← Chapters

သိုင်းနတ်ဘုရား’စောမင်ကျန့်’

Vol. 92 Ch. 1284

သိုင်းနတ်ဘုရား’စောမင်ကျန့်’

Vol. 92 Ch. 1284

အခန်း (၁၂၈၄) သိုင်းနတ်ဘုရား’စောမင်ကျန့်’

ကျန်းရှန်၏စကားကိုနားထောင်ပြီးနောက် ယန်ချဲ့ တိတ်ဆိတ်ငြိမ်သက်သွားသည်။

ခဏကြာမှ သူက မေးလိုက်သည်။

“သုခဘုံက ဘာမှမလှုပ်ရှားဘူးဆိုတာ ဖြစ်နိုင်ပါ့မလား”

အမတခုံရုံးနှင့် သုခဘုံတို့က အချင်းချင်း အပြင်းအထန်တိုက်ခိုက်နေကြသူများဖြစ်လေရာ တစ်ဖက်ဖက်က အားနည်းချက်တစ်စုံတစ်ရာ ထင်ရှားစွာပြသသည်နှင့် သေချာပေါက်အခွင့်အရေးယူပြီး အခြားတစ်ဖက်က တိုက်ခိုက်မည် ဖြစ်သည်။

“သူတို့ သေချာပေါက်လှုပ်ရှားမှာပါ...”

ကျန်းရှန်က ဆိုသည်။

“ဒါပေမဲ့ အမတခုံရုံးက မိစ္ဆာတွေက သုခဘုံကိုတားဆီးဖို့ အကူအညီရှာတွေ့ထားတဲ့ပုံပဲ”

ယန်ချဲ့က မေးခွန်းထုတ်လိုက်သည်။

“နတ်မိစ္ဆာမျိုးနွယ်တွေလား... ငရဲကိုးထပ်ကအကူအညီတော့ မဟုတ်နိုင်ဘူးမလား”

ကျန်းရှန်၏မျက်ဝန်းများ တည်ကြည်လေးနက်သွားပြီး...

“ပြောရခက်တယ် ၊ အခုချိန်ထိ တိကျတဲ့သတင်း ဘာမှမရသေးဘူး”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ တာအိုရောင်းရင်း’စော’ မွှေနှောက်လိုက်တာ အရမ်းပြင်းထန်လွန်းတယ် ၊ အမတခုံရုံးက သူ့ကို သေချာပေါက် ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး ၊ ငါတို့ အမြဲတမ်း ထိန်းသိမ်းဖို့ကြိုးစားနေတဲ့ ပျက်ဆီးကျိုးပဲ့လွယ်တဲ့ချိန်ခွင်လျှာကတော့ မကြာခင် လုံးဝပျက်ဆီးသွားတော့မယ် ထင်တယ်”

ယန်ချဲ့က...

“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် ကိုယ်တိုင်လှုပ်ရှားလာနိုင်သလား”

ကျန်းရှန်က ခေါင်းခါယမ်းရင်း...

“မဖြစ်နိုင်ဘူး... ဒါပေမဲ့ တောင်ပိုင်းချန်စန်းဧကရာဇ် ဒါမှမဟုတ် စန့်ချင်အဆက်အနွယ်ဘက်က ဝူတန့်မယ်တော် ထွက်ပေါ်လာမယ်ဆိုရင်တော့ သူလည်း ထွက်လာနိုင်ခြေရှိတယ်”

“ဒါဖြင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်ကရော...”

ယန်ချဲ့က မေးလိုက်သည်။

“တောင်ပိုင်းချန်စန်းဧကရာဇ်ထွက်မလာဘဲ မြောက်ပိုင်းကြယ်စင်ဧကရာဇ်ထွက်လာမယ်ဆိုရင် အခြေအနေကို ထိန်းနိုင်မှာ မဟုတ်လား ၊ ဒါဆိုရင် ငါတို့တာအိုစကြာဝဠာကို အမတခုံရုံး ဝင်ရောက်စွက်ဖက်မှာကို သူက တားဆီးပေးမှာပဲ ၊ ငါတို့ ဒီအတိုင်းဆက်ပြီး‌ နေနိုင်မယ်မဟုတ်လား”

ကျန်းရှန်၏မျက်နှာထက်တွင် စိတ်ပူပန်သည့်အမူအရာတစ်ခုပေါ်လာပြီး...

