အခန်း (၁၃၃၈)
Vol. 96 Ch. 1338
ဓားကိုင်ထားသောလူက ကမောက်ကမဖြစ်နေသော မျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“တာအိုရောင်းရင်း၊ ကြိုးကြာတောင်ပံဓားဂိုဏ်းက ငါ့ကို မကြိုဆိုဘူးလား”
ဟန်မူယဲ့က လက်ထဲတွင် ဓားအိမ်ကိုင်ထားပြီး တီးတိုးပြောသည်။
‘ကြိုဆိုရမှာလား’
‘ကြိုဆိုမှာပေါ့’
‘ဓားသွေးနိုင်တဲ့လူက ဘယ်ဓားဂိုဏ်းက မောင်းထုတ်မှာလဲ’
“တာအိုရောင်းရင်း၊ ခဏလေးစောင့်ပေးပါ။ ဂိုဏ်းကို ချက်ချင်းအကြောင်းကြားလိုက်ပါမယ် ....”
ဓားကိုင်ထားသောလူက တစ်ဖက်သို့ လှည့်ကြည့်လိုက်ပြီး ကြောင်အသွားသည်။
သူ့နောက်တွင် မရေမတွက်နိုင်သော ဓားအလင်းများသည် ကြိုးကြာတစ်ကောင်အဖြစ် ဖွဲ့စည်းလိုက်ပြီး ပျံသန်းလာသည်။
“မြန်မြန်လေး၊ ဆရာသခင်ကို ငါတို့ဂိုဏ်းဆီ ဖိတ်ခေါ်လိုက်”
“ဆရာသခင်ကိုကြိုဆိုဖို့ ဂိုဏ်းချုပ်ကိုယ်တိုင် လာနေပြီ။ တန်းစီကြ”
“ကြိုဆိုပါတယ်။ ကြိုဆိုပါတယ် ....”
သုံးရက်အကြာတွင် ဟန်မူယဲ့က ကြိုးကြာတောင်ပံဓားဂိုဏ်းမှ ထွက်လာခဲ့သည်။
ယခုအချိန်တွင် သူ၏ အနက်ရောင်ဓားအိမ်က လေးနက်သော ဓားအလင်းကို သယ်ဆောင်ထားသည်။
ကြိုးကြာတောင်ပံဓားဂိုဏ်း၏ ကျင့်ကြံသူတိုင်းက ဂိတ်တံခါးတွင် တန်းစီနေပြီး သူ့ကို နှုတ်ဆက်လိုက်ကြသည်။
“ဆရာဟန်၊ နောက်တစ်ကြိမ် လာလည်ပါအုံး ....”
လျန်ထျန်းဂိုဏ်း၏ ခန်းဆောင်တွင် လူတိုင်းက တိတ်ဆိတ်နေသည်။
ဂိုဏ်းချုပ်သွမ်ထျန်ဖုန်း၏ မျက်နှာထားကပင် ထူးဆန်းနေသည်။
ဟန်မူယဲ့က လျန်ထျန်းဂိုဏ်း၏ ဘိုးဘေးများကိုပင် ကျော်လွန်သွားမည်ဟု သူက မှတ်ယူထားခဲ့သည်။ ဟန်မူယဲ့က ကိုယ်ပိုင်ဖြစ်တည်မှုဖြင့် ပန်းပဲပညာလောကတစ်ခုလုံးကို လွှမ်းမိုးနိုင်မည်။
ထို့ကြောင့် အံ့ဖွယ်ကိုးပါးတောင်တွင် တံခါးပိတ်ကျင့်ကြံနေသော ဟန်မူယဲ့ကို သွမ်ထျန်ဖုန်းက မစိုးရိမ်ခဲ့ပေ။
တခြားလူများက တွန်းအားပေးလျှင်ပင် သူက ဂရုမစိုက်ခဲ့ပေ။
ဟန်မူယဲ့၏ ပါရမီအရ ကိစ္စကြီးများကို ဆောင်ရွက်နိုင်မည်ဟု သူက ယုံကြည်ထားသည်။
ယခုအချိန်တွင် ဟန်မူယဲ့က သူ့ကို စိတ်မပျက်စေခဲ့ပေ။
