မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး
Vol. 42 Ch. 586
ဟန်လိသည် ထိုစကားကို ကြားသည့်အခါ မင်သက်သွားသည်။ တအောင့်အကြာတွင်မူ သူကား ငိုရခက်၊ရယ်ရခက် ဖြစ်သွား၏။ ထိုစကားများ ပြောလာသူမှာ ဖန်မျိုးရိုးနှင့်သက်လတ်ပိုင်းလူဖြစ်မှန်း ဖြည်းဖြည်းချင်း သဘောပေါက်သွားတော့သည်။ နောက်ဆုံးတွင်တော့ ထိုသူက သူ့အပေါ် မည်သည့်အတွက်ကြောင့် ရန်လိုနေမှန်း ဟန်လိ သဘောပေါက်သွားခဲ့လေပြီ။ ဟန်လိနှင့် မိုင်နင်တို့က အတူတူ သည်ကို ရောက်လာခြင်းကြောင့် ထိုသူသည် သူတို့အား ရင်းနှီးသော ပတ်သက်မှုအချို့ ရှိလိမ့်မည်ဟု အထင်မှားကာ ယုံကြည်နေတာသာ။
ယင်းအကြီးအကဲဖန်က မိုင်နင်ကို မြင်သည့်အခါ သူ့နှလုံးသားလှုပ်ခတ်သွားသည့်အပေါ်တွင် ဟန်လိအနေဖြင့် အံ့အားမသင့်ချေ။ သူ မြင်ခဲ့ရသလောက် ရွာရှိ အမျိုးသမီးများက မလှမပများ ဖြစ်ကြသည် မဟုတ်လား။
မိုင်နင်သည် ယွမ်ယောင် သို့မဟုတ် နတ်သမီးခရမ်းစိတ်ဝိညာဉ်တို့နှင့် မယှဉ်နိုင်သော်ငြား သူမမှာလည်း မိန်းမလှတစ်ဦး ဖြစ်နေဆဲပင်။ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ခြင်းကြောင့်လည်း သူမ၌ သေမျိုးများ မယှဉ်သာသော ဆွဲဆောင်နိုင်စွမ်း အော်ရာတစ်ခုကို ပိုင်ဆိုင်ထား၏။
“ငါ ဒီစကားကို မကြားသလို ဟန်ဆောင်ပေးလိုက်မယ်။ ငါက ကျင့်ကြံသူတစ်ယောက်ပဲ။ သေမျိုးတစ်ယောက်နဲ့ လက်မထပ်နိုင်ဘူး…ကျေးဇူးပြုပြီး ထွက်သွားပေးပါ…”
မိုင်နင်သည် တစ်ကိုယ်တော် ဖြစ်နေသော်လည်း ရဲတင်းအေးစက်စွာဖြင့် ထိုစကားများ ပြောလာသည့်အပေါ် ဟန်လိမှာ အံ့အားသင့်သွားရသည်။
မိုင်နင်၏ငြင်းဆိုမှုကြောင့် သက်လတ်ပိုင်းလူဖန်က ဒေါသပုန်ထသွား၏။ သူ့လေသံက ဆိုးယုတ်မည့်သဘော ပါလာသည်။
“ဟား…အမျိုးသမီးမိုင်က ခုလက်ရှိ အခြေအနေကို သဘောမပေါက်ဘူးပဲ။ ဒါက အမှောင်နယ်မြေ။ ကျင့်ကြံသူတစ်ယောက်ဆိုတဲ့ နင့်ရဲ့ အဆင့်အတန်းဟာ ဒီမှာ ဘာမှ အသုံးမတည့်ဘူး။ အများစုကတော့ နင့်ကို လေးစားကြည်ညိုတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒါပေမဲ့ ငါ့မျက်စိထဲမှာတော့ အမှောင်သားရဲကျောက်မျက်မရှိတဲ့ နင်ဟာ သာမန်သေမျိုးတစ်ယောက်ပဲ။ နင့်ရဲ့ အမျိုးသားအဖော်ကလည်း ငါ့ကို တိုက်ခိုက်နိုင်စွမ်း ရှိလိမ့်မယ်လို့ နင် ယုံကြည်နေတာလား။ ငါ့သိုင်းပညာရပ်တွေဟာ တံဆိပ်လေးပါးပင်လယ်တစ်ခုလုံးမှာ ပြိုင်ဘက်ကင်းပဲ။ ငါသာ သူ့ကို သတ်ချင်ရင် ဘယ်သူက ငါ့ကို တားနိုင်ပါ့မလဲ…”
