← Chapters

နတ်ဆိုးသားရဲကျမ်းစာကို တွေ့ရခြင်း

Vol. 42 Ch. 585

နတ်ဆိုးသားရဲကျမ်းစာကို တွေ့ရခြင်း

Vol. 42 Ch. 585

လမ်းတစ်လျှောက်မှ ရွာသားများက ဟန်လိကို မျက်နှာစိမ်းတစ်ယောက်မှန်း သိကြ၍ စပ်စုလိုစိတ်ဖြင့် သူ့ကို ကြည့်ကြသော်လည်း မည်သူကမျှ သူ့နား ချဉ်းကပ်လာတာ သို့မဟုတ် သူ့ကို မေးတာမြန်းတာမျိုး မပြုလုပ်ကြပေ။

ဤသို့ဖြင့် ဟန်လိသည် ဟောင်းနွမ်းအိုရင့်နေသော အနက်ရောင်ကျောက်သားအဆောက်အဦရှေ့သို့ ရောက်လာခဲ့သည်။ ခဏ တွေဝေနေပြီးနောက်မှာ သူက ရှေ့မှ တံခါးကို တွန်းဖွင့်ကြည့်သည်။ သို့သော် တံခါးက လားလားမျှ မရွှေ့သွားပေ။

တံခါး၏ တင်းကျပ်မှုကြောင့် ဟန်လိ အံ့အားသင့်သွား၏။ ထိုတံခါးနှင့် ပတ်သက်ပြီး တစ်ခုခု မှားနေသလားဟု သူ ထင်သွားသည်။ ခဏအသက်ဝဝရှိုက်သွင်းလိုက်ပြီးနောက် သူက အင်အားကုန် အသုံးပြု၍ ဖွင့်လိုက်သည်။ သူသည် အပြင်ပိုင်းသိုင်းပညာရပ်များကို မကျင့်ကြံသော်လည်း သူ့ခန္ဓာကိုယ်မှာ အခြေခံတည်ဆောက်ခြင်းနှင့် အမြုတေဖွဲ့စည်းခြင်းတို့၏ အနှစ်သာရသန့်စင်ခြင်းကို ဖြတ်သန်းခဲ့ပြီး ဖြစ်၍ အားကောင်းသန်မာပေသည်။

တကျွိကျွိမြည်သံနှင့်အတူ တံခါးသည် ဖြည်းဖြည်းချင်း၊ တစ်လမချင်း ပွင့်သွားပြီး ဟန်လိသည် အတွင်းဘက်ကို မြင်ရသည်။ သည်တံခါးမှာ အကြောင်းရင်းတစ်ခုခုကြောင့် သာမန်တံခါးထက် နှစ်ဆရှိကြောင်း သူ တွေ့လိုက်ရသည်။

ဟန်လိက အခန်းထဲသို့ ခပ်သွက်သွက် ဝင်လာ၏။ အိုဟောင်းဆွေးမြေ့ခြင်း အောက်သိုးသိုး အငွေ့အသက်ကို သူ ရသည်။ သူက မျက်နှာရှုံ့မဲ့သွားပြီး ခပ်မြန်မြန် အသက်ရှူတာကို ထိန်းထားလိုက်ပြီး အပြင်ဘက်ရှိ လေများက အခန်းထဲ ဝင်လာကာ အောက်သိုးသိုး အနံ့ အများစု လွင့်ပြယ်သည့်အထိ စောင့်သည်။ ထို့နောက်တွင် သူက လတ်လတ်ဆတ်ဆတ်လေကို ရှူရှိုက်၍ တံခါးဝမှ အလင်းရောင်ခပ်ဖျော့ဖျော့ကို အားပြုပြီး အခန်းထဲကို သေချာကြည့်ရှုသည်။