ဟန်မူယဲ့၏ စွမ်းရည်ထုတ်ပြသောနည်းလမ်းက အနည်းငယ် ထူးဆန်းနေရုံသာဖြစ်သည်။
“သူက ဘယ်သွားနေတာလဲ”
ခန်းဆောင်ထဲတွင်ရှိသော လူတစ်ယောက်က တီးတိုးပြောသည်။
အလင်းလွှာတွင် ကြိုးကြာတောင်ပံဓားဂိုဏ်းမှ ထွက်လာပြီး တစ်နေရာသို့ ဦးတည်၍ လျင်မြန်စွာ ပျံသန်းသွားသော ဟန်မူယဲ့၏ပုံရိပ်ကို မြင်နိုင်သည်။
“အဲဒါက ယွင်မင်ဓားဂိုဏ်းမဟုတ်လား”
“သူက ဓားသွေးသူအဖြစ် ဆက်လုပ်မလို့လား”
လျန်ထျန်းဂိုဏ်းမှ အကြီးအကဲနှစ်ယောက်၏ မျက်နှာထားများက တင်းမာသွားသည်။
ပန်းပဲပညာလမ်းစဉ်သည် ဓားသွေးသောလုပ်ငန်းစဉ်ကို တားဆီးမထားပေ။
သို့သော် ပန်းပဲပညာရှင်များအတွက် အသေးအဖွဲကိစ္စများထက် လက်နက်သန့်စင်ခြင်းသည် ဂုဏ်သိက္ခာအရှိဆုံး ဖြစ်သည်။
ထုံးစံအတိုင်းဆိုလျှင် လက်နက်သန့်စင်ရန် လိုအပ်သော လူများက ဝိညာဉ်သတ္တုနှင့် တခြားအရာများကို ယူဆောင်ပြီး ပန်းပဲပညာရှင်ကို လာရှာကြသည်။
ပန်းပဲပညာရှင်များက ဂုဏ်သိက္ခာကို တန်ဖိုးထားကြသည်။
သူတို့က တခြားလူများကို တက်ကြွစွာ သွားရောက်ရှာဖွေရန် မလိုအပ်ပေ။
“လျန်ထျန်းဂိုဏ်းရဲ့ ဟန်မူယဲ့က ယွင်မင်ဓားဂိုဏ်းကို အလည်ရောက်လာပါတယ်”
မြင့်မားသောတောင်တန်းများကြားတွင် ဓားအလင်းကို မြင်ရသည်။
တောင်စောင်းတစ်လျှောက်တွင် ခမ်းနားသော စံအိမ်များ ရှိနေသည်။
“လျန်ထျန်းဂိုဏ်းရဲ့ တပည့်လား”
“ဟန်မူယဲ့ဆိုတဲ့နာမည်ကို ကြားဖူးနေသလိုပဲ”
တောင်ဂိတ်တံခါး၏ရှေ့တွင် ဓားလွယ်ထားသော လူငယ်နှစ်ယောက်က ရှုပ်ထွေးနေသော မျက်နှာထားဖြင့် ပြောလိုက်ကြသည်။
“အဲဒါက လျန်ထျန်းဂိုဏ်းမှာ နှစ်ပေါင်းသုံးဆယ်ကြာအောင် တံခါးပိတ်ကျင့်ကြံပြီး ပြန်ထွက်လာတဲ့အခါမှာ အသန်မာဆုံး ပန်းပဲပညာရှင်မျိုးဆက်သစ် ဖြစ်လာမယ်ဆိုတဲ့ ဟန်မူယဲ့လား”
အစိမ်းရောင်ဝတ်စုံနှင့် ဓားလွယ်ထားသော လူငယ်တစ်ယောက်က ဆင်းသက်လာပြီး ဟန်မူယဲ့ကို စပ်စပ်စုစု ကြည့်သည်။
“တာအိုရောင်းရင်းဟန်၊ သက်တော်စောင့်တစ်ယောက်လိုချင်လို့ ယွင်မင်ဓားဂိုဏ်းကို ရောက်လာတာလား”
သက်တော်စောင့် ....
