← Chapters

အနမ်းတစ်ခုရဲ့ အထိအတွေ့

Vol. 42 Ch. 588

အနမ်းတစ်ခုရဲ့ အထိအတွေ့

Vol. 42 Ch. 588

ထိုအမျိုးသမီးက ဤသို့ ပွင့်ပွင့်လင်းလင်း ပြောလာသည့်အပေါ် ဟန်လိ အံ့အားသင့်သွားရသည်။ သို့ပေမည့် သူ့အံ့အားသင့်မှုက ခဏသာ ကြာသည်။ သူ့အမူအရာက ခပ်မြန်မြန် ပုံမှန်ပြန်ဖြစ်သွား၏။

“အမှောင်နယ်မြေဟာ အလွန်အန္တရာယ်များလှတယ်။ ဒါ့ကြောင့် မထင်ထားတာတွေ ဖြစ်လာနိုင်တယ်။ ဒါ့ကြောင့် ကျုပ်ရဲ့ မှော်စွမ်းအား ခုချက်ခြင်း ပြန်ရနိုင်တာကတော့ အကောင်းဆုံးပေါ့။ ဒါမှသာ ကျုပ်က မှော်ရတနာအချို့ကို ထုတ်သုံးနိုင်မှာ။ မဟုတ်ရင် အန္တရာယ်က တံခါးဝ လာခေါက်တဲ့အခါ ကျုပ်တို့အတွက် မပြင်ဆင်ထားနိုင်တာမျိုး ဖြစ်သွားနိုင်တယ်လေ…”

ဟန်လိ၏စကားကို ကြားသည့်အခါ မိုင်နင်သည် နည်းနည်းလေးမျှ အံ့ဩသွားခြင်းမရှိဘဲ ခေါင်းညိတ်ပြသည်။ သို့သော်လည်း သူမက တစ်စုံတစ်ခုခုကို တွေးမိသွားပြီး သူမ၏မျက်နှာမှာ ရှက်သွေးဖြာကာ နီမြန်းသွားသည်။

“ကျမမှာသာ မှော်စွမ်းအား ရှိမယ်ဆို ဒီယာယီစိတ်ဝိညာဉ်ချီကို ရှင့်ဆီ ပေးဖို့ဟာ အလွယ်လေးပါ။ လက်ချင်းထိလိုက်ရုံပဲ။ ဒါပေမဲ့လို့ ခုလိုအခြေအနေမှာတော့ ကျမဟာ ဒီယာယီစိတ်ဝိညာဉ်ကို နှုတ်ခမ်းချင်းထိတဲ့ နည်းလမ်းကနေပဲ လွှဲပြောင်းပေးနိုင်တော့မှာ”

မိုင်နင်က ထိုစကားကို ပြောပြီးသည်နှင့် ခေါင်းငုံ့သွားလေ၏။ သူမ၏အသံမှာလည်း တုန်ရင်နေသည်။

ဟန်လိသည် သူမမှာ ဤသို့သော ကိစ္စတွင် အတွေ့အကြုံ မရှိမှန်းသိလိုက်သည်။ တကယ်တော့ သူတို့သည် ထူးခြားသော ရင်းနှီးလှသည့် ပတ်သက်မှုမျိုး ရှိနေကြတာမဟုတ်ပေ။

ထိုအတွေးဖြင့် ဟန်လိသည် စကားဆိုမနေဘဲ ထရပ်၏။ သူ့ပုံရိပ်က ဖြတ်ခနဲ ကျောက်ကုတင်ဘေးနားသို့ ရောက်သွားပြီး အမျိုးသမီးမိုင်၏ ဘေးတွင် နီးနီးကပ်ကပ် ဝင်ထိုင်သည်။