သည်အခန်းမှာ ရိုးစင်းလှ၏။ အခန်းထဲတွင် ကျောက်ပြားများ စီထားသည့် တန်းများနှင့် ကျောက်စားပွဲအချို့သာ ရှိသည်။ ကျောက်ပြားများက သုံးမီတာအမြင့်၊ ခြောက်မီတာဗြက် ရှိ၏။ ထိုကျောက်ပြားများသည် မှတ်တမ်းများ ဖြစ်ကြောင်း တွေ့ရသည့်အခါ သူ အံ့အားသင့်သွားသည်။ ခဏ စဉ်းစားပြီးနောက်မှာ သူက ရယ်မောလိုက်သည်။ သည်နယ်မြေတွင် လူတစ်ယောက်က စာလိပ်စက္ကူပြုလုပ်ရန် သစ်သား သို့မဟုတ် ဝါးကို မည်သို့ ရှာဖွေရပါမည်နည်း။ မှော်စွမ်းအားကို အသုံးမပြုနိုင်သည့်အတွက် ကျောက်စိမ်းပြားများကိုလည်း ပြုလုပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ သူတို့၏ မှတ်တမ်းများကို ကျောက်ပြားများပေါ်တွင်သာ ချန်ရစ်ထားခဲ့မှ ဖြစ်ချေမည်။

စားပွဲပေါ်ရှိ မှော်ပစ္စည်းများကမူ သူ့ဓားများကဲ့သို့ ဖြစ်ချေလိမ့်မည်။ ဟန်လိသည် သည်အခန်းထဲတွင် သိုလှောင်အိတ်များကိုမူ မတွေ့ပေ။

အခန်းထဲရှိ ယေဘုယျအခြေအနေကို တစ်ချက်ကြည့်ပြီးနောက် ဟန်လိသည် ကျောက်ပြားတစ်ခုနား လျှောက်လှမ်းလာသည်။ ၎င်းကျောက်ပြားပေါ်တွင် ဖုန်များ ထူထဲစွာ ရှိနေသည်။ ဟန်လိသည် သူ့အင်္ကျီစကို ဖြဲဆုတ်ပြီး ကျောက်ပြားပေါ်ရှိ ဖုန်များကို သန့်ရှင်းရေး လုပ်သည်။ ခဏအကြာတွင် ဟန်လိသည် ဤကျောက်ပြားပေါ်တွင် ထွင်းထုထားသည့်အရာကို မြင်ရ၏။

သည်ပေါ်တွင် ထွင်းထုထားသော အက္ခရာစာသားများသည် ကျင့်ကြံခြင်းလောကတွင် အသုံးများသော အက္ခရာမျိုး မဟုတ်နေပေ။ မြင်ရခဲသော အက္ခရာများသာ။ ဟန်လိအတွက် ကံကောင်းသွားသည်မှာ သူသည် အတွေ့အကြုံများ၍ ယင်းအက္ခရာများကို လွယ်လွယ်ကူကူ သိနေခြင်းတည်း။

သို့ပေမည့် ဟန်လိသည် ထိုကျောက်ပြားကို တစ်ချက်ကြည့်ပြီးသည်နှင့် သူ့စိတ်ဝင်စားမှုမှာ ချက်ခြင်း ပျောက်ကွယ်သွားသည်။ ဤသည်မှာ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်၏ ဒိုင်ယာယီတစ်ခုသာ ဖြစ်၍ ဟန်လိက ၎င်းကို ဘေးသို့ ချက်ခြင်းပြန်ချကာ အခန်းထဲရှိ အခြားကျောက်ပြားများ ဆက်၍ ကြည့်ရှုသည်။

စုစုပေါင်း ကျောက်ပြား အခုနှစ်ဆယ်ဝန်းကျင်လောက် ရှိရော့မည်။ ဟန်လိသည် ခြောက်ခုမြောက် ကျောက်ပြားကို ကြည့်ရှူသည့်အခါ သူ့စိတ်ဝင်စားမှုမှာ မြင့်တက်လာတော့သည်။ သူ ရှာဖွေနေသည့် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ၏ ကျင့်ကြံခြင်းမှတ်တမ်းမှာ ၎င်းထဲ၌ ပါဝင်နေသည် မဟုတ်လား။ ဟန်လိသည် မိန်းမောကာ ကျောက်ပြားရှေ့တွင် အချိန်မည်မျှကြာကြာ ရပ်နေမိမှန်း မသိပြီးနောက် သက်ပြင်းရှည်ကြီး ချမိသည်။ သူ့ပုံစံမှာ စိတ်ရှုပ်ထွေးဟန် ပေါ်နေသည်။

