ကျောက်သားအဆောင်းများနှင့် သားရဲသလင်းများ
Vol. 42 Ch. 584
ဟန်လိသည် စင်မြင့်ပတ်ပတ်လည်ကို လျှောက်ကြည့်နေပြီး သူသည် ကျောက်ပြားများကို သိလိုစိတ်ဖြင့် စူးစမ်းကာ အံ့ဩနေချေသည်။ ထိုကျောက်ပြားများက သုံးမီတာမျှ အကျယ်ရှိပြီး စင်မြင့်ပေါ်တွင် အပြားလိုက် နေရာချထားသည်။ ၎င်းတို့ပေါ်တွင် ထူးခြားသောပုံစံကွက်များ၊ နက်နဲသော အဆောင်သင်္ကေတများစွာ ရှိနေသည်။ ခုလက်ရှိတွင် မည်သူကမျှ ၎င်းကို အသက်သွင်းထားခြင်း မရှိသော်လည်း ၎င်းသည် ခရမ်းရောင်မြူကို ကောင်းကင်ထက်သို့ အဆက်မပြတ် ထုတ်လွှတ်နေပြီး သည်ရွာတစ်ခုလုံးအား ခြုံလွှမ်းပေးထားသည်။
အစီအရင်မန္တာန်တာအိုအပေါ် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်သည့် ဟန်လိသည် မျက်မှောင်ကြုတ်၍ သည်ကျောက်ပြားများကို စတင်လေ့လာနေတော့သည်။
ခဏအကြာတွင် သူ့အမူအရာက ပြောင်းလဲသွားပြီးနောက်မှာ ဉာဏ်အလင်းရဟန် အရိပ်အယောင်တစ်ခု လှစ်ဟပေါ်သည်။ ထို့နောက်မှာ သူက မျက်ခုံးစုကျုံ့ကာ အတွေးနက်နေတော့သည်။ သူ လုံးဝ စျာန်ဝင်စားနေစဉ် နောက်ဘက်မှ သူစိမ်းတစ်ယောက်၏အသံကို ရုတ်တရက် ကြားလိုက်ရသည်။
“ရောင်းရင်းက ဉာဏ်အလင်းတချို့များ ရသွားတာလား…”
ဟန်လိ၏စိတ်ထဲ တုန်လှုပ်သွားသည်။ တစ်စုံတစ်ယောက် သူ့နောက်တွင် မည်သည့်အချိန်က ပေါ်လာမှန်း မသိသည့်အဖြစ်အပေါ် သူသည် အံ့အားလည်းသင့်၊ ကြိတ်၍လည်း ကျိန်ဆဲမိလိုက်သည်။ ဤသို့ဖြစ်အင်မှာ တစ်ဖက်သူကသာ သူ့ကို ဒုက္ခပေးချင်ပါက အန္တရာယ်ရှိသည် မဟုတ်ပါလား။ သို့ပေမည့် ဤသည်မှာ ဟန်လိ၏ သတိပေါ့ဆမှု အမှားမဟုတ်ချေ။ သူသည် သူ့စိတ်ဝိညာဉ်အာရုံက သူ့ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ရှိနေခဲ့သည့်အပေါ် အသားကျနေခဲ့ခြင်းသာ ဖြစ်သည်။ သူသည် သူ့မှော်စွမ်းအားနှင့် စိတ်ဝိညာဉ်အာရုံ ဆုံးရှုံးနေခြင်းကို ခုထိ အသားမကျသေးတာပင်။
ဟန်လိက စိတ်ထဲ၌ သတိပိုထားလိုက်ပြီး မည်သည့်စကားမျှ မဆိုဘဲ တစ်ဖက်သို့ လှည့်သည်။
ဆံဖြူအဘိုးအိုတစ်ယောက်က ဟန်လိ၏နောက်ဘက်တွင် ရပ်နေသည်။ သူ့မျက်နှာတွင် အရေးအကြောင်းများ ပြည့်နေလျက် ရှိ၏။ သို့သော်ငြား သူ့မျက်လုံးထဲတွင်မူ စိတ်အားတက်ကြွမှုတို့က အထင်းသားပင်။ သူသည် ပြုံး၍ ဟန်လိကို စိုက်ကြည့်နေသည်။ ဟန်လိက တွန့်ဆုတ်တွန့်ဆုတ်ဟန်ဖြင့် မေးလိုက်သည်။