ပန်းပဲပညာရှင်များသည် တိုက်ခိုက်နိုင်စွမ်းနည်းပါးသောကြောင့် ကျွမ်းကျင်သူများကို သက်တော်စောင့်အဖြစ် ခေါ်ယူလေ့ရှိကြသည်။
လူငယ်၏စကားကို ကြားရသောအခါတွင် ဟန်မူယဲ့က ခေါင်းခါသည်။
‘သက်တော်စောင့်ခေါ်ဖို့ မဟုတ်ဘူးလား’
လူငယ်က ဟန်မူယဲ့၏ နောက်ကျောတွင်ရှိသော ဓားအိမ်ကို ကြည့်လိုက်သည်။
‘ရုပ်ဆိုးလိုက်တာ’
‘နေပါအုံး’
သူက အတွေးပေါက်သွားသည်။
‘လျန်ထျန်းဂိုဏ်းရဲ့ လက်ရွေးစင်တစ်ယောက်က ရုပ်ဆိုးတဲ့ ဓားအိမ်ကို သယ်ထားတာ ထူးဆန်းမနေဘူးလား’
“ပန်းပဲပညာရှင်တွေက သန့်စင်ထားတဲ့ရတနာပစ္စည်းကို ပျိုးထောင်ပေးဖို့ ကံပါတဲ့လူဆီ ပေးအပ်လေ့ရှိတယ်လို့ ကြားဖူးတယ်”
လူငယ်က တောက်ပနေသော မျက်လုံးများဖြင့် ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ကျွန်တော်က ယွင်မင်ဓားဂိုဏ်းရဲ့ ကျူးရှုယွမ်ပါ။ ရတနာကို ကိုယ်စားပျိုးထောင်ပေးဖို့ ဆန္ဒရှိပါတယ်”
ပျိုးထောင်နိုင်သော ရတနာများသည် လောကတွင် ထိပ်တန်းအဆင့် ဖြစ်သည်။
ကျူးရှုယွမ်က ထိုရတနာမျိုးကို ရနိုင်လျှင် မည်မျှပင် ပေးဆပ်ရပါစေ ထိုက်တန်သည်။
ကျူးရှုယွမ်၏စကားကို ကြားရသောအခါတွင် ဂိတ်တံခါးကို စောင့်ကြပ်နေသော တပည့်နှစ်ယောက်၏ မျက်နှာထားက ရှုပ်ထွေးသွားသည်။
‘ငါတို့က ဘာဖြစ်လို့ အဲဒီလို မတွေးမိတာလဲ’
“မဟုတ်ဘူး။ ငါက ရတနာကို ပျိုးထောင်ဖို့ မလိုအပ်ဘူး”
ဟန်မူယဲ့က ခေါင်းခါလိုက်သည်။
ကျူးရှုယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။
“အဲဒါဆိုရင် လက်နက်သန့်စင်ချင်တာလား။ ငါက အသုံးဝင်မယ့် ဓားတစ်လက်ကို တကယ်လိုအပ်နေတယ်”
ဟန်မူယဲ့က သူ့ကို ကြည့်လိုက်ပြီး ကျောပေါ်တွင်ရှိသော ဓားကို ဆက်ကြည့်သည်။
“မင်းက ဓားအသစ်ကို မလိုသေးဘူး”
ထိုစကားကြောင့် ကျူးရှုယွမ်က ကြောင်အသွားသည်။
‘ဓားအသစ်လုပ်ဖို့ ဆုံးဖြတ်ရမှာက ငါမဟုတ်ဘူးလား’
‘ပြီးတော့ ငါက ဓားလိုအပ်တယ်လို့ပြောပြီး လက်နက်သန့်စင်ဖို့ အခွင့်အရေးပေးခဲ့တယ်လေ’
“ငါက အဆင့်တက်တော့မှာမလို့ ဓားအသစ်တစ်လက်ကို ကြိုတင်ပြီး သန့်စင်ထားချင်တယ် ....”
