အခန်း (၁၃၃၄)
Vol. 96 Ch. 1334
စိတ်လှုပ်ရှားနေသော ချီမိသားစုဝင်များက ရှေ့တက်လာကြသည်။
သခင်လေးချီ၏ အောင်မြင်မှုနှင့်ဆိုလျှင် ချီမိသားစုက တိုးတက်ရန် ကံပါလာသည်။
“အမှတ်ပြည့်ရတာ သခင်လေးလား”
ချီမိသားစု၏ အဖြူရောင်မုတ်ဆိတ်နှင့် လူအိုကြီးက တုန်ခါနေသောလေသံဖြင့် မေးလိုက်သည်။
ရင်ပြင်က ချက်ချင်း တိတ်ဆိတ်သွားသည်။
လူတိုင်းက ချီကျူးကျန်းကို ကြည့်နေကြသည်။
ချီကျူးကျန်းက ခေါင်းမော့လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။ ထို့နောက် စိတ်ပျက်နေသော မျက်နှာထားဖြင့် ခေါင်းခါသည်။
သူမဟုတ်ပေ။
ချီမိသားစု၏ အကြီးအကဲက အနည်းငယ် စိတ်ပျက်သွားသော်လည်း ပြုံးလိုက်ပြီး ပြောသည်။
“ကိစ္စမရှိပါဘူး။ ကိစ္စမရှိပါဘူး။ သခင်လေးရဲ့ လုပ်ဆောင်ချက်က အရမ်းကောင်းနေပြီပဲ”
အမှန်ပင်ဖြစ်သည်။ သူက ဒုတိယဆိုလျှင် နတ်ဘုရားအဆင့် ပန်းပဲပညာရှင်ဖြစ်လာရန် သေချာနေသည်။
ထိုအရာသည် ချီမိသားစုအတွက် အဆုံးမရှိသော အခွင့်အရေး ဖြစ်သည်။
ချီကျူးကျန်းက ခေါင်းခါလိုက်သောအခါ လူတိုင်းက ကျန်းရှန်မင်ကို လှည့်ကြည့်ကြသည်။
‘သူက အမှတ်ပြည့်ရထားတဲ့ ပါရမီရှင်လား’
လောယန်နှင့် တခြားလူများက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကြသည်။
ကျန်းရှန်မင်က လူတိုင်း၏အကြည့်ကြောင့် တစ်ကိုယ်လုံး တုန်ခါသွားသည်။ သူက ညင်သာစွာ သက်ပြင်းချလိုက်ပြီး ခေါင်းခါသည်။
“အားလုံးပဲ အဲဒီသုံးယောက်က နတ်ဘုရားအဆင့်စမ်းသပ်မှုကို ဖြေဆိုဖို့ ချက်ချင်းထွက်သွားကြတယ်”
ကျန်းရှန်မင်က ချီကျူးကျန်းကို တစ်ချက်ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။
“သူတို့က တံဆိပ်ပြားယူဖို့ အခွင့်အရေးကို လက်လျော့လိုက်တဲ့အတွက် ကျွန်တော်နဲ့ ညီအစ်ကိုချီက သူတော်စင်အဆင့် တံဆိပ်ပြားကို တိုက်ရိုက်ရလာတာပဲ”
ရင်ပြင်တွင်ရှိသော လူတိုင်းက မျက်လုံးပြူးသွားကြသည်။
‘သူတော်စင်အဆင့် စမ်းသပ်မှုကို အခုလေးတင် ကျော်ဖြတ်ထားတဲ့ လူသုံးယောက်က နတ်ဘုရားအဆင့် စမ်းသပ်မှုအတွက် ချက်ချင်း ထွက်သွားကြတာလား’
‘အဲဒီလိုပါရမီရှင်တွေ တကယ်ရှိနေတာလား’
“အစစ်အမှန်ပါရမီရှင်တွေက အရူးတွေပဲ”