သူမက ခေါင်းမော့ကြည့်၏။ နှလုံးခုန်မြည်သံ အတိုင်းသား ကြားရ၏။ ဟန်လိ၏ တမျိုးတမည် အပြုံးကို မြင်ရသည့်အခါ သူမက ရှက်သွေးဖြာကာ ထပ်မံ ခေါင်းငုံ့သွားပြန်သည်။ သို့ရာတွင် ဟန်လိက သူ့လက်ဖြင့် သူမ၏မေးသို့ လှမ်းပင့်လိုက်ပြီး အကြည့်ဖယ်မရအောင် လုပ်ဆောင်လိုက်သည်။ မိုင်နင်သည် သူမ၏စိတ်မှာ ဗလာကျင်းသွားသည့်နှယ် ခံစားလိုက်ရသည်။ ဟန်လိက အသက်ခပ်ပြင်းပြင်း ရှုသွင်းကာ သူမ၏ ကိုယ်သင်းမွှေးရနံ့ကို ရှုရှိုက်မိသည်။ ထို့နောက်တွင် ဟန်လိသည် သူမ၏မျက်လုံးထဲရှိ ရှက်သွေးဖြာကာ ဆွဲဆောင်မှုရှိလှသည့်အလှတရားကို မြင်ရသည်။ သူ့စိတ်နှလုံးမှာလည်း ဂနာမငြိမ် ဖြစ်လာရပြီ။ သူကား သူ့ကိုယ်သူ ဆက်ပြီး မထိန်းချုပ်နိုင်တော့ချေ။ သူ ခေါင်းငုံ့ကာ သူမ၏ နှုတ်ခမ်းတစ်စုံအား ခပ်ကြမ်းကြမ်း သူ့နှုတ်ခမ်းဖြင့် နမ်းရှုံ့လိုက်တော့သည်။

နွေးထွေးလှ၏။ သင်းပျံ့လှ၏။ ချိုမြိန်လှ၏။ ပီတိအဟုန်က မြင့်တက်လာသည်။ ထိုသို့ခံစာားချက်များ ဖြစ်ပေါ်နေစဉ် မိုင်နင်၏ မျက်လုံးတို့မှာ အားဖျော့လာသည်။ မျှော်လင့်ချက်တို့ ကုန်ဆုံးလာ၏။ သို့သော် ခဏအကြာတွင် သူမသည် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှု ပြန်ရသွားပြီး ဟန်လိကို အားပျော့စွာ တွန်းထုတ်သည်။ သူမသည် ဟန်လိ၏ ကျူးကျော်မှုအပေါ် ပြင်ဆင်ထားသော်ငြား သည်ဖြစ်အင်ကို အမှန်တကယ် ရင်ဆိုင်ရသည့်အခါတွင်မူ ရှက်သွေးမဖြာဘဲ မနေနိုင် ဖြစ်ရသည်။ သူမကို ပိုးကျပန်းကျသူ အများအပြား ရှိခဲ့သော်ငြား မည်သူနှင့်မျှ ယခုကဲ့သို့ ထိတွေ့မှုမျိုး မရှိခဲ့ဖူးပေ။

အနမ်းအဟုန်ပီတီက ဟန်လိစိတ်ထဲ တိုးဝေ့နေရင်း သူ့အား လိုအင်ဆန္ဒတို့ဖြင့် ပြည့်နှက်လာစေသည်။ သူမက တွန်းထုတ်လာသည့်အခါ သူက သူမ၏ နူးညံ့အိထွေးသော ခန္ဓာကိုယ်လေးကို အားနှင့် ဖက်ပစ်လိုက်သည်။ သူတို့က အိပ်ရာပေါ်တွင် ရှိနေကြကို အခွင့်ကောင်းယူကာ သူကာ သူ့နှုတ်ခမ်းဖြင့် အငမ်းမရ နမ်းရှိုက်တော့သည်။

ထိုသို့ ထွေးပွေ့နမ်းရှိုက်ခြင်း ခံရသည့်အခါ မိုင်နင်၏ လွတ်လမ်းမျှော်လင့်ချက် အားအဟုန်မှာ ဆုံးရှုံးသွားတော့သည်။ သူမသည် မချိသာကဲ ခဏ ရုန်းကန်လိုက်သော်ငြား တဖြည်းဖြည်းဖြင့် သူမ၏ ခုခံမှုအားလုံးကို လက်လျော့ပြီး မျက်လုံးမှိတ်သွားတော့သည်။ သူမ၏ ပါးနှစ်ဖက်မှာ ရဲတွတ်နေသည်။ သူမ၏ မျက်တောင်ရှည်များက ကော့ညွတ်သည်။ သူမ၏ စိတ်ကား ရှုပ်ထွေးသွားပြီး အသိစိတ်လွတ်သွားသည်။

ထိုအချိန်တွင် သည်အမျိုးသမီးမှာ ယာယီစိတ်ဝိညာဉ်ချီကို လွှဲပြောင်းပေးရန်ပါ လုံးဝမေ့သွားခဲ့လေပြီ။

