အခန်း (၁၃၃၂)
Vol. 96 Ch. 1332
“နတ်ဘုရားအဆင့် အလောင်းအလျာ”
“အဲဒါက ရှုအောင်းပဲ ဖြစ်ရမယ်”
ခန်းဆောင်၏ အပြင်ဘက်တွင်ရှိသော လူများက ရမှတ်ကို ကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသည်။
နတ်ဘုရားအဆင့် ပန်းပဲပညာရှင်တချို့ကလည်း ပြုံးလိုက်ကြသည်။
ကျူးရှောက်ရှန်က အံ့အားသင့်နေသော မျက်နှာထားဖြင့် နေရာတွင် ရပ်နေသည်။ သူ့နောက်တွင်ရှိသော ချီမိသားစုဝင်များကလည်း ပျော်ရွှင်နေကြသည်။
ရှုအောင်းက ၄၆မှတ် ရသည်။ ထိုသို့ဆိုလျှင် ရှုအောင်းထက် တစ်ဆင့်သာနိမ့်သော ၄၂မှတ်သည် သခင်လေးချီ ဖြစ်လိမ့်မည်။
“သခင်လေးရဲ့ ကျွမ်းကျင်မှုက ဒီအဆင့်အထိ ရောက်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”
ချီမိသားစု၏ ဆံပင်ဖြူနေသော အကြီးအကဲက လက်သီးဆုပ်ထားပြီး ရေရွတ်လိုက်သည်။
ပင်မအကြီးအကဲ သုံးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
“သူလို့ထင်လား”
“မသိဘူး ....”
အကြီးအကဲတစ်ယောက်က မျက်မှောင်ကြုတ်သည်။
“သူ့အခြေခံက နည်းနည်းလောက် လိုအပ်နေသလိုပဲ”
၄၆မှတ်သည် မြင့်မားသော်လည်း ပင်မအကြီးအကဲ သုံးယောက်၏အမြင်တွင် လုံလောက်မှုမရှိပေ။
‘ပင်မအကြီးအကဲအသစ်က ဒီလောက်ပဲ စွမ်းရည်ရှိတာလား’
သူတို့သုံးယောက်က နောက်ဆုံးကျန်ရှိနေသော ပုံရိပ်ကို ကြည့်လိုက်ကြသည်။
ယခုအချိန်တွင် တခြားလူများက နောက်ဆုံးလူကို ဂရုမစိုက်ကြတော့ပေ။
ဂရုစိုက်ရန် မလိုအပ်ပေ။
ထိုလူက အိမ်ဖြည့်သက်သက်သာ ဖြစ်ပြီး အရှုံးပေးထားသည်။
မဟုတ်လျှင် သူက မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ ဝိညာဉ်သတ္တု ၁၈၀ကိုသာ ရွေးချယ်၍ တည်ငြိမ်စွာ ထိုင်နေမည်မဟုတ်ပေ။
ဝူကျောက်က အနည်းငယ် စိတ်ပျက်နေသည်။
နောက်ဆုံးလူက သူ၏ သခင်လေးဟန် ဖြစ်လိမ့်မည်ဟု ခံစားမိသည်။