“သူတို့သုံးယောက်လုံးက နတ်ဘုရားအဆင့် စမ်းသပ်မှုကို ဖြေဆိုတော့မှာလား။ သူတို့က အရမ်းယုံကြည်ချက်ရှိနေတာလား”
“ငါက ရှုအောင်းကိုတော့ သိပါတယ်။ ဒါပေမဲ့ ကျန်တဲ့နှစ်ယောက်က ဘယ်သူတွေလဲ”
“အမှတ်ပြည့်ရသွားတာကရော ဘယ်သူလဲ”
မရေမတွက်နိုင်သော မေးခွန်းများ ရှိနေသည်။
သို့သော် မည်သူမှ အဖြေမပေးနိုင်ကြပေ။
နတ်ဘုရားအဆင့် စမ်းသပ်မှုကို ပိတ်ဆို့ထားသည်။ အပြင်လူများက မစုံစမ်းနိုင်ပေ။
ပင်မအကြီးအကဲများကပင် မကြည့်နိုင်ကြပေ။
ရှေ့တွင်ရှိနေသော ပင်မအကြီးအကဲသုံးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ရယ်မောလျက် ထွက်သွားကြသည်။
လောယန်နှင့် တခြားလူများက စိတ်ရှုပ်ထွေးနေကြသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခါးသီးစွာ ပြုံးကြသည်။
ခန်းဆောင်၏အပြင်ဘက်တွင်ရှိသော ပွဲကြည့်ပရိသတ်များက ထွက်သွားရန် တွန့်ဆုတ်နေသော်လည်း မည်သည့်အရာကိုမှ ဆက်မကြည့်နိုင်သောကြောင့် စိတ်ပျက်စွာ လူစုခွဲလိုက်ကြသည်။
နတ်ဘုရားအဆင့် စမ်းသပ်မှုသည် ဝမ်ကျင်းမြို့တွင် မဟုတ်ပေ။ လေဟာနယ်တွင် ဖြစ်သည်။
အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ ခန်းဆောင်ထဲမှ ပြန်ထွက်လာမည်မဟုတ်ပေ။
ယနေ့စမ်းသပ်ပွဲသည် ဝမ်ကျင်းမြို့တွင် နေရာလပ်မကျန်အောင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
တစ်နေ့တွင် အမှတ်ပြည့်ရထားသော ပါရမီရှင်၏နာမည်ကို သိရလိမ့်မည်။
သို့သော် အစည်းအရုံး၏အပေါ်တွင် မူတည်နေသေးသည်။
ခန်းဆောင်၏ရှေ့တွင် ဝူကျောက်က အချိန်ခဏကြာသည်အထိ ရပ်နေခဲ့သည်။ ထို့နောက် ရယ်မောလိုက်ပြီး လျင်မြန်စွာ ထွက်သွားသည်။
သခင်လေးဟန်က သူ့ကို အခကြေးငွေ မပေးရသေးပေ။
ထိုအရာကို ကံကြမ္မာဆက်နွယ်မှုအဖြစ် သတ်မှတ်နိုင်သည်။
သခင်လေးဟန် ပြန်လာလျှင် သူ့အတွက် စိတ်ကူးမယဉ်နိုင်သော အကျိုးအမြတ်များကို ပေးအပ်လိမ့်မည်။
သူက နတ်ဘုရားအဆင့် စမ်းသပ်မှုသို့ တိုက်ရိုက် ဝင်ရောက်သွားသော ပါရမီရှင်တစ်ယောက် ဖြစ်သည်။
အမှတ်ပြည့်ရထားသောလူက သခင်လေးဟန် မဟုတ်လျှင်ပင် ရှားပါးသော ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေသေးသည်။
လေဟာနယ်တွင် ဖြစ်သည်။