“ခင်ဗျားက ကျင့်ကြံသူတစ်ယောက်လား…” ဟန်လိသည် သူ့စိတ်ဝိညာဉ်အာရုံကို ဆုံးရှုံးနေခြင်းကြောင့် တစ်ဖက်သူ၏ အနေထားကို မပြောနိုင်တော့တာပင်။ အဘိုးအိုက ပြုံး၍ တုံ့ပြန်သည်။
“ကျုပ်က ပြောင်ဟွမ်ဇီပါ။ နဂါးငါးကောင်ပင်လယ်က ကျင့်ကြံသူအိုကြီးတစ်ယောက်ပါ။ ခင်ဗျားက အသစ်ရောက်လာတဲ့ ကျင့်ကြံသူနှစ်ယောက်ထဲက တစ်ယောက် ဖြစ်ရမယ်…”
“နဂါးငါးကောင်ပင်လယ်လား…” ဟန်လိသည် ထိုအမည်ကို စိတ်ဝင်စားမိသည်။
သူက ပြော၏။
“ဒီတော့ ခင်ဗျားက ရောင်းရင်းပြောင်ပေါ့။ ကျုပ်မျိုးရိုးနာမည်က ဟန်ပါ။ ကျုပ်က ပြန့်ကျဲပင်လယ်က လေ့လွင့်ကျင့်ကြံသူတစ်ယောက်ပါ…”
“ပြန့်ကျဲပင်လယ်လား။ အရင်တုန်းကလည်း ပြန့်ကျဲပင်လယ်က ရောင်းရင်းတစ်ယောက် ရှိဖူးတယ်။ ဒါပေမဲ့ ကံမကောင်းတာက သူဟာ တာဝန်တစ်ခု ထမ်းဆောင်ရင်း ကြောက်မက်ဖွယ်ကောင်းတဲ့ အမှောင်သားရဲတစ်ကောင်နဲ့ ကြုံရပြီးနောက် သေဆုံးသွားခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ်ပါ…အဆောင်အစီအရင် တာအိုအပေါ်မှာ ကျွမ်းကျင်တဲ့ ရောင်းရင်းတွေဆိုတာ အရေအတွက်နည်းပါးတယ်မလား။ ခင်ဗျားက ကျေက်စင်မြင့်ပေါ်က အဆောင်တွေကို ဒီလောက် အလေးအနက် ကြည့်နေပုံထောက်တော့ ဒီနယ်ပယ်မှာ အရည်အချင်းတချို့ ရှိမှာ အသေအချာပဲ…”
ထိုအဘိုးအိုသည် သက်ပြင်းချကာ စကားလမ်းကြောင်း လွှဲ၍ ထိုသို့ပြောသည်။
“ကျောက်သားအဆောင်လား။ ခင်ဗျားပြောတာ ဒီကျောက်ပြားတွေများလား…”
ဟန်လိသည် စဉ်းစားနေသည့်ဟန် ပေါ်နေသည်။ သူသည် ဤသို့သောအရာကို ခုမှ ပထမဆုံးကြားဖူးတာ ဖြစ်၏။ ဆံဖြူအဘိုးအိုက မျက်လုံးမှေးစင်းလျက် ဂုဏ်ယူစွာဖြင့် ပြောလာသည်။
“ဟားဟား ခင်ဗျားက ဒီလိုအရာတွေကို မသိနေတာ အံ့အားသင့်စရာ မရှိပါဘူး။ ကျောက်သားနဲ့ ကျောက်စိမ်းအဆောင်တွေဟာ အခြားကုန်းမြေတွေမှာ ပျောက်ကွယ်ကုန်ကြပြီလို့ ကျုပ် ထင်ထားပြီးသား။ ကျုပ်တို့ နဂါးငါးကောင်ပင်လယ်ရဲ့ ဂိုဏ်းအချို့မှာသာ ဒီရှေးဟောင်းအဆောင်တွေကို သန့်စင်နိုင်စွမ်း ရှိကြတာ…”
ထိုစကားကို ကြားသည့်အခါ ဟန်လိ၏ စဉ်းစားနေဟန် အမူအရာမှာ ပျောက်ကွယ်သွားပြီး မျက်မှောင်ကြုတ်သွားသည်။ သူက အဘိုးအိုကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။