ခန်းဆောင်ထဲတွင် တခြားလူများက ဟန်မူယဲ့ကို မကြည့်ဘဲ ချူကျန်ကျားကို ကြည့်လိုက်ကြသည်။
ရှုအောင်းက အံ့အားသင့်နေသည်။
ကျန်းရှန်မင်က ပါးစပ်အဟောင်းသာ ဖြစ်နေသည်။
ယနေ့စမ်းသပ်ပွဲတွင် လက်ရွေးစင်တစ်ယောက် ပါလာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ချူကျန်ကျားက တခြားလူများ၏အကြည့်နှင့် အသားကျနေပုံပေါ်သည်။ သူက နေရာတွင် တည်ငြိမ်စွာရပ်နေပြီး သန့်စင်ထားသော တူကို သိမ်းသည်။
အလင်းလွှာသည် ဖျတ်ခနဲ တောက်ပသွားပြီး ဟန်မူယဲ့ ရွေးချယ်ထားသော ဝိညာဉ်သတ္တုများကို သိမ်းဆည်းသည်။
အလင်းလွှာက အနည်းငယ် တုန်ခါနေသည်။
နံပတ်များ ပေါ်မလာခဲ့ပေ။
‘ဒါက ဘာလဲ။ သူ့ရမှတ်က အရမ်းနည်းနေလို့လား’
ခန်းဆောင်၏ အပြင်ဘက်တွင်ရှိသော လူများက အနည်းငယ် အံ့အားသင့်နေကြသည်။
“ဝီ”
ရွှေအလင်းတစ်ခုသည် အလင်းလွှာတွင် ပေါ်ထွက်လာသည်။
“၅၀”
‘ငါးဆယ်တဲ့လား’
‘ငါးဆယ်ဟ’
လူအုပ်က တိတ်ဆိတ်သွားသည်။ ရမှတ်သည် အလွန်တောက်ပနေသည်။
လူတိုင်းက မယုံကြည်နိုင်ကြပေ။
“မဖြစ်နိုင်ဘူး ....”
လူတစ်ယောက်က တီးတိုးပြောသည်။
“ဘယ်လိုလုပ်ပြီး ငါးဆယ်ဖြစ်နိုင်မှာလဲ။ စမ်းသပ်ပွဲမှာ ဘယ်သူမှ အမှတ်ပြည့်မရဖူးဘူး”
လူတစ်ယောက်က ထိတ်လန့်စွာ အော်ဟစ်သည်။
ဆူညံသံများ ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။
ထို့နောက် အသံများအားလုံး စုပေါင်း၍ အလွန်ကျယ်လောင်နေသည်။
“မဖြစ်နိုင်ဘူး”
နတ်ဘုရားအဆင့် ကျွမ်းကျင်သူများအပါအဝင် လူတိုင်းက မယုံကြည်နိုင်ကြပေ။
“မဖြစ်နိုင်ဘူး ....”
ပင်မအကြီးအကဲတစ်ယောက်က ထိတ်လန့်စွာ ရေရွတ်သည်။
သူ့ဘေးတွင်ရှိသော အကြီးအကဲကလည်း ထိတ်လန့်နေသည်။ သို့သော် သူက တည်ငြိမ်စွာ ပြောသည်။
“သူဆိုရင်တော့ ဖြစ်သင့်ပါတယ် ....”
ပန်းပဲပညာခေတ်သစ်ကို တစ်ဦးတည်းခွန်အားဖြင့် ပြောင်းလဲပေးပြီး လောကတစ်ခုလုံးကို တိုးတက်စေခဲ့သော ဆရာဟန် ....