ကျောက်တုံးကျောက်ခဲများ၊ အပျက်အစီးများဖြင့် ပြည့်နှက်နေသည်။
ဟန်မူယဲ့၏ရှေ့တွင်ရှိသော ရှုအောင်းနှင့် ချူကျန်ကျားက ဦးညွတ်လိုက်ကြသည်။
“ဆရာဟန်ရဲ့ ဆုကြေးငွေကြောင့်သာမဟုတ်ရင် ကျွန်တော်က ဒီနေရာမှာ မရှိနိုင်ပါဘူး”
ရှုအောင်းက လေးစားစွာ ပြောသည်။
သူတော်စင်အဆင့် စမ်းသပ်ပွဲ ပြီးဆုံးသွားသောအခါ သူက အနည်းငယ် လမ်းပျောက်နေခဲ့သည်။
သို့သော် ထိုအချိန်တွင် ချူကျန်ကျားက ဟန်မူယဲ့၏ နာမည်ကို တိုက်ရိုက် ခေါ်ထုတ်ခဲ့သည်။
ထို့ကြောင့် ရှုအောင်းက စိတ်သက်သာသွားသည်။
ဆရာဟန်ကသာ သူတော်စင်အဆင့် စမ်းသပ်မှုကို အမှတ်ပြည့်ဖြင့် ကျော်ဖြတ်နိုင်လိမ့်မည်။
ထို့နောက် ဟန်မူယဲ့က သူတို့ကို နတ်ဘုရားအဆင့် စမ်းသပ်မှုအတွက် ဖိတ်ခေါ်ခဲ့သည်။ သူတို့က တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်ကြသည်။
အောင်မြင်မှု၊ ကျရှုံးမှုသည် အရေးမပါပေ။ အဓိကအချက်သည် ဆရာဟန်ကို အဖော်ပြုပေးရန်အတွက် ဖြစ်သည်။
ဟန်မူယဲ့က လက်ဝါးဖြန့်လိုက်ပြီး ရွှေရောင်သန်းနေသော ချပ်ဝတ်အပိုင်းအစကို ဖော်ပြသည်။
စွမ်းအင်စီးကြောင်းများသည် ချပ်ဝတ်အပိုင်းအစတွင် စုစည်းလာပြီး ပုံရိပ်ယောင်ကို ဖော်ထုတ်သည်။
“ဒီအပျက်အစီးနယ်မြေက ရှေးခေတ်အမွေအနှစ်တစ်ခုပဲ။ ပန်းပဲပညာရှင်တွေအတွက် တော်ဝင်နယ်မြေ ဖြစ်ခဲ့တယ်”
“ရှေးခေတ်ပန်းပဲပညာရပ်နဲ့ ပတ်သတ်ပြီး မရေမတွက်နိုင်တဲ့ ပုံရိပ်ယောင်တွေက ဒီနေရာမှာ ပေါ်လာကြလိမ့်မယ်”
“ပုံရိပ်ယောင်ထဲမှာ ထူးချွန်အောင်ဆောင်ရွက်ပြီး နတ်ဘုရားအဆင့် ပန်းပဲပညာရှင်ဖြစ်လာအောင် ပြုလုပ်ရမယ်”
“အမွေအနှစ်နဲ့ ပတ်သတ်တဲ့ မှတ်ဉာဏ်တွေကတော့ စမ်းသပ်မှုခံယူတဲ့လူတွေဆီမှ ကျန်ရစ်နေမယ်။ တခြားမှတ်ဉာဏ်တွေကတော့ ပျောက်ဆုံးသွားလိမ့်မယ်”
ပုံရိပ်ယောင်များကို ကျော်ဖြတ်နိုင်လျှင် စမ်းသပ်မှုကို အောင်မြင်ပြီး အမွေအနှစ်ကို ရရှိလိမ့်မည်။ သို့သော် တခြားမှတ်ဉာဏ်များကတော့ ပျောက်ကွယ်သွားမည်။
နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များသည် ထူးခြားသောစွမ်းရည်ကို ပိုင်ဆိုင်ထားသော်လည်း စမ်းသပ်မှုနှင့်ပတ်သတ်ပြီး မမှတ်မိသောကြောင့် အံ့အားသင့်နေရန် မလိုတော့ပေ။