ဟန်လိသည် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“စဦးစိတ်ဝိညာဉ်တစ်ခုကို သိပ်သည်းရတာဟာ ဒီလောက်ထိ အန္တရာယ်များတဲ့ ကိစ္စလား။ ရွက်လွှာကိုးခု စိတ်ဝိညာဉ်ဂျင်ဆင်း အကူအညီနဲ့ဆိုရင်တောင် ငါ့ရဲ့ စဦးစိတ်ဝိညာဉ် ဖွဲ့စည်းဖို့ ဖြစ်နိုင်ခြေဟာ သိပ်မမြင့်မားနေဘူး။ ဒီအမှောင်နယ်မြေထဲ ကျရောက်လာခဲ့ရတာဟာ ခုတော့လည်း အကျိုးကျေးဇူး တော်တော် ရှိသွားတာပဲ…”

ကျောက်ပြားပေါ်တွင် မည်သည့်ထူးခြားသည့် နည်းလမ်းကိုမျှ မဖော်ပြထားသော်လည်း ထိုအမည်မဲ့ စဦးစိတ်ဝိညာဉ်ကျင့်ကြံသူသည် အခြေခံတည်ဆောက်ခြင်းအဆင့်မှ စဦးစိတ်ဝိညာဉ်ဖွဲ့စည်းသည့်အထိ သူ့အတွေ့အကြုံများကို အသေးစိတ် မှတ်တမ်းပြုထားခဲ့ပေသည်။ ဟန်လိသည် ထိုမှတ်တမ်းကို ဖတ်နေရင်း ကျေနပ်အံ့အားသင့်ခဲ့ရသည်။ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ၏ အတွေ့အကြုံများမှတစ်ဆင့် လမ်းညွှန်မှုများဖြင့် ဟန်လိသည် သူ စဦးစိတ်ဝိညာဉ် ဖွဲ့စည်းသည့်အခါ နားလည်သဘောပေါက်မှု လွဲခြင်းကြောင့် အမှားများကို နည်းအောင် လုပ်နိုင်မည် မဟုတ်လား။

၎င်းကျောက်ပြားကို သူက လေးငါးကြိမ်လောက် ဖတ်ကာ မျက်စိလျှမ်း ကျန်ခဲ့တာမျိုး မရှိအောင် သေချာစေသည်။ သည့်နောက်မှာ သူက ၎င်းကို ဘေးသို့ချထားပြီး ကျန်သည့် ကျောက်ပြားများကိုလည်း ကြည့်ရှုသည်။

မျှော်လင့်ထားသည့်အတိုင်းပင် ကျန်သည့်ကျောက်ပြားများ၌ အမှန်တကယ် အသုံးဝင်မှု မပါဝင်တော့ပေ။ သည်ကျောက်ပြားများထဲတွင် ကျင့်ကြံခြင်းပညာရပ်အချို့ ပါဝင်သော်လည်း သူ ပိုင်ဆိုင်ထားသည့် လေးနက်ယင်ပညာရပ်များထက် နိမ့်မှန်း သတိပြုမိသည်။ နာရီဝက်လောက်ကြာပြီးနောက်မှာ ဟန်လိသည် နောက်ဆုံးကျောက်ပြားထိ ရောက်လာခဲ့သည်။

သူသည် ထိုကျောက်ပြားပေါ်ရှိ ဖုန်များကို ရှင်းလိုက်ပြီး ၎င်းကို စူးစမ်းကြည့်သည်။ သူက အံ့ဩတကြီး ဖြစ်သွား၏။ သည်ကျောက်ပြားမှာ အခြားကျောက်ပြားနှင့် လုံးဝကွဲပြားနေ၏။

