← Chapters

မုန်တိုင်းလာတော့မယ်

Vol. 92 Ch. 1285

မုန်တိုင်းလာတော့မယ်

Vol. 92 Ch. 1285

အခန်း (၁၂၈၅) မုန်တိုင်းလာတော့မယ်

“အရည်အချင်းရှိပေမယ့် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘူးဆိုရင် ဘေးဆိုးကျရောက်ရလိမ့်မယ် ၊ ကိုယ်တိုင်ရော သူတစ်ပါးရော ထိခိုက်ရလိမ့်မယ် ၊ စောမင်ကျန့်က ဒီအမှားအတွက် ဥပမာပဲ”

မြေကမ္ဘာထက်ယံအရှင်သခင်’ကျန်းရှန်၏ မျက်ဝန်းများက အချိန်နှင့်နေရာကိုဖြတ်ကျော်ကာ စကြာဝဠာတစ်ခုလုံးကို ထိုးဖောက်သွားပြီး အဝေးဆုံးနေရာဆီမှ အထက်ဘုံကမ္ဘာထံသို့ ကျရောက်သွားသည်။

ယန်ချဲ့က...

“အခု မြောက်ပိုင်းကြယ်စင်ဧကရာဇ် ပြတ်ပြတ်သားသားလှုပ်ရှားလာဖို့ မျှော်လင့်တယ် ၊ ဒါမှ ပြင်ပတာအိုတွေကို တားဆီးနိုင်မှာဖြစ်သလို တာအိုရောင်းရင်း’စော’ ရဲ့ပြဿနာလည်း အေးဆေးသွားမှာ ၊ မင်းလည်း ကိစ္စရပ်တွေ တည်ငြိမ်အောင်လုပ်ဖို့ အချိန်ယူနိုင်မယ်လေ”

စောမင်ကျန့်ကိစ္စသာဖြစ်မလာပါက ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ကျန်းရှန်အနေဖြင့် အထက်ဘုံကမ္ဘာမှ ကိစ္စရပ်များကို သဘာဝအတိုင်း ဆုံးဖြတ်နိုင်စွမ်းရှိပေမည်။

ကျန်းရှန်က စိုးရိမ်ပူပန်ဟန်ဖြင့်...

“တာအိုရောင်းရင်း’စော’ ကြောင့်ဖြစ်လာတဲ့ ဒီတစ်ခေါက် ပြဿနာက အတော်လေးကြီးမားတယ် ၊ အမတခုံရုံးက ပြင်ပတာအိုကျင့်ကြံသူတွေက ငါတို့ တာအိုစကြာဝဠာကို အကြီးအကျယ် ထိုးစစ်ဆင်ကြလိမ့်မယ် ၊ ဒါဆို ငါတို့အားလုံး ကပ်ဘေးကြီးကျရောက်ပြီပဲ”

သူက ဆက်ပြောသည်။

“မုန်တိုင်းပြီးသွားရင်... အခြေအနေက ဘယ်လိုမျိုးဖြစ်ကျန်ခဲ့မလဲ စဉ်းစားသာကြည့်...”

“ကိစ္စရပ်တွေ ဘယ်လိုဖြစ်လာမလဲ ငါ မပြောနိုင်ဘူး ၊ ငါတို့လည်း ဒီမုန်တိုင်းထဲရောက်နေတာပဲဆိုတော့... ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်ဖို့ပဲ အကောင်းဆုံး ကြိုးစားရလိမ့်မယ်”

ယန်ချဲ့က တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။

ခဏမျှ စဉ်းစားပြီးမှ သူက စကားဆိုလိုက်၏။

“တာအိုရောင်းရင်း’ကောင်းဟန်’ နဲ့ တာအိုရောင်းရင်း’လင်ချင်း’ တို့ ဝင်စွက်ဖက်လာမလား မသိဘူး”

ကောင်းဟန်နှင့် လင်ချင်းဆိုသည်မှာ အထက်ဘုံကမ္ဘာတည်ရှိရာ တာအိုစကြာဝဠာမှ ပြင်ပဗလာနယ်ထဲသို့ ‘တောင်ပိုင်းချန်စန်းဧကရာဇ်’ နှင့်အတူ ထွက်ခွာသွားကြသော နေဝန်းထက်ယံအရှင်သခင်’ကောင်းဟန်’ နှင့် လဝန်းထက်ယံအရှင်သခင် ‘လင်ချင်း’ ကို ပြောခြင်း ဖြစ်သည်။

ကျန်းရှန်က အလွန်တည်ငြိမ်စွာဖြင့်...

“သူတို့တွေ သေချာပေါက် ဝင်ပါမှာပေါ့...”

သူက ကောင်းဟန်နှင့် လင်ချင်းကို ယန်ချဲ့ထက်ပိုပြီး စောစီးစွာ သိရှိခဲ့သူ ဖြစ်သည်။ ထိုနှစ်ယောက်က အလွန်မာနကြီးပြီး စိတ်ဓာတ်ပြင်းထန်သူများဖြစ်သလို သူတို့နှစ်ယောက်အပေါ် သူ၏နားလည်မှုက အခြားသူများထက် ပိုမိုနက်ရှိုင်းသည်။

“အဂ္ဂိရတ်ခန်းမက တာအိုရောင်းရင်း’စော’ လက်ထဲရောက်သွားပြီလား... ဒါမှမဟုတ်...”