ဟန်မူယဲ့က အံ့ဖွယ်ကိုးပါးတောင်တွင် စာဖတ်များပြီး တုံးအသွားသည်ဟု ကျူးရှုယွမ်က ထင်လိုက်သည်။
သူက တိကျစွာ ပြောရလိမ့်မည်။
“မလိုအပ်ဘူး။ မင်းက အဆင့်တက်ဖို့ လိုသေးတယ်”
“မင်းရဲ့ အခြေခံအုတ်မြစ်က မတည်ငြိမ်ဘူး။ မင်းရဲ့ ဓားတာအိုကျင့်ကြံခြင်းက လိုအပ်နေသေးတယ်”
ဟန်မူယဲ့၏အသံ ပေါ်ထွက်လာသည်။
ကျူးရှုယွမ်၏ မျက်နှာထားက မည်းမှောင်သွားသည်။
‘ဘယ်သူက ဓားကျင့်ကြံသူတစ်ယောက်ရှေ့မှာ အခြေခံမကောင်းဘူးလို့ ပြောရဲတာလဲ’
‘ဒါက ယောင်္ကျားတစ်ယောက်ကို မစွမ်းဆောင်နိုင်ဘူးလို့ ပြောနေတာနဲ့ အတူတူပဲလေ’
“ဟန်မူယဲ့၊ မင်းက လျန်ထျန်းဂိုဏ်းကဖြစ်နေလို့ ငါလေးစား ....”
ကျူးရှုယွမ်၏ စကားမဆုံးခင် ဟန်မူယဲ့က ရုတ်တရက် ရှေ့တိုးလာသည်။
သွက်လက်သော လှုပ်ရှားမှုနှင့်အတူ ကျူးရှုယွမ်၏ဓားက ဟန်မူယဲ့၏လက်ထဲသို့ ရောက်သွားသည်။
“ခုနစ်ဆင့်သန့်စင်ပြီး ငါးဆင့်ပုံသွင်းတယ်။ ဝိညာဉ်ငါးပါးကိုလည်း ထည့်သွင်းထားတယ်။ မင်းက ဒီဓားနဲ့ မလိုက်ဖက်ဘူး”
သူက စကားပြောလိုက်ပြီး ဓားရှည်ကို နောက်ကျောတွင်ရှိသော ဓားအိမ်ထဲသို့ ထည့်သည်။
‘ငါ့ဓားက လုယူခံလိုက်ရတာလား’
‘ဓားကျင့်ကြံသူတစ်ယောက်က ဓားလုခံလိုက်ရတယ်’
ကျူးရှုယွမ်၏ မျက်နှာထားက ရှုပ်ထွေးနေသည်။
ဂိတ်တံခါးကို စောင့်ကြပ်နေသော တပည့်နှစ်ယောက်၏ မျက်နှာထားကလည်း ထူးဆန်းနေသည်။
အဝေးတစ်နေရာတွင် လျန်ထျန်းဂိုဏ်းမှတစ်ဆင့် စောင့်ကြည့်နေသော အကြီးအကဲများက သိချင်နေကြသည်။
“ဓားသိမ်းလိုက်တဲ့နည်းလမ်းက စိတ်ဝင်စားစရာပဲ”
“အဲဒီလှုပ်ရှားမှုက ပြတ်သားတယ်။ ဓားကျင့်ကြံသူတွေကတောင် သူ့ထက်ပိုကောင်းအောင် လုပ်နိုင်မှာမဟုတ်ဘူး”
ပန်းပဲပညာရှင်များက ပြုံးလိုက်ကြသည်။
မည်သို့ပင်ဖြစ်စေ ဟန်မူယဲ့က သူတို့ထဲမှတစ်ယောက် ဖြစ်သည်။
လျန်ထျန်းဂိုဏ်း၏ တပည့်တစ်ယောက်က ဓားကျင့်ကြံသူတစ်ယောက်၏ဓားကို သိမ်းယူနိုင်သောကြောင့် ရယ်စရာကောင်းနေသည်။
ပန်းပဲပညာရှင်များက ထိုအောင်မြင်မှုမျိုးကို နှစ်သက်ကြသည်။
