← Chapters

မင်းက ဖီးနစ် တစ်ကောင်ပါ။

Vol. 155 Ch. 2166

မင်းက ဖီးနစ် တစ်ကောင်ပါ။

Vol. 155 Ch. 2166

နေဝင်ရီတရော အချိန်၌ လေစီးကြောင်း တောင်ထိပ်ကို မြင်လာရသည်။ နတ်လိပ်အသွင် ပြောင်းနည်းကို ဖယ်ရှားပြီး မူလအသွင် ခံယူလိုက်၏။

တောင်ထိပ်တွင် မည်သူမျှ ရှိမနေချေ။ ချောက်ကမ်းပါး အစွန်းတွင် ခြေချထိုင်လျက် နေဝင်ချိန်ကို ငေးကြည့် နေမိသည်။

နေမင်းကြီးက မိုးကုပ်စက်ဝိုင်း အစပ်၌ တရွေ့ရွေ့ ငုပ်လျှိုးသွား၏။ ဆုစီယာ ဒေါသ ထွက်နေ သည်လော။

ယနေ့ သူ့၌ အပြစ် ရှိသည်။ တစ်ချိန်က ယွဲ့ဝေဝေ လက်ကိုဆွဲကာ ဘဝနှင့်သေခြင်းကို ဖြတ်ကျော်ပြီး ရင်းနှီးခဲ့ ကြ၏။

ဆုစီယာ နှင့်မူ ထိုသို့သော ရင်းနှီးမှုမျိုး မဟုတ်ချေ။ အတူအိပ်ခဲ့ သော်လည်း အကြောင်း တစ်ခုခုကြောင့် အလွှာတစ်ခု ခြားနေသည်။

အရေးအကြီးဆုံးမှာ အပြစ် ရှိခဲ့သော သူ့လုပ်ရပ်ကြောင့် ဆုစီယာ၏ လွှမ်းမိုးမှု ခံနေ ရခြင်း ဖြစ်သည်။ တောင်တန်း အနှံ့ ထူးထူး ခြားခြား ပန်းများ ပွင့်လန်းနေသည်။

“ ဧကရီ ... အဲဒါ ဘာလဲ။ ”

“ ဟမ် ... ဘာလဲ ... ဘာမှ မရှိပါဘူး။ ”

ခရမ်းငယ်က ဓားသေတ္တာ ထဲမှ ထွက်လာပြီး ပတ်ဝန်းကျင်ကို စူးစမ်းတော့သည်။

“ ဟုတ်လား ... ငါ ပန်းတစ်ပွင့်ကို မြင်လိုက်ရ သလိုပဲ၊ ပန်းက ဓားသေတ္တာပေါ်မှာ ရေးထိုးထားတဲ့ အိုင်းရစ်ပန်းနဲ့ ဆင်တယ်။ ”

“ တကယ်လား ... ။ ”

ခရမ်းငယ်မှ စိတ်လှုပ်ရှား လာသည်။ အိုင်းရစ်ပန်း ပေါက်သည့် နေရာ၌ ဖီးနစ်သွေးကို တွေ့ရှိနိုင်၏။ ဤသည်မှာ လျှို့ဝှက်ချက် ဖြစ်သည်။

“ ငါ အမြင်မှားတာ ဖြစ်နိုင်ပါတယ်၊ ထားလိုက်တော့ ... ။ ”

လင်းယွန်မှ ပေါ့ပေါ့ပါးပါး ပြောကြား လိုက်သည်။ သို့သော် ခရမ်းငယ်မှ အလေး အနက် ထားကာ၊

“ ဒီနေရာက နတ်ဘုရား သင်္ချိုင်း တောင်တန်းပဲ၊ အရင်တုန်းက နတ်ဘုရားတွေ ဒီမှာ သေကြတယ်၊ ဒါကြောင့် ရှိကောင်း ရှိနိုင်တယ်၊ သွားကြည့်ရအောင်။ ”

-ဟု ဆန္ဒပြုသည်။

“ မဖြစ်နိုင်ပါဘူး ... မသွားနဲ့တော့။ ”

