ယာယီစိတ်ဝိညာဉ်ချီ
Vol. 42 Ch. 587
ဟန်လိက မျက်မှောင် ခဏကြုတ်သွားပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။
“ရောင်းရင်းမိုင်။ ကျုပ်တို့က ဒီကို အတူတူ ရောက်လာတော့ ကျုပ်တို့ကြားမှာ ကံရေစက်တချို့ ရှိတယ်လို့ ယူဆနိုင်ပါတယ်။ အမျိုးသမီးမိုင်က ဒီအကြောင်းကို ထုတ်ပြောလာမှတော့ ကျုပ် ဘာမှ ဆက်မဖုံးမကွယ်ထားပါဘူး။ မုန်တိုင်းလေတောင်ကို တတ်နိုင်လိမ့်မယ်လို့ ကျုပ်တော့ ခံစားမိပါတယ်။ အဲ့တောင် ပတ်ပတ်လည်မှာ ပျံသန်းနိုင်တဲ့ အမှောင်သာရဲတွေ ဒါမှမဟုတ် ထင်ယောင်ထင်မှားဖြစ်စေမဲ့မြူတွေ ရှိနေရင်တောင် ဒါတွေကို ရင်ဆိုင်ဖို့ ကျုပ်မှာ နည်းလမ်းတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းတွေဟာ ကျုပ် တစ်ယောက်တည်းအတွက်ပဲ လုပ်နိုင်မှာ။ အခြားတစ်ယောက်ယောက်ကို ခေါ်နိုင်တဲ့ စွမ်းရည်မျိုး ကျုပ်မှာ မရှိဘူး။ အန္တရာယ်ကျရောက်လာခဲ့ရင် ကျုပ်ကိုယ်ကျုပ်ပဲ ဂရုစိုက်နိုင်မှာ။ ရောင်းရင်းမိုင်အနေနဲ့ သေရမှာ သေချာသလောက် ရှိနေတယ်။ ခင်ဗျားကလည်း ငယ်သေးတော့ ဒီမှာ နေတာက ပိုကောင်းလိမ့်မယ်။ အနာဂတ်မှာ ထွက်ခွာနိုင်ဖို့အတွက် နောက်ထပ်အခွင့်အလမ်းတစ်ခုလည်း ပေါ်ချင်ပေါ်လာနိုင်တာပဲလေ…”
ဟန်လိ၏နောက်ဆုံးစကားမှာ သူမကို နှစ်သိမ့်ပေးရာ ကျသည်။ သို့သော် ဟန်လိသည် ထိုသို့ပြောလာသည့်အခါ ဟန်ဆောင်ပြောပေးနေမှန်း သိသာနေသည်။ သို့ရာတွင် သူက အမှန်တရားကို ပြောနေခြင်းပင်။
မိုင်နင်၏မျက်နှာမှာ ချက်ခြင်းဖြူရော်သွားပြီး သူမ၏အောက်နှုတ်ခမ်းကို ကိုက်ကာ နှုတ်ဆိတ်နေသည်။
ဟန်လိသည် ထိုအမျိုးသမီး တိတ်ဆိတ်သွားတာ မြင်သည့်အခါ သက်ပြင်းချ၍ မျက်လုံးထပ်မံ မှိတ်ထားလိုက်တော့သည်။
အမှန်တိုင်း ပြောရပါက သူသည် မိုင်နင်ကို အဆိုးမမြင်ပေ။ သူမ၌ လုံလောက်သော စွမ်းရည် ရှိနေပါက သူ့အနေဖြင့် ကူညီပေးနိုင်လောက်သည်။ သို့သော် ခုချိန်တွင်မူ ဟန်လိသည် သူ့အပေါ်သို့ ဝန်ထုပ်ဝန်ပိုး ဖြစ်မည်ကို မတတ်နိုင်ပါ။