အရင့်အရင် ကျောက်ပြားပေါ်ရှိ အက္ခရာများထက် များစွာ သေးငယ်ပြီး ဆန်စေ့အရွယ်အစားလောက်သာ ရှိမည့် အက္ခရာများကို ၎င်းပေါ်၌ တွေ့ရသည်။ ထို့အပြင် ဟန်လိသည် ၎င်းကို သေချာဖတ်ကြည့်သည့်အခါ ၎င်းပေါ်တွင် မတူညီသော အက္ခရာစာသားနှစ်မျိုးကို ရေးထွင်းထားမှန်း တွေ့လိုက်ရသည်။ တစ်ခုသည် ရှေးဟောင်းဘာသာစကားတစ်ခု ဖြစ်ပြီး အခြားတစ်ခုကမူ နတ်ဆိုးသားရဲ ဘာသာစကား အက္ခရာ ဖြစ်နေသည်။

ဟန်လိသည် သိချင်စိတ် ပြင်းထန်လာသည်။ သူသည် ၎င်းကို သေချာစူးစမ်းကြည့်တော့သည်။

သည်ကျောက်ပြားမှာ နတ်ဆိုးသားရဲဘာသာစကားကို သင်ပေးရန် ရည်ရွယ်ထားခြင်းပင်။ ထို့အပြင် ၎င်းမှာ အလွန်အသေးစိတ်ကျပြီး တစ်လုံးတစ်ပါဒချင်းကို ရှင်းပြထားသည်။ သည်ကျောက်ပြားကို ရေးခဲ့သော ကျင့်ကြံသူမှာ နတ်ဆိုးသားရဲဘာသာစကားနှင့် များစွာကျွမ်းဝင်သူ ဖြစ်ခဲ့ပေလိမ့်မည်။

ဟန်လိသည် ထိုသင်ကြားမှုများကို ချက်ခြင်း မဖမ်းဆုပ်နိုင်သေးသော်လည်း သူသာ သည်စာသားများကို မှတ်တမ်းပြုထားပြီး တနေ့ချင်း ဖြည်းဖြည်းမှန်မှန် ဖတ်သွားပါက ၎င်းကို သင်ယူနိုင်မည်မှာ သေချာသည်။ ထိုအခါကျလျှင် သူသည် သူ့လျှို့ဝှက်စာအုပ်ဟောင်းနှင့် နတ်ဆိုးကြေးပြားတို့တွင် မှတ်တမ်းတင်ထားသော နတ်ဆိုးသားရဲပညာရပ်များကို ကောင်းကောင်း နားလည်နိုင်ပြီ ဖြစ်သည်။

လူသားများသည် နတ်ဆိုးသားရဲများ၏ ပညာရပ်များကို သင်ယူနိုင်စွမ်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဟန်လိသည် ထိုအကြောင်းကို များများစားစား မတွေးနေပေ နတ်ဆိုးသားရဲ ပညာရပ်များက သူ့အတွက် အသုံးမတည့်ဘူးဆိုလျှင်ပင် ထိုဘာသာစကားကို တတ်ထားခြင်းသည် အကျိုးမယုတ်နိုင်ချေ။ ၎င်းက အနာဂတ်တွင် အသုံးဝင်၊မဝင်ကို မည်သူက သိနိုင်ပါ့မည်နည်း။

တကယ်တော့ ဤသည်မှာ ရခဲလှသော အခွင့်အရေးတစ်ခုပင်။

အချိန်အတော်ကြာ သုံးစွဲပြီးသည့်နောက်မှာ ဟန်လိ၏ ထူးကဲသော မှတ်ဉာဏ်စွမ်းကြောင့် ကျောက်ပြားပေါ်ရှိ အက္ခရာစာသားတိုင်းကို တစ်လုံးမကျန် မှတ်မိသွားသည်။ ထို့နောက်တွင် သူက အသက်ဝဝရှိုက်သွင်းပြီး စားပွဲများပေါ်ရှိ မှော်ပစ္စည်းများကို ထပ်မံ ကြည့်ပင်မကြည့်တော့ဘဲ အခန်းထဲမှ ထွက်လာခဲ့တော့သည်။