သေမျိုးတစ်ယောက်က သူမကို ချိန်းချောက်ဝံ့ခြင်းမှာ မိုင်နင်စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေပေသည်။ သူမ၏အသံကလည်း တုန်လာ၏။
“နင် ငါ့ကို ချိန်းချောက်ဝံ့တယ်လား…”
“ဒါပေါ့…ဘာကြောင့် ငါက မလုပ်ရဲရမှာလဲ…”
“နင် ဘာလုပ်ချင်နေတာလဲ…”
ထိုသူ မည်သို့ ပြုလုပ်လာမည်မှန်း မသိ၍ မိုင်နင်သည် ရုတ်တရက် အလန့်တကြား ထအော်သည်။ ထိုစကားကို ကြားသည့်အခါ ဟန်လိက နှာခေါင်းပွတ်သပ်ပြီး စိတ်ထဲတွင် ခါးသက်စွာ ရယ်မောမိလိုက်သည်။ သူနှင့် သည်အမျိုးသမီးတို့ကြား အရင့်အရင်က ပတ်သတ်ကျွမ်းဝင်မှုမျိုး မရှိဟု ပြောနိုင်သော်ငြား သူမသည် သူကဲ့သို့ပင် ဤအမှောင်နယ်မြေတွင် အတူတူ ပိတ်မိနေသော ကျင့်ကြံသူတစ်ယောက် ဖြစ်နေဆဲပင်။ သူ့အနေဖြင့် သနားစရာကောင်းနေသော အခုကဲ့သို့ အခြေအနေမျိုးတွင် သူမကို လစ်လျူရှုထားလောက်သည့်အထိ အသည်းမမာနိုင်ပေ။
ထိုအတွေးဖြင့် ဟန်လိသည် မချိပြုံးပြုံးမိသည်။ ဘန်း။ မိုင်နင်သည် ဒုတိယအကြိမ်မြောက် မအော်ဟစ်ခင်မှာပင် သူက အခန်းတံခါးကို ဆောင့်ကန်ဖွင့်ကာ အထဲသို့ ယုံကြည်မှုရှိစွာ လျှောက်လာသည်။ သက်လတ်ပိုင်းလူဖန်ကြောင့် မိုင်နင်သည် အခန်းထောင့်တွင် ကပ်နေရလေသည်။ တံခါးဖွင့်သံ ကြားသည့်အခါ ထိုသူ၏ ဆိုးယုတ်သော အပြုံးကို အံ့ဩထိတ်လန့်ဟန်က အစားထိုးသွားသည်။
ဝင်လာသူမှာ ဟန်လိဖြစ်နေတာ မြင်သည့်နောက် သူ့အမူအရာသည် ရှုံ့မဲ့သွားသည်။ မိုင်နင်က ဟန်လိကို မြင်သည့်အခါ ချက်ခြင်းပင် ရွှင်လန်းတောက်ပသွားပြီး ဟန်လိဘေးသို့ ပြေးလာတော့သည်။
သူမက ကိုယ်နေဟန်ထား ပုံမှန် ပြန်ဖြစ်စေပြီးသည်နှင့် ချက်ခြင်း သတိပေးသည်။
“ရောင်းရင်းဟန်…သတိထားပါ။ ဒီလူက ရှင့်ကို အန္တရာယ်ပေးချင်နေတာ…”
ဟန်လိက တည်ငြိမ်စွာ ပြန်ပြောသည်။
“စိတ်မပူပါနဲ့။ အခန်းအပြင်မှာတည်းက သူ ပြောတာ ကျုပ် ကြားခဲ့ပြီးသားပါ…”
သက်လတ်ပိုင်းလူသည် ဟန်လိကို အေးစက်စွာ စိုက်ကြည့်ပြီး ရန်လိုစွာဖြင့် မေးလာသည်။
“မင်း ဘယ်အချိန်တည်းက ပြန်ရောက်နေတာလဲ။ ငါ မင်း လှုပ်ရှားမှုကို မကြားမိလိုက်ပါလား…”
သူက သူ့အတွင်းအားအပေါ် အလွန်ယုံကြည်မှု ရှိသူပင်။ သည်အတွင်းအားကြောင့် သူသည် မီတာလေးဆယ်အကွာမှ သစ်ရွက်ကြွေကျသံ၊ မြက်ခင်းများလေးတိုးသံကိုပင် ကြားနိုင်စွမ်း ရှိသည် မဟုတ်လား။ သို့ရာတွင်မူ သူသည် ဟန်လိကို မထောက်လှမ်းမိနိုင်သည့်အတွက်ကြောင့် စဉ်းစားမရဘဲ ရှိနေသည်။