ဤစမ်းသပ်မှုသည် အမှန်တကယ်ပင် ထူးခြားသည်။
“ဒီလိုဆိုရင် ဒီစမ်းသပ်မှုရဲ့ အရေးအကြီးဆုံးအချက်က ပန်းပဲပညာရဲ့ ပါရမီလား”
ရှုအောင်းက အနည်းငယ် နားမလည်နိုင်ဖြစ်နေသည်။
အဆင့်နိမ့်စမ်းသပ်မှုများတွင် ပါရမီကို အဓိကထားလျှင် နားလည်ပေးနိုင်သည်။
သို့သော် ပန်းပဲပညာရှင်များအားလုံးအတွက် အဆင့်အမြင့်ဆုံးဖြစ်သော နတ်ဘုရားအဆင့် စမ်းသပ်မှုတွင် ပါရမီကို အကဲဖြတ်ခြင်းက အနည်းငယ် ထူးဆန်းနေသည်။
“ရှေးခေတ်အမွေအနှစ်တွေက အရမ်းလေးနက်ပြီး ပျောက်ကွယ်လုနီးပါး ဖြစ်နေတယ်”
“နတ်ဘုရားအဆင့် ပန်းပဲပညာရှင်တွေကပဲ အဲဒီအမွေအနှစ်တွေကို နားလည်နိုင်လိမ့်မယ်”
ချူကျန်ကျား၏ မျက်လုံးများက တောက်ပနေပြီး တီးတိုးပြောလိုက်သည်။
ကြယ်စင်စုစကြဝဠာတွင် သူတို့က ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကိုပင် မသန့်စင်နိုင်ကြပေ။ စကြဝဠာအဆင့်ဆိုလျှင် ပိုဝေးနေသည်။
ရှေးခေတ်တွင် ပန်းပဲပညာရှင်များက ထိုရုပ်သေးရုပ်များကို ဖန်တီးခဲ့ကြသည်။
လက်ရှိအချိန်တွင် ပန်းပဲပညာလမ်းစဉ်က အလွန်ကျဆင်းနေသည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး ရှူအောင်းနှင့် ချူကျန်ကျားကို ကြည့်သည်။
“ဒီစမ်းသပ်မှုက မခက်ပါဘူး”
“ပုံရိပ်ယောင်ထဲမှာ ပန်းပဲပညာဂိုဏ်းကို ဝင်ရောက်ရမယ်။ ပြီးတော့ အပြင်စည်းတပည့်တွေထဲမှာ လက်ရွေးစင်ဖြစ်လာနိုင်ရင် အောင်မြင်လိမ့်မယ်”
ဟန်မူယဲ့က နတ်ဘုရားအဆင့် စမ်းသပ်မှု၏ အချက်အလက်များကို သိနိုင်သည်။
သူ၏ အဆင့်အတန်းနှင့် ခွန်အားအရ ကြယ်စင်စုစကြဝဠာ၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်များကို ရရှိနိုင်သည်။
“အပြင်စည်းတပည့်လား”
“အဲဒီလောက်တောင် ရိုးရှင်းတာလား”
ရှုအောင်းက ဟန်မူယဲ့ကို ကြည့်လိုက်သည်။
ရှေးခေတ်၏ ဂိုဏ်းကြီးများဖြစ်နေလျှင်ပင် ရှုအောင်းက အပြင်စည်းတပည့်ဖြစ်လာရန် ယုံကြည်ချက်ရှိသည်။
ချူကျန်ကျားက တိတ်ဆိတ်နေသော်လည်း ရှုအောင်း၏ မျက်နှာထားနှင့် ဆင်တူသည်။
သူတို့က ပါရမီရှင်များ ဖြစ်ကြသည်။
အပြင်စည်းတပည့်သာမက အတွင်းစည်းတပည့်ဖြစ်ရန်ပင် ယုံကြည်ချက်ရှိသည်။
“အပြင်စည်းတပည့်ဖြစ်ဖို့ မခက်ဘူး”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