“မြောက်ပိုင်းကြယ်စင်ဧကရာဇ်ဆီကလည်း ဘာသတင်းစကားမှ မကြားရသေးဘူး ၊ ဒါပေမဲ့ အမတခုံရုံးက ထျန်းကျွင်း (၃)ပါးကတော့ ဒီကိုလာနေကြပြီ”

သူက ခေါင်းငုံ့ကာ သက်ပြင်းချရင်း...

“အရင်ကလည်း (၃)ယောက် ရှိသေးတယ်... ပြီးတော့ နောက်တစ်ယောက် ထပ်တိုးလာတယ် ၊ အဲဒီ အမတခုံရုံးက ထျန်းကျွင်း (၄)ပါးလုံး တာအိုရောင်းရင်း’စော’ လက်ချက်နဲ့ သေသွားကြပြီ”

“အမတခုံရုံးအနေနဲ့ အချိန်တိုအတွင်းမှာ ဒီလိုအပ်ချက်ကို ပြန်ဖြည့်ဆည်းနိုင်ဖို့ ခက်ခဲလိမ့်မယ်”

ယန်ချဲ့က ပြုံးရင်း...

“ကြည့်ရတာ... သူတို့က အဲဒီကွက်လပ်ကိုဖြည့်ဖို့ ကျွန်တော်တို့ကို အလင်းပြချင်နေတာများလား”

ကျန်းရှန်က ပြုံးရယ်ခြင်း မရှိပေ။

“တာအိုရောင်းရင်း’စော’ ကို ဝိုင်းတိုက်တဲ့ ကောင်းကင်ဘုံအရှင် (၂)ပါးလည်း သူ့ကိုမထိန်းနိုင်ဘဲ အသတ်ခံလိုက်ရတယ် ၊ ဒီတော့ သူတို့သိက္ခာကျတယ်လေ ၊ သူတို သိက္ခာပြန်ဆယ်နိုင်တယ်ဆိုဦးတော့ ဒီအတိုင်းလွှတ်ထားမယ်မထင်ဘူး ၊ ဝင်ပြီး စွက်ဖက်တော့မယ့်သဘောမှာ ရှိတယ်”

ယန်ချဲ့က မျက်ခုံးတစ်ချက်ပင့်ရင်း...

“အမတခုံရုံးက ကောင်းကင်ဘုံအရှင် (၂)ပါးတောင် သူ့ကိုမတားနိုင်ဘဲ အသတ်ခံလိုက်ရတယ် ဟုတ်လား...”

ကျင့်ကြံခြင်းအဆင့်မြင့်မားလေ ကျင့်ကြံခြင်းအဆင့် တစ်ခုနှင့်တစ်ခုကြားကွာဟချက် ကြီးမားလေ ဖြစ်သည်။

စန်းချင်း(၃)ပါးအဆက်အနွယ်မှ အစစ်အမှန်နတ်ဘုရားအများစုက အမတခုံရုံး ပြင်ပတာအိုကျင့်ကြံသူများမှ နက်ရှိုင်းနတ်ဘုရားများကို ရင်ဆိုင်နိုင်စွမ်း ရှိကြသည်။ ပြိုင်ဘက်ကို မသတ်နိုင်လျှင်တောင်မှ သေချာပေါက် ရှုံးနိမ့်မည် မဟုတ်ပေ။