“ငါ့ဓားကိုပြန်ပေး”
အလင်းလွှာတွင် ကျူးရှုယွမ်က ငေးမောနေရာမှ နိုးထလာပြီး ဟန်မူယဲ့ကို ဒေါသတကြီး ပြောသည်။
သူက လှုပ်ရှားလိုက်သောအချိန်တွင် ဓားရှည်က အသံတစ်ချက်နှင့်အတူ ပြန်ထွက်လာပြီး သူ့ကို ထိုးစိုက်လိုက်သည်။
ထိုဓားက အလွန်လျင်မြန်ပြီး သူမတုံ့ပြန်နိုင်ခင် ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။
ဓားရှည်က သူ့နှလုံးသားတွင် စိုက်ဝင်နေသည်။
“မင်းရဲ့ ကိုယ်ပိုင်ဓားကို ခံးစားနိုင်လား”
ဟန်မူယဲ့က ဓားကို လွှတ်လိုက်ပြီး ညင်သာစွာ ပြောသည်။
ဓားရှည်သည် နှလုံးသားတွင် စိုက်ဝင်နေပြီး သူ့ကို သေဆုံးသွားစေတော့မည်။
ကျူးရှုယွမ်က ဓားသွားကို ဆုပ်ကိုင်ရန် ကြိုးစားသည်။ သူက ရင်ဘတ်တွင် စိုက်ဝင်နေသော ဓားရှည်ကို ကြည့်လိုက်သည်။
သူက ထိုဓားကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင် သန့်ရှင်းပေးပြီး လေ့ကျင့်ရာတွင် အသုံးပြုခဲ့သည်။
သို့သော် ထိုဓားကို တစ်ခါမှ စိတ်အားထက်သန်စွာ မကြည့်ဖူးပေ။
သူက ဓားကို စိုက်ကြည့်နေပြီး ပထမဆုံးအကြိမ်အဖြစ် ဓားမှ ထွက်ပေါ်လာသော ခံစားချက်ကို အာရုံခံမိသည်။
“မင်း၊ မင်းက ငါတို့ ယွင်မင်ဓားဂိုဏ်းရဲ့ ဂိုဏ်းတူအစ်ကိုကို သတ်လိုက်တာပဲ”
“မင်းက သေချင်နေတာလား”
ဂိတ်စောင့်တပည့်နှစ်ယောက်က ဖြူဖျော့နေပြီး ဓားထုတ်၍ ဟန်မူယဲ့ဆီသို့ ခုန်ဝင်လာကြသည်။
သို့သော် သူတို့ မတိုက်ခိုက်နိုင်ခင် ဓားအလင်းတစ်ခုက သူတို့၏ ဓားများကို ဖယ်ရှားလိုက်သည်။
ပုံရိပ်အများအပြားသည် လျင်မြန်စွာ ဆင်းသက်လာခဲ့သည်။ ထိုလူများကြားတွင် အနက်ရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူကြီးက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ကျူးရှုယွမ်ကို ဆက်ကြည့်သည်။
“ရှုယွမ်၊ မင်းရဲ့ဓားကို ယုံပါ”
“မင်းက ကိုယ်ပိုင်ဓားရဲ့အသံကို နားထောင်ရမယ်”