သူက ရှုအောင်းတို့ကို တည်ငြိမ်စွာကြည့်သည်။
“ဒါပေမဲ့ ငါတို့ရဲ့ပန်းတိုင်က အပြင်စည်းတပည့်တင် မဟုတ်ဘူး”
“ပုံရိပ်ယောင်ထဲမှာ အဆင့်အတန်းမြင့်လေ အကျိုးအမြတ်များလေပဲ”
ဟန်မူယဲ့၏စကားကြောင့် သူတို့နှစ်ယောက်၏ မျက်လုံးများက တောက်ပသွားကြသည်။
ထိုသို့ဆိုလျှင် သူတို့က စိတ်ဝင်စားသည်။
“ပြီးတော့ ဂိုဏ်းရဲ့ ပြိုင်ပွဲတွေမှာ အသာစီးရလေ အားသာချက်ရှိလေပဲ”
ဟန်မူယဲ့က ဆက်ပြောသည်။
‘အဲဒီလိုလား’
ရှုအောင်းနှင့် ချူကျန်ကျားက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
‘ပြိုင်ရမှာပေါ့’
သူတို့၏မျက်နှာထားကို မြင်ရသောအခါတွင် ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး လက်ထဲတွင်ရှိသော ကျောက်စိမ်းပြားကို ချေမွသည်။
“ဘုန်း”
အဆုံးမရှိသော အလင်းစီးကြောင်းများသည် သူတို့ကို လွှမ်းခြုံလိုက်ပြီး ပျောက်ကွယ်သွားသည်။
ဟန်မူယဲ့က အဆုံးမရှိသော တောင်တန်းတစ်ခုတွင် ပြန်ပေါ်လာသည်။
တောင်တန်းက တိမ်တိုက်များထဲသို့ တိုးဝင်သွားသည်။ အပြာရောင်ကျောက်တုံးများသည် အဆုံးမရှိသော အင်မော်တယ်အလင်းကို ထုတ်လွှတ်နေသည်။
မီးပြင်းဖိုများကိုလည်း မြင်ရသည်။
သူ၏ ကျင့်ကြံဆင့်နှင့် ရတနာများအားလုံးက ပျောက်ကွယ်သွားသည်။ ပုန်းကွယ်နေသော ရွှေကျီးကန်းနှင့် တခြားနတ်ဘုရားသားရဲများလည်း မရှိတော့ပေ။
ပုံရိပ်ယောင်က နည်းလမ်းတချို့ကို အသုံးပြုပြီး သူတစ်ယောက်တည်းကိုသာ ခွင့်ပြုပေးသည်။
ယခုအချိန်တွင် သူက ကျင့်ကြံဆင့်မရှိသော၊ ခွန်အားမရှိသော၊ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ မရောက်သေးသော လူတစ်ယောက် ဖြစ်နေသည်။
“ငါတို့ လျန်ထျန်းဂိုဏ်းကို ဝင်ရောက်ဖို့ဆိုရင် စမ်းသပ်မှုသုံးခုကို ကျော်ဖြတ်ရမယ်။ စမ်းသပ်မှုမှာ အဓိကအားဖြင့် ပါရမီနဲ့ ပန်းပဲပညာစွမ်းရည်ကို စမ်းသပ်တယ်”
“လျန်ထျန်းဂိုဏ်းနဲ့ သွမ်ထျန်းဂိုဏ်းကို လောကရဲ့ ပန်းပဲပညာအရင်းအမြစ်လို့ သိကြတယ်။ အဲဒီဂိုဏ်းနှစ်ဂိုဏ်းက မရေမတွက်နိုင်တဲ့ စကြဝဠာတွေကြားမှာ ပန်းပဲပညာတာအိုရဲ့ အရင်းအမြစ်ပဲ”
“ငါတို့ လျန်ထျန်းဂိုဏ်းက အစစ်အမှန်ပါရမီရှင်တွေကိုပဲ လက်ခံတယ်”