သို့သော် ဟန်လိ၏ ခိုင်မာသောစိတ်ဆန္ဒကြောင့် သူသည် အချိန်ခဏ ရူးသွပ်စွာ ပြုမူပြီးနောက်မှာ ကြည်လင်မှု ပြန်ရလာနိုင်သည်။ ဟန်လိက သူမ၏နှုတ်ခမ်းမှ ခွာ၍ သူမ၏ နားနားတိုးကပ်အား ပြောလိုက်သည်။ “အမျိုးသမီးမိုင်…ယောက်ျားနဲ့မိန်းမကြားက ခံစားချက်ဟာ အမှန်တကယ် အံ့အားသင့်ဖို့ ကောင်းပေမဲ့လို့ ကျုပ်ကို ယာယီစိတ်ဝိညာဉ်ချီ လွှဲပေးဖို့ကိုလည်း မမေ့ပါနဲ့နော်…”

သည်စကားကိုကြားမှ သူမ၏ခန္ဓာကိုယ်သည် တုန်ရင်ကာ ပို၍ပင် ရှက်သွေးဖြာသွားပြီး မျက်နှာနီမြန်းသွားလေသည်။ အစောပိုင်းတုန်းက ဟန်လိ၏ အငမ်းမရ အပြုအမူမှာလည်း အခုအခါ ပျောက်ကွယ်သွားလေပြီ။

ဟန်လိက သူမ၏ သွယ်ဝန်းသော နှုတ်ခမ်းအား ညင်ညင်သာသာ ဖိကပ်လိုက်၏။ သည်နှုတ်ခမ်းများမှ တစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ အေးစက်စက်အာရုံခံစားမှုတစ်ခုက ဖြည်းဖြည်းချင်း ဝင်ရောက်လာတာကို သူ ခံစားမိသည်။

ဟန်လိသည် ၎င်းကို လစ်လျူရှုမထားဝံ့ပေ။ သူက မိုင်နင်အပေါ်မှာ ဖဲခွာလိုက်ပြီး ဘေးတွင် တင်ပလွေချိတ်ထိုင်ကာ သူ့ခန္ဓာကိုယ်တစ်လျှောက်သို့ ဤစိတ်ဝိညာဉ်ချီအား စတင်လှည့်ပတ်စေသည်။ ခဏအကြာတွင် မိုင်နင်သည် အိပ်ယာပေါ်မှ ထထိုင်သည်။ သူမက တွန့်ကြေနေသော ဝတ်ရုံကို ရှက်ရှက်နှင့် သေသေသပ်သပ်ဖြစ်ရန် လုပ်၏။ အချိန်တစ်ခုထိ သူမသည် ပင်ကိုယ်ဟန် ပြန်မရနိုင်သေးဘဲ ရှိသည်။

သည်အမျိုးသမီးက ဟန်လိကို ဖြတ်ခနဲ ခိုးကြည့်လိုက်သေးသည်။ ဟန်လိမှာ မျက်လုံးမှိတ်ထားလျက် ရှိနေတာ မြင်မှ သူမသည် စိတ်သက်သာရာရကာ မသိစိတ်ဖြင့် သက်ပြင်းချနိုင်တော့သည်။ ထို့နောက်တွင် သူမက အိပ်ရာပေါ်မှ ထပြီး ဟန်လိ စောစောကထိုင်နေသော ထိုင်ခုံထံ လှမ်းလျှောက်သွားသည်။

သူမက ဟန်လိ၏ လေးလေးနက်နက်ဟန်ပန်ကို စိုက်ကြည့်နေရင်း သူမ၏မျက်နှာထက်တွင် စိတ်ရှုပ်ထွေးဟန် ပေါ်နေသည်။ အချိန်မည်မျှကြာမှန်း မသိပြီးနောက်မှာ ဟန်လိသည် တဖြည်းဖြည်း မျက်လုံးဖွင့်ကြည့်သည်။ မိုင်နင်၏မျက်လုံးထဲရှိ ပူပန်ကြောင့်ကြမှုကို သူ မြင်သည်။ ချက်ခြင်းပင် သူမက မျက်နှာရှောင်ဖယ်သွားပြီး သူနှင့်အကြည့်ချင်း မဆုံဝံ့ဘဲ ရှိသည်။

ဟန်လိက သည်အမျိုးသမီး၏ ဖြစ်အင်ကို မြင်သည့်အခါ ပြုံးလိုက်မိသည်။ သို့ရာတွင် သူက သူ့သိုလှောင်အိတ်သို့ ထိပုတ်လိုက်စဉ် သူ့အပြုံးမှာ ချက်ခြင်း ပျောက်ကွယ်သွားသည်။ ထိုသိုလှောင်အိတ်ထဲမှ ပစ္စည်းများသည် အဖြူရောင်လင်းလက်ကာ ဟန်လိ၏ဘေးတွင် ပေါ်လာကြသည်။ ခဏအကြာတွင် ပစ္စည်းများမှာ အပုံလိုက် ဖြစ်သွားသည်။

