မင်း ... အဲဒီမှာနေ။
Vol. 155 Ch. 2162
ရာပေါင်းများစွာသော လျှပ်စီး ချီလင်များ ကောင်းကင်ယံမှ ဆင်းသက်လာ သည်ကို မြင်ရ သည်မှာ ကေျာချမ်းစရာ ကောင်း၏။
ချီလင် တစ်ကောင်စီသည် မရဏ မူလအဆင့် အမည်ခံ သူတော်စင်ကို သတ်နိုင် ပေမည်။
ကောင်းကင် မူလ အဆင့် အမည်ခံ သူတော်စင် သည်ပင် ထိုမြင်ကွင်းကြောင့် ထုံကျင်သွားသည်။
ယဲ့ချင်းရှန် တစ်ယောက် မည်မျှ ခံစား နေရသည်ကို နားလည်နိုင်၏။ ဤအခိုက်တွင် မိုပြာနဂါး နတ်ခန္ဓာ၏ ရောင်ဝါကိုပင် ဖိနှိမ် ခံထားရသည်။
လင်းယွန်က အသက်ပြင်းပြင်းရှူပြီး တံဆိပ်များ ဖွဲ့စည်းလိုက်သည်။ ဓားတုန်ခါမှု အသံများ ပဲ့တင်ထပ်လာ၏။ ကြယ်ဓားသည် နဂါးငွေ့တန်း တစ်ရာနှင့်အတူ တောက်ပ လာသည်။
“ ကောင်းကင်နှင့် မြေကြီး တစ်သားတည်း။ ”
ကြယ်ဓား နှစ်လက်ဖြင့် ယှက်လုပ် ထားသော ချပ်ဝတ် တစ်ထည် ဖြစ်ပေါ်လာ သည်။ နဂါးငွေ့တန်းများက သိုင်းခြုံ ထားတော့၏။
လျှပ်စီး ချီလင်နှင့် ထိတွေ့သော အခါ၊ ပတ်ဝန်းကျင် တစ်ခုလုံး လင်းထိန်ပြီး လူတိုင်း မျက်စိမှိတ် လိုက်ရသည်။
“ ထင်တဲ့ အတိုင်းပဲ ... မင်းမှာ ဝှက်ဖဲတွေရှိတယ် ဆိုတာ ငါသိတယ် ဒါပေမယ့် ဒါကအစပဲ ရှိသေးတယ်။ ”
ထိုမြင်ကွင်းကို ကြည့်ပြီး ကူရှယန်မှ သဘောကျသွားသည်။ ကောင်းကင်ရှိ လျှပ်စီး ချီလင်များက နောက်သို့ ဆုတ်သွားပြီး သူ့ပုံ သဏ္ဍာန် မှုန်ဝါးသွား၏။
“ သတ် ... ။ ”
ကောင်းကင် တာအို လက်သီး၏ အပြင်းထန်ဆုံး ပုံစံကို ထုတ်လွှတ်လိုက်သည်။ ကောင်းကင် (၃၆)လွှာ ကွဲအက်လျက် ဖိအားများ သက်ဆင်းလာတော့၏။
ဤလက်သီးသည် မိုးပြာနဂါး နက္ခတ်ကို ဆင့်ခေါ်နိုင်သော နဂါး နေလထီးနှင့် တူချေ၏။ ကောင်းကင် ဒေါသက မြေပြင်ပေါ် ကျဆင်း လာသည်။
“ ဒီမှာ ပြီးဆုံးပြီ။ ”
ကူရှယန်မှ ပြုံးနေ သော်လည်း သူ့မျက်လုံးများသည် ပင်ပန်း နွမ်းနယ်မှုကြောင့် အလင်းရောင်များ မှိန်ဖျော့လာ၏။
ပတ်ဝန်းကျင်ရှိ နဂါး ပလ္လင်များ ပြင်းစွာ လှုပ်ရမ်းသွားသည်။ ကူရှယန်နှင့် ယဲ့ချင်းရှန်မှာ အဆင့်သစ်တွင် ရှိနေမှန်း သိရှိလိုက်ကြ၏။
ကူရှယန်က ကောင်းကင်မှ ဆင်းသက် လာပြီး၊ လင်းယွန်ကို ငုံ့ကြည့်ကာ သက်ပြင်းချ လိုက်သည်။
မိုးပြာနဂါး နတ်ခန္ဓာသည် အစွမ်းထက် သော်လည်း ကောင်းကင် တာအို လက်သီးရှေ့၌ စိတ်မကောင်း စရာ ပေပင်။
“ ဘုန်း ... ။ ”
လက်သီးက လင်းယွန်၏ ကြယ်ဓား ချပ်ဝတ်ပေါ် ထိမှန်သွား ပြီးနောက် မြေပြင်သို့ ညင်းသာစွာ ဆင်းသက် လိုက်သည်။