“ကျုပ် တကယ်ပဲ ကျောက်သား ဒါမှမဟုတ် ကျောက်စိမ်းအဆောင်တွေကို ဒီလောကမှာ ဖန်တီးလို့ ရတယ်လို့ တစ်ခါမှ မကြားဖူးခဲ့ပါဘူး။ အဆောင်တာအိုအပေါ် ကျုပ် အချိန်တစ်ခုပေး လေ့လာခဲ့ဖူးပြီး ဒီကျောက်ပြားပေါ်က အဆောင်သင်္ကေတတွေက ကျုပ်ကို အံ့အားတသင့် ဖြစ်စေခဲ့တယ်။ ခင်ဗျားရှင်းပြမှပဲ ကျုပ် စိတ်ရှုပ်ထွေးနေတာရဲ့ တချို့တဝက်က ပျောက်သွားတော့တယ်။ ဒါပေမဲ့ ဒီအဆောင်တွေပေါ်မှာ မန္တာန်အစီအရင်သင်္ကေတတွေကို ကျုပ် သိမြင်ခဲ့တာကများ မှားနေတာလား…”
ဆံဖြူအဘိုးအိုက မသိမသာ တုန်လှုပ်အံ့အားသင့်သွားပြီးနောက် သူ့လက်နှစ်ဖက်ကို ပူးကပ်ကာ အားပါးတရ ပြုံးသည်။
“ရောင်းရင်းက အဆောင်တွေနဲ့ မန္တာန်အစီအရင်နှစ်ခုစလုံးမှာ ကျွမ်းကျင်နေလိမ့်မယ်လို့ ကျုပ် မထင်ထားမိတာ အမှန်ပဲ။ ခင်ဗျားကိုတော့ ကျုပ် လေးစားသွားပြီ။ ရောင်းရင်းဟန် မမှားပါဘူး။ ဒီခရမ်းရောင်တိမ်အဆောင်ဟာ အစစ်အမှန်ကျောက်သားအဆောင်တွေနဲ့တော့ အတော်လေး ကွဲပြားမှု ရှိပါတယ်။ အမှောင်စွမ်းအင်ကို အသုံးချနိုင်အောင်လို့ ဒါကို မန္တာန်အစီအရင်အချို့နဲ့ ပြုပြင်ထားတာပါ။ အဲ့တာကြောင့် ဒါက အဆောင်ကော၊ အစီအရင်မန္တာန်အဖြစ်ကော ပြောင်းသွားပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး ပြုပြင်မွန်းမံမှုကြောင့် ၎င်းရဲ့ စွမ်းအားဟာ အတော်လေး လျော့ကျသွားတယ်…”
ဟန်လိက အလေးအနက်အသွင်ဖြင့် ခေါင်းညိတ်ပြပြီး ကျောက်ပြားထံ နောက်တစ်ခါ ထပ်ကြည့်သည်။ သူ့မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှု အရိပ်အယောင်တစ်ခု ဖြတ်ခနဲ ပေါ်သည်။
“ခင်ဗျား ပြောပုံအရဆို ခင်ဗျားဟာ အမှောင်သားရဲကျောက်မျက်နဲ့ မန္တာန်အစီအရင် အသုံးပြုပြီး မှော်ပညာရပ်တွေ ထုတ်ဖော်နိုင်အောင် အမှော်စွမ်းအင်ကို အသုံးပြုနိုင်တာများလား။ ဒါပေမဲ့ ဒီကျောက်ပြားထဲမှ နှစ်မြုပ်ထားတဲ့ သားရဲကျောက်မျက်ကို ကျုပ် လုံးဝ မမြင်ရဘူး။ ဒီကျောက်သားအဆောင်နဲ့ ပတ်သက်ပြီး အခြားထူးခြားတဲ့ တစ်စုံတစ်ခုများ ရှိနေသေးတာလား…”
“ရောင်းရင်းမသိတဲ့အရာတွေ အများအပြား ရှိနေသေးတဲ့ပုံပဲ။ ဒီနေ့ မော်လာသားရဲကို ခင်ဗျား မြင်ခဲ့ရမှာ သေချာပါတယ်။ ဒီရွာမှာ လူအများစုဟာ ကျေးရွာရဲ့ သိုင်းပညာရပ်တွေကို ကျင့်ကြံပြီး သာမန်လူတွေထက် ပိုအားကောင်းကြတယ်ဆိုပေမဲ့ သိုင်းပညာသက်သက်နဲ့ အမှောင်သားရဲတွေကို တစ်ကိုယ်တော် စိန်ခေါ်ဖို့ကတော့ မဖြစ်နိုင်ဘူး။ သူတို့က အမှောင်သားရဲတစ်ကောင် အရေအတွက်နဲ့ အသာစီးယူပြီး အနိုင်ယူနိုင်မယ်ဆိုရင်တောင် ဘေးကပ်ဆိုးတွေ ဖြစ်လာနိုင်တယ်။ မှန်ကန်တဲ့ ဗျူဟာလည်း မဟုတ်ဘူး။ ဒါ့ကြောင့် ကျုပ်တို့က မှော်ပညာရပ်တချို့နဲ့ မှော်စွမ်းအားကို အသုံးပြုပြီး ရန်သူကို မလှုပ်နိုင်အောင် လုပ်ကြရတာ။ အဲ့ကျရင် ရွာသားတိုက်ခိုက်ရေးသမားတွေအတွက် အချိန်ရသွားမယ်လေ။ ဒါပေမဲ့ ဒီနည်းလမ်းကလည်း ရွာရဲ့ စုဆောင်းထားတဲ့ ကျောက်မျက်တွေကို အများအပြား ကုန်ဆုံးစေတဲ့အတွက် အရင်ဆုံး ကျေးရွာက ခုလို မှော်အစီအရင်ကို အသုံးပြု၊မပြု စဉ်းစားကြရတာ…”
ထိုအဘိုးအိုက ပြုံး၍ ခဏ ရပ်သည်။ ပြီးမှ ဆက်ပြောသည်။ “ဘာလိုပဲဖြစ်ဖြစ် ဒီသားရဲကျောက်မျက်တွေဟာ ရဖို့ ခက်လှတယ်။ ယေဘုယျအားဖြင့်တော့ သားရဲကောင်က ပိုကြီးလေလေ သူတို့ဦးခေါင်းထဲမှာ သားရဲကျောက်မျက် ရှိဖို့များလေပဲ။ ဒါပေမဲ့ ပုံသေတော့ တွက်လို့ မရဘူး။ ရင်းမြစ်တွေ၊ အားစိုက်မှုတွေ အများအပြား အသုံးပြုပြီး သားရဲတစ်ကောင်ကို သတ်ဖူးခဲ့တယ်။ ဒါပေမဲ့ အဲ့ကောင်ရဲ့ အလောင်းထဲမှာ ဘာသားရဲကျောက်မျက်မှ ရှိမနေခဲ့ဘူး။ မီးကြေးခွံတချို့ကို သတ်ခဲ့တဲ့ ရွာသားတွေ ပြန်လာတော့ သူတို့က ဒီထဲကနေ သားရဲကျောက်မျက်တစ်ခုကို အမှန်တကယ် ရှာတွေ့ခဲ့ကြတယ်။ ဒီလိုဟာမျိုးကတော့ ချွင်းချက်ပေါ့လေ…”
“ချုံ့ပြောရရင်တော့ သားရဲကျောက်မျက်ရဲ့ ဝယ်လိုအားဟာ အံ့ဩစရာကောင်းလောက်အောင် မြင့်မားတယ်။ ပြီးခဲ့တဲ့နှစ်ကာလတွေ တစ်လျှောက်မှာ ကျုပ်တို့ဟာ အမှောင်သားရဲကျောက်မျက်ဆယ်ခုကိုပဲ ရခဲ့တာ။ ဒါ့ကြောင့် ဒါတွေကို အသုံးပြုဖို့ဆို အမြဲလက်တွန့်ပြီး နှမြောကြတာပေါ့။ ရွာအကြီးအကဲတွေကပဲ ဒီကျောက်မျက်တွေကို သိမ်းထားပြီး လိုအပ်တဲ့အချိန်ကျမှသာ အသုံးပြုကြတာ။ ကျောက်သားအဆောင်တွေကိုတော့ လေးငါးရက်လောက် အားဖြည့်ထားပေးရင် ရက်အတော်အကြာထိ ခံတယ်လေ။ ဒီကျောက်ပြားတွေကို သန့်စင်ဖို့အတွက်နဲ့တော့ သားရဲကျောက်မျက်တွေကို မဖြုန်းတီးကြဘူး…”
အဘိုးအိုသည် ရွာအကြီးအကဲများ၏ နည်းလမ်းများအပေါ် အတော်လေး မကျေမနပ် ဖြစ်နေဟန်တူ၏။
ဟန်လိက ပြုံး၍သာ တုန့်ပြန်သည်။ သူသည် ထိုအဘိုးအိုသည် ရွာအတွင်း၌ အားပြိုင်နေသော အင်အားစုအတွင်း၌ သူ့ကို ပါဝင်ရန် ဆက်ပြောသည်။ သို့သော် ဟန်လိသည် သည်ကိစ္စတွင် ဝင်ပါဖို့အရေးကို နည်းနည်းလေးမျှ စိတ်မဝင်စားပေ။
ကျင့်ကြံခြင်းလမ်းကြောင်းကို အဆက်ပြတ်သွားပြီးနောက် ထိုအဘိုးအိုသည် သေမျိုးတစ်ယောက်၏ အပြုအမူများ ရှိလာခဲ့ပုံ ပေါ်ကာ အုပ်ချုပ်ရေးအာဏာတွင် ပါဝင်ချင်သွားတာ ဖြစ်မည့်ပုံပင်။ ဟန်လိက သက်ပြင်းချ၏။ ဤသို့ဖြစ်ခြင်းမှာ ဝမ်းနည်းဖွယ်ကောင်းသည်ဟု သူ ခံစားမိသည်။
