အခန်း (၁၃၃၆)
Vol. 96 Ch. 1336
‘သူက ဝိညာဉ်ပစ္စည်းတွေကို မရွေးခဲ့ဘူးလေ။ အကဲဖြတ်တာလည်း မရှိဘူး။ ဒီအတိုင်း အောင်သွားတာလား’
‘ဒါက ညစ်နေတာပဲ’
“ဖုံးကွယ်ထားတဲ့ ဇာတ်လမ်းတချို့ ရှိရမယ်။ သူက လျန်ထျန်းဂိုဏ်းမှာရှိတဲ့ ကျွမ်းကျင်သူကြီးတစ်ယောက်ရဲ့ တရားမဝင်သားပဲ ဖြစ်လိမ့်မယ်”
“အဲဒါကို ခန့်မှန်းနေစရာတောင် မလိုပါဘူး”
“သူက ဂိုဏ်းခေါင်းဆောင် သွမ်ထျန်ဖုန်းနဲ့ နတ်ဆိုးသူတော်စင်မရဲ့ သားလို့ ပြောကြတယ် ....”
ဟန်မူယဲ့က စင်မြင့်ထက်တွင် ရပ်နေသည်။
ရာချီသော သတ္တုများသည် စင်မြင့်ပေါ်တွင် ရှိနေကြသည်။
သတ္တုများအပြင် ပေတုံး၊ တူနှင့် မီးပြင်းဖိုလည်း ရှိနေသည်။
“တတိယစမ်းသပ်မှုက လက်နက်သန့်စင်ခြင်းပဲ”
“ရှေ့မှာရှိတဲ့ ဝိညာဉ်သတ္တုတွေကို အသုံးပြုပြီး ကိုယ်ပိုင်ကျွမ်းကျင်မှုကို ပြသဖို့ လက်နက်သန့်စင်ရမယ်”
“စင်မြင့်မှာ လျန်ထျန်းဂိုဏ်းရဲ့ အခြေခံအကျဆုံး ပန်းပဲနည်းလမ်းတွေကို ထည့်သွင်းထားတယ်”
ဟန်မူယဲ့က အသံတစ်သံကို ကြားလိုက်ရသည်။
နတ်ဘုရားအဆင့် စမ်းသပ်မှုတွင် အများစုသည် ဤအဆင့်၌ အဆုံးသတ်သွားကြသည်။
အခြေခံပန်းပဲနည်းစနစ်များကို နားလည်အောင်လုပ်ပြီး စမ်းသပ်မှုကို အဆုံးသတ်မည်။ ထို့နောက် နတ်ဘုရားအဆင့် ပန်းပဲပညာရှင် ဖြစ်လာလိမ့်မည်။
ဟန်မူယဲ့က စင်မြင့်ပေါ်တွင် လက်တင်ထားလိုက်သည်။ အမျိုးမျိုးသော ပန်းပဲနည်းစနစ်များသည် သူ့စိတ်ထဲတွင် ပေါ်လာကြသည်။
ထိုနည်းစနစ်များသည် ကိုယ်ပိုင်ထူးခြားချက်ကို ပိုင်ဆိုင်ထားကြသည်။
“မီးတောက်ငါးမျိုး စုစည်းခြင်းနည်းလမ်း”
“သုံးပါးသန့်စင်ခြင်းနည်းလမ်း”
ဟန်မူယဲ့က စိတ်ထဲတွင် မှတ်ဉာဏ်များကို မြင်လိုက်ရသည်။
အမျိုးမျိုးသော ပန်းပဲနည်းစနစ်များသည် တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားကြသည်။
“သူက ပန်းပဲနည်းစနစ်တွေကို ဘယ်လောက်များ မှတ်မိနိုင်မလဲ”
လျန်ထျန်းဂိုဏ်း၏ ကျွမ်းကျင်သူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်းရှစ်သန်းမှာ စုန့်ကျီယန်က ပန်းပဲနည်းစနစ် ၃၈၆ခုကို မှတ်မိခဲ့တယ်။ သူက လျန်ထျန်းဂိုဏ်းကို ပြန်လာဖို့အတွက် နှစ်ပေါင်းငါးသန်းကို ဖြတ်သန်းခဲ့တယ်”