အသံတစ်သံ ပေါ်ထွက်လာသည်။ ထို့နောက် မရေမတွက်နိုင်သော ပုံရိပ်များသည် ရှေ့တွင်ရှိသော ရင်ပြင်ဆီသို့ ပြေးဝင်လာကြသည်။
ရင်ပြင်ထက်တွင် အစိမ်းရောင်ဝတ်စုံနှင့် လူငယ်တပည့်များက စမ်းသပ်မှုတွင် ပါဝင်မည့် လူသစ်များကို ညွှန်ပြပေးနေကြသည်။
ဟန်မူယဲ့၏ ရှေ့နှင့်နောက်တွင် လူအများအပြား ရှိနေသည်။
အနည်းဆုံး လူသုံးသောင်းသည် ဤစမ်းသပ်ပွဲတွင် ပါဝင်ခဲ့သည်။
“မီထိန်းချုပ်မှုက မလုံလောက်သေးဘူး။ နောက်တစ်ယောက်”
“ဝိညာဉ်သတ္တုကို အမျိုးအစားမခွဲနိုင်ဘူး။ နောက်တစ်ယောက်”
စင်မြင့်ထက်တွင် အသံများကို ကြားရသည်။
မီးထိန်းချုပ်ခြင်း ....
ဝိညာဉ်သတ္တုကို အမျိုးအစားခွဲခြင်း ....
လက်နက်သန့်စင်ခြင်း ....
အခြေခံလိုအပ်ချက်သုံးခု ဖြစ်သည်။
လျန်ထျန်းဂိုဏ်းသို့ ဝင်ရောက်ရန်အတွက် ထိုစမ်းသပ်မှုသုံးခုကို ကျော်ဖြတ်ရမည်။
ဟန်မူယဲ့က စင်မြင့်ပေါ်တွင် လွင့်မျောနေသော မီးတောက်များကို ကြည့်သည်။
တပည့်အသစ်များသည် မီးတောက်ဆယ်မျိုးကို ထိန်းချုပ်ရမည်။
ရှေ့တွင်ရှိသော ရာချီနေသည့်လူငယ်များတွင် လူအနည်းငယ်ကသာ မီးတောက်ဆယ်မျိုးကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။
“ဒါတွေအားလုံးက ကမ္ဘာဦးခေတ်ရဲ့ မီးတောက်တွေလား”
ဟန်မူယဲ့က စင်မြင့်၏အောက်ခြေသို့ ရောက်လာပြီး အံ့အားသင့်စွာ ကြည့်လိုက်သည်။
အလွန်ရှားပါးသော မီးတောက်များကို တပည့်အသစ်လက်ခံရာတွင် စမ်းသပ်မှုအတွက် အသုံးပြုနေသည်။
သူက စင်မြင့်ပေါ်သို့ တစ်လှမ်းချင်းစီ တက်သွားသည်။
ထိုအချိန်တွင် သူ့ခန္ဓာကိုယ်သည် အလင်းစက်ကွင်းကို ထုတ်လွှတ်လိုက်သည်။
အလင်းစက်ကွင်းက တုန်ခါနေပြီး စင်မြင့်ပေါ်တွင်ရှိသော မီးတောက်များက စတင်ပြောင်းလဲသွားသည်။
မီးတောက်များက အားပေးနေသကဲ့သို့ လှုပ်ခါနေကြသည်။
မီးတောက်တစ်ခုတည်း မဟုတ်ပေ။
စင်မြင့်ပေါ်တွင်ရှိနေသော မီးတောက်တစ်သောင်းလုံး ဖြစ်သည်။
အမျိုးမျိုးသော နတ်ဘုရားမီးတောက်များသည် ပြိုင်တူတုန်ခါနေကြသည်။
ထို့နောက် တခြားစင်မြင့်တွင်ရှိသော မီးတောက်များက ပျံသန်းလာသည်။
မီးတောက်များက ရင်ပြင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။