ဟန်လိက ငြိမ်သက်တိတ်ဆိတ်နေတာ မြင်သည့်အခါ အဘိုးအို၏မျက်လုံးထဲတွင် စိတ်ပျက်ဟန် အငွေ့အသက် ပေါ်လာသည်။ သို့သော် ခဏအကြာတွင် သူ့အမူအရာမှာ ပြန်ကောင်းမွန်သွားပြီး သူက အာလာပသလာပ စကားများကိုသာ စပြောတော့သည်။
ထိုအဘိုးအိုက အလေးအနက်မဟုတ်ဟန်ဖြင့် ပြောလာသည်။
“ဒီစွန့်ပစ်ကုန်းမြေဟာ နှစ်ပေါင်း ဘယ်လောက်ကြာကြာ တည်ရှိခဲ့ပြီလဲတော့ မသိရဘူး။ ဒီကို ဆွဲခေါ်ခံခဲ့ရတဲ့ ကျင့်ကြံသူ အရေအတွက်ဟာ နည်းပါးလှပေမဲ့ ဒီအမှောင်နယ်မြေမှာပဲ သူတို့ရဲ့ ဘဝတွေ အဆုံးသတ်သွားခဲ့ရတဲ့ ကျင့်ကြံသူအရေအတွက်ကတော့ ရာချီလောက်ရှိပြီလို့တော့ ကျုပ် ထင်တယ်။ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတွေနဲ့ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေတောင် ဒီနယ်မြေပေါ်မှာပဲ သူတို့ရဲ့ နေ့ရက်တွေကို ရှင်သန်နေထိုင်ခဲ့ရတယ်လို့ ကြားခဲ့ရတယ်…”
ဟန်လိ၏အမူအရာမှာ လှုပ်ရှားသွား၏။
“ဒီမှာ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေပါ ရှိနေတာလား…”
ထိုအဘိုးအိုက သက်ပြင်းချသည်။
“အမှန်ပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ဘယ်လောက်ကလဲတော့ ကျုပ် မသိပေမဲ့ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် ဒီနယ်မြေထဲ ဆွဲခေါ်ခံခဲ့ရတယ်လို့ ကျုပ် ကြားဖူးတယ်။ ဒါပေမဲ့ သူဟာ တစ်ခါတုန်းက ဒီရွာရဲ့ အကြီးအကဲတစ်ယောက် ဖြစ်ခဲ့တယ်။ သူဟာ မင်းတို့နှစ်ယောက်လိုပဲ စိတ်ဝိညာဉ်ကွယ်ပျောက်ခြင်းချီ ပေါက်ကွဲတဲ့အခါ တစ္ဆေမြူထဲ နစ်မြုပ်သွားခဲ့တာလို့ ကျုပ် ခန့်မှန်းမိတယ်။ ပုံမှန်အားဖြင့် ထူးခြားတဲ့မြူတွေဟာ အဲ့လိုအဆင့်အတန်းရှိတဲ့ပုံရိပ်မျိုးကို ဖမ်းဆီးနိုင်စွမ်း ရှိမှာ မဟုတ်လောက်ဘူး…”
“အဲ့လို ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ စိတ်ဝိညာဉ်ကွယ်ပျောက်ခြင်းချီဟာ တော့်တော့်ကို ကြောက်ဖို့ကောင်းတယ်။ ဒဏ္ဍာရီထဲက နတ်အသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတွေကသာ ဒါကို ခုခံနိုင်စွမ်း ရှိလိမ့်မယ်လို့ ကျုပ် ထင်တယ်…”