တိတ်ဆိတ်မှုက အခန်းထဲမှာ ကြီးစိုးသွား၏။ အချိန်မည်မျှကြာကြာ ကုန်ဆုံးသွားမှန်း မသိပြီးနောက် ဟန်လိသည် ထိုအမျိုးသမီးမှာ စိတ်ဓာတ်ကျနေပြီဟု ထင်လိုက်သည်။ သူက အိပ်ပျော်ခါနီး ဖြစ်နေချိန်တွင် ရုတ်တရက် မိုင်နင်၏စကားသံကို ကြားလိုက်ရသည်။
“ကျမက ရှင့်ရဲ့ မှော်စွမ်းအားကို အနည်းအကျဉ်းလောက် ယာယီ ပြန်ရအောင် လုပ်ပေးနိုင်မယ်ဆို ရှင် ကျမကို ခေါ်သွားပေးနိုင်မလား…”
“အန်…” ဟန်လိက မျက်လုံး ဆတ်ခနဲ ဖွင့်လာပြီး ထိုအမျိုးသမီးကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်သည်။ သူ၏ အိပ်ချင်စိတ်ပင် လုံးဝ ပျောက်ကွယ်သွားသည်။
မိုင်နင်သည် အိပ်ရာပေါ်တွင် ထထိုင်လျက် သူမ၏လက်နှစ်ဖက်ဖြင့် ဒူးနှစ်ဖက်ကို ပိုက်ထားသည်။ သူမက သည်စကားကို မပြောခဲ့လေသည့်အလား တစ်ဖက်သို့ ငေးနေသည်။ ဟန်လိသည် သံသယဖြင့် သူမကို ကြည့်နေစဉ် ထိုအမျိုးသမီးက အကျောဆန့်၍ ခေါင်းမော့ကြည့်လာသည်။ သူမ၏မျက်လုံးထဲတွင်မူ ပြတ်သားဟန် အထင်းသားပေါ်နေသည်။
“အစ်ကိုဟန်အတွက် မှော်စွမ်းအား ယာယီသိုလှောင်ပေးနိုင်မဲ့ နည်းလမ်းတစ်ခု ကျမမှာ ရှိပါတယ်။ ဒါက ခဏယာယီပဲဆိုပေမဲ့ အစ်ကိုဟန် တောင်ပေါ်တက်တဲ့အချိန်မှာ ကြီးမားတဲ့ အထောက်အကူ ဖြစ်စေမှာပါ။ ဒါပေမဲ့ ကျမကို ဒီနယ်မြေကနေ ခေါ်သွားပေးမယ့်အပြင် ကျမမှာ နောက်ထပ် အကူအညီတောင်းစရာလေးတစ်ခုတော့ ရှိပါသေးတယ်…”
မိုင်နင်က ထိုသို့ ပြောပြီးနောက် သူမ၏အမူအရာသည် တမျိုးဖြစ်လာသဖြင့် ဟန်လိမှာ သံသယ ဖြစ်မိသည်။ သူက သူမကို စိုက်ကြည့်ကာ အလေးအနက်လေသံဖြင့် ပြောလိုက်သည်။
“ကျုပ်က ခင်ဗျားကို မယုံတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ စဦးစိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်တောင် သူ့စွမ်းရည်တွေကို ပြန်ရနိုင်စွမ်း မရှိတဲ့အတွက် ဒီမှာ ပိတ်မိခဲ့တာလေ။ ရောင်းရင်းမိုင်က နောက်နေတာများလား…”
ထိုအခိုက်တွင် ဟန်လိသည် သံသယနှင့် ပြည့်နေသော အမူအရာ ဖြစ်နေသော်ငြား မျှော်လင့်ချက် အရိပ်အယောင်လည်း ပါနေသည်။ သူသည် သူ့မှော်စွမ်းအားကိုသာ ယာယီပြန်ရနိုင်ပါက သည်နယ်မြေမှ လွတ်မြောက်နိုင်ခြေသည် ကျိန်းသေသလောက် ဖြစ်သွားလိမ့်မည်။ မှော်စွမ်းအားက အချိန်ခဏလောက်သာ ခံလျှင်ပင် ဤသည်မှာ လုံလောက်တာထက် ပိုနေပေပြီ။
