← Chapters

အခန်း (၁၃၃၇)

Vol. 96 Ch. 1337

အခန်း (၁၃၃၇)

Vol. 96 Ch. 1337

ဟန်မူယဲ့က မျက်စိကျသွားသော အဝါ‌ရောင်စာအုပ်တစ်အုပ်ကို ကောက်ယူလိုက်သည်။

“ငါ တုကျန်ဟွားက ပန်းပဲပညာရပ်ကို နှစ်ပေါင်းသုံးသန်း ရှစ်သိန်းနဲ့ တစ်သောင်းငါးထောင်ကြာအောင် လေ့လာခဲ့တယ်။ လျန်ထျန်းဂိုဏ်းရဲ့ အနာဂတ်တပည့်တွေအတွက် ငါ့ရဲ့ ဉာဏ်အလင်းတွေကို ချန်ထားခဲ့တယ်”

“ငါက လက်နက်နဲ့ဝိညာဉ်ကို တစ်သားတည်းဖြစ်အောင် ပြုလုပ်တဲ့နေရာမှာ အလေးပေးထားတယ်။ တစ်ချိန်က မဟာဝိညာဉ်တောင်တန်းမှာ ကောင်းကင်ပုံရိပ်ဓားကို မီးတောက်နဲ့ နှစ်ပေါင်းသုံးထောင်ကြာအောင် သန့်စင်ခဲ့တယ်။ ဓားကို ထုတ်လိုက်တဲ့အချိန်မှာ မိုင်တစ်‌သောင်းပတ်ဝန်းကျင်က ဓားပုံရိပ်တွေနဲ့ ပြည့်သွားခဲ့တယ်”

‘အထင်ကြီးစရာပဲ’

ဟန်မူယဲ့က စာအုပ်ကို နေရာတွင် ပြန်ထားလိုက်သည်။

သူက ဓားတစ်လက်ကို သန့်စင်ရန်အတွက် နှစ်ပေါင်းသုံးထောင် အချိန်မပေးချင်ပေ။

ထို့အပြင် ထိုနည်းစနစ်က စကြဝဠာအဆင့်လက်နက်များကို ပျိုးထောင်ပေးသော နည်းလမ်းမျိုးဖြစ်ကြောင်း အကြည့်တစ်ချက်နှင့် နားလည်လိုက်သည်။

ကျယ်ပြန့်သော ကောင်းကင်နှင့်မြေကြီးကို အသုံးပြု၍ လက်နက်ကို ပျိုးထောင်ပေးကြသည်။

ဟန်မူယဲ့က စာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် လှန်ကြည့်လိုက်ပြီး နစ်မျောနေသည်။

သူက ကိုးထပ်စာကြည့်တိုက်တွင် ရုပ်ဆိုးသော ဓားအိမ်တစ်လက်ကို လွယ်ထားပြီး အပြင်ဘက်သို့ ခြေတစ်လှမ်းမထွက်ခဲ့ပေ။

ဆယ်နှစ် ကြာသွားခဲ့သည်။

ထိုဆယ်နှစ်တွင် ပါရမီရှင်များ ပေါ်ထွက်လာကြသည်။

တချို့က သွေးမျိုးဆက်သန့်စင်ခြင်းနည်းလမ်းကို နားလည်ကြသည်။ တချို့ကိုတော့ အကြီးအကဲများက တပည့်အဖြစ် ချက်ချင်းလက်ခံလိုက်ကြသည်။

တချို့က တခြားလူများထက် သာလွန်သော သိမ်မွေ့သည့် ပန်းပဲနည်းစနစ်များကို သင်ယူနိုင်ခဲ့ကြသည်။

အံ့ဖွယ်ကိုးပါးတောင်တွင် ရှိနေသော ပါရမီရှင်ကိုလည်း လူတိုင်းက မှတ်မိနေကြသည်။

သူက စာကြည့်တိုက်ထဲတွင် ဆယ်နှစ်ကြာအောင် ရှိနေခဲ့သည်။

သို့သော် သူ့ကို မည်သူမှ သံသယမဝင်ကြပေ။

ဂိုဏ်းချုပ်က သူ့ကို တန်ဖိုးထားပြီး အမျိုးမျိုးသော အရင်းအမြစ်များကို ကိုယ်တိုင် ထောက်ပံ့ပေးခဲ့သည်။