ယန်ချဲ့က မေးလိုက်သည်။

ကျန်းရှန်က...

“တာအိုရောင်းရင်း’စော’ လက်ထဲမှာမဟုတ်ဘူး ၊ ပြင်ပတာအိုကျင့်ကြံသူတွေရောက်လာတော့ သူလည်း တိုက်ခိုက်ဖို့အတွက် အလုပ်များသွားတယ်”

သူက ဆက်ပြောသည်။

“စန့်ချင်အဆက်အနွယ်က တာအိုရောင်းရင်း’ကျန်းပုရွှီး’ ဆီက သတင်းရတာတော့ အဂ္ဂိရတ်ခန်းမက ရန်ကျောက်ကဲတို့သားအဖလက်ထဲ ရောက်သွားတယ်တဲ့...”

ယန်ချဲ့က ဖြည်းညင်းစွာ ခေါင်းခါယမ်းရင်း...

“စိတ်မကောင်းစရာပဲ ၊ ဒါက တခြားကိစ္စတွေ ဖြစ်လာနိုင်တယ် ၊ အဂ္ဂိရတ်ခန်းမ ပြင်ပတာအိုကျင့်ကြံသူတွေလက်ထဲ ရောက်မသွားစေဖို့ပဲ မျှော်လင့်ပါတယ်”

“လျှောက်တဲ့လမ်းက လုံးဝကွဲပြားပေမယ့်... တာအိုရောင်းရင်း’ရှောင်ကျွင်းဟွမ်’ က တကယ့်ပါရမီရှင်တစ်ယောက်ဆိုတာ ဝန်ခံရမယ် ၊ သူက သိုင်းပညာမှာ စောယန်လုန်လောက်မတော်ပေမယ့် အရမ်းအဖိုးတန်တဲ့ ပညာရပ်တွေကို တတ်ကျွမ်းထားတယ် ၊ သူ ဆုံးပါးသွားတာ စိတ်မကောင်းစရာပဲ”

(စောယန်လုန် ဆိုသည်မှာ စောမင်ကျန့်ကိုပဲ ခေါ်ဆိုခြင်းဖြစ်ပါသည် ‘ယန်လုန်’ ဆိုသည်မှာ မီးလျှံနဂါးဟု အဓိပ္ပါယ်ရပြီး စောမင်ကျန့်က မီးလျှံနဂါးကမ္ဘာမှဆင်းသက်လာသူတစ်ယောက်ဖြစ်သောကြောင့် ‘စောယန်လုန်’ ဟု ခေါ်ခြင်းဖြစ်ပါသည်__ ဘာသာပြန်သူ)

ထိုစကားကြားတော့ ကျန်းရှန်က မည်သည့်စကားမှမဆိုဘဲ မျက်ဝန်းများက တိတ်ဆတ်ငြိမ်သက်သွားသည်။

သူ့မျက်ဝန်းများထဲတွင် မိန်းမပျိုတစ်ယောက်၏ပုံရိပ်ကို ပြန်လည်မြင်ယောင်လာမိသည်။

ထိုမိန်းမပျိုက အလွန်တရာချောမောလှပပြီး ကျက်သရေအဖြာဖြာနှင့်ပြည့်စုံလွန်းသည်။ လွှမ်းမိုးနိုင်စွမ်းမြင့်မားသလို ပျင်းရိပျင်းတွဲဟန်ပန်လည်းရှိသည်။ စိတ်ဓာတ်ခိုင်မာဟန်ရှိသလို ဘာကိုမှ အရေးမစိုက်ဟန်လည်း ရှိသည်။

သူမက သူ့ကို “ဆရာကျန်း” ဟု ခေါ်တတ်ပြီး သူကလည်း ထိုမိန်းကလေးကို အရည်အချင်းအရှိဆုံး ညီမလေးတစ်ယောက်ပမာ ၊ မိတ်ဆွေကောင်းတစ်ယောက်ပမာ သဘောထားသည်။

သို့သော် အဆုံးသတ်မှာတော့ လမ်းမတူသဖြင့် လူချင်းကွဲခဲ့ရပြီး ရန်သူများပမာပင် ဖြစ်လာခဲ့ကြရသည်။

နှစ်ပေါင်းများစွာကုန်လွန်ခဲ့ပြီးနောက် တစ်ယောက်နှင့်တစ်ယောက် မတွေ့ရတော့သည်မှာ နှစ်ထောင်ပေါင်းများစွာပင် ကြာမြင့်ခဲ့လေပြီ။

ယခု သူမ၏သတင်းကို ကြားသိရချိန်တွင် ထိုမိန်းကလေး သေဆုံးသွားပြီဆိုသော သတင်းဆိုးသာ ဖြစ်နေခဲ့သည်။ လက်ရှိတွင် ကျန်းရှန်ကိုယ်တိုင်ကလည်း ထိုမိန်းကလေး၏ တပည့်သားမြေးများနှင့