၎င်းတို့ကြားတွင် နတ်ဆိုးသားရဲများ၏ အစိတ်အပိုင်းများကဲ့သို့ အမယ်များလည်း ပါသည်။ ဟန်လိသည် ၎င်းတို့ကို မည်သည့်အတွက် အသုံးပြုရမှန်း မသိချေ။ သူက ပြုံး၍ ပြောသည်။

“ကျုပ် ပိုင်ဆိုင်လိုက်တဲ့ မှော်စွမ်းအားက အဆင့်နိမ့်မှော်ပညာရပ်တွေကို ထုတ်ဖော်ဖို့ထိတောင် မလုံလောက်ခဲ့ဘူး။ ဒါပေမဲ့ သိုလှောင်အိတ်ကို ဖွင့်ရုံလောက်ကတော့ ပြဿနာ မရှိပါဘူးလေ…”

သူ လိုအပ်မည့် ပစ္စည်းများကို သေချာရွေးပြီးနောက်မှာ ဟန်လိသည် ရွှေရောင်ကြေးမုံ၊ ပန်းခြင်းနှင့် ငွေရောင်ခေါင်းလောင်းတို့ကဲ့သို့ ရှေးဟောင်းရတနာများကို လက်ဝေ့ရမ်း၍ သူ့သိုလှောင်အိတ်ထဲသို့ ပြန်ထည့်သိမ်းလိုက်သည်။

ဤသည်ကို မြင်သည့်အခါ မိုင်နင်မှာ အံ့ဩတကြီး ဖြစ်မိသွားသည်။ ဟန်လိဘေးရှိ ပစ္စည်းပုံကို တစ်ချက်ကြည့်မိပြီး သူမ၏မျက်နှာထက်တွင် ထူးခြားသောဟန်ပန်တစ်ခု ဖြစ်ပေါ်သည်။ သူမက အလျင်အမြန် မေးလိုက်သည်။

“အစ်ကိုဟန်…ကျမ ခုထိ ရှင့်ကို မမေးရသေးဘူး။ ရှင်က အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်လား…”

ဟန်လိက ဖုံးကွယ်ထားရန် စိတ်ကူးမရှိ၍ ပွင့်ပွင့်လင်းလင်းသာ ပြန်ဖြေသည်။

“မဟုတ်ပါဘူး။ ကျုပ်က အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်ပါ…”

“အန်…” မိုင်နင်မှာ မျှော်လင့်ထားပြီး ဖြစ်သော်ငြား အံ့အားတသင့်ဖြင့် အာမေဍိတ်သံ မထွက်မိဘဲ မနေနိုင် ဖြစ်သွားသည်။ ဟန်လိက ရယ်မောလိုက်ပြီး သည်အမျိုးသမီး၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားမှုအပေါ် ဆက်ပြီး အာရုံစိုက်မနေတော့ပေ။ သူက ဘေးရှိ စိတ်ဝိညာဉ်သားရဲသိုလှောင်အိတ်ကို ထိပုတ်ပြီး မျောက်ငယ်ကဲ့သို့ သားရဲတစ်ကောင်ကို ဆင့်ခေါ်သည်။ အံ့အားသင့်ဖွယ်ကောင်းသည်မှာ ငိုကြွေးစိတ်ဝိညာဉ်သားရဲက ပေါ်လာသည်နှင့် စိတ်လှုပ်တရှားဖြစ်နေသည့်ပုံ ပေါ်နေခြင်းပင်။ ၎င်းက ဟန်လိကို လှည့်ပတ်၍ အကြိမ်ကြိမ် အနံ့ခံ နမ်းရှုံ့လိုက်ပြီးနောက်မှာ သူ့ဘေးနားတွင် ခုန်ဆွခုန်ဆွ လုပ်နေတော့သည်။

ထိုမြင်ကွင်းကြောင့် ဟန်လိ၏စိတ်နှလုံးမှာ လှုပ်ခတ်သွားသည်။ သည်သားရဲကောင်ကို မည်သည့်သားရဲမှန်း မသိသေးသော မိုင်နင်ကတော့ ဤမျောက်ကဲ့သို့သားရဲကို သိချင်စိတ်ဖြင့် လှမ်းကြည့်သည်။