“ ဟမ့် ... မရဘူး၊ ဘာဖြစ်ဖြစ် သွားကြည့်ရမယ်။ ”

ခရမ်းငယ်မှ သူ့စကားကို မကျေမနပ်ဖြင့် ပြန်ပြောပြီး လင်းယွန်ထံ စိုက်ကြည့်ကာ၊

“ နင် တစ်ယောက် ယောက်ကို ... စောင့်နေတာ မဟုတ်လား၊ ငါ့ကို ရည်ရွယ်ချက် ရှိရှိနဲ့ ... ဖယ်ထုတ် နေတာပဲ။ ”

-ဟု ပြောကြား လိုက်သည်။

ဆုစီယာ ပြောသော စကားကို သူမ မကြားသဖြင့် အတိအကျ မသိသည်မှာ သဘာဝ ပေပင်။

“ ဟမ့် ... ငါ ဂရုမစိုက်ဘူး၊ အိုင်းရစ်ပန်းကို လိုက်ရှာမယ်။ ”

ခရမ်းငယ် တစ်ယောက် ချက်ချင်း ပျံသန်း ပျောက်ကွယ် သွားသည်။

“ သူမကို လှည့်စားရတာ တကယ် မလွယ်ဘူး။ ”

လင်းယွန်မှ ပြုံးကာ ညည်းတွားမိ၏။ ရုတ်တရက် လေပြင်းများ တိုက်ခတ်လာ သဖြင့်၊ နော်ကသို့ လှည့်ကြည့် မိသည်။ မည်သူမျှ မရှိချေ။

အနည်းငယ် စိတ်ပျက်သွားပြီး ပြန်အလှည့်တွင် ဝါးခမောက်ဆောင်း ထားသည့် အမျိုးသမီး တစ်ဦး သူ့ရှေ့ ရပ်နေသည်ကို မြင်လိုက်ရ၏။

ဆုစီယာက ဝါးဦးထုပ်ကို ဖယ်လိုက်ပြီး အေးစက်သော အသွင်ဖြင့် ဧကရာဇ် တစ်ပါး ကဲ့သို့ ဖိအားများ ပေးစွမ်းလာသည်။

“ ဘယ်သူ့ကို လှည့်စားဖို့ ခက်တာလဲ။ ”

ဆုစီယာက မေးခွန်းကြောင့် သတိ အနေအထား ဖြစ်သွားသည်။ လေထုအတွင်း သတ်ဖြတ်လိုသော အငွေ့အသက်ကို ခံစား လိုက်ရ၏။ တိုက်ဆိုင်လွန်း ချေပြီ။

“ သွားစို့ ... ။ ”

“ ကောင်းပြီ။ ”

နှစ်ယောက်သား တောင်တန်း အပေါ် ဖြတ်လျှောက်လျက် တိတ်ဆိတ် သွားတော့၏။ အန်းလျူယွင်ကို သူ့မိန်းမ ဖြစ်ကြောင်း ဝန်ခံ ပြီးနောက် အပြစ်ရှိချေပြီ။

အချစ်ဟူသည် ဆွံ့အ-နားမကြား ဟန်ဆောင်ရုံဖြင့် ဖြတ်ကျော် သွားနိုင်သော အရာမျိုး မဟုတ်ချေ။

အန်းလျူယွင်သည် အမြဲတမ်း သူ့ကို ဖြည့်ဆည်းရန်သာ ကြိုးစားတတ်သူ ဖြစ်၏။ ထို့ကြောင့် လျစ်လျူရှုခြင်းငှာ မစွမ်းချေ။ အပြစ် ရှိသော် ဆုစီယာ လုပ်သမျှ ခံရုံသာရှိပေမည်။

“ စီယာ ... ငါ ပြောစရာ ရှိတယ်။ ”