ဟန်လိသည် သက်လတ်ပိုင်းလူဖန်ဘက်သို့ မျက်နှာချင်းဆိုင်ကာ လှောင်တောင်တောင်အမူအရာဖြင့် ပြောလိုက်သည်။
“မင်းက မင်းရဲ့ သိုင်းပညာရပ်တွေအပေါ်မှာ အတော်လေး ယုံကြည်ချက် ရှိနေသကို။ ဒါပေမဲ့ မင်း ငါ့ကို ပစ်မှတ်လာတားကတော့ အတော်မိုက်မဲရာ ကျတယ်…”
သက်လတ်ပိုင်းလူသည် ထိုစကားကို ကြားသည့်အခါ သူ့မျက်လုံးထဲ၌ ရန်လိုသည့်အကြည့်တစ်ခု ပေါ်လာသည်။
“မိုက်မဲတယ်တဲ့လား။ မင်း အကူအညီအော်မတောင်းနိုင်ခင်မှာတင် ငါက မင်း လက်တစ်ဖက်ကို ချိုးပြီးနေလောက်ပြီ…”
ထို့နောက်တွင် သူက မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ သူ့ခန္ဓာကိုယ်က ဖြတ်ခနဲ ဝေဝါးလှုပ်ရှားသွားပြီး ဟန်လိထံ တန်းမတ်စွာ ဝင်လာသည်။ သူ့လက်ဝါးဖြင့် ဟန်လိ၏ညာဘက် လက်မောင်းထံ ကြမ်းတမ်းစိုက် ရိုက်ချလာ၏။ သူ့လက်ဝါးရိုက်ချက်တွင် ပြင်းထန်သောအားအဟုန်တစ်ခု ပါ၏။
ဟန်လိသည် မြန်ဆန်ကြမ်းတမ်းသော ထိုတိုက်ကွက်ကို စောင့်ကြည့်နေရင်း တည်တည်ငြိမ်ငြိမ်ပင် သူ့ပုံရိပ်က ဝေဝါးသွားလျက် သူ့နောက်တွင် ပုံရိပ်ယောင်လေးခုကို ဖြစ်သွားစေသည်။ သက်လတ်ပိုင်းလူမှာ ကြီးစွာ တုန်လှုပ်သွားပြီး သူ့လက်ဝါးကို လမ်းတစ်ဝက်မှာတင် ကျင်လည်စွာ လမ်းကြောင်းပြောင်းပြီး သူ့ရှေ့ရှိ အရိပ်ကို ရိုက်နှက်သည်။ သို့သော် ထိုအရိပ်သည် ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ပြီး သူ့လက်ဝါးရိုက်ချက်မှာ လေကိုသာ ထိမှန်သွားသည်။
“ ဒါက…” သက်လတ်ပိုင်းလူသည် မည်သို့ဖြစ်ပျက်သွားသလဲ သဘောမပေါက်ခင်မှာပင် မိုးပြာဓားမြှောက်တစ်လက်က သူ့လည်ချောင်းပေါ်သို့ တိတ်တဆိတ် လာထောက်နှင့်ပြီး ဖြစ်၏။ သူသည် ခန္ဓာကိုယ်တစ်လျှောက် စိမ့်ခနဲ ခံစားလိုက်ရပြီး သူ့အမွှေးအမျှင်များသည်ပင် ထောင်မတ်သွားရသည်။
သက်လတ်ပိုင်းလူသည် သူ့နောက်မှ အေးတိအေးစက်ဖြင့် ပြောလာသော ဟန်လိ၏ စကားသံကို ကြားလိုက်ရသည်။
“မင်း မလှုပ်တာ အကောင်းဆုံးပဲ။ ဒီရွာကနေ ငါက လူသတ်ပြီး မထွက်သွားချင်ပေမဲ့ မင်း ငါ့လက်ကို လှုပ်ရှားအောင် အတင်းအကျပ် ဖိအားပေးလာခဲ့ရင်တော့ ငါ မလုပ်ချင်လည်း လုပ်ရလိမ့်မယ်…”