သို့သော် ထိုက်ရွှီးမူလနတ်ဘုရားအဆင့် (ထျန်းကျွင်းနယ်ပယ်) သို့ရောက်ရှိသူများအနေဖြင့် တူညီသောကျင့်ကြံခြင်းအဆင့်တွင် အတခုံရုံးမှ ထိုက်ရွှီးမူလနတ်ဘုရားအဆင့် (ထျန်းကျွင်းနယ်ပယ်) ကျင့်ကြံသူများကိုတိုက်ခိုက်ရာတွင် သေချာပေါက် အားသာချက်ရှိပေမည်။

သို့သော် ‘ကောင်းကင်ဘုံအရှင်နယ်ပယ်’ သို့ ရောက်ရှိသူများကို ရင်ဆိုင်ရလျှင်တော့ ထျန်းကျွင်းနယ်ပယ် ကျင့်ကြံသူများအနေဖြင့် တိုက်ခိုက်မှုကို တောင့်ခံရန်ပင် ခက်ခဲမည် ဖြစ်သည်။

အမတခုံရုံးမှ ပြင်ပတာအိုကျင့်ကြံသူများဖြစ်ကြသည့်တိုင် ‘ကောင်းကင်ဘုံအရှင်နယ်ပယ်’ ဆိုသည်က ဒဏ္ဍာရီဆန်းလွန်းလှသည်ပင်။

ပြင်ပတာအိုကျင့်ကြံသူများအလယ်တွင် ‘ထျန်းကျွင်းနယ်ပယ်’ ကျင့်ကြံသူများ ထွက်ပေါ်လာရန်ပင် အခွင့်အရေးနှင့် အရည်အချင်းများစွာလိုအပ်သည်။

ကောင်းကင်ဘုံအရှင်တစ်ပါးဖြစ်လာရန်မှာတော့ ကံတရားအပေါ်တွင် များစွာမူတည်သည်။

ဤသတင်းကို ယန်ချဲ့လည်း အရင်က ကြားဖူးပြီးဖြစ်သည်။

လက်ရှိ အမတခုံရုံးကို စောင့်ကြပ်နေကြသော ‘ကောင်းကင်ဘုံအရှင်နယ်ပယ်’ အများစုမှာ လမ်းမှန်တာအိုမှ ထျန်းကျွင်းနယ်ပယ်ကျင့်ကြံသူများ အဆင့်မြင့်တက်သွားကြခြင်း ဖြစ်သည်။

မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် အသက်ရှင်သန်ခဲ့ကြသော ထျန်းကျွင်းနယ်ပယ် ကျင့်ကြံသူများက အမတခုံရုံးထံ ခိုလှုံကြပြီး ကျင့်ကြံခြင်းအဆင့်မြင့်မားလာကာ ပြင်ပတာအိုကျင့်ကြံသူ ‘ကောင်းကင်ဘုံအရှင်’ များ ဖြစ်လာကြသည်။

ထိုသူများက သမိုင်းတစ်လျှောက် လူသိများသော ဒဏ္ဍာရီလာ တန်ခိုးစွမ်းအားရှင်များဖြစ်ကြပြီး အားသာချက်များနှင့် ထူးချွန်မှုများလည်း ရှိကြသည်။

သူတို့ ‘ကောင်းကင်ဘုံအရှင်နယ်ပယ်’ သို့ ရောက်ရှိလာပြီးနောက် လမ်းမှန်တာအိုမှ ‘ကောင်းကင်ဘုံအရှင်’ များနှင့် မယှဉ်နိုင်သော်လည်း ထိုသူများက ကောင်းကင်ဘုံအရှင်နယ်ပယ်အောက် ကျင့်ကြံသူများ လျှော့တွက်နိုင်သောသူများ မဟုတ်ကြပေ။

ဤသည်က ကောလဟလလေးတစ်ခုမျှသာဖြစ်‌သော်လည်း မီးပွားမရှိဘဲ မီးစတင်လောင်ကျွမ်းမည်း မဟုတ်ပေ။ ထိုကိစ္စနှင့်ပတ်သက်ပြီး အမှန်တရားနှင့်ပတ်သက်သည့် ဖြစ်နိုင်ခြေအချို့ ရှိရမည်ဟု ယန်ချဲ့ ခံစားမိသည်။