“ဓားကျင့်ကြံသူတစ်ယောက်ရဲ့ဓားက သူတို့ရဲ့အသက်ပဲ။ မင်းက ကိုယ်ပိုင်အသက်နဲ့ ဓားကို ယုံကြည်ရမယ်”
သက်လတ်ပိုင်းအရွယ်လူက ပြောသည်။
လူတိုင်းက ကျူးရှုယွမ်ကို စိုက်ကြည့်နေကြသည်။
ထိုအချိန်တွင် ဖိနှိပ်ထားသော ဓားအလင်းသည် ကျူးရှုယွမ်၏ ခန္ဓာကိုယ်မှ ဖြည်းဖြည်းချင်း ထွက်လာသည်။
ထိုဓားအလင်းသည် လောကကို ဖျက်ဆီးနိုင်သည်။
“ဘုန်း”
အလင်းတန်းတစ်ခုသည် ကောင်းကင်အထိ ထိုးတက်သွားသည်။
ဓားအလင်း ဖြစ်သည်။
“လူနဲ့ဓားက တစ်သားတည်းဖြစ်သွားတယ်။ ဓားလမ်းစဉ်ကို အောင်မြင်ခဲ့ပြီ”
အနက်ရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူက ဓားအလင်းကို ကြည့်လိုက်ပြီး အံ့အားသင့်စွာ ပြောသည်။
လူနှင့်ဓားက ပေါင်းစပ်သွားပြီး ပေတစ်သိန်းမြင့်မားသော အလင်းတန်းကို ဖြစ်ပေါ်စေခဲ့သည်။
ဓားတစ်ချက်ဖြင့် လောကကို ထိုးခွဲခဲ့သည်။
ထို့နောက် ဓားအလင်းသည် ဖျတ်ခနဲလှုပ်ရှားလိုက်ပြီး ကျူးရှုယွမ်အဖြစ် ပြောင်းလဲ၍ ဟန်မူယဲ့၏ရှေ့သို့ ပြန်ရောက်လာသည်။
သူ့ရင်ဘတ်တွင် စိုက်ဝင်နေသောဓားက သူ့လက်ထဲတွင် ရှိနေသည်။
“ငါကဓား၊ ဓားက ငါပဲ။ ပြန်လည်မွေးဖွားခြင်းစက်ဝန်းမှာ ငါ့ရဲ့ ရည်ရွယ်ချက်ကို မေ့လျော့သွားခဲ့တယ် ....”
ကျူးရှုယွမ်က လက်ထဲတွင်ရှိသော ဓားကို ကြည့်လိုက်ပြီး သက်ပြင်းချ၍ တီးတိုးပြောသည်။
“ယွင်မင်ဓားဂိုဏ်းရဲ့ ဟူရှစ်ယွဲ့က ဘိုးဘေးကို ဂါရဝပြုပါတယ်”
“ယွင်မင်ဓားဂိုဏ်းရဲ့ ကျန်းချန်က ဆရာသခင်ကို အရိုအသေပေးပါတယ်”
ယွင်မင်ဓားဂိုဏ်း၏ ကျွမ်းကျင်သူများက တစ်ယောက်ပြီးတစ်ယောက် ဦးညွတ်လိုက်ကြသည်။
ဘိုးဘေး ....
“ကျူးရှုယွမ်၊ သူက ယွင်မင်ဓားဂိုဏ်းရဲ့ ကောင်းကင်ဓားကျူးပဲ”
“သူက ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး ယွင်မင်ဓားဂိုဏ်းကို ကာကွယ်စောင့်ရှောက်ခဲ့တယ်”
“သူက အသက်ရှင်နေတုန်းပဲ”
လျန်ထျန်းဂိုဏ်း၏ ခန်းဆောင်တွင် ပန်းပဲပညာရှင်များက တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ရပ်လိုက်ကြသည်။