တိုက်ပွဲမှာ ပြီးဆုံးသွားပြီ ဖြစ်ချေ၏။ ဤလက်သီး အစွမ်းကို အခြားလူများထက် သူ ပိုသိသည်။ သူကိုယ်တိုင် ဖြစ်လျှင်ပင် ဤသို့ ခံယူရန် သတ္တိမရှိချေ။
“ ဟား ဟား ဟား ... ။ ”
သို့သော် ထိုအချိန်တွင် တိမ်တိုက်များ အတွင်းမှ ရယ်မောသံ ထွက်ပေါ် လာသည်။ အဝတ် အစားများ စုတ်ပြတ်လျက် သွေးစွန်း နေသော လင်းယွန် ဖြစ်၏။
“ ကူရှယန် ... မလုံလောက် သေးဘူး။ ”
စွမ်းအင်လှိုင်းများ ငြိမ်သက် သွားချိန်၌ ဆေးအိုးကြီး တစ်လုံးနှင့် သူ့ကိုယ်သူ ကာကွယ် ထားသော လင်းယွန်ကို မြင်လိုက်ရသည်။
ဆေးအိုးကြီး ကိုယ်ထည်၌ နဂါးနှင့် ဖီးနစ် အသွင်ကို ရေးထိုးထား၏။ ယင်းက အစစ်အမှန် အရာဝတ္ထု တစ်ခုအလား ထင်ရှားနေသည်။
ကူရှယန်၏ စွမ်းအင်များကို ၎င်းမှ စုပ်ယူ သွားခြင်း ဖြစ်၏။ ထို့ကြောင့် လင်းယွန် ရောင်ဝါ သည် လျော့ကျခြင်း မရှိဘဲ၊ ပို၍ မြင့်တက် လာတော့သည်။
“ အဲဒီအိုးက ဘာလဲ ... ၊ ထူးဆန်း လွန်းပါလား ... နဂါးနဲ့ ဖီးနစ် ပျံသန်းနေသလိုပဲ၊ ပြတ်ထင်လိုက်တာ။ ”
“ အဲဒီ နဂါးက နတ်နဂါးထက် ... ကောင်းကင် နဂါးနဲ့ ပိုတူတယ်၊ ယဲ့ချင်းရှန်မှာ ဝှက်ဖဲတွေ အရမ်းများတယ်။ ”
ယဲ့ချင်းရှန်ကို ရှုံးစေချင်သော လူများက စိတ်ပျက်သွားသည်။
“ မင်းမှာ ဝှက်ဖဲ ဘယ်နှစ်ချပ် ရှိလဲ။ ”
ကူရှယန်ပင် အံ့အားသင့် သွားပြီး လျစ်လျူရှုသော အမူအရာများဖြင့် ပထမဆုံး အကြိမ် ပေျာက်ကွယ် သွား၏။
ပတ်ဝန်းကျင် တစ်ခုလုံး အပျက်သဘော ဆောင်သည့် စွမ်းအင် အချို့နှင့် စိတ်ခွန်အား ကျဆင်းလာသည်။
လင်းယွန် အတွက်မူ ဤဒေါသအိုးကို ထုတ်ဖော် ပြရသည်မှာ ပထမဆုံး အကြိမ်ပင်။ ဆိုလိုသည်မှာ ကူရှယန်ဟူသည် မျိုးဆက်တူ အတွင်း အသန်မာဆုံး ပြိုင်ဘက် ဖြစ်၏။
“ မင်း သိစရာ မလိုပါဘူး၊ ဒီစင်မြင့်ကို ငါယူမှာမို့ ... ကောင်းကင် နဂါးသခင် ဘွဲ့က ငါ ပိုင်တယ်။ ”
လင်းယွန်က အပြုံး တစ်ပွင့်ကို ညှစ်ထုတ်လိုက်ရသည်။ ယင်းကြောင့် ကူရှယန် တစ်ယောက် အေးစက် သွားတော့၏။
“ မင်းကိုယ်မင်း ကောင်းကောင်း မထိန်းနိုင်ဘူး မဟုတ်လား ... ၊ ဒါကို ဆက်ပြီး တိုက်ပွဲဝင်ချင် နေတာလား ... ။ ”
“ ဒါက ... မင်းရဲ့ ကောင်းကင် တာအို လက်သီးကို ဘယ်နှစ်ကြိမ် သုံးနိုင်မလဲ အပေါ် မူတည်ပါတယ်။ ”
“ ဟား ဟား ဟား ... ဒါဆိုရင်တော့ မင်းအမှား လုပ်မိသွားပြီ၊ ချီလင် သူတော်စင် ခန္ဓာက တူညီသော ကျင့်ကြံမှု နယ်ပယ်မှာ ပြိုင်ဘက် မရှိဘဲ၊ ငါ မတိုက်နိုင် ရင်တောင် ...