လမ်းမှန်တာအိုမှ ကူးပြောင်းသွားခြင်းမဟုတ်ဘဲ အမတခုံရုံး၏ ကိုယ်ပိုင် ‘ကောင်းကင်ဘုံအရှင်နယ်ပယ်’ ကျင့်ကြံသူများသည်ပင်လျှင် အလွန်တရာ စွမ်းအားကြီးမားသူများဖြစ်ကြပြီး ‘ထျန်းကျွင်းနယ်ပယ်’ ထိုက်ရွှီးမူလနတ်ဘုရားများအနေဖြင့် ထိပ်တိုက်ရင်ဆိုင်ဝံ့ကြမည် မဟုတ်ပေ။

ယန်ချဲ့က...

“အခု စောမင်ကျန့်က ဘယ်လောက်တောင် တန်ခိုးစွမ်းအားကြီးမားနေပြီလဲ”

ကျန်းရှန်က စကားမဆိုဘဲ ခေါင်းတစ်ချက် ခါယမ်းလိုက်သည်။

ထို့နောက် သူက လက်တစ်ဖက်ဆန့်ထုတ်လိုက်ရာ လက်ဖဝါးထက်တွင် သစ်သားချောင်းနှစ်ချောင်း ပေါ်လာသည်။

ထိုသစ်သားချောင်းများမှာ မူလက ကျိုင်းတံတစ်ခုဖြစ်နိုင်ကြောင်း ယန်ချဲ့ သဘောပေါက်လိုက်သည်။ ကျိုင်းတံ ထက်ပိုင်းကျိုးပြီး နှစ်ပိုင်းကွဲသွားခြင်းသာပင်။

ကျိုင်းတံ၏အသွင်အပြင်ကို ဆန်းစစ်ပြီးနောက် ယန်ချဲ့က မျက်မှောင်ကျုံ့ရင်း...

“ဒါက ရတနာပစ္စည်းတစ်ခု ဖြစ်မယ်လို့ ခံစားရတယ် ၊ အရင်က ဒီရတနာကို မတွေ့ဖူးပေမယ့် ဒဏ္ဍာရီထဲက ဖော်ပြချက်တွေနဲ့ ကိုက်ညီနေတယ်”

ကျန်းရှန်က ဖြည်းညင်းစွာဖြင့်...

“အတိတ်တစ်ချိန်က အဂ္ဂိရတ်ခန်းမရဲ့ တုန်ခါမှုကို ငါ ခံစားခဲ့ရတယ် ၊ အခု အဂ္ဂိရတ်ခန်းမှ ဒီလောကမှာ ပြန်ပေါ်လာပြီ”

သူက ဆက်ပြောသည်။

“ငါ ပြင်ပဗလာနယ်ထဲမှာရှိနေတုန်း အဲဒီအကြောင်းကို အာရုံခံမိတယ် ၊ ဒါကြောင့် ပြင်ပတာအိုကျင့်ကြံသူတွေကို ရှောင်တိမ်းပြီး အဂ္ဂိရတ်ခန်းမထဲကို စွန့်စားဝင်ရောက်ခဲ့တယ်”

ယန်ချဲ့၏မျက်ဝန်းများ တောက်ပသွားပြီး...