“လွန်ခဲ့တဲ့ နှစ်ပေါင်း ဆယ့်ကိုးသန်းမှာ အကြီးအကဲချူယန်က ပန်းပဲနည်းနစ်စ ၈၃၁ခုကို နားလည်ခဲ့တယ်။ သူက လျန်ထျန်းဂိုဏ်းမှာ တိုက်ရိုက် နေထိုက်ခဲ့တယ်”
“ဒီတစ်ယောက်က ပန်းပဲနည်းစနစ်သုံးရာကို မှတ်မိနိုင်မလား”
ထောင်ချီသော ပန်းပဲနည်းစနစ်များသည် ဟန်မူယဲ့၏ စိတ်ထဲတွင် ပျောက်ကွယ်သွားကြသည်။
အဆုံးတွင် နောက်ဆုံးပန်းပဲနည်းစနစ်ကလည်း ပျောက်ကွယ်သွားခဲ့သည်။
သူက စင်မြင့်၏ မှတ်ဉာဏ်များအားလုံးကို မြင်ခဲ့ရသည်။
သို့သော် ပန်းပဲနည်းစနစ် တစ်ခုကိုပင် မမှတ်မိပေ။
သူက နားလည်ထားသော ပန်းပဲနည်းစနစ်များကိုပင် မေ့လျော့သွားခဲ့သည်။
သို့သော် ဟန်မူယဲ့က ဒေါသမထွက်ဘဲ ပြုံးလိုက်သည်။
သူက ကျယ်လောင်စွာရယ်ပြီး ဝိညာဉ်သတ္တုတစ်ခုကို ဆွဲယူသည်။
သူက ဝိညာဉ်သတ္တုကို မီးပြင်းဖိုထဲသို့ ပစ်ထည့်လိုက်ပြီး ပျော့ပြောင်းအောင် ပြုလုပ်၍ တူတစ်လက်ဖြင့် ဆက်တိုက် ထုနှက်နေသည်။
ဝိညာဉ်သတ္တုများသည် တစ်ခုပြီးတစ်ခု ပုံပေါ်လာကြသည်။ မီးပြင်းဖိုတွင် မီးတောက်များကို မြင်ရသည်။
တူများကို တစ်လက်ပြီးတစ်လက် အသုံးပြုနေသည်။
အောက်တွင်ရှိသေ လူတိုင်းက မျက်မှောင်ကြုတ်ထားကြသည်။
‘ဒါက ဘယ်လိုနည်းစနစ်မျိုးလဲ’
‘သူက နည်းစနစ်တွေကို သုံးနေတာမဟုတ်ဘူးလေ’
ဟန်မူယဲ့က ခွန်အားကို အသုံးပြု၍ ထုနှက်ပြီး ဝိညာဉ်သတ္တုများကို ပေါင်းစပ်နေရုံသာ ဖြစ်သည်။
‘ဒါက ဘာလဲ’
‘ဒီလိုလူမျိုးက လျန်ထျန်းဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်လာဖို့ အဆင့်မမီဘူး’
“သူက နည်းစနစ်တချို့ကိုတော့ သုံးသင့်ပါတယ်။ ဂိုဏ်းထဲမှာရှိတဲ့ အဖေကို အရှက်ရအောင် လုပ်နေတာလား”
အောက်တွင်ရှိသော လူတစ်ယောက်က ဟန်မယဲ့ကို ဆက်မကြည့်နိုင်တော့ဘဲ အံကြိတ်ထားပြီး ပြောလိုက်သည်။
‘အဆက်အသွယ်ကြောင့် ရောက်လာပြီး ဘယ်လိုပဲဖြစ်ဖြစ် အောင်သွားမယ်ဆိုရင်လည်း နည်းနည်းလောက်တော့ အားထုတ်သင့်ပါတယ်’
‘သူက လျန်ထျန်းဂိုဏ်းကို အရှက်ခွဲနေတာပဲ’
“ဒါက ပန်းပဲလမ်းစဉ်ရဲ့ အဆီအနှစ်ပဲ ....”