သူ့ခေါ်သံကြောင့် ဆုစီယာက အေးစက်သော အသွင်ဖြင့် စောင်းငဲ့ကြည့်၏။

“ နင့် မိန်းမတွေ အကြောင်း ... ပြောချင် တာလား၊ ဒီလိုဆိုရင် မပြောနဲ့ စိတ်မဝင်စားဘူး၊ ဒါပေမယ့် တစ်နေ့ နင်ထွက်သွားတဲ့ အခါကျရင် သူတို့ကို ငါဂရုစိုက် ပေးမယ်၊ ဘယ်သူမှ မနာကျင် စေရဘူး။ ”

လင်းယွန်မှာ အံ့ဩသွား၏။

“ ဘာလဲ ... ထူးဆန်းနေလို့လား ... ။ ”

ဆုစီယာက ရှေ့တူရှုသို့ ပြန်လှည့်သွားပြီး၊

“ ဧကရာဇ် နှလုံးသား သုတ္တန်ကို ... ကျင့်ကြံထားတဲ့ အတွက် ငါချစ်လေ-ငါနာကျင် ရလေပဲ၊ ဒါပေမယ့် နင့်ကို မစွန့်နိုင်ဘူး။ ”

-ဟု ပြောကြား လာ၏။

ထို့နောက် လင်းယွန် လက်ဖဝါးကို ဆုပ်ကိုင်ကာ ဆက်လျှောက် သွားသည်။ သူမ၏ လက်သည် အေးစက်နေ သော်လည်း နှလုံးသားမှာ နွေးထွေးနေ၏။

“ ငါ့အတွက် ချစ်ဖို့ဆိုတာ ခက်ခဲတယ်၊ ဒါပေမယ့် ချစ်ပြီးရင်လည်း လက်လွှတ် မခံဘူး၊ သေတဲ့အထိ ချစ်သွားမယ်။ ”

ထိုစကားကို ပြောစဉ် လင်းယွန် လက်ဖဝါးကို တင်းတင်း ဆုပ်ကိုင် လိုက်၏။ လွတ်ထွက်သွားမှာ ကြောက်နေပုံရသည်။

“ နင့်ကို လျှပ်စီးတိမ်လွှာ ဓားဂိုဏ်းမှာ တုန်းက ငါပြောဖူးတာ မှတ်မိလား၊ ဗျပ်စောင်း တီးရတာ မကြိုက်ဘူး၊ ဒါပေမယ် နင်နဲ့ သီးချင်းတွေ တီးခတ်ချင်တယ်၊ ...

... လျှပ်စီး တိမ်လွှာဓား ဂိုဏ်းကို မကြိုက်ဘူး၊ နင် ရှိနေတော့ ငါခေါင်းငုံ့ပြီး နေခဲ့ ရတယ်၊ အရက် သောက်ရတာ မကြိုက်ဘူး၊ ဒါပေမယ့် နင်မူးနေတာကို ကြည့်ပြီး ငါပျော်တယ်၊ ...

... တကယ်တော့ ငါက ဂီတကို နားမလည်တဲ့ လူရိုင်းတစ်ယောက်ပဲ ... အရက် သမားတွေကို သတ်ချင်နေတဲ့ လူ ... ။ ”

“ ငါ သိတယ်။ ”

“ နင် သိနေတာ ကောင်းတယ်၊ ဒါဆို နင်ဘာလို့ ငါနဲ့ဝေးတဲ့ အရပ်ကို သွားချင်နေရ တာလဲ၊ ငါ့ကို အဲ့လောက်ထိ ကြောက်နေ တာလား။ ”

ဤတစ်ကြိမ်၌ ဆုစီယာ အသံမှာ တုန်ယင်ပြီး စိတ်မကောင်း ဖြစ်လာပုံ ရသည်။ ယင်းကြောင့် လင်းယွန်က စကားလုံးများဖြင့် ပြန်မဖြေဘဲ ပါးစပ်ဖြင့် ပြန်ဖြေလိုက်၏။

စုထော်နေသော နှုတ်ခမ်းကို သိမ်းလျက်၊ ဆုစီယာမှ ဒေါသနှင့် ချက်ချင်း ရုန်းတော့သည်။ သို့သော် ခဏအကြာ၌ ငြိမ်သက်သွား၏။