“အဂ္ဂိရတ်ခန်းမ ဟုတ်လား... အဲဒါ ရှောက်ကျွင်းဟွမ်လား... သူ အောင်မြင်သွားပြီလား”

“သူက အောင်မြင်ဖို့ ခြေတစ်လှမ်းအလို ရောက်ခဲ့တယ် ၊ ဒီတစ်ခါတော့ တာအိုရောင်းရင်း’စော’ က သူ့ကို ရှေ့တစ်လှမ်းတိုးဖို့ ကူညီပေးနိုင်ခဲ့တယ်”

စကားပြောနေရင်း ကျန်းရှန်၏မျက်နှာအမူအရာက တစ်စုံတစ်ခုကို သတိရသွားသည့်ပမာ စိတ်ရှုပ်ထွေးဟန် ထွက်ပေါ်လာသည်။

“နတ်မိစ္ဆာမျိုးနွယ်က တန်ခိုးစွမ်းအားရှင်အချို့လည်း အဂ္ဂိရတ်ခန်းမကို ရောက်လာတယ် ၊ နတ်မိစ္ဆာတွေကိုဦးဆောင်တဲ့သူက ဟိုးအရင်တုန်းက ကောင်းကင်ဘုံနန်းတော်မှာ နေထိုင်ခဲ့တဲ့ သက်ရှည်နတ်မင်းဘိုးဘိုးရဲ့ သမင်ဖြူပဲ”

ကျန်းရှန်၏စကားကိုကြားတော့ ယန်ချဲ့၏အကြည့်က ထက်ပိုင်းကျိုးနေသည့် ကျိုင်းတံထက်သို့ ပြန်လည်ကျရောက်သွားသည်။

“ဒါက သက်ရှည်နတ်မင်းဘိုးဘိုးရဲ့ နဂါးကျိုင်းတံလား... တကယ်ကြီး နှစ်ပိုင်းကျိုးသွားတာလား”

သူက ခေါင်းကိုမော့လိုက်ပြီး...

“တာအိုရောင်းရင်း’‌စော’ လုပ်ခဲ့တာလား”

“ဟုတ်တယ်”

ယန်ချဲ့၏ခန့်မှန်းချက်ကို ကျန်းရှန်က အတည်ပြုပေးလိုက်သည်။

“သူသာ အဂ္ဂိရတ်ခန်းမရဲ့အခြေအနေကို အရေးစိုက်မနေရဘူးဆိုရင် အမတခုံရုံးက ပြင်ပတာအိုကျင့်ကြံသူတွေ သူ့နောက်ကိုလိုက်မလာဘူးဆိုရင် သမင်ဖြူနတ်မိစ္ဆာတောင် သူ့လက်မှာ အသက်ပျောက်သွားနိုင်တယ်”

ယန်ချဲ့က...

“စောမင်ကျန့်က ထိုက်ရွှီးမူလနတ်ဘုရားအဆင့် မဟုတ်လား”

ကျန်းရှန်က သက်ပြင်းချရင်း...

"ဟုတ်တယ်"

ယန်ချဲ့က ပြုံးလိုက်ရင်း...

“သိုင်းနတ်ဘုရားကတော့ သိုင်းနတ်ဘုရားပါပဲလေ...”

သူက ကျေနပ်စွာဖြင့် ဆက်ပြောလိုက်သည်။

“စောမင်ကျန့်က ထင်ထားတဲ့အတိုင်းပါပဲ”

အတိတ်တစ်ချိန်တုန်းက လူအများက ရွှေစင်ထက်ယံအရှင်သခင်’ရန်ရှင်းထန်’ ၏ ဧကရာဇ်ဘွဲ့နှင့် အုပ်စိုးရှင်ဘွဲ့ကို ပြောဆိုခဲကြသည်။

သူ့ကို ခွန်လွန်အထင်ကရ (၉)ပါးတွင် စာရင်းသွင်းထားသဖြင့် ‘ရွှေစင်ထက်ယံအရှင်သခင်’ ဟု ခေါ်ဆိုခဲ့ကြသော်လည်း အထက်ဘုံကမ္ဘာတွင် အသက်ရှင်သန်ခဲ့သော ကာလများအတွင်း သားစဉ်မြေးဆက်အားလုံးက  သူ့ကို ပိုမိုရိုးရှင်းသော ဘွဲ့နာမည်တစ်ခုဖြင့်သာ ရည်ညွှန်းလေ့ ရှိကြသည်။