သက်လတ်ပိုင်းအရွယ် အကြီးအကဲကတော့ စကားမပြောပေ။ သို့သော် သူ့မျက်လုံးထဲတွင် ခံစားချက်တချို့ကို မြင်ရသည်။
“မင်းက ဘယ်သူလဲ”
ခန်းဆောင်ထဲတွင် ချူကျန်ကျားက စိတ်ရှုပ်ထွေးနေသော မျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်လိုက်သည်။
ချီကျူးကျန်းက တစ်ကိုယ်လုံး တုန်ခါသွားပြီး ဟန်မူယဲ့ကို မယုံကြည်နိုင်စွာ ကြည့်သည်။
သူက ရမှတ်ငါးဆယ်အကြောင်းကို တွေးမကြည့်နိုင်ပေ။
ရှုအောင်းက တစ်ခုခုကို မှတ်မိနေပုံရပြီး ဟန်မူယဲ့ကို ကြည့်သည်။ သို့သော် သူက တုံ့ဆိုင်းနေသည်။
ကျန်းရှန်မင်ကတော့ လမ်းပျောက်နေသည်။ သူ့နှုတ်ခမ်းများက တုန်ခါပြီး ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။
‘ဒီနေ့စမ်းသပ်ပွဲမှာ ငါက သမိုင်းကြောင်းတစ်ခုကို မျက်မြင်တွေ့လိုက်ရတာလား’
‘ဂုဏ်ယူသင့်လား’
သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး အားတင်း၍ ပြုံးသည်။
“ဝီ”
အလင်းလွှာက တုန်ခါနေပြီး ခန်းဆောင်ထဲတွင်ရှိသော လူငါးယောက်ကို လွှမ်းခြုံလိုက်သည်။ သူတို့က ပျောက်ကွယ်သွားသည်။
စမ်းသပ်ပွဲ၏ ဒုတိယအဆင့် ဖြစ်သည်။
ကျယ်ပြန့်သော လွင်ပြင်တွင် နိမ့်ပါးသော တောင်တန်းတချို့ ရှိသည်။ သားရဲများက နေရာအနှံ့တွင် ပြန့်ကျဲနေသည်။
ဟန်မူယဲ့က တောင်တန်းတစ်ခုတွင် ရပ်နေပြီး ရှေ့သို့ ကြည့်လိုက်သည်။
“တစ်ရက်အတွင်း ပန်းပဲနည်းစနစ်ကို အသုံးပြုပြီး သားရဲတွေကို သတ်ဖြတ်ပါ။ အဆင့်ငါးအောက် သားရဲတွေကို ထည့်မတွက်ဘူး။ အဆင့်ငါးသားရဲတစ်ကောင်ကို သတ်နိုင်ရင် တစ်မှတ်ရမယ်။ အဆင့်ခြောက်က ဆယ်မှတ်၊ အဆင့်ခုနစ်က အမှတ်တစ်ရာ၊ အဆင့်ရှစ်က အမှတ်တစ်ထောင်၊ အဆင့်ကိုးက အမှတ်တစ်သောင်း၊ သူတော်စင်အဆင့်က အမှတ်တစ်သိန်း၊ နတ်ဘုရားအဆင့်က အမှတ်တစ်သန်းပဲ”
“ဒီစမ်းသပ်မှုကို အောင်မြင်ဖို့ အမှတ် တစ်သိန်းနှစ်သောင်း လိုအပ်တယ်”
“အမှတ်ပြည့်ရချင်ရင်တော့ အမှတ်ဆယ်သန်းကို လိုအပ်လိမ့်မယ်”
ကျယ်လောင်သောအသံကို ကြားရသည်။
ဤစမ်းသပ်ပွဲ၏ စည်းကမ်းက ရိုးရှင်းသည်။ သားရဲများကို သတ်ဖြတ်ရမည်။
သို့သော် အမှတ်တစ်သိန်းနှစ်သောင်းရရန် မလွယ်ပေ။