လင်းယွန် လည်ပင်းကိုပင် ပြန်လည် သိုင်းဖက်မိသည်။ ဤသည်မှာ ရှည်ကြာသော အနမ်း တစ်ပွင့် ဖြစ်သည်။

တစ်ကမ္ဘာ မက ကြာချေ၏။ အချိန် အတော်ကြာ နမ်းရှိုက်နေ ပြီးနောက် ပြည်လည် ဆုတ်ခွာလိုက် ကြသည်။

“ နင် တကယ် ရဲရင့်တယ်၊ ငါ စိတ်ဆိုး နေတုန်းပဲ ... နောက်ဆိုရင် ဒီလိုလုပ်ခွင့် မရှိဘူး၊ အနည်းဆုံးတော့ ငါ့ကို အရင်ချော့ရမယ်။ ”

ဆုစီယာ ပါးပြင်နှစ်ဖက်မှာ ပန်းသွေးရောင် ပြောင်းလာသည်။ အချစ်ကို စတင် တွေ့ရှိသော ကလေးမလေး တစ်ယောက်နှင့် တူနေ၏။

“ နောက် ... မဖြစ်စေရဘူး။ ”

လင်းယွန်မှ ကတိပေးပြီး သူမ နှုတ်ခမ်းကို ထပ်မံ စိုက်ကြည့်၏။ ဤတစ်ကြိမ်၌ ဆုစီယာက ပြုံးပြီး ဦးဆောင် နမ်းလာသည်။

“ လူယုတ်မာ ... ငါ ပြန်လာပြီ၊ တကယ် အိုင်းရစ်ပန်း တစ်ပွင့် ရှိတယ်၊ ဒါပေမယ့် ဖီးနစ် သွေးတွေ ခမ်းခြောက်နေလို့ နှမျောစရာပဲ၊ ခက်ခက် ခဲခဲနဲ့ ... ငါယူ ... ”

ခရမ်းငယ်က ပြုံးရွှင်စွာဖြင့် နဖူးမှ ချွေးများကို သုတ်လိုက်သည်။ အစပိုင်းတွင် လင်းယွန် လိမ်ညာခြင်းဟု ထင်ခဲ့၏။

အမှန်ပင် အိုင်းရစ်ပန်း ဖြစ်နေသဖြင့် ပျော်ရွှင်မှုမှာ အတိုင်းအဆ မရှိချေ။ သို့သော် ရုတ်တရက် ဆုစီယာကို တွေ့လိုက်လေရာ စကား ရပ်သွား မိသည်။

“ လူယုတ်မာ ... ၊ ဒါက မင်းသူ့ကို ခေါ်တဲ့ နာမည်လား။ ”

ဆုစီယာက လင်းယွန်ထံမှ ဖယ်ခွာလျက် ခရမ်းငယ်ထံ လှည့်မေးလိုက်သည်။ ခရမ်းငယ် ခမျာ အနည်းငယ် ကြောက်သွားပြီး၊

“ ငါ ... ငါ ... မခေါ်ဘူး။ ”

-ဟု ထိတ်လန့်စွာ ငြင်းဆန်တော့၏။

“ ကောင်းပြီ ... မင်းမှန်တယ်၊ သူက တကယ့် လူယုတ်မာပဲ။ ”

ဆုစီယာက ခရမ်းငယ်ကို ပြုံးပြသည်။ ထို့နောက် လင်းယွန်ထံ ပြန်လှည့် ကြည့်ကာ၊

“ နင်က ... လူယုတ်မာ တစ်ယောက် ဆိုတာကို ကလေးမလေး တစ်ယောက်တောင် သိနေပြီ။ ”

-ဟု ဆိုပြီး ဝါးခမောက်ကို ပြန်ဆောင်း လိုက်သည်။

“ သတိထားပါ ... ၊ ကောင်းကင် တာအို ဂိုဏ်းနဲ့ အလွန့်အကျွံ မနီးစပ်စေနဲ့၊ နတ်ဘုရား သင်္ချိုင်း တောင်တန်းရဲ့ တံဆိပ်က ပြေလျော့ သွားတာကြောင့် ...