ထိုသူသည် လည်ပင်းတွင် ဓားမြှောင်တေ့ထားခံရ၍ တောင့်တင်းအေးစက်နေလေပြီ။ သူသည် ဟန်လိမှာ သူ့လည်းပင်းကို ချက်ခြင်း ပိုင်းဖြတ်ပစ်မည်ဟု မယုံကြည်ပေ။ သို့သော် နည်းနည်းလေးလောက် လှုပ်ရှားရုံဖြင့် သူ သေသွားနိုင်သည်။ သူ့မျက်နှာထက်တွင် မယုံကြည်နိုင်မှု အထင်းသားနှင့်အတူ အကြောက်တရား ဖြစ်ပေါ်နေသည်။ ဟန်လိက သူ့နောက်သို့ မည်သို့ ရောက်သွားသလဲကို သူ လုံးဝ အာရုံခံမိနိုင်ခြင်း မရှိပေ။
“မိတ်ဆွေက ကျုပ် လက်ကို ချိုးပစ်ချင်မှတော့ ကျုပ်လည်း မျက်နှာသာ ပြန်ပေးလိုက်ပါ့မယ်…”
တစ်ဖက်သူ၏ တုံ့ပြန်မှုကို စောင့်မနေဘဲ ဟန်လိသည် သက်လတ်ပိုင်းလူဖန်၏ လက်ကို ရုတ်တရက် ညှစ်ချေပစ်လိုက်သည်။ ခရက်။ ထိုသူ၏လက်အရိုးများကား ဖြောင်းခနဲ ကျိုးထွက်သွားတော့သည်။
“အား…” သူသည် အလွန်တရာ နာကျင်လှ၍ ငြီးငြူလိုက်ရတော့သည်။ သို့ပေမည့် သူသည် သာမန်လူမဟုတ်ပေ။ သူ့မျက်နှာထက်တွင် ချွေးစေးများ ပြန်နေသော်ငြား နာကျင်မှုကြောင့် ထပ်အော်မိမည်ကို ထိန်းချုပ်လိုက်နိုင်သည်။
သည့်နောက်မှာ ဟန်လိက တည်ငြိမ်သည့်ဟန်ပန်ဖြင့် သတိပေးသည်။
“မင်းသာ ဒီအိမ်ထဲ ထပ်ဝင်လာရဲရင် မင်းလက်ပဲ ဆုံးရှုံးမှာ မဟုတ်တော့ဘူးဆိုတာ မှတ်ထားပါ။ အဲ့လို ထပ်ဖြစ်လာရင် ငါ မင်းအသက်ကို နှုတ်ပစ်မယ်…”
ဟန်လိသည် အရိပ်မြူခိုးခြေလှမ်းကို သုံး၍ ထိုသူ့ကို ဖိနှိပ်နိုင်စွမ်း ရှိခဲ့ပေသည်။ သို့သော် သူက သူ့အား သတ်ပစ်ရန် စိတ်ကူးမထားပေ။ ထိုသက်လတ်ပိုင်းလူ သည်အိမ်ထဲ ဝင်လာခဲ့တာကို မြင်ခဲ့သူ တစ်ယောက်ယောက် ရှိနေမှာ သေချာလောက်၏။ သည်သူစိမ်းကုန်းမြေတွင် သူသည် ချက်ခြင်း ပစ်မှတ်ထားခံရသူ မဖြစ်ချင်ပေ။
သူက ထိုသူ့ကို့ ခဏလွှတ်ပေးထားမည် ဖြစ်သည်။ သည်လက်ချိုးပစ်၍ အပြစ်ပေးမှုမှာ ယာယီမျှသာ အဟန့်အတား ဖြစ်စေမည်မှန်း သူ သိသည်။ သူသာ တစ်ဖက်သူကို လွှတ်ပေးခဲ့ပါက ကြမ်းတမ်းသောစိတ်နေစရိုက်ကြောင့် ထိုသူမှာ သူ့အား ပြဿနာ ထပ်ရှာမှာ သေချာသည်။ အနာဂတ်တွင် သင့်တော်သော အခွင့်အရေးတစ်ခု ရှိလာခဲ့ပါက ဟန်လိသည် ထိုသူ့အား သတ်ပစ်ရန် ဝန်လေးနေမည် မဟုတ်ပေ။
“ကျုပ် တကယ်ပဲ အကဲဖြတ်တာ မှားခဲ့တာပါ။ ခင်ဗျားဟာ ထိပ်တန်းသိုင်းပညာရှင်မှန်း ကျုပ် မထင်ထားမိခဲ့ဘူး။ ကျုပ် ရှုံးတာ ဝန်ခံပါတယ်…”
ပြာနှမ်းသောအမူအရာဖြင့် သက်လတ်ပိုင်းလူက ထိုစကားများကို ပြောပြီး အိမ်ထဲမှ အလျင်အမြန် ထွက်သွားတော့သည်။
မိုင်နင်သည် ထိုသူထွက်သွားတာမြင်မှ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့သည်။ ထို့နောက်တွင် သူက ဟန်လိကို အနည်းငယ် ရှက်ရွှံ့ဟန်ဖြင့် ဂါဝရပြုပြီး ပြောသည်။