... ခံစစ်ပြင်နိုင်တယ် ... ဒါကို မင်း ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး၊ ဒါဆို မင်းငါ့ကို ဘယ်လိုများ အနိုင် ယူနိုင်မလဲ ... ငါကရော နောက်ထပ် လက်သီး တစ်ချက် မထုတ် နိုင်ဘူးလို့ မင်းထင်လား။ ”
လျှပ်စီးများ စုပုံလာပြီး၊ ကောင်းကင် သုံးဆယ့်ခြောက်လွှာမှ မှုန်ဝါးနေသော ပုံရိပ် ထွက်ပေါ်လာသည်။
“ အနန္တ လောင်မြိုက်ခြင်း မီးလျှံ- လောင်ကျွမ်း။ ”
မှုန်ဝါးနေသော ရုပ်သွင်က၊ ‘သတ်’ ဟူသည့်စကားလုံး နှင့်အတူ လက်သီးတစ်ချက် ပစ်ချလာသည်။
“ ချွင် ... ချွင် ... ။ ”
မရေမတွက်နိုင်သော လျှပ်စီး သံကြိုးကြီးများ လှုပ်ခါလျက် ထူးဆန်းသော ပုံသဏ္ဍာန် တစ်ခု ခေါင်းပြူကြည့်လာ၏။ ကပ်ဘေး သက်ဆင်းလာသလို ပေပင်။
“ ယဲ့ချင်းရှန် ... ငါ ဒီလက်သီးကို လုံးလုံး မထိန်းချုပ်နိုင်ဘူး၊ ဒါဆို မင်းဘာသာ ကြိုးစား ခုခံကြည့်ပါ။ ”
စကားဆုံးသည်နှင့် ကြက်သွေးရောင် အလင်းများ လင်းယွန်ဆီသို့ ကျဆင်း သွားလေ သည်။
ကောင်းကင် နဂါးစင်မြင့်တွင် အက်ကြောင်းများ ပေါ်လာပြီ လူတိုင်းကို အသက်အောင့် ထားမိစေ၏။
အမည်ခံ သူတော်စင် တစ်ပါးတွင် မရှိသင့်သော ခွန်အားမျိုး ပေပင်။ လီတာ့ယန်မှ ဤအရာသည် ကူရှယန်၏ နောက်ဆုံးဝှက်ဖဲ ဖြစ်ကြောင်း နားလည်လိုက်သည်။
ကောင်းကင် နဂါးသခင် ဘွဲ့အတွက် ပြိုင်ဆိုင်မှုသည် ဤမျှအထိ ကြမ်းကြုတ်သွား သည်မှာ အံ့အားသင့်စရာ ဖြစ်၏။
ချီလင် သူတော်စင် ခန္ဓာသည် အမှန်ပင် ပြိုင်ဘက်ကင်း ပင်လော။ မိုးပြာ နဂါး နတ်ခန္ဓာ ခမျာ ဖိအားများစွာ ခံစားနေရ၏။
“ ဓား ... ။ ”
လင်းယွန်က ဒေါသ ထွက်လာပြီး ပန်းသင်္ချိုင်းကို ခေါ်ငင်လိုက်သည်။ မျက်ခုံး အလယ်၌ ပူလောင် ပြင်းပျလာ၏။
ဆင်းသက်လာသော ကြက်သွေးရောင် စကားလုံးသည် ပန်သင်္ချိုင်းနှင့် ထိမှန်သွားတော့ သည်။
သွေးများ ပွက်ပွက်ဆူကာ ဂနာမငြိမ် ဖြစ်နေသော ဆေးအိုးကြီးကို ဓားဖြင့် ပေါင်းစပ် ပစ်လွှတ်လိုက်ခြင်း ဖြစ်လေသည်။
ဤဆေးအိုးကြီးသည် အသွား နှစ်ထပ် ဓားဖြစ်၏။ ရွေးချယ်ခွင့် ရှိသော် ၎င်းကို ဆင့်ခေါ် မိမည် မဟုတ်ချေ။