လေထုထဲတွင် ဆံပင်ဖြူနေသော လူအိုကြီးတစ်ယောက်က ဟန်မူယဲ့ကို အံ့အားသင့်စွာ ကြည့်သည်။
“ဝိညာဉ်သတ္တုတွေကို မူလပုံစံအဖြစ် ပြောင်းလဲလိုက်တယ်။ အရာအားလုံးမှာ ကိုယ်ပိုင်လမ်းစဉ်ရှိတယ်။ ဒါက ပန်းပဲပညာရပ်ရဲ့ အစစ်အမှန်လမ်းစဉ်ပဲ။ သူ .... သူက ဘယ်လိုလုပ်ပြီး နားလည်သွားတာလဲ ....”
ကျွမ်းကျင်သူများအားလုံးက တစ္ဆေတစ်ကောင်ကို မြင်ရသကဲ့သို့ ထိတ်လန့်နေပြီး ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။
ဟန်မူယဲ့၏ တူချက်အောက်တွင် အနက်ရောင်ဓားအိမ်တစ်ခု ဖြည်းဖြည်းချင်း ဖြစ်တည်လာသည်။
ထိုဓားအိမ်က အလွန်ရုပ်ဆိုးသည်။
ဓားအိမ်သည် အတူတကွ ပေါင်းစပ်ထားသော သတ္တုများသာဖြစ်ပြီး ကြမ်းတမ်းနေသည်။
ဟန်မူယဲ့က တူကို ချလိုက်ပြီး ဓားအိမ်ကို ဆုပ်ကိုင်သည်။
သူက ပျော်ရွှင်နေသည်။
ဓားအိမ်သည် သူ၏ သွေးနှင့် ဆက်သွယ်နေသည်။
“ငါတို့က အဲဒီကောင်လေးကို တပည့်အဖြစ် လက်ခံဖို့ အဆင့်မမီတော့ဘူး”
မုတ်ဆိတ်ဖြူနေသော လူအိုကြီးတစ်ယောက်က ခေါင်းခါလိုက်သည်။
တခြားလူများကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းခါသည်။
ရွှေအလင်းသည် စင်မြင့်ထက်တွင် ပေါ်လာပြီး ဟန်မူယဲ့ကို လွှမ်းခြုံသွားသည်။
ဟန်မူယဲ့က ခေါင်းမော့ကြည့်လိုက်ပြီး အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်ကို မြင်ရသည်။
ရွှေသရဖူတစ်ခုသည် ထိုလူအိုကြီး၏ ဦးခေါင်းထက်တွင် ရှိနေပြီး မျက်လုံးများက ငွေအလင်းဖြင့် တောက်ပနေသည်။
သူက ဟန်မူယဲ့၏ ခန္ဓာကိုယ်ကို ထွင်းဖောက်မြင်နေရပုံပေါ်သည်။
အတိတ်နှင့် အနာဂတ် ....
“ငါက လျန်ထျန်းဂိုဏ်းချုပ် သွမ်ထျန်ဖုန်းပဲ”
“ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ မင်းက ငါ့တပည့်လုပ်ပြီး အနာဂတ်မှာ အဓိကပန်းပဲပညာဂိုဏ်းကြီးတစ်ခုကို တာဝန်ယူဖို့ စိတ်ဝင်စားလား”
ဂိုဏ်းချုပ်၏တပည့် ....