“ဓားနတ်ဘုရား.”...။

ဤအမည်က အရာအားလုံးကို ရှင်းပြရန် လုံလောက်သည်။

သူကဲ့သို့ပင် အလွန်ရိုးရှင်းသော ဘွဲ့အမည်တစ်ခုရှိပြီး ထိုအမည်က တစ်လောကလုံးရှိ သိုင်းကျင့်ကြံသူများအားလုံးကို အံ့အားသင့်စေခဲ့သည်။

သိုင်းနတ်ဘုရား ‘စောမင်ကျန့်’”

ခွန်လွန်အထင်ကရ(၉)ပါးတွင် သူက အမတချီစွမ်းအား (၂)ခုကို အမတစွမ်းအားရောင်ဝါအဖြစ်ပေါင်းစပ်ကာ “အတိုင်းအဆမဲ့ကပ်ဘေး” ကို ကျော်ဖြတ်ပြီး ပထမဆုံး နက်ရှိုင်းနတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်ခဲ့သည်။

သူသည်ပင် အမတချီစွမ်းအား (၅)ခုကို ပေါင်းစည်းပြီး “မူလသမ္မာတရားကပ်ဘေး” ကို ကျော်ဖြတ်ကာ ပထမဆုံး ထိုက်ရွှီးမူလနတ်ဘုရားအဖြစ် အဆင့်တက်ခဲ့ပြန်သည်။

မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် လမ်းမှန်တာအိုဝါဒ စန်းချင်း(၃)ပါးအဆက်အနွယ်များတွင် ပထမဆုံး ထျန်းကျွင်းနယ်ပယ်သို့ ရောက်ရှိခဲ့သူ ဖြစ်၏။

တူညီသောကျင့်ကြံခြင်းအဆင့်တွင် ဘယ်သောအခါမှ ရှုံးပွဲမရှိခဲ့ပေ။

သူသည် ဘယ်သောအခါမှ အရှုံးမရှိသော “သိုင်းနတ်ဘုရား” ၊ “စစ်နတ်ဘုရား” တစ်ပါး ဖြစ်သည်။

အတိတ်တစ်ချိန်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ “ရွှမ်ဟွမ်ဧကရီ” ၏ ဧကရာဇ်ဘွဲ့အမည်က အများစုအတွက် တားမြစ်ချက်တစ်ခု ဖြစ်ခဲ့သည်။

ထိုဘွဲ့အမည်က ကျန့်ဟွမ်ဓားဧကရာဇ် ယွဲ့ကျန့်ပေ၏ အမည်ထက်ပင် ပိုမို အာရုံစိုက်ခံရသည်။

ကောင်းချင်းရွှမ် ဧကရာဇ်ဘွဲ့စတင်ခံယူစဉ်က သူမ၏အမည်မှာ ‘ရွှမ်ဟွမ်ဧကရီ’ ဟု ဆိုသော်လည်း ထိုအမည်မှ ‘ရွှမ်’ ဆိုသောအဓိပ္ပါယ်မှာ ‘ဝဲဂယက်’ ဆိုသော အဓိပ္ပါယ် ဖြစ်သည်။

စောမင်ကျန့် “မူလသမ္မာတရားကပ်ဘေး” ကို ဖြတ်ကျော်ပြီး ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့ တက်ရောက်သွားကာ ဧကရာဇ်တစ်ပါးအဆင့်ကို ကျော်လွန်သွားတော့မှသာ အခြားသူများက ကောင်းချင်းရွှမ်၏ ဘွဲ့အမည်ကို ‘နက်ရှိုင်းခြင်း’ ဟု အဓိပ္ပါယ်ရသည့် ‘ရွှမ်’ ဆိုသော စာလုံးဖြင့် ‘ရွှမ်ဟွမ်ဧကရီ’ ဟု ပြောင်းလဲခေါ်ဆိုခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် စောမင်ကျန့် ဧကရာဇ်တစ်ပါးဖြစ်ခဲ့စဉ်က သူ၏ ဘွဲ့အမည်မှာ ‘နက်ရှိုင်းခြင်း’ ဟု အဓိပ္ပါယ်ရသည့် ‘ရွှမ်’ ဆိုသော စာလုံးကိုအသုံးပြုသော ‘ရွှမ်ဟွမ်ဧကရာဇ်’ ဆိုသည့်အမည်ကို အသုံးပြုသောကြောင့်ဖြစ်၏။