ထို့အပြင် စာကြည့်တိုက်ထဲတွင် ဆယ်နှစ်ကြာအောင် နေနိုင်သောလူသည် သာမန်မဟုတ်ပေ။

နောက်ထပ် ဆယ်နှစ်အကြာတွင် သွမ်ထျန်းဂိုဏ်းမှ ချူကျန်ကျားဟူသော တပည့်တစ်ယောက် ပေါ်ထွက်လာသည်။ သူက ပင်ကိုယ်ပါရမီ၊ ကြိုးစားအားထုတ်မှုတို့ဖြင့် တခြားလူများကို ကျော်ဖြတ်ခဲ့သည်။

လျန်ထျန်းဂိုဏ်း၏ တပည့်အများအပြားသည် ရှုပ်ထွေးသော နည်းစနစ်များကြောင့် နာမည်ကြီးလာကြသည်။

သို့သော် ဟန်မူယဲ့၏နာမည်ကို မည်သူမှ မကျော်ဖြတ်နိုင်ကြပေ။

သူက စာကြည့်တိုက်ထဲတွင် နေထိုင်ပြီး အံ့ဖွယ်ကိုးပါးတောင်မှ ဆင်းမလာသော်လည်း နာမည်ကြီးနေဆဲဖြစ်သည်။

ကျင့်ကြံခြင်းလောက၏ မရေမတွက်နိုင်သောလူများသည် အံ့ဖွယ်ကိုးပါးတောင်၏ လက်ရွေးစင်တပည့်ကို စိတ်ဝင်စားနေကြသည်။

သူက နှစ်ပေါင်းနှစ်ဆယ်ကြာအောင် စာအုပ်များကိုသာ လေ့လာနေသော်လည်း တခြားလူများထက် နာမည်ကြီးနေသည်။

‘သူက ဘယ်လိုပါရမီရှင်မျိုးလဲ’

ဟန်မူယဲ့ကို စုံစမ်းရန်အတွက် နှစ်ပေါင်းနှစ်ဆယ်အတွင်း အလောင်းတစ်ရာကျော်သည် အံ့ဖွယ်ကိုးပါးတောင်ခြေတွင် ပေါ်လာခဲ့သည်။

လျန်ထျန်းဂိုဏ်းသည် ဟန်မူယဲ့ကို ကာကွယ်ရန်အတွက် အထူးဝင်္ကပါတစ်ခု တည်ဆောက်ပြီး အကြီးအကဲဆယ့်နှစ်ယောက်ကို တာဝန်ပေးထားခဲ့သည်။

“သွမ်ထျန်ဖုန်းက ရူးသွားပြီလား”

“လျန်ထျန်းဂိုဏ်းမှာ အစွမ်းကုန်ကာကွယ်ပေးနေရတဲ့ ပါရမီရှင်တစ်ယောက် ရှိမယ်လို့ မယုံဘူး။ သွမ်ထျန်ဖုန်းက တစ်ခုခု ကြံစည်နေတာပဲဖြစ်လိမ့်မယ်”

“မဟာဝင်္ကပါတစ်ခုကို တည်ဆောက်ပြီး အကြီးအကဲဆယ့်နှစ်ယောက်ကိုတောင် တာဝန်ပေးလိုက်သေးတယ်။ ဒါက အရမ်းလွန်မနေဘူးလား”

မရေမတွက်နိုင်သော ခန့်မှန်းချက်များ ပေါ်ထွက်လာသည်။

သို့သော် လျန်ထျန်းဂိုဏ်းဖြစ်စေ၊ အံ့ဖွယ်ကိုးပါးတောင်ဖြစ်စေ တည်ငြိမ်နေသည်။

လူတိုင်းက စောင့်ဆိုင်းနေကြသည်။

သူတို့က တောင်ပေါ်မှဆင်းလာမည့် ပါရမီရှင်ကို မျှော်လင့်နေကြသည်။

‘သူက ကောင်းကင်ကို တစ်ခါတည်းရောက်သွားမလား ဒါမှမဟုတ် ဟာသတစ်ခု ဖြစ်လာမလား ကြည့်ရအောင်’

နှစ်ပေါင်းသုံးဆယ် ....

နတ်ဘုရားရင်းမြစ်တာအိုဂိုဏ်းတွင် နှစ်ပေါင်းသုံးဆယ်ကြာအောင် မီးထိုးနေသော အစေခံတပည့် ရှုအောင်းက အောင်မြင်မှုကို ရရှိခဲ့သည်။

သူက မီးထိန်းချုပ်နိုင်စွမ်းဖြင့် တပည့်များကို စိန်ခေါ်ပြီး အပြင်စည်းမှ အတွင်းစည်းအထိ တပည့်တစ်ရာကို ဆက်တိုက်အနိုင်ယူခဲ့သည်။ ထို့နောက် အကြီးအကဲတစ်ယောက်က သူ့ကို တပည့်အဖြစ် လက်ခံခဲ့သည်။