ထိုအဆောက်အဦထဲမှ ထွက်လာပြီးနောက် ဟန်လိသည် ရွာအနှံ့ လျှောက်၍ ပိုထူးခြားနေသော အဆောက်အဦများထဲမှ အချို့ကို စူးစမ်းကြည့်သည်။ ထို့နောက်တွင် သူက ယင်းတို့ကို သေချာ လေ့လာကြည့်ပြီး အနီးအနားမှ ရွာသူရွာသားများအချို့ကို မေးမြန်းကြည့်သည်။ သူ့အတွက် ကံကောင်းသည်မှာ ရွာသူရွာသားများသည် အတော်လေး ရိုးရှင်းသော စိတ်ထားရှိနေခြင်းပင်။ သူက သူစိမ်းသူပြင် သက်သက် ဖြစ်နေသော်ငြား သူတို့သည် သူမေးသမျှမြန်းသမျှကို ပြန်ဖြေပေးကြသည်။

ထိုသို့ဖြင့် ဟန်လိသည် အမှောင်နယ်မြေအကြောင်း အခြေခံအရာများကို ခပ်မြန်မြန်ပင် စသိလာခဲ့လေပြီ။ ဥပမာအားဖြင့် သည်နယ်မြေတွင် သံမဏိမိုင်းတွင်းများ သို့မဟုတ် အလားတူ အရာများ မရှိဘဲ လက်နက်များကို အမှောင်သားရဲများ၏ အရိုးများဖြင့်သာ သန့်စင်နိုင်ခြင်းပင်။ တကယ်တော့ ထိုလက်နက်များကို သားရဲအရိုးများထံမှ တိုက်ရိုက် ပြုလုပ်၍ မရဘဲ “ရေနက်” ဟု သိကြသော အရည်ထဲတွင် နှစ်ထားစိမ်ထားခြင်းဖြင့်သာ လက်နက်များ၏ မာဂုဏ်ကို မြင့်စေသည်။ ထို့အပြင် ထိုသို့ ပြုလုပ်ခြင်းဖြင့် လက်နက်များသည် ယင်မီးတောက်ဂုဏ်သတ္တိကိုလည်း ရ၍ အမှောင်သားရဲများကို တိုက်ခိုက်ရာတွင် ပို၍ အားကောင်းစေသည်။ သို့ပေမည့် ယင်မီးတောက်များ၏ အာနိသင်မှာ ကုန်တာ မြန်သောကြောင့် ထိုလက်နက်များ၏ ချိန်းချောက်နိုင်စွမ်းကို ထိန်းသိမ်းထားနိုင်ရန် ရေနက်ထဲတွင် ထပ်မံ စိမ်နှစ်ရမည် ဖြစ်သည်။ ဤသည်က ဟန်လိ၏သိချင်စိတ်ကို မြင့်တက်စေသည်။

ထို့အပြင် လအချို့ကြာတိုင်း ယင်လေ မုန်တိုင်းသည် လေးငါးရက်ကြာ တိုက်ခတ်လေ့ရှိ၏။ ဤအချိန်အတောအတွင်း အမှောင်နယ်မြေအများစုကို အရိုးထိစိမ့်အေးလှသည့် အနက်ရောင်ယင်လေးများက ဖုံးလွှမ်းထား၏။ သည်အတောအတွင်း လူသားများသည် အပြင်ဘက်တွင် လှုပ်ရှားသွားလာနိုင်စွမ်း မရှိပေ။ မဟုတ်ပါက ယင်လေများကြောင့် သူတို့သည် ရေခဲနက်ရုပ်တုများ ဖြစ်ကုန်လိမ့်မည်။ ရွာ၏ မန္တာန်ပညာရပ်များ၏ အကာအကွယ်ဖြင့်သာ ရွာသူရွာသားများသည် အန္တရာယ်ကင်းနိုင်မည် ဖြစ်၏။