ထို့ကြောင့် အထိုအမည်ကို အခြားသူများအသုံးမပြုကြဘဲ ကန့်သတ်ထားခြင်း ဖြစ်သည်။

စောမင်ကျန့်က နက်ရှိုင်းနတ်ဘုရားများထဲတွင် တန်ခိုးစွမ်းအားအကြီးမာဆုံးဖြစ်ပြီး အသန်မာဆုံးသော ဧကရာဇ်တစ်ပါးလည်း ဖြစ်ခဲ့သည်။

ကျန်းရှန်က...

“အမှန်ပဲ... သိုင်းနတ်ဘုရားက ထင်ထားတဲ့အတိုင်းပဲ”

ထို့နောက် သူ၏မျက်နှာအမူအရာက နှမျောတသစိတ်များဖြင့် ပြည့်နက်သွားပြီး...

“ဒါပေမဲ့ သူက အရမ်းအဆင်အခြင်မဲ့တာတော့ နှမျောစရာကောင်းတယ်”

“သူ့လိုမျိုး ထူးချွန်ထက်မြက်တဲ့သူတွေက သူတို့ရဲ့အောင်မြင်မှုအတွက်မာနကြီးလွန်းပြီး တန်ပြန်သက်ရောက်မှုတွေကို မေ့နေတတ်တယ် ၊ တာအိုရောင်းရင်း’စော’ လည်း အဲဒီလိုပဲ ၊ တာအိုရောင်းရင်း’ရန်ရှင်းထန်’ ရဲ့ သားနဲ့မြေးလည်း အတူတူပဲ”

ယန်ချဲ့က ပြုံးလိုက်ရင်း...

“’ရန်’ သားအဖကတော့ တကယ့်ကို ထူးခြားပြောင်‌မြောက်လွန်းတယ် ၊ အထူးသဖြင့် ‘ရန်ကျောက်ကဲ’ ပဲ ၊ သူက လုံးဝ မကြုံစဖူး ထူးခြားလွန်းတယ် ၊ နတ်ဘုရားတံခါးကို မဖွင့်လှစ်ရသေးပေမယ့် ဒီအရှိန်အဟုန်အတိုင်း ဆက်သွားမယ်ဆိုရင် တူညီတဲ့ကျင့်ကြံခြင်းအဆင့်မှာ စောမင်ကျန့်ကိုတောင် အနိုင်ယူနိုင်လိမ့်မယ်”

သူက ကျေနပ်စွာဖြင့် ဆက်ပြောလိုက်သည်။

“မျိုးဆက်သစ်တွေက မျိုးဆက်အဟောင်းတွေကို အနိုင်ယူစမြဲပါပဲ”

ကျန်းရှန်က ခေါင်းခါယမ်းရင်း...

“သူသာ တာအိုရောင်းရင်း’စော’ လိုအဆင့်မျိုးရောက်သွားရင် ပိုပြီးတောင် အကြောက်တရားကင်းမဲ့သွားလိမ့်မယ်”

***

(ထျန်းကျွင်းနယ်ပယ်က ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ကို ပြောတာပါ ၊ ကောင်းကင်ဘုံအရှင်နယ်ပယ်ဆိုတာက ထိုက်ရွှီးမူလနတ်ဘုရားထက် အဆင့်မြင့်တဲ့အဆင့်ကိုပြောတာပါ ___ ဘာသာပြန်သူ)

All Chapters