အနည်းဆုံး သူတော်စင်အဆင့် သားရဲတစ်ကောင်နှင့် တခြားသားရဲများကို သတ်ဖြတ်ရလိမ့်မည်။
အမှတ်ပြည့်ကတော့ မဖြစ်နိုင်ပေ။
နတ်ဘုရားအဆင့် သားရဲဆယ်ကောင်ကို တစ်ရက်အတွင်း သတ်ဖြတ်ရလိမ့်မည်။
မဖြစ်နိုင်လောက်အောင် ခက်ခဲသည်။
လက်နက်များကို သန့်စင်ပြီး သားရဲများကို သတ်ဖြတ်ရမည်။
ထိုဖြစ်စဉ်တွင် နတ်ဘုရားအဆင့် သားရဲတစ်ကောင်အား သတ်ဖြတ်နိုင်သောလူကို နှစ်ပေါင်းသိန်းချီ၍ မမြင်ခဲ့ရပေ။
အမှတ်တစ်သန်းရခဲ့သော နောက်ဆုံးလူသည် အစစ်အမှန်အာဏာရှိသော ပန်းပဲပညာရှင်အစည်းအရုံး၏ ပင်မအကြီးအကဲတစ်ယောက် ဖြစ်လာခဲ့သည်။
ဤစမ်းသပ်မှုတွင် အမှတ်ပြည့်ရခဲ့သောလူ မရှိပေ။
“ကြည့်လိုက်။ လူတစ်ယောက်က လှုပ်ရှားနေပြီ”
ခန်းဆောင်၏ အပြင်ဘက်တွင် အသံတစ်သံ ပေါ်ထွက်လာသည်။
အလင်းလွှာတွင် တောရိုင်းမြေ၌ ရှိနေသော လူတစ်ယောက်က ရှေ့တွင်ရှိသော သားရဲဆီသို့ ပြေးဝင်သွားသည်။ ထို့နောက် လက်ထဲမှ အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။
အဆင့်လေးသားရဲသည် စက္ကန့်ပိုင်းအတွင်း အသတ်ခံလိုက်ရသည်။
ထိုလူက ဆက်လက်လှုပ်ရှားနေပြီး တခြားသားရဲများကို လျင်မြန်စွာ သတ်ဖြတ်သည်။ ထို့နောက် သားရဲများ၏ အစိတ်အပိုင်းဖြင့် လက်နက်သန့်စင်ခဲ့သည်။
“နည်းစနစ်က သာမန်ပဲ။ ဒါပေမဲ့ ခွန်အားကောင်းတယ်။ ဒီစမ်းသပ်မှုကို ကျော်ဖြတ်ဖို့ မခက်ဘူး။ အမှတ်များများရဖို့တော့ မဖြစ်နိုင်ဘူး”
ရင်ပြင်တွင်ရှိသော လူတစ်ယောက်က မှတ်ချက်ချသည်။
တခြားလူများက ငြင်းဆန်ချင်သော်လည်း စကားပြောလိုက်သောလူက နတ်ဘုရားအဆင့် ပန်းပဲပညာရှင်ဖြစ်နေကြောင်း မြင်ရသောအခါတွင် တိတ်ဆိတ်သွားကြသည်။
“အဲဒါက ရှုအောင်းမဟုတ်ဘူး”
လောယန်က သေချာစွာ ပြောသည်။
ပထမစမ်းသပ်မှုတွင် ပါရမီရှင်များ ပေါ်ထွက်လာသောကြောင့် ရှုအောင်းကို ခန့်မှန်းရန် ခက်ခဲသော်လည်း ယခုအချိန်တွင် လှုပ်ရှားနေသောလူက ရှုအောင်း မဟုတ်ပေ။
အမှန်ပင်ဖြစ်သည်။
လှုပ်ရှားနေသောလူက ချီကျူးကျန်း ဖြစ်သည်။
သူက လျင်မြန်စွာ လှုပ်ရှားနေပြီး သားရဲများ၏အစိတ်အပိုင်းဖြင့် ပြုလုပ်ထားသော ရုပ်သေးရုပ်သည် ပြီးပြည့်စုံလုနီးပါး ဖြစ်နေသည်။