အဆုံးတွင် ပန်းသင်္ချိုင်း သည်သာ ယုံကြည်စိတ်ချရသော မိတ်ဆွေ တစ်ယောက် ဖြစ်သည်။ ရှုံးခဲ့လျှင်ပင် ဓားသမား တစ်ယောက် အနေဖြင့် အတွေ့ကြုံ ရပေမည်။
ချီလင် သူတော်စင် ခန္ဓာသည် အမှန်တကယ်ပင် ပြိုင်ဘက်ကင်း သည်လော။ လူသတ်ရန် ရည်ရွယ်ချက်ဖြင့် ထိုမေးခွန်း ကိုသာ ထပ်မံ မေးနေမိသည်။
သူသည် ဓားသမား ဖြစ်ပြီး အရာ အားလုံးကို ဓားအပေါ် ပုံအပ်ထားခဲ့၏။ ‘သတ်’ ဟူသော စကားလုံးသည် သူ့ဓားနှင့် တိုက်မိ သွားလေသည်။
“ ဝုန်း ... ။ ”
ကြက်သွေးရောင် စကားလုံးသည် နေမင်းကြီး ပေါက်ကွဲသွား သကဲ့သို့ ဖြာကျပြီး လှိုင်းများ ပျံ့ကား လာတော့၏။
“ မြန်မြန် ရှောင် ... ။ ”
လက်နှစ်ဖက်ကိုခွဲကာ နတ်နဂါး သခင်များ အားလုံး ဆုတ်ခွာသွားသည်။ လွင့်မျောနေသော ရေခွက်နှင့် ပိုင်လိရွှမ်မှာ နောက်ပြန် မဆုတ်ဘဲ အန်းလျူယွင်ကို ကာကွယ်ရန် ရပ်နေခဲ့၏။
ယဲ့ဇီလင်နှင့် လီတာယန်မှာမူ ရှေးမစွ တည်းကပင် ကောင်းကင်ပေါ် ပျံတက် နေပြီး ဖြစ်သည်။
ယဲ့ဇီလင်မှ တိုက်ပွဲကို အနီးကပ် ကြည့်လို သော်လည်း စွးမ်အင် လှိုင်းများကြောင့် မမြင်နိုင် ခဲ့ခေျ။
“ ခရစ် ... ။ ”
ကောင်းကင် နဂါးစင်မြင့်သည် ဖိအားကို မခံနိုင်တော့ဘဲ အက်ကွဲသွား၏။
“ သူတို့က အရမ်း သန်မာလွန်းတယ် …။ ”
သူတော်စင်များ သည်ပင် မှတ်ချက် ပေးလာကြသည်။ မျိုးဆက်သစ် ဘီလူးငယ်များ ဖြစ်ပေ၏။
“ နောက်ဆုံးတော့ ရလဒ် ထွက်လာ တော့မယ်။ ”
“ ယဲ့ချင်းရှန် ... အရေးနိမ့် နိုင်မလား၊ သူ့ဓားက အစွမ်းထက်တယ် ... ဆိုရင်တောင် ကောင်းကင် တာအို လက်သီးကို မခွဲနိုင် လောက်ဘူး ထင်တယ်။ ”
ကောင်းကင် နဂါးစင်မြင့်မှာ ပေါက်ကွဲမှု အသေးစားများ ဖြစ်ပေါ်ပြီး အပိုင်းအစများ လေထဲ ပျံတက် လာတော့၏။
အပိုင်းအစများ ကြားတွင် လေထဲ ရပ်နေသော လူနှစ်ယောက်ကို မှုန်ဝါးဝါး မြင်နေရ၏။
ကူရှယန်မှာ ချီလင် အကြေးခွံများ ပြတ်တောက်လျက် သူ၏ မူလအသွင်အပြင်ကို ပြန်လည် ရယူထားသည်။
“ ဝေါ့ ... ။ ”
ကြည့်နေဆဲ မှာပင် ပျို့တက် ဟန်ဖြင့် သွေးအန်ပြီး ဒူးတစ်ဖက် ထောက်ကျ သွားလေ သည်။ တစ်ဖက်တွင် လင်းယွန်သည် ဓားကဲ့သို့ မြဲမြံစွာ ရပ်ကြည့် နေခဲ့၏။
“ အဟွတ် ... အဟွတ်၊ နာမည် ဘယ်လိုခေါ်လဲ။ ”