... အမည်ခံ သူတော်စင် တွေတောင် အဝင်အထွက် လုပ်နိုင်နေပြီ၊ ဒါက စိုးရိမ်စရာ အခြေအနေမို့ သွေးတပ်ရင်းနဲ့အတူ ... ၊ ငါ သွားရမယ်။ ”

စကားဆုံးသည်နှင့် ဆုစီယာ ခမျာ ပျံသန်း ပျောက်ကွယ် သွားတော့သည်။ သူမကို လုံးလုံး အာရုံခံ မရတော့သည့် အချိန်၌ ခရမ်းငယ်က နှာခေါင်းရှုံ့ လိုက်၏။

“ ဟမ့် ... ငါက ကလေးမလေး မဟုတ်တော့ဘူး ... ။ ”

“ ကောင်းပြီ ... ကောင်းပြီ ... ၊ အိုင်းရစ်ပန်းကို မင်းဘယ်လို ရခဲ့တာလဲ၊ မျက်နှာ အရင် သစ်လိုက်ဦး၊ မျက်နှာပေါ်မှာ ဖုန်တွေ။ ”

“ မသစ်ဘူး၊ ငါက ကလေးမလေးလို့ နင်တကယ် ထင်နေလား၊ ငါ ပြန်မလာ သင့်ဘူး၊ ထွက်သွား သင့်တယ်။ ”

လင်းယွန်မှ ပြုံးလျက် သူမကို ပွေ့ချီကာ ပျံသန်း လိုက်တော့သည်။ လမ်းတစ်လျှောက် ငိုးကြွေးလျက် သူ့ကို ထုရိုက်နေခဲ့၏။

မြစ်တစ်စင်းကို ရှာတွေ့သော အခါ ဂရုတစိုက် သန့်ရှင်းရေး လုပ်ပေးမိသည်။

“ မငိုနဲ့ ... မင်းက ဖီးနစ်ပဲ၊ ဖီးနစ် တစ်ကောင်က ဘယ်လိုလုပ် တစ်ချိန်လုံး ငိုနေရ တာလဲ။ ”

“ ဟမ့် ... သူလာမယ်မှန်း သိလို့ ... ငါ့ကို လှည့်စားလိုက်တာ မဟုတ်လား၊ ဟိုတုန်းက ငါ သူ့ကို ဘယ်လောက်အထိ ကြောက်ခဲ့ရလဲ ... နင်မသိဘူး။ ”

“ ကောင်းပြီ ... ကောင်းပြီ မငိုနဲ့တော့။ ”

လင်းယွန်က သူမ မျက်နှာကို သန့်စင်ပေးလျက်မှ ရုတ်တရက် သတိရလာပြီး၊

“ အာ ... ငါသူ့ကို ... ခရမ်း-ရွှေရောင် နဂါးသရဖူ ပေးဖို့ မေ့သွားတယ်။ ”

-ဟု ညည်းတွား လိုက်မိ၏။

“ တွေ့လား ... နင်က သူ့အကြောင်းပဲ တွေးနေတာ၊ ငါလည်း ခရမ်း-ရွှေရောင် နဂါး သရဖူကို ဆောင်းလို့ရတယ်၊ ငါက နတ်ဖီးနစ် မိသားစုက လာတာ၊ ငါနဲ့ ထိုက်တန်တယ်။ ”

“ ဒါပေမယ့် ... မင်းက အရမ်း ငယ်သေးတယ်။ ”

ထိုအဖြေကြောင့် ခရမ်းငယ် တစ်ယောက် တွေးတော့လျက်၊

“ ဒါတော့ မှန်တယ် ... သူ့မှာ ငါ့ထက် ပိုကြီးတဲ့ ခေါင်းရှိတယ်၊ ဒီလိုဆိုမှတော့ ငါသူနဲ့ ပြိုင်မနေတော့ပါဘူး။ ”

-ဟု လက်ခံ သွားတော့သည်။

***

All Chapters