တစ်ဖက်တွင် ကျန်းရှန်မင်နှင့် ရှုအောင်းကလည်း စတင်လိုက်ကြသည်။
ကျန်းရှန်မင်က ချီကျူးကျန်း၏နည်းလမ်းနှင့် ဆင်တူပြီး သားရဲများကို သတ်ဖြတ်၍ လက်နက်သန့်စင်သည်။
သူက စိတ်ပျံ့နေပုံရပြီး အမှားတချို့ကို ပြုလုပ်ခဲ့သည်။ ယခင်စမ်းသပ်ပွဲကြောင့် ထိတ်လန့်နေခြင်း ဖြစ်လိမ့်မည်။
သို့သော် သူ့ကို မည်သူမှ မရယ်ကြပေ။
ခန်းဆောင်၏ အပြင်ဘက်တွင်ရှိသော လူများကလည်း အမှတ်ပြည့်ရခဲ့သောလူကြောင့် တုန်လှုပ်နေဆဲ ဖြစ်သည်။
ကျန်းရှန်မင်နှင့် တစ်ပြိုင်နက် လှုပ်ရှားခဲ့သော ရှုအောင်းက မတူညီပေ။
သူက အဆင့်ခုနစ်သားရဲများကိုသာ သတ်ဖြတ်ခဲ့သည်။
ပန်းပဲပညာရှင်တစ်ယောက်အနေဖြင့် အဆင့်ခုနစ်သားရဲကို သတ်ဖြတ်နိုင်ခြင်းသည် အထင်ကြီးစရာကောင်းသည်။
“တခြားနှစ်ယောက်က အံ့အားသင့်စရာကောင်းတာတွေ လုပ်ပြမှာလား”
ခန်းဆောင်၏အပြင်ဘက်တွင် လူအများအပြားက တောင်တန်းတွင်ရှိသော ဟန်မူယဲ့နှင့် အဝေးတစ်နေရာတွင်ရှိသော ချူကျန်ကျားကို ကြည့်နေကြသည်။
“သူတို့က လှုပ်ရှားနေပြီ”
အလင်းလွှာတွင် ပုံရိပ်တစ်ခုက သားရဲတစ်ကောင်ဆီသို့ ပြေးဝင်သွားသည်။ ဝိညာဉ်အလင်းသည် သားရဲကို လွှမ်းခြုံလိုက်သည်။
သားရဲက ဟိန်းဟောက်လိုက်ပြီး မျက်လုံးထဲတွင်ရှိသော အလင်းရောင်က ပျောက်ကွယ်သွားသည်။ ထို့နောက် တစ်ဖက်သို့လှည့်ပြီး ဘေးတွင်ရှိသော သားရဲကို တိုက်ခိုက်လိုက်သည်။
ထိုသို့ဖြင့် သားရဲများက တစ်ကောင်ပြီးတစ်ကောင် ထိန်းချုပ်ခံလိုက်ရသည်။
ထိုလူက ရိုးရှင်းသော လှုပ်ရှားမှုဖြင့် သားရဲများကို ရုပ်သေးရုပ်အဖြစ် ပေါင်းစပ်သည်။
အသွေးအသားများရှိနေသော ရုပ်သေးရုပ် ဖြစ်သည်။
ထိုနည်းလမ်းမျိုးကို မကြားဖူးပေ။
“အထင်ကြီးစရာပဲ”
“ထူးဆန်းလိုက်တဲ့နည်းလမ်းပဲ”
လူအများအပြားက ရေရွတ်လိုက်ကြသည်။
ပင်မအကြီးအကဲ သုံးယောက်ကပင် အံ့အားသင့်သွားပုံရသည်။
“အဲဒါက ပေါင်းစပ်ရုပ်သေးရုပ်နည်းလမ်းမျိုး မဟုတ်လား”
ပင်မအကြီးအကဲ ကျင်းဝူက တစ်ဖက်သို့လှည့်ပြီး ဘေးတွင်ရှိသော လူနှစ်ယောက်ကို ကြည့်သည်။
ဆရာဟန်၏ ပေါင်းစပ်ရုပ်သေးရုပ် နည်းလမ်းကို အစည်းအရုံးတွင် မူပိုင်ခွင့်တင်ထားသည်။ ထို့အပြင် စကြဝဠာနယ်မြေ၏ ကျွမ်းကျင်သူများက စိတ်ဝင်စားနေပြီး ဝေမျှရန် တားမြစ်ထားသည်။