ဆန့်ကျင်ဘက်အနေဖြင့် အမှောင်သားရဲများကမူ ယင်းမုန်တိုင်းအတွင်း တက်ကြွနေကြပြီး မကြာဆိုသလို ပေါ်လာတတ်ကာ ရွာများအား အုပ်စုလိုက် တိုက်ခိုက်တတ်သည်။ ဤသည်မှာ လူသားများ အတော်လေး အပူပန်ရဆုံးကိစ္စ ဖြစ်၏။

ဟန်လိသည် ဤသို့ဖြင့် သတင်းအချက်အလက်တော်တော်များများကို ခပ်မြန်မြန် ရရှိခဲ့ပြီးနောက်မှာ ရုတ်တရက် သူက သူ့အား ရန်လိုစွာ ကြည့်ခဲ့ဖူးသော မျက်နှာဖြူဖပ်ဖြူရော်နှင့်သူအကြောင်းကိုပါ မေးမြန်းခဲ့သေးသည်။ ရွာသူရွာသားများက ထိုသူမှာ လွန်ခဲ့သော နှစ်အချို့က စုပ်ယူခံခဲ့ရသူ ဖြစ်ပြီး သူ၏မျိုးရိုးအမည်မှာဖန် ဖြစ်၍ သိုင်းပညာစွမ်းကောင်းလှသည်ဟု ပြောပြခဲ့ကြသည်။ ထိုသူသည် ဤရွာသို့ ရောက်လာခဲ့သည့်အချိန်မှစ၍ အမှောင်သားရဲများကို အကြိမ်များစွာ သတ်ပစ်ဖူးပြီး ရွာ၌ အတော်လေး နာမည်ကျော်ပေသည်။ ထို့ကြောင့်လည်း အသက်ငယ်ရွယ်သော်ငြားလည်း ရွာတွင် အကြီးအကဲတစ်ယောက် ဖြစ်လာခဲ့ကာ ရွာရှိ လူငယ်လေးများကို သိုင်းပညာသင်ကြားပေးရန် တာဝန်ယူထားသည်။ ရွာလူငယ်များကြား၌ သူက အဆင့်အတန်းမြင့်မားသူပင်။

ထိုစကားများကို ကြားသည့်အခါတွင် ဟန်လိသည် ကြောက်မသွားခဲ့ပေ။ စိတ်ထဲ၌သာ မျက်မှောင်ကြုတ်မိပြီး ထိုသူမှာ အတော်လေး ပြဿနာပေးနိုင်လောက်သည်ဟု ခံစားမိသည်။

ရွာထဲ အချိန်အတော်ကြာ လှည့်ပတ်သွားလာပြီး ကြည့်ရမည့်အရာများကို လိုက်ကြည့်ပြီးနောက် သူက သူ့နေအိမ်ထံ အေးအေးဆေးဆေး ပြန်လာခဲ့သည်။ သို့သော် သူ အိမ်နား ရောက်ရုံရှိသေး အခန်းထဲမှ အမျိုးသားတစ်ယောက်၏အသံကို ရုတ်တရက် ကြားလိုက်ရသည်။

“ဘာလဲ။ ကျုပ် အစောလေးက ပြောခဲ့တာ အကုန်လုံးဟာ ရိုးရိုးသားသားပါ။ အမျိုးသမီးမိုင်ကသာ ကျုပ်ကို လက်ထပ်မယ်ဆို အစားအသောက်အတွက်လည်း မပူရ၊ အသက်အန္တရာယ်များတဲ့ တာဝန်တွေလည်း လုပ်ရမှာ မဟုတ်ဘူးနော်။ ကျုပ်က တကိုယ်တည်း နေနေခဲ့တာ နှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။ ကျုပ်က မျက်နှာများတဲ့သူ မဟုတ်တဲ့အပြင် အမျိုးသမီးမိုင်ကလည်း ကျုပ် နှလုံးသားကို အမှန်တကယ် ထိစေခဲ့တဲ့ ပထမဆုံးသူပါ…”

ဖန်မျိုးရိုးဖြင့် သက်လတ်ပိုင်းလူက မည်သည့်အချိန်ထဲက အခန်းအတွင်း ရောက်နေမှန်း မသိရချေ။

All Chapters