“အမျိုးသမီးမိုင်…ဒီမှာ ခဏလောက် နေပါအုံး။ ကျုပ် မှော်စွမ်းအား နည်းနည်းကျန်နေသေးတာကို အသုံးချတဲ့အနေနဲ့ ကိစ္စလေးတစ်ချို့ လုပ်စရာရှိသေးလို့…”

ဟန်လိက တည်ငြိမ်စွာ ပြောသည်။

“ကိစ္စလေးတစ်ချို့လား…” ထိုအမျိုးသမီးမှာ စဉ်းစားမရဟန်ဖြင့် မျက်တောင်ပုတ်ခတ် ပုတ်ခတ် ဖြစ်သွားသည်။

မည်သည့်စကားမျှ ထပ်မပြောလေဘဲ ဟန်လိသည် သူ့ဝတ်ရုံထဲသို့ ပစ္စည်းအမယ်များကို ထည့်သိမ်းပြီး အခန်းထဲမှ ထွက်လာခဲ့တော့သည်။ ဟန်လိက အခန်းထဲကနေ ထွက်လာချင်းချင်း ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်သည်။ ကောင်းကင်မှာ နေ့နှင့်ညနှင့် မကွဲပြားပေ။ သို့ပေမည့် ရွာထဲတွင်မူ လှုပ်ရှားသွားလာမှု နည်းပါးသွားခဲ့လေပြီ။ ရွာသူရွာသားအများစုမှာ အိပ်ကုန်ကြီပြီထင့်။

ဟန်လိသည် ငိုကြွေးစိတ်ဝိညာဉ်သားရဲကို လက်ယက်ခေါ်၏။ ၎င်းက မြန်ဆန်လှစွာ သူ့အင်္ကျီလက်အိုးထဲ ခုန်ဝင်လာသည်။ ထို့နောက်တွင် ဟန်လိသည် မိုင်နင်ကို ပြုံးပြလိုက်ပြီး ယုံကြည်မှုရှိစွာ လျှောက်လှမ်းကာ ထွက်သွားတော့သည်။

မိုင်နင်ကမူ အခန်းထဲ၌ အကြောင်သား ကျန်ခဲ့လေသည်။

ဟန်လိသည် ရွာထဲသို့ ခြေသံလုံလုံဖြင့် အခြားသူများ၏အကြည့်ကို ဖယ်ရှောင်ကာ လျှောက်လာသည်။ ချက်ခြင်းပင် သူသည် ရွာထဲရှိ အိမ်ကြီးများထဲမှ တစ်ခုရှေ့သို့ ရောက်လာပြီး ၎င်းရှေ့မှာ ရပ်သည်။ ဖြတ်ခနဲ ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး အိမ်ဝန်းတံခါးကို တုံ့နှေးခြင်းမရှိ ဖွင့်၍ အထဲသို့ လှမ်းဝင်သွားသည်။ ထို့နောက်တွင် ဟန်လိ၏ အမူအရာက ကျေနပ်ဟန်ပေါ်သွားသည်။ သူ မျှော်လင့်ထားသည့်အတိုင်းပင် ဤသည်မှာ ရေနက်ကို သိုလှောင်ထားသည့် အဆောက်အဦများထဲမှ တစ်ခု ဖြစ်နေပေသည်။

သူက သူ့သိုလှောင်အိတ်ထဲမှ စောစောက ထုတ်ယူခဲ့သော ထည့်စရာအိုးအလွတ်များကို ယူပြီး သည်အဆောက်အဦထဲမှ ရေနက် တစ်ဝက်လောက်ကို ဖြည့်ပြီး ပြန်ထွက်လာတော့သည်။

ထို့နောက်တွင် သူသည် လမ်းချိုးလေးငါးချိုးလောက်ကို ကွေ့ကာဝိုက်ကာ လျှောက်လာပြီး သားသားနားနား ဆောက်ထားသောအိမ်တစ်ခုနားတွင် ရပ်သည်။ သူ့အမူအရာက တင်းမာခက်ထန်သွားသည်။ သူ ခန့်မှန်းတာသာ မမှားခဲ့လျှင် ဤအိမ်သည် သက်လတ်ပိုင်းလူဖန်၏ နေအိမ် ဖြစ်ရပေမည်။ ထိုအခိုက်တွင် သူသည် သူ့မှော်စွမ်းအားမှာ စတင်ပျောက်ကွယ်နေမှန်း ခံစားမိသည်။

All Chapters