ယခုအချိန်တွင် သားရဲရုပ်သေးရုပ်သည် ပေါင်းစပ်ရုပ်သေးရုပ်နှင့် ဆင်တူနေသည်။
ထိုသို့ဆိုလျှင် ဆရာဟန်ဖြစ်သည်ဟု ယူဆနိုင်သည်။
ယခုအချိန်တွင် အသွေးအသားရုပ်သေးရုပ်က တခြားသားရဲများကို သတ်ဖြတ်နေပြီး အမှတ်ယူနိုင်သည့်အပြင် စွမ်းအားလည်း ပိုတိုးလာသည်။
“အရင်စမ်းသပ်မှုမှာ အမှတ်ပြည့်ရသွားတာ သူပဲဖြစ်လိမ့်မယ်။ သူ့ရဲ့ ရုပ်သေးရုပ်က အရမ်းသန်မာတယ်။ အမှတ်တစ်သန်း ရနိုင်တယ်”
လူတစ်ယောက်က တိုက်ခိုက်နေသော ရုပ်သေးရုပ်ကို ကြည့်ပြီး ပြောသည်။
လူတိုင်း၏ မျက်လုံးများက မျှော်လင့်ချက်ဖြင့် တောက်ပနေသည်။ ဤစမ်းသပ်ပွဲတွင် အမှတ်တစ်သန်းတန် လုပ်ဆောင်ချက်ကို မြင်ရတော့မည်။
ထိုအချိန်တွင် တွင်းတူနေသော ဟန်မူယဲ့ကို လူတိုင်းက အလိုလျောက် လျစ်လျုရှုလိုက်ကြသည်။
‘သူက တွင်းတူးနေတာလား။ အမှတ်သုည ရချင်လို့လား’
ဟန်မူယဲ့၏ရှေ့တွင် ပေဆယ်ချီမြင့်မားသော တူးထုတ်ထားသည့် မြေကြီးကို မြင်နိုင်သည်။
တွင်းထဲတွင် အနက်ရောင်ကျောက်တုံးများ ရှိနေသည်။
သာမန်အရည်အသွေးနှင့် မိုင်းတွင်းတစ်ခု ဖြစ်သည်။
ဟန်မူယဲ့က လက်ကို ဆန့်ထုတ်လိုက်ပြီး မီးတောက်ကို အသက်သွင်း၍ မိုင်းတွင်းကို လွှမ်းခြုံသည်။
သူက သန့်စင်ထားသော သတ္တုများကို ရလိုက်သည်။
ထို့နောက် တခြားနေရာများတွင် ဆက်ရှာနေပြီး တစ်နာရီခွဲအကြာတွင် ဒါဇင်ချီသော အမျိုးအစားမတူသည့် ဝိညာဉ်သတ္တုများကို ရလာခဲ့သည်။
ထိုအချိန်တွင် အသန်မာဆုံးနှင့် အမြန်ဆုံးဖြစ်သော ချူကျန်ကျားက အဆင့်ကိုးသားရဲ နှစ်ကောင်နှင့် အဆင့်ရှစ်သားရဲ သုံးကောင်ကို သတ်ဖြတ်ထားခဲ့သည်။
တခြားလူများကလည်း အနည်းဆုံး အမှတ်တစ်သောင်းကို စုဆောင်းမိနေသည်။
သူတို့က သားရဲများကို သတ်ဖြတ်ပြီး အရင်းအမြစ်များကိုလည်း ရထားသည်။
အသစ်ရရှိထားသော သားရဲများ၏အစိတ်အပိုင်းကို ဆက်တိုက်အသုံးပြုနေသောကြောင့် သူတို့၏ ရုပ်သေးရုပ်များက ပိုမိုသန်မာလာကြသည်။
ယခုအချိန်တွင် ချူကျန်ကျားနှင့် ရှုအောင်းတို့၏ ရုပ်သေးရုပ်များက အချိန်ယူရသော်လည်း အဆင့်ကိုးသားရဲကို သတ်ဖြတ်နိုင်သည်။