သွမ်ထျန်းဂိုဏ်း၏ ချူကျန်ကျားသည် မျိုးဆက်သစ်များကြားတွင် နံပတ်တစ်တပည့် ဖြစ်လာသည်။ သူ၏ ပန်းပဲပညာစွမ်းရည်က ပိုမိုနက်ရှိုင်းလာသည်။

သွမ်ထျန်းဂိုဏ်း၏ ကြေညာချက်အရ ချူကျန်ကျားသည် နှစ်တစ်သိန်းအတွင်း ပါရမီအရှိဆုံး တပည့်တစ်ယောက် ဖြစ်သည်။

ထိုသို့ဖြင့် ပိုမိုများပြားသော ပါရမီရှင်များ ပေါ်ထွက်လာကြသည်။ သို့သော် လျန်ထျန်းဂိုဏ်းတွင် ထူးဆန်းသောစကားများကို ကြားနေရသည်။

လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်တွင် အံ့ဖွယ်ကိုးပါးတောင်၏ ဟန်မူယဲ့မှလွဲ၍ ဂုဏ်သတင်းအရာတွင် လျန်ထျန်းဂိုဏ်း၏ မျိုးဆက်သစ်တပည့်များက တခြားဂိုဏ်း၏ တပည့်များနှင့် မယှဉ်နိုင်ကြပေ။ ယခုအချိန်တွင် နှစ်ပေါင်းသုံးဆယ် ကြာမြင့်သွားသော်လည်း ဟန်မူယဲ့က တောင်ပေါ်မှ ဆင်းမလာသေးပေ။

“ဟန်မူယဲ့က လှည့်စားမှုတစ်ခုများ ဖြစ်နေမလား”

“ဖြစ်နိုင်တယ်။ သွမ်ထျန်ဖုန်းက အမြဲတမ်း ဉာဏ်များတယ်”

“ဟမ့်၊ သူ့မှာ စွမ်းရည်ရှိရင် နောက်ထပ် နှစ်တစ်ရာလောက် ပုန်းနေလို့ရတယ်”

ဘက်ပေါင်းစုံမှ စကားသံများသည် နောက်ဆုံးတွင် သွမ်ထျန်ဖုန်းဆီသို့ ရောက်လာကြသည်။

သွမ်ထျန်ဖုန်းက ရှေ့တွင်ရှိသော ကျောက်စိမ်းပေလွှာများကို ကြည့်လိုက်ပြီး ခါးသီးစွာပြုံးသည်။

“ကြည့်ရတာ လူတိုင်းက မစောင့်နိုင်ကြတော့ဘူးထင်တယ်”

ထိုသို့ဖြင့် သူက အဝေးတစ်နေရာတွင်ရှိသော အံ့ဖွယ်ကိုးပါးတောင်ကို ကြည့်သည်။

“ဟန်မူယဲ့ကို အပြင်ထွက်ခိုင်းလိုက်တာပေါ့”

သုံးရက်အကြာတွင် စာအုပ်ဖတ်နေသော ဟန်မူယဲ့က လက်ထဲတွင်ရှိသော စာအုပ်ကို ဖြည်းဖြည်းချင်း ပိတ်လိုက်သည်။

အလင်းစီးကြောင်းတစ်ခုသည် သူ့မျက်လုံးထဲတွင် ပျောက်ကွယ်သွားသည်။

“မဟာတာအိုဖြစ်တည်လာဖို့အတွက် လက်နက်တစ်ထောင်ကို သန့်စင်ရမယ်”

“လျန်ထျန်းဂိုဏ်း ....”

“လောကရဲ့ ပန်းပဲပညာရင်းမြစ်တစ်ခု ဖြစ်နေတာ မထူးဆန်းတော့ပါဘူး”

သူက မတ်တပ်ရပ်လိုက်ပြီး လက်မြှောက်၍ နောက်ကျောတွင်ရှိသော အရုပ်ဆိုးသည့် ဓားအိမ်ကို လှမ်းယူသည်။

ယခုအချိန်တွင် ဓားအိမ်သည် ဝိညာဉ်အလင်းဖြင့် တောက်ပသွားပြီး အသိစိတ်ကို ဖော်ပြသည်။

ထိုဓားအိမ်သည် ဝိညာဉ်သတ္တုအမျိုးမျိုးကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။

ရုပ်ဆိုးသည်မှလွဲ၍ ထူးခြားချက်မရှိပေ။

သို့သော် ယခုအချိန်တွင် ဓားအိမ်က အသိစိတ်တချို့ကို ထုတ်လွှတ်လိုက်သည်။

သူက ဓားအိမ်ကို ပွတ်သပ်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ စာကြည့်တိုက်ထဲမှ ထွက်လာသည်။