အဓိကပန်းပဲပညာဂိုဏ်းကြီးတစ်ခုကို ဆက်ခံရမည်။
ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး လက်ထဲတွင်ရှိသော ဓားအိမ်ကို ငုံ့ကြည့်သည်။
သူက ပြုံးသည်။
“ကျွန်တော်က လျန်ထျန်းဂိုဏ်းကို စိတ်မဝင်စားပါဘူး”
“ဒါပေမဲ့ လျန်ထျန်းဂိုဏ်းရဲ့ ပန်းပဲနည်းစနစ်တွေကိုတော့ သိချင်တယ်”
လျန်ထျန်းဂိုဏ်း၏ ပန်းပဲနည်းစနစ် ......
လောကတွင် လျန်ထျန်းဂိုဏ်းသည် ပန်းပဲပညာလမ်းစဉ်၏ အရင်းအမြစ်တစ်ခု ဖြစ်သည်။
သွမ်ထျန်ဖုန်းက ရှေ့တွင်ရှိသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ကျေနပ်စွာ ရယ်သည်။
လျန်ထျန်းဂိုဏ်း၏ အင်အားနှင့် အရင်းအမြစ်သည် အသန်မာဆုံးမဟုတ်သော်လည်း ပန်းပဲပညာနှင့် ပတ်သတ်လျှင် ပြိုင်ဘက်ကင်းသည်။
သူ့ရှေ့တွင်ရှိသော ကလေးက လျန်ထျန်းဂိုဏ်း၏ နည်းစနစ်များကို သင်ယူရန်အတွက် တစ်သက်လုံး အချိန်ယူရလိမ့်မည်။
“ကောင်းပြီ။ ငါတို့ လျန်ထျန်းဂိုဏ်းမှာ နေပါ။ မင်းက ပန်းပဲနည်းစနစ်တွေအားလုံးကို လေ့လာလို့ရတယ်”
“လျန်ထျန်းဂိုဏ်းရဲ့ ပန်းပဲနည်းစနစ်တွေအကြောင်းကို မင်းသိရမှာပါ”
သွမ်ထျန်ဖုန်းက ယုံကြည်ချက်ရှိစွာပြောသည်။
‘နည်းစနစ်တွေအားလုံးကို လေ့လာခွင့်ပေးမှာလား’
‘ဒါက ဘယ်လိုဆက်ဆံမှုမျိုးလဲ’
ဂိုဏ်း၏ အပြင်စည်းတပည့်များသည် အခြေခံနည်းစနစ်များကိုသာ လေ့လာနိုင်သည်။
ထိုနည်းစနစ်များသည် အပြင်စည်းတပည့်များအတွက် နှစ်ထောင်ချီအချိန်ယူ၍ လေ့ကျင့်ရန် လုံလောက်သည်။
အတွင်းစည်းတပည့် သို့မဟုတ် လက်ရွေးစင်တပည့် ဖြစ်လာသော လူများသည် ပန်းပဲနည်းစနစ်ကို နက်ရှိုင်းစွာ နားလည်နိုင်အောင် နှစ်ထောင်ချီ၍ လေ့လာခဲ့ကြသည်။
သူတို့သည် အမျိုးမျိုးသော စမ်းသပ်မှုများကို ကျော်ဖြတ်၍ ကိုယ့်ကိုယ်ကိုယ် သက်သေပြခဲ့ကြသည်။ ဂိုဏ်း၏ အဆင့်မြင့်နည်းစနစ်များကို သင်ယူနိုင်ရန်အတွက် တာဝန်များကို လုပ်ဆောင်ခဲ့ကြသည်။
သို့သော် ယနေ့တွင် ဂိုဏ်းချုပ်က တပည့်အသစ်တစ်ယောက်အား နည်းစနစ်များအားလုံးကို လေ့လာခွင့်ပေးမည်ဟု ပြောနေသည်။
‘ဘယ်လိုပါရမီရှင်က ဒီလိုအခွင့်အရေးမျိုးနဲ့ ထိုက်တန်မှာလဲ’
အောက်တွင် စောင့်ဆိုင်းနေသော တပည့်များက နားမလည်နိုင်ကြပေ။
လျန်ထျန်းဂိုဏ်း၏ ကျင့်ကြံသူများက မျက်လုံးပြူးသွားကြသည်။
“ဟန်မူယဲ့က ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်”
ဟန်မူယဲ့က လျန်ထျန်းဂိုဏ်းချုပ် သွမ်ထျန်ဖုန်းကို ဦးညွတ်လိုက်သည်။
ဟန်မူယဲ့ ....