“အစ်ကိုဟန်ရဲ့ ကူညီပေးမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်…”
ဟန်လိသည် သူ့ဓားပျံများထဲမှတစ်ခုကို ဟိုမြှောက်ဒီမြှောက်ဖြင့် ဆော့ကစားလိုက်ပြီး ၎င်းကို သူ့ဝတ်ရုံထဲ ပြန်ထည့်သိမ်းသည်။ သူက ဘာမှမဟုတ်သည့်သဘောဖြင့် ပြောလိုက်သည်။
“ဒါက ဘာမှ မဟုတ်ပါဘူး။ ခင်ဗျားက အဲ့လူကို အမှန်တကယ် စိတ်မဝင်စားမှတော့ သူ့ကို ရှောင်နေတာ အကောင်းဆုံးပဲ။ ဒါပေမဲ့ အမျိုးသမီးမိုင်က ဒီရွာမှာ ဆက်နေချင်တယ်ဆို သူ့သတိုးသမီး ဖြစ်လာတာကလည်း ဆိုးဝါးတဲ့ စိတ်ကူးတော့ မဟုတ်ဘူး…”
မိုင်နင်သည် ခေါင်းရမ်းလျက် တည့်ပြောသည်။
“သူ့ကို လက်ထပ်ရမှာလား။ လုံးဝပဲ။ ကျမဟာ ကျင့်ကြံခြင်းလောကကို ခြေချပြီးတဲ့ အချိန်ကစပြီး အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်နဲ့ပဲ လက်ထပ်မယ်လို့ ပိုင်းဖြတ်ထားတယ်။ ဘာစိတ်ဝိညာဉ်ရင်းမြစ်မှ မရှိတဲ့သူကို ကျမက ဘာလို့များ လက်ထပ်ရမှာလဲ…”
သည်အမျိုးသမီးထံမှ ဤစကားကို ကြားရသည့်အခါ ဟန်လိ၏အမူအရာသည် မပြောင်းလဲသွားပေ။ သူက ထိုင်ခုံပေါ်သို့ အေးဆေးလျှောက်လာပြီး ထိုင်ချကာ မျက်လုံးမှိတ်ထားလိုက်တော့သည်။ အစောပိုင်းတုန်းက ကိစ္စကို တွေ့ကြုံခဲ့ရပြီးရုံ ရှိသေး၍ သူမကမူ ဟန်လိလောက် တည်ငြိမ်မှု ရအောင် မလုပ်နိုင်သေးပေ။ ခဏအကြာတွင် သူမသည် မျှော်လင့်တကြီး မေးလာသည်။
“ရောင်းရင်းဟန်…ရှင့်မှာ ဒီနေရာကေန လွတ်မြောက်စေမဲ့ အစီအစဉ်ကောင်း တစ်ခုခု ရှိတယ်မလား…”
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဟန်လိက မျက်လုံးဖွင့်၍ ပြောလာသည်။
“အမျိုးသမီးမိုင်လည်း ဒီကနေ ထွက်ခွာနိုင်တဲ့ နည်းလမ်းကို နားထောင်ခဲ့ရတယ် မဟုတ်ဘူးလား။ ကျုပ်မှာ ဘယ်လိုလုပ်များ အကြံကောင်းဉာဏ်ကောင်းတစ်ခု ရှိနေပါ့မလဲ…”
မိုင်နင်သည် သူ၏တုံ့ပြန်မှုကို ကြားရချိန်တွင် မယုံပေ။ သူမ၏မျက်လုံးက နီမြန်းလာ၏။ သူမက စကားထပ်ဆိုသည်။
“ရောင်းရင်းဟန်…ကျမကို မလှည့်ဖြားပါနဲ့။ အကြီးအကဲရဲ့ နည်းလမ်းကို ကြားတဲ့အခါတုန်းက ကျမဟာ မဖြစ်နိုင်ဘူးလို့ ယုံကြည်နေခဲ့တာ။ ရောင်းရင်းကတော့ တည်တည်ငြိမ်ငြိမ်နဲ့ ယုံကြည်မှုရှိရှိ ရှိနေခဲ့တယ်လေ။ ရှင့်မှာ ဒီကနေ လွတ်နိုင်မဲ့ နည်းလမ်းတစ်ခု ရှိတာ သိသာနေတာပဲ။ အစ်ကိုဟန်က ဒီမိန်းကလေးဟာ ရှင့်အစီအစဉ်အတွက် အနှောက်အယှက် ဖြစ်နေပြီး ကိုယ်တိုင်တစ်ယောက်တည်း လုပ်ဆောင်မယ်လို့များ စီစဉ်ထားတာလား…”