“ဂိုဏ်းတူအစ်ကိုဟန်က သီးသန့်လေ့ကျင့်တာကနေ ထွက်လာပြီ”

‌ထိုသတင်းသည် နေ့တစ်ဝက်အတွင်း လျန်ထျန်းဂိုဏ်းတွင် ပျံ့နှံ့သွားသည်။

ဂိုဏ်း၏ မရေမတွက်နိုင်သော တပည့်များသည် အံ့ဖွယ်ကိုးပါးတောင်သို့ အပြေးရောက်လာကြသည်။ သို့သော် ဟန်မူယဲ့က ရုပ်ဆိုးသောဓားအိမ်ကို သယ်ထားပြီး ဂိုဏ်းမှ ထွက်သွားပြီဖြစ်သည်။

‘သွားပြီလား’

‘သူက ချက်ချင်းထွက်ပြေးသွားတာလား’

‘ကြောက်နေတာလား’

လျန်ထျန်းဂိုဏ်း၏ အဓိကခန်းဆောင်တွင် ပေတစ်ရာကြီးမားသော အလင်းလွှာတစ်ခု ရှိသည်။ ထိုအလင်းလွှာတွင် ဟန်မူယဲ့၏ ပုံရိပ်ကို မြင်နေရသည်။

“သူက ကြိုးကြာတောင်ပံဓားဂိုဏ်းကို သွားနေတာပဲ”

“ပန်းပဲပညာလမ်းစဉ်က မလုံလောက်ဘူးလို့ ထင်နေတာလား။ ဓားလမ်းစဉ်ကိုရော လေ့ကျင့်ချင်တာလား”

“ဂိုဏ်းချုပ်၊ သူ့ကို မတားတော့ဘူးလား”

“ဂိုဏ်းချုပ်၊ သူက ဓားတာအိုကို လေ့ကျင့်နေရင် ကျွန်တော်တို့ လျန်ထျန်းဂိုဏ်းက ဟာသဖြစ်သွားလိမ့်မယ်”

ခန်းဆောင်ထဲတွင် ဆူညံသံများ ပေါ်ထွက်လာသည်။

လူအများက ‌ဒေါသထွက်နေကြသည်။

ဟန်မူယဲ့က လျန်ထျန်းဂိုဏ်းအပေါ်တွင် ကျေးဇူးမသိတတ်ပေ။

ထိပ်ဆုံးတွင်ထိုင်နေ‌သော သွမ်ထျန်ဖုန်း၏ မျက်လုံးများက လေးနက်သောအလင်းရောင်ဖြင့် တောက်ပနေသည်။

သူက ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာပြောသည်။

“စောင့်ကြည့်ကြတာပေါ့”

အရုပ်ဆိုးသောဓားအိမ်ကို သယ်ထားသော ဟန်မူယဲ့က လျင်မြန်စွာ လျှောက်သွားသည်။

ဓားအလင်းတစ်ခု ပေါ်ထွက်လာပြီး သူ့ကို ခုတ်ချသည်။

“အပြင်လူတွေက ကြိုးကြာတောင်ပံဓားဂိုဏ်းကို ဝင်ရောက်ခွင့်မရှိဘူး”

ကျယ်‌လောင်သောအသံ ပေါ်ထွက်လာသည်။

ဟန်မူယဲ့က ကျဆင်းလာသော ဓားအလင်းကို ခေါင်းမော့ကြည့်သည်။

သူက လက်မြှောက်ပြီး ဓားအိမ်ကို ပစ်လွှတ်သည်။

အနက်ရောင်မီးသွေးတုံးနှင့်တူသော ဓားအိမ်က ဓားအလင်းကို ရိုက်ချလိုက်သည်။

“ခလွမ်”

ဓားအိမ်က ဓားရှည်ကို ဝါးမြိုလိုက်သည်။

တိုက်ခိုက်လိုက်သောလူက မျက်နှာထားပြောင်းလဲသွားပြီး လက်ထဲတွင်ရှိသော ဓားရှည်ကို ကြည့်သည်။

မဟုတ်သေးပေ။ ယခုအချိန်တွင် ရုပ်ဆိုးသောဓားအိမ် ဖြစ်နေသည်။

‘ရုပ်ဆိုးလိုက်တာ’

“ဟမ့်”