ထိုနာမည်သည် လျန်ထျန်ဂိုဏ်းတွင် တစ်ရက်အတွင်း ပျံ့နှံ့သွားခဲ့သည်။
လျန်ထျန်းဂိုဏ်းသာမဟုတ်ပေ။ တခြားဂိုဏ်းများကလည်း လျန်ထျန်းဂိုဏ်းတွင် ပေါ်ထွက်လာသော ပါရမီရှင်အကြောင်းကို သိသွားကြသည်။
“ဆရာဟန်က တကယ်သန်မာတာပဲ .....”
သွမ်ထျန်းဂိုဏ်း၏ အပြင်ဘက်တွင်ရှိသော တပည့်သစ်များ၏နေရာတွင် အပြင်စည်းတပည့်ဝတ်စုံနှင့် ချူကျန်ကျားက ရေရွတ်လိုက်သည်။
သူ၏ ပါရမီအရ သွမ်ထျန်းဂိုဏ်း၏ အတွင်းစည်းတပည့် သို့မဟုတ် လက်ရွေးစင်တပည့် ဖြစ်လာမည်ဟု ထင်ထားခဲ့သည်။
သို့သော် ပါရမီရှင်များသည် ဤနေရာအတွင် အလွန်ပေါများနေသည်။
ထူးခြားသော မီးတောက်နှင့်အတူ မွေးဖွားလာသော လူများ၊ ဝိညာဉ်သတ္တုကို အာရုံခံနိုင်သော လူများ၊ နောက်ခံတောင့်တင်းသော လူငယ်ပါရမီရှင်များ ....
သူဂုဏ်ယူရသော ကိုယ်ပိုင်ပါရမီသည် ဤနေရာတွင် သေးငယ်မသွားသော်လည်း ထူးခြားနေခြင်း မရှိပေ။
သို့သော် သူတို့နှင့်အတူ စမ်းသပ်မှုခံယူနေသော ဆရာဟန်က လျန်ထျန်းဂိုဏ်း၏ ထူးခြားသော လက်ရွေးစင်တစ်ယောက် ဖြစ်သွားခဲ့သည်။
လျန်ထျန်းဂိုဏ်း၏ အပြုအမူအရ ဆရာဟန်၏ ပန်းပဲပညာပါရမီသည် လောကတွင် အလွန်ရှားပါးပုံရသည်။
သူက တခြားလူများကို လွှမ်းမိုးထားနိုင်သည်။
နတ်ဘုရားရင်းမြစ်တာအိုဂိုဏ်း၏ ပူလောင်နေသော မီးပြင်းဖိုများရှေ့တွင် ရှုအောင်းက ရှုပ်ထွေးသောမျက်နှာထားဖြင့် မီးထိုးပေးနေသည်။
သူ့ဘေးတွင်ရှိသော လူများက နှစ်တစ်သန်းတွင် တစ်ယောက်သာပေါ်ထွက်လာသော ပါရမီရှင်ဟန်မူယဲ့အကြောင်းကို ပြောနေကြသည်။
သူတို့အားလုံးက နတ်ဘုရားရင်းမြစ်တာအိုဂိုဏ်း၏ အစေခံတပည့်များ ဖြစ်ကြသည်။
သူတို့က အပြင်စည်းတပည့်များထက် တစ်ဆင့်နိမ့်ပြီး နတ်ဘုရားရင်းမြစ်တာအိုဂိုဏ်းကို မှီခို၍ အသက်မွေးဝမ်းကြောင်းပြုရသည်။