သွေးချောင်းဆိုးလျက် ကူရှယန်မှ မေးသည်။ သူတို့ နှစ်ယောက်ကြား မည်သို့ ဖြစ်ပျက် သွားခဲ့ သည်ကို မည်သူမျှ နားမလည်နိုင်ချေ။
( ..... ။ )
လင်းယွန်က သူ့အဖြေကို မည်သူမျှ မကြားစေလို သဖြင့် နှုတ်ခမ်း လှုပ်ရုံ ပြန်လည် ဖြေကြား လိုက်သည်။ ကူရှယန် တစ်ယောက် ချက်ချင်း ငြိမ်သက်သွားသည်။
“ မင်းနိုင်တယ် ... အရင်က ငါပြောခဲ့တာ တွေကို ပြန်ယူတယ်၊ မင်းက ... ဓားဘီလူးပဲ၊ ပန်းသင်္ချိုင်းတောင် ဓားတာအိုမှာ မင်းကို အနိုင်ယူ နိုင်မှာ မဟုတ်ဘူး။ ”
“ နှလုံးသားထဲမှာ ... ဓားတစ်လက် ရှိနေသရွေ့ လူတိုင်း ပန်းသင်္ချိုင်း ဖြစ်နိုင်တယ် ငါလည်း ဖြစ်နိုင်သလို၊ မင်း ... အပါအဝင် လူတိုင်း ဖြစ်နိုင်တယ်။ ”
လင်းယွန်က နွေးထွေးသော အပြုံးဖြင့် ကူရှယန်ကို ပြောကြား လိုက်သည်။ ကူရှယန်မှ ခေါင်းခါလျက်၊
“ ဒါက မတူဘူး ... ၊ ပန်းသင်္ချိုင်းက ကောင်းကင်လမ်းရဲ့ ဘုန်းကျက်သရေ ... သူက ငါတို့လို အောက်တန်း နယ်မြေက လာတာ၊ ခွန်လွန်မှာ အခြေကျဖို့ ဆိုတာ ...
... ငါတို့အတွက် ဘယ်လောက် ခက်ခဲလဲ မင်းမသိနိုင်ဘူး၊ ငါ ... သူ့အပေါ် လေးစားတာ ... ငါတို့ အချင်းချင်းပဲ နားလည် နိုင်တယ်၊ မင်း မဟုတ်ဘူး၊ ...
... ဒီနေ့ ငါ့အရှုံးကို ယုံတယ်၊ ဒါပေမယ့် ဟဲရွှမ်ကျင့်လိုတော့ နဂါးတောင်ပေါ် ကနေ ... ငါ ခုန်ချမှာ မဟုတ်ဘူး၊ မင်း ကြိုက်ရာလုပ် ... ၊ ကန်ချချင်လည်း ရတယ်။ ”
ကူရှယန်က ခေါင်းမာစွာ ရပ်နေခဲ့သည်။ လင်းယွန်ခမျာ စကားမပြောနိုင် ဖြစ်သွား၏။ တစ်ဖက်လူကို တောင်ပေါ်မှ ကန်ချမည်ဟု သူတစ်ခါမျှ မပြောဖူးချေ။
“ ကောင်းပြီ ... မင်းဆန္ဒ အတိုင်းပဲ။ ”
“ ဝူး ... ။ ”
လင်းယွန်က ပြုံးပြီး သူ့လက်ဖဝါးကို တွန်းလိုက်သော အခါ ကူရှယန် တစ်ယောက် နဂါးပြာ ပလ္လင်ပေါ် လွင့်စဉ်သွား၏။
“ မင်း အဲဒီမှာ ထိုင် ... ၊ ကောင်းကင်လမ်းရဲ့ ဘုန်းအသရေကို မင်းကိုယ်တိုင် ထိန်းသိမ်းတာ ပိုကောင်းမယ်။ ”
လင်းယွန်က ပြုံးပြီး သူ့ကို လျစ်လျူရှု လိုက်ကာ၊ တိမ်ပင်လယ် အတွင်း ရပ်နေသော မုရွယ်လင်ထံ မော့ကြည့်လျက်၊
“ သူတော်စင် အကြီးအကဲ ... ။ ”
-ဟု နာမည် ခေါ်လိုက်တော့သည်။
***