“နတ်အသွင်ပြောင်းလဲခြင်းအဆင့်။ ဟားဟား…တာအိုရောင်းရင်းရဲ့ အတွေးစိတ်ကူးဟာ တကယ်ပဲ ကျယ်ပြောပါတယ်။ အဲ့စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူနဲ့ ပတ်သက်ပြီး ပြောရရင် သူဟာ ဒီမှာ ပိတ်မိပြီး သေသွားရတယ်ဆိုပေမဲ့ မှတ်တမ်းတချို့တော့ ချန်ထားခဲ့တယ်။ သူ့ကျင့်ကြံမှုအတွေ့အကြုံအသေးစိတ်လည်း ဒီမှတ်တမ်းမှာ ပါတယ်။ ဒီမှတ်တမ်းတွေဟာ အပြင်ဘက်လောကမှာသာဆို အဖိုးတန်လွန်းပေမဲ့ ဒါပေမဲ့ ဒီမှာကတော့…။ ဟားဟား…”
ထိုအဘိုးအိုက ဝမ်းနည်းဟန်ဖြင့် ခေါင်းခါရမ်းသည်။
ဟန်လိက တက်တက်ကြွကြွ ပြောလာသည်။
“သူ့ကျင့်ကြံမှုအတွေ့အကြုံတွေလား။ ကျုပ် တကယ်ပဲ စိတ်ဝင်စားမိတယ်။ ရောင်းရင်းအနေနဲ့ အဲ့တာတွေ ဘယ်နေရာမှာ ရှိလဲ သိပါသလား…”
စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အတွေ့အကြုံ မှတ်တမ်းများသည် အလွန်တရာ အဖိုးတန်လှပေသည်။ သည့်အတွက် ၎င်းကို ဟန်လိ ကြည့်ချင်သည်မှာ သဘာဝပင်။
အဘိုးအိုက သူ့မျက်နှာထက်ရှိ အရေးအကြောင်းများကို ပွတ်သပ်ပြီး ဘာမဟုတ်သည့်သဘောဖြင့် ပြောလိုက်သည်။
“ဟားဟား…ကျုပ်တို့လည်း အဲ့အကြောင်းကို ကြားကြားချင်းတုန်းက အလွန်စိတ်လှုပ်တရှား ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ဒီနေရာမှာ အချိန်ကြာကြာ နေပြီးတဲ့နောက် ကျုပ်လည်း အဲ့မှတ်တမ်းတွေကို စိတ်ဝင်စားမှု မရှိတော့ဘူး။ မှော်စွမ်းအား မရှိဘဲနဲ့ မှတ်တမ်းတွေဟာ ပန်းချီတွေလောက်တောင် တန်ဖိုး မရှိဘူး။ ခင်ဗျားက စိတ်ဝင်စားလို့ တစ်ချက်လောက် ကြည့်မယ်ဆို ကျင့်ကြံသူတွေအားလုံး ကျန်ခဲ့တဲ့ ပိုင်ဆိုင်မှုတွေကို သိုလှောင်အိတ်ထဲမှာ သိမ်းထားတယ်…”
ထို့နောက်တွင် အဘိုးအိုသည် ရွာထောင့်ရှိ မသားမနားအဆောက်အဦတစ်ခုထံ လက်ညှိုးထိုးပြသည်။
သူ့စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လျက် ဟန်လိသည် တည်ငြိမ်စွာပင် ထိုအဘိုးအိုအား ကျေးဇူးတင်စကား ပြောသည်။
ဟန်လိသည် အဘိုးအိုနှင့် စကားစမြည် ထပ်ပြောသည်။ သို့သော် သူသည် ဟန်လိက စိတ်မရှည် ဖြစ်နေမှန်း မြင်ရ၍ သူ အရင် ထွက်လာခဲ့သည်။
ဟန်လိသည် အဘိုးအို၏ ခွဲခွာသွားသော ပုံရိပ်ကို စောင့်ကြည့်လျက် သူ့နှုတ်ခမ်းကိုယ်သူ သပ်လိုက်မိသည်။ ခဏ စဉ်းစားပြီးနောက်မှာ သူက ခေါင်းရမ်းကာ ကျောက်စင်မြင့်ပေါ်မှ ပြန်ဆင်းသည်။ ထို့နောက်တွင် သူသည် ကျင့်ကြံသူများ၏ အကြွင်းအကျန်ပိုင်ဆိုင်မှုများထားသည့် ယင်းသိုလှောင်အဆောက်အဦ ရှိရာသို့ ဦးတည်လျှောက်လှမ်းလာသည်။