သူတို့အတွက် လုံလောက်သော အခွင့်အရေးများ မရှိပေ။ ကိုယ်တိုင် ကြိုးစားအားထုတ်၍ ကျင့်ကြံရုံသာ တတ်နိုင်ကြသည်။
လက်ရွေးစင်တပည့်တစ်ယောက်ဖြစ်သော ဟန်မူယဲ့နှင့် မယှဉ်သာပေ။
“ဆရာဟန်”
ရှုအောင်း၏ မျက်လုံးများက တောက်ပနေသည်။
“ကျွန်တော်က နတ်ဘုရားရင်းမြစ်တာအိုဂိုဏ်းရဲ့ လက်ရွေးစင်တပည့်တစ်ယောက် ဖြစ်လာရမယ်”
“တစ်နေ့ကျရင် ကျွန်တော်တို့ ပြန်တွေ့မှာပါ”
လျန်ထျန်းဂိုဏ်းက ဟန်မူယဲ့ကို အလွန်ကောင်းမွန်စွာဆက်ဆံသည်ဟု ပြောနိုင်သည်။
သူလေ့ကျင့်ရန်အတွက် တောင်တန်းတစ်ခုကို သီးသန့် ပေးအပ်ထားသည်။
စာကြည့်တိုက်နှစ်ခုနှင့် မီးပြင်းဖိုတစ်ခုသည် တောင်ပေါ်တွင် ရှိနေကြသည်။
ထို့အပြင် မီးထိန်းတပည့် သုံးရာနှင့် လက်နက်သန့်စင်ခြင်းတပည့် သုံးရာလည်း ရှိနေသည်။
သူတို့အားလုံးက ဟန်မူယဲ့ကို သီးသန့် ခစားရသည်။
ဟန်မူယဲ့က သူတို့၏ လုပ်အားခ၊ အရင်းအမြစ်နှင့် အနာဂတ်ကို ထိန်းချုပ်ထားသည်။
ထိုသို့ အရင်းအမြစ်များကို ထောက်ပံ့သောကြောင့် လျန်ထျန်းဂိုဏ်းက အံ့ဖွယ်ကိုးပါးတောင်ဟု အမည်သစ်ပေးထားသော ထိုနေရာကို အာရုံစိုက်နေကြသည်။
အံ့ဖွယ်ကိုးပါးတောင်၏ တောင်ထွတ် ....
ဟန်မူယဲ့၏ အိပ်မက်များသည် ထိုနေရာတွင် စတင်လာသည်။
သူက စာအုပ်များနှင့် ပြည့်နေသော ကိုးထပ်စံအိမ်ထဲသို့ ဝင်သွားသည်။
ထိုစာအုပ်များသည် ပန်းပဲပညာရပ်နှင့် သက်ဆိုင်သော ဂန္တဝင်ကျမ်းစာများ ဖြစ်ကြသည်။
ပန်းပဲနည်းစနစ်၊ လက်နက်သန့်စင်ခြင်းနှင့် ပတ်သတ်သော လျှို့ဝှက်ချက်၊ မှတ်စု၊ လမ်းညွှန် ....
ထိုကျမ်းစာတိုက်သည် လျန်ထျန်းဂိုဏ်းမှ မရေမတွက်နိုင်သော ဘိုးဘေးများ၏ ကြိုးစားအားထုတ်မှု ဖြစ်သည်။ လျန်ထျန်းဂိုဏ်း၏ အစစ်အမှန်အမွေအနှစ်လည်း ဖြစ်သည်။
ထိုစာအုပ်များသည် သိုလှောင်ရုံတွင် အပုံလိုက်ရှိနေသော ဝိညာဉ်သတ္တုများထက် အဆပေါင်းများစွာ ပိုသာသည်။