ထိုလူက ခပ်အုပ်အုပ်အသံပေးလိုက်ပြီး ဓားတွင် ကပ်တွယ်နေသော ဓားအိမ်ကို ခါချသည်။

သို့သော် သူ့မျက်နှာထားက ပြောင်းလဲသွားသည်။ ဓားအိမ်ကို ခါမချနိုင်ခဲ့ပေ။

‘ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’

သူက လက်ကို ဆန့်ထုတ်ပြီး ဓားအိမ်ကို ဆွဲယူသည်။

“ဝီ”

ဓားရှည်က ထွက်မလာခဲ့ပေ။

‘ဘာဖြစ်နေတာလဲ’

သူတင်မဟုတ်ပေ။ အလင်းလွှာမှတစ်ဆင့် စောင့်ကြည့်နေသော လျန်ထျန်းဂိုဏ်း၏ ပန်းပဲပညာရှင်များကလည်း နားမလည်နိုင်ဖြစ်နေကြသည်။

ထိပ်ဆုံးတွင်ထိုင်နေသော သွမ်ထျန်ဖုန်းက ဓားအိမ်ကို ကြည့်လိုက်ပြီး ခပ်ဟဟရယ်သည်။

“စိတ်ဝင်စားစရာပဲ”

ဓားရှည်ကိုင်ထားသောလူက အံကြိတ်လိုက်ပြီး ချီစွမ်းအင်ကို ဓားထဲသို့ ထည့်သွင်းသည်။ ထို့နောက် ရိုက်ချသည်။

“ဘုန်း”

ဓားအိမ်က ကျောက်ဆောင်တစ်ခုကို အက်ကွဲသွားစေခဲ့သည်။

ထိုမြင်ကွင်းကြောင့် ဓားကိုင်ထားသောလူ၏ မျက်နှာထားက ထူးဆန်းသွားသည်။

“ဒီရုပ်ဆိုးတဲ့ဓားအိမ်က ဘာဖြစ်လို့ အရမ်းမာကျောနေတာလဲ”

လျန်ထျန်းဂိုဏ်း၏ ခန်းဆောင်တွင်ရှိသော လူတစ်ယောက်က မနေနိုင်တော့ဘဲ ရေရွတ်လိုက်သည်။

“ဟားဟား၊ ဓားအိမ်က မာကျောနေတာမဟုတ်ပါဘူး။ ဓားရှည်နဲ့ ပေါင်းစပ်နေတာပဲ”

“သူက ဓားအိမ်နဲ့ ခုတ်ချလိုက်ပေမဲ့ ဓားနဲ့ခုတ်ချလိုက်သလိုပဲ ဖြစ်နေတယ်”

ဓားသည် ဓားအိမ်နှင့် ပေါင်းစပ်နေသောကြောင့် ကျောက်ဆောင်ကို တစ်ချက်တည်း ဖျက်ဆီးနိုင်ခဲ့သည်။

ထို့အပြင် ဓားအိမ်သည် ခွန်အားတိုးပေးနိုင်‌သော စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။

ထိုစွမ်းရည်က ထူးချွန်သည်ဟု ပြောနိုင်သည်။

ဓားတစ်လက်၏ တိုက်ခိုက်နိုင်စွမ်းကို သုံးဆတိုးပေးနိုင်သည်။

ဓားကိုင်ထားသောလူက ဓားရှည်၏ပြောင်းလဲမှုကို ခံစားမိသည်။ သူက အရုပ်ဆိုးသောဓားအိမ်ကို ကြည့်လိုက်ပြီး လမ်းပျောက်နေသည်။

“ဝီ”

ထိုအချိန်တွင် ဓားအိမ်က တုန်ခါလာပြီး ဟန်မူယဲ့ဆီသို့ ပြန်ရောက်သွားသည်။

ယခုအချိန်တွင် ဓားရှည်က အစိမ်းရောင်ဓားအလင်းဖြင့် တောက်ပနေသည်။

“ဒီဓား ....”

ဓားကိုင်ထားသောလူက ဓားရှည်ကို ငေးမောစွာ ကြည့်လိုက်သည်။

“အဲဒီဓားက အရင်ထက် သုံးဆပိုကောင်းလာတယ်”

“ဒါက .... ဓားသွေးပေးတာလား”

အဓိကခန်းဆောင်တွင်ရှိသော လျန်ထျန်းဂိုဏ်း၏ ပန်းပဲပညာရှင်များက မျက်လုံးပြူးသွားကြသည်။

ဓားအိမ်ဖြင့် ဓားသွေးပေးခဲ့သည်။

“စိတ်ဝင်စားစရာပဲ”

သွမ်ထျန်ဖုန်းက ရေရွတ်သည်။

All Chapters