သူ့သိုလှောင်အိတ်တွင် စိတ်ဝိညာဉ်စွမ်းအင်ဖြင့် အသက်သွင်းစရာမလိုသော ကြိုးမျှင်တန်းများ ရှိနေသည် မဟုတ်လား။ ၎င်းတို့၏ အံ့ဩဖွယ်စွမ်းအားများနှင့်ဆို သူ့ဘေးကင်းမှုကို ပို၍ အာမခံနိုင်မည် ဖြစ်သည်။
သူ့စိတ်ဝိညာဉ်သားရဲ သိုလှောင်အိတ်များနှင့် ပတ်သက်၍မူ ရွှေဝါးမြိုခြင်းပိုးတောင်မာများနှင့် ကျောက်စိမ်းသွေးပင့်ကူများကို ထိန်းချုပ်နိုင်ရန် စိတ်ဝိညာဉ်စွမ်းအား လိုအပ်သော်လည်း သူ့ခန္ဓာကိုယ်တွင်းရှိ ငိုကြွေးစိတ်ဝိညာဉ်ပုလဲဖြင့်ဆို ငိုကြွေးစိတ်ဝိညာဉ်သားရဲကို ထိန်းချုပ်နိုင်မည် ဖြစ်သည်. သည်အမှောင်သားရဲများသည် အငြှိုးအတေးစိတ်ဝိညာဉ်များ မဟုတ်သော်လည်း အမှောင်ချီမှ သိပ်သည်းဖွဲ့စည်းထားကြသောကြောင့် ယင်ချီဓာတ်က ၎င်းတို့တွင် ပါဝင်နေမည်သာ။ ထိုယင်ဓာတ်ကိုသာ ထိန်းချုပ်လိုက်နိုင်ပါက ထိုအမှောင်သားရဲများသည် သူ့အတွက် ချိန်းချောက်နိုင်စွမ်း ကြီးကြီးမားမား မဖြစ်တော့ပေ။
ထိုအတွေးဖြင့် ဟန်လိသည် စိတ်လှုပ်ရှားလာသည်။
ချီတုံချတုံ ဖြစ်နေသည့်ဟန်ဖြင့် မိုင်နင်က ခပ်တိုးတိုး ပြောလာသည်။
“ဒီအမျိုးသမီးမှာ အသွင်ပြောင်းစိတ်ဝိညာဉ်ရင်းမြစ် ဒါမှမဟုတ် ကောင်းကင်ဘုံစိတ်ဝိညာဉ်ရင်းမြစ်တွေ မပိုင်ဆိုင်ထားပေမဲ့လည်း ယာယီကျောက်စိမ်းဖီးနစ်ရိုးတွင်းခြင်ဆီဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားပါတယ်။ ဒီဖွဲ့စည်းပုံရဲ့ အဓိပ္ပာယ်ကို အစ်ကိုဟန် သိလောက်မှာပါ။ လျှို့ဝှက်နည်းလမ်းနဲ့ ကျမဟာ ဒီယာယီစိတ်ဝိညာဉ်ချီကို အစ်ကိုဟန်ဆီ လွှဲပေးနိုင်ပါတယ်။ ဒီစိတ်ဝိညာဉ်ချီဟာ သန့်စင်လွန်းတဲ့ စိတ်ဝိညာဉ်စွမ်းအား ပိုင်ဆိုင်တဲ့အတွက် စိတ်ဝိညာဉ်ကွယ်ပျောက်ခြင်းချီကို ခဏတော့ ဖယ်ရှားပေးနိုင်မှာပါ။ ဒီယာယီစိတ်ဝိညာဉ်ချီ ဖြည်းဖြည်းချင်း လွင့်ပြယ်သွားရင်တော့ အစ်ကိုဟန်ဟာ မှော်စွမ်းအားလုံးဝ မရှိတဲ့ ဖြစ်အင်ကို ပြန်ရောက်သွားမှာပါ…”
