆိုရင်တော့ ဒီက ထွက်နိုင်တဲ့ နည်းလမ်းတစ်ခု ရှိပါတယ်။ ဒါပေမဲ့ အဲ့အတွက် အကူအညီလိုအပ်တယ်…”

ဟန်လိ၏စိတ်ထဲတွင် ပျော်ရွှင်ဟန်အရိပ်အယောင်တစ်ခု ဖြစ်ပေါ်သွားပြီး သူက အလျင်စလို မေးလိုက်သည်။

“ဒါက ဘာများလဲ…”

မိုင်နင်သည်လည်း ထိုစကားကို ကြားသည့်အခါ စိတ်အားတက်ကြွသွားသည်။

“ဒါက…” ထိုအဘိုးအိုသည် ချီတုံချတုံဟန် ဖြစ်နေသည်။

ဟန်လိ၏ အမူအရာက ပြောင်းလဲသွားပြီး သူ့မျက်လုံးထဲတွင် တမျိုးဖြစ်သော စိတ်ခံစားမှုတစ်ခု လှစ်ခနဲပေါ်သည်။

“ဘာလို့များလဲ။ ခင်ဗျားအနေနဲ့ ပြောရမှာ အဆင်မပြေလို့လား…”

အဘိုးအိုက ဟန်လိတို့နှစ်ယောက်ကို ကြည့်သည်။ ထို့နောက်တွင် သူ့မျက်လုံးက ကျဉ်းမြောင်းသွားပြီး သူက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

“ကျေးဇူးပြုပြီး နားလည်မှု မလွဲပါနဲ့။ ဒါက ဖုံးကွယ်ထားစရာ ဘာအကြောင်းမှ မရှိပါဘူး။ ကျုပ်က ဒီရွာကို နောက်ထပ်ကျင့်ကြံသူနှစ်ယောက် ပူးပေါင်းပေးတာမျိုး လိုချင်ပေမဲ့ ခင်ဗျားတို့ကို ခက်ခဲအောင် မလုပ်ပါဘူး။ ရောင်းရင်းတို့နှစ်ယောက်က စိတ်မရှည်ဘဲ ထွက်သွားပြီး ကိုယ့်အသက်ကိုကိုယ် အချည်းနှီးဖြစ်စေမှာကိုပဲ စိုးတာပါ…”

ထိုစကားကို ကြားသည့်အခါ ဟန်လိက တဟားဟား ရယ်၏။ သို့ပေမည့် ခဏအကြာတွင် သူ့အပြုံးက‌ ပျောက်ကွယ်သွားပြီး အလေးအနက် ပြောလာသည်။

“စိတ်သာချပါ။ ကျုပ်က ငယ်ရွယ်ပေမဲ့ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး အလျင်စလို အပြုအမူမျိုးတွေ မလုပ်တတ်ပါဘူး။ ဒါက အမှန်တကယ် မဖြစ်နိုင်ဘူးဆို ကိုယ့်အသက်ကိုယ်ရင်းပြီး စွန့်စားလိမ့်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ် အဲ့နည်းလမ်းကိုတော့ ကြားချင်မိတာ အမှန်ပဲ…”

ခဏစဉ်းစားပြီးနောက် အဘိုးအိုက ထပ်ပြောလာသည်။

“ဒီလိုဆိုမှတော့ ကျုပ်လည်း ဆက်ပြီး မကွယ်ဝှက်ထားတော့ပါဘူး…”

ထို့နောက်တွင် သူသည် ခန်းမဝင်ပေါက်သို့ လျှောက်သွားပြီး ကောင်းကင်ထက်သို့ အလေးအနက်ဟန်ပန်ဖြင့် ခေါင်းမော့ကြည့်သည်။

မိုင်နင်ကလည်း သူမ၏နီရဲသော နှုတ်ခမ်းတစ်စုံကို ဖိကိုက်၍ မေးလာသည်။

“အစ်ကိုဟန်…ကျမတို့ ဘာလုပ်ကြမလဲ။ ရှင်က လေမုန်တိုင်းတောင်တန်းပေါ်ကို တကယ်ပဲ တက်ချင်စိတ် ရှိတာလား…”

သူမ၏ခုလက်ရှိ အသားအရေမှာ အလွန်တရာ ဖြူရော်နေသည်။ သူမသည် ပြန်နိုင်မည့် နည်းလမ်းကို ကြားရပြီးနောက် မျှော်လင့်ချက် စမဲ့လာခဲ့ပေသည်။ ဤနည်းလမ်းမှာ အောင်မြင်နိုင်ရန် မဖြစ်နိုင်ဟု ထင်နေသည်။

ဟန်လိ၏အကြည့်က ကောင်းကင်ထက်သို့ ကျရောက်သွားပြီး မထူးခြားနားစွာ ပြောလိုက်သည်။

“ကျုပ် ခုထိတော့ များများစားစား မစဉ်းစားရသေးဘူး။ ဒါပေမဲ့ တဖြည်းဖြည်းတော့ ကျုပ် ဒီနည်းလမ်းကို ကျုပ် ကြိုးစားမိမယ်လို့ ထင်တယ်…”

မိုင်နင်သည် ထိုစကားကို ကြားသည့်အခါ သူမ၏အမူအရာသည် လှုပ်ခတ်သွား၏။ သူမသည် တစ်ခုခုပြောရန် စဉ်းစားနေစဉ် ရုတ်တရက် တစ်စုံတစ်ယောက်က သူတို့ထံ ချဉ်းကပ်လာသည်။ ထိုသူမှာ ဆယ့်ခြောက်နှစ်အရွယ်လောက် ရှိမည့် အသားမည်းမည်းနှင့်လူငယ်တစ်ယောက်ပင်။

ထိုလူငယ်က သူတို့ကို စိုက်ကြည့်လျက် ပြောလာသည်။

“ခင်ဗျားတို့နှစ်ယောက်က ခုမှ အသစ်ရောက်လာတဲ့သူတွေမလား။ အကြီးအကဲက ခင်ဗျားတို့အတွက် နေအိမ်ကို ခေါ်သွားပေးဖို့ ကျုပ်ကို အမိန့်ပေးထားတယ်။ ခင်ဗျားတို့က ခုမှ ရောက်လာခါစဆိုတော့ သုံးရက်စာ အစားအသောက်ကို အလကားပေးလိမ့်မယ်။ ဒါပေမဲ့ အဲ့နောက်ပိုင်းကျရင်တော့ ခင်ဗျားတို့ဟာ တာဝန်တွေ ထမ်းဆောင်ရလိမ့်မယ်။ မဟုတ်ရင် ရွာကနေ မောင်းထုတ်ခံရလိမ့်မယ်…”

ဟန်လိက ပြန်ပြောလိုက်သည်။

“ကောင်းပြီ…လမ်းပြပါ…”

လူငယ်က ခေါင်းညိတ်ကာ မည်သည့်အပိုစကားမျှ ထပ်မပြောဘဲ ရှေ့မှဦးဆောင်ထွက်လာသည်။ ခဏအကြာတွင် သူသည် ဟန်လိတို့နှစ်ယောက်ကို ရွာထောင့်ရှိ သေသေသပ်သပ် ကျောက်သားအဆောက်အဦတစ်ခုနား ခေါ်လာပေးသည်။

မိုင်နင်က အခန်းရှေ့သို့ ရောက်လာပြီး တစ်ပေမျှ အကျယ်ရှိ အိပ်ယာတစ်ခုကိုသာ မြင်သည့်အခါ သူမ၏မျက်နှာမှာ ရုတ်တရက် နီမြန်းသွားသည်။ သူမသည် လူငယ်ကို အင်တင်တင်ဖြင့် မေးလိုက်သည်။ “ဒီမှာ အိပ်ရာတစ်ခုပဲ ရှိတာလား…”

လူငယ်က မျက်တောင်ခတ်၍ စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

“ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် အတူတူ လာမှတော့ သူတို့ဟာ အိပ်ယာတစ်ခုတည်းမှာ နှစ်ယောက်အတူတူ အိပ်ချင်လို့ မဟုတ်ဘူးလား…”

ထိုစကားကို ကြားသည့်အခါ မိုင်နင်၏ ရှက်သွေးဖြာချက်က ပိုတိုးသွားတော့သည်။ သူမသည် ရှင်းပြရန် ဟန်ပြင်သည်။ သို့သော် အချိန်တစ်ခုထိ သူမက မည်သည့်စကားမျှ ပြန်မပြောနိုင်ဘဲ ရှိနေသည်။ ဟန်လိက သည်အိမ်၏အပြင်ဘက်ကို စူးစမ်းပြီးသည့်နောက်မှာ မထူးခြားနားဟန်ဖြင့် ပြောလိုက်သည်။ “ကျုပ်တို့က ခွဲအိပ်ကြမှာ။ ကျေးဇူးပြုပြီး နောက်ထပ် အိပ်ရာတစ်ခုလောက် စီစဉ်ပေးနိုင်မလား…”

လူငယ်က နှုတ်ခမ်းတွန့်ကွေးသွား၏။ သူသည် အထွန့်တက်ချင်သော်လည်း သဘောတူကာ ပြန်ထွက်သွားသည်။ သည့်နောက်မှာ ဟန်လိက ပြောလိုက်သည်။

“အရင် သွားနားလိုက်ပါ။ ကျုပ် ဒီရွာထဲ လှည့်ပတ်ကြည့်လိုက်ဦးမယ်…”

မိုင်နင်က နှုတ်ဆိတ်၍သာ ခေါင်းညိတ်ပြသည်။

ဆက်ပြီး တုံ့နှေးမနေတော့ဘဲ ဟန်လိသည် သည်နေအိမ်မှ ထွက်လာပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်သည်။ ထို့နောက်မှာ သူသည် ရွာလယ်ရှိ စင်မြင်ထံ ဦးတည်လာသည်။ သူသည် အမှောင်စွမ်းအင်ကို ထိန်းချုပ်သည့် နည်းလမ်းများအား အတော်လေး စိတ်ဝင်တစား ဖြစ်နေမိသည်။

ထိုစင်မြင့်ဘေးတွင် အစောင့်အကြပ် တစ်ယောက်မျှ ရပ်မနေကြပေ။ ထို့ကြောင့် ဟန်လိက ၎င်းအနားသို့ လွယ်လွယ်ကူကူပင် ချဉ်းကပ်လာနိုင်သည်။ သည်စင်မြင်၌ လှေကားများ မရှိနေ၍ သူ ထင်ထားသည်ထက် ပိုမြင့်နေသလို ဖြစ်နေတော့သည်။

ဟန်လိသည် ကျောက်စင်မြင့်ဘေးပတ်ပတ်လည်သို့ လေးငါးကြိမ်လောက် ပတ်လျှောက်နေပြီးနောက်မှာ ၎င်းပေါ်သို့ အလွယ်တကူ တက်လာခဲ့သည်။

All Chapters