မိုင်နင်သည် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ဒါက အမှန်ပါ။ ရောင်းရင်းက ကျမကို သံသယ ရှိတယ်ဆို ကျမရဲ့ စကားတွေ မှန်လား၊မှားလားကို သိရဖို့ စစ်ဆေးကြည့်နိုင်ပါတယ်…”
တစ်ချိန်တည်းမှာ သူမ၏မျက်နှာထက်တွင် ရှက်သွေးဖြာကာ နီမြန်းသွားသည်။
“ကျုပ်ကို ခွင့်လွှတ်ပေးပါ…” ခဏ တုံ့ဆိုင်းနေပြီးနောက် ဟန်လိသည် ထရပ်ကာ လှမ်းလာသည်။ အရေးကြီးသော အရာဖြစ်၍ ဟန်လိသည် သေချာအောင်လုပ်ရန်ကလွဲပြီး ရွေးချယ်စရာ မရှိလေပေ။ ထိုအခိုက်တွင် မိုင်နင်သည်လည်း သူမကိုယ်သူမ အတင်းအကြပ် တည်ငြိမ်စေရန် လုပ်ဆောင်ပြီး အင်္ကျီလက်ကို ခေါက်တင်၏။ သူမ၏ လက်မောင်းသား ပေါ်လာ၏။ သူမ၏လက်မောင်းသားတွင် အပျိုစင်အမှတ်အသားတစ်ခု အမှန်တကယ် ရှိနေသည်။
ဟန်လိသည် စောင့်ကြည့်နေစဉ် ထိုအမျိုးသမီးက အံတင်းတင်းကြိတ်ပြီး သူမ၏လက်မဖြင့် ထိုအမှတ်အသားအပေါ် ညင်သာစွာ ဖိပြီး ချက်ခြင်း လက်ပြန်ဖယ်သည်။
အိပ်ရာဘေးမှ စောင့်ကြည့်နေသော ဟန်လိ၏စိတ်နှလုံးမှာ လှုပ်ခတ်သွားရလေပြီ။ ထိုအပျိုစင်အမှတ်အသားသည် တဖြည်းဖြည်းချင်း လွင့်ပြယ်လျက် ငွေရောင်ဖီးနစ်ပုံစံကွက်တစ်ခု လှစ်ဟပေါ်လာသည်။ ယင်းပုံစံကွက်ပေါ်တွင် အလင်းစီးစင်းလျက် ရှိပြီး အံ့ဩဖွယ်ကောင်းလှစွာ အသက်ဝင်လှသည်။
ဟန်လိသည် ကျေနပ်အံ့အားသင့်စွာ တီးတိုးရေရွတ်လိုက်၏။
“ဒါက ယာယီကျောက်စိမ်းဖီးနစ်ရိုးတွင်းခြင်ဆီ ဖွဲ့စည်းပုံပေါ့လေ…”
“ကျမ ပြောခဲ့တာ အမှန်ဆိုတာ ရောင်းရင်း သိသွားလောက်ပါပြီ…” မိုင်နင်က ဟန်လိကို တစ်ချက်လှမ်းကြည့်၍ ထိုသို့ဆိုသည်။ သည့်နောက်မှာ သူမက ရှက်သွေးဖြန်းသည့် ဟန်အမူအရာဖြင့် အင်္ကျီလက်ကို ကဗြာကယာ ပြန်လိပ်တင်လိုက်သည်။
ဟန်လိက ခေါင်းညိတ်ပြ၏။ သူက ထိုင်ခုံပေါ် ပြန်သွားပြီး စဉ်းစားခန်းဝင်တော့၏။
သည်အမျိုးသမီးမှာ ထူးကဲလှသော စိတ်ဝိညာဉ်ရင်းမြစ်များနှင့် မယှဉ်သာသော်လည်း နှစ်ရာချီတွင် တစ်ခါမြင်ရခဲလှသည့် ရှားပါးသောဖွဲ့စည်းပုံကို အမှန်တကယ် ပိုင်ဆိုင်ထားသူ ဖြစ်နေသည်။ ကျင့်ကြံခြင်းလောကရှိ ဤအရာ၏ ဖြစ်တည်မှုကို သိကြသည်ပင်။
အမျိုးသမီးကျင့်ကြံသူများသည်သာ ဤဖွဲ့စည်းပုံကို ပိုင်ဆိုင်နိုင်ပြီး ၎င်းက ကျင့်ကြံခြင်းလမ်းကြောင်းအတွက် မည်သည့်အကူအညီကိုမျှ မဖြစ်စေသော်လည်း အမျိုးသားကျင့်ကြံသူများအတွက်မူ ၎င်းဖွဲ့စည်းပုံပိုင်ဆိုင်သူများအား ကြီးစွာ လိုလားကြပေသည်။ အကြောင်းမှာ ထိုအမျိုးသမီးသည် အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့်သို့ ဝင်ရောက်သွားသည်နှင့် သူမ၏ခန္ဓာကိုယ်မှ သန့်စင်လှသော ယာယီစိတ်ဝိညာဉ်ချီကို ထုတ်လွှတ်နိုင်မည် ဖြစ်သောကြောင့်ပင်။
ယာယီစိတ်ဝိညာဉ်ချီကို လောကရှိ သန့်စင်သောစိတ်ဝိညာဉ်ချီစွမ်းအားခုနစ်မျိုးထဲမှ တစ်မျိုးအဖြစ် သိရှိကြသည်။ ၎င်းမှာ အမျိုးသမီးတစ်ယောက်အတွက် အသုံးမဝင်သော်ငြား အမျိုးသားတစ်ယောက်၏ အနှစ်သာရကိုမူ သန့်စင်ပေးနိုင်သည်။ သူတို့၏ ကျင့်ကြံခြင်းကို များစွာ တိုးတက်စေနိုင်သည်။ ထိုသို့ အနှစ်သာရ သန့်စင်ခြင်း၏ အာနိသင်သည် ကျင့်ကြံသူများအတွက် ပိုအဆင့်မြင့်လေလေ တန်ဖိုးနည်းလေး ဖြစ်သော်လည်း ၎င်းမှာ ရှေးဟောင်းရှားပါးဆေးလုံးများ၏ အာနိသင်နှင့် ယှဉ်နိုင်နေဆဲသာ။
သို့ရာတွင် ထိုစိတ်ဝိညာဉ်ချီမှာ အမျိုးသားတစ်ယောက်ထံ လိုလိုလားလား လွှဲပြောင်းပေးမှသာ ရနိုင်သော အရာမျိုးပင်။ လျှို့ဝှက်နည်းလမ်းတစ်ခု အသုံးပြုပြီး သူမ၏ခန္ဓာကိုယ်မှ အတင်းအကျပ် ထုတ်ယူ၍ မရပေ။ ထို့အပြင် သူမ၏တစ်ဘဝလုံးတွင် သည်ယာယီစိတ်ဝိညာဉ်ချီကို တစ်ကြိမ်သာ လွှဲပြောင်းပေးနိုင်မည် ဖြစ်၏။ ထို့နောက် သူမ၏လက်ကျန်ဘဝတွင် နောက်ထပ် ယာယီသန့်စင်စိတ်ဝိညာဉ်ချီကို ထပ်မံ ထုတ်နိုင်တော့မည် မဟုတ်ပါ။ ထို့အပြင် သူမသည် ၎င်းကို လွှဲပြောင်းမပေးခင် သူမ၏အပျိုစင်သဘာဝ ဆုံးရှုံးသွားခဲ့လျှင်လည်း အနှီယာယီသန့်စင်စိတ်ဝိညာဉ်ချီမှာ ပျောက်ကွယ်သွားလိမ့်မည် ဖြစ်သည်။
ဟန်လိသည် ဤအကြောင်းများကို မှတ်တမ်းမှတ်ရာများထဲတွင် အရင်တည်းက ဖတ်ရှုဖူးသည်။ ယင်းအချက်များကို ပြန်စဉ်းစားကြည့်နေရင်း သူသာ သည်စိတ်ဝိညာဉ်ချီကို ရနိုင်ခဲ့ပါက မှော်စွမ်းအားအနည်းငယ်ကို အချိန်ခဏလောက် ထုတ်ဖော်အသုံးပြုနိုင်မည်မှာ ဖြစ်နိုင်သည်ဟု ခံစားမိသည်။ တကယ်တော့ ယာယီစိတ်ဝိညာဉ်ချီသည် လောက၏ သန့်စင်သော စိတ်ဝိညာဉ်ချီ ခုနစ်မျိုးထဲမှ တစ်မျိုး ဖြစ်သည် မဟုတ်လား။ အနည်းဆုံးတော့ သူသည် သူ့သိုလှောင်အိတ်နှင့် စိတ်ဝိညာဉ်သားရဲသိုလှောင်အိတ်တို့ကို ဖွင့်နိုင်လောက်မည်ပင်။ ထိုအတွေးဖြင့် ဟန်လိက ခေါင်းမော့၏။ သည်မိန်းမလှကို ကြည့်၏။ တည်ကြည်စွာ မေး၏။
“အမျိုးသမီးမိုင်…နင့်ရဲ့ တခြား တောင်းဆိုစရာကို ပြောပါ…”
ခဏ ချီတုံချတုံ ဖြစ်နေပြီးနောက်မှာ မိုင်နင်သည် အလေးအနက် ပြောလာသည်။
“ဒါက ရိုးရှင်းပါတယ်။ အစ်ကိုဟန်က ကျမအစ်ကိုကြီးကို ရှာပေးပြီး ဒီအမှောင်နယ်မြေကနေ သူ့ကိုပါ ခေါ်ထုတ်ပေးရမှာပါ…”
ခဏ စဉ်းစားပြီးနောက် ဟန်လိက ခေါင်းရမ်းကာ ပြောလိုက်သည်။
ကျုပ်က မင်းပြောတဲ့ တောင်းဆိုမှုကို တစ်ဝက်ပဲ လိုက်လျောပေးနိုင်လောက်မယ်…”
“တစ်ဝက်ဆိုတာက…” မိုင်နင်၏အမူအရာက တစ်မျိုးဖြစ်သွား၏။ သူမသည် ဟန်လိပြောချင်သည့် အဓိပ္ပာယ်ကို မသိတာ သိသာသည်။
“ ဟုတ်ပါတယ်။ ဒီအမှောင်နယ်မြေမှာ ကျုပ်က ကြာကြာမနေနိုင်တာကြောင့်ပါ။ ဒါ့ကြောင့် မင်းရဲ့ အစ်ကိုကို အများဆုံး သုံးလလောက်ပဲ အချိန်ပေးပြီး ရှာပေးနိုင်မှာ ဖြစ်တယ်။ အဲ့အတောအတွင်း ကျုပ်က သူ့ကို မရှာနိုင်ခဲ့ရင်လည်း ကျုပ်ဘာသာ ချက်ခြင်း ထွက်သွားတော့မှာ…”
အချိန်ခဏပေး၍ စဉ်းစားပြီးနောက်မှာ သည်သဘောထားကို ပြောင်းပေးနိုင်မည် မဟုတ်ဟု သူမ ခံစားမိသည်။ သူမက ခေါင်းညိတ်ကာ သဘောတူ၏။
“သုံးလ…။ ဒီနေရာဟာ သိပ်မကျယ်ပြောလှပါဘူး။ ရှင် ဒီအချိန်အတွင်း သူ့ကို ရှာပေးနိုင်မှာပါ။ ကောင်းပါပြီ…ကျမ ဒါကို လက်ခံပါတယ်…”
ဟန်လိသည် သူမ၏ပွင့်ပွင့်လင်းလင်း လက်ခံမှုကြောင့် ပြုံးမိသွားသည်။ ထို့နောက် မိုင်နင်က ဟန်လိကို ကြည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ကျမက ရှင်နဲ့ အချိန်ခဏပဲ ရှိရသေးတာ ဖြစ်ပေမဲ့ ကျမအနေနဲ့ ရှင့်ကို အကဲဖြတ်တာ မမှားနိုင်ဘူးလို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့် ကျမက စကားတည်ကြောင်း သက်သေပြတဲ့အနေနဲ့ ရှင် ဘယ်အချိန်ပဲ တောင်းဆိုတောင်းဆို ယာယီစိတ်ဝိညာဉ်ချီကို ပေးပါ့မယ်။ အစ်ကိုဟန်က အခု လိုချင်တယ်ဆိုလည်း တွေဝေမနေဘဲ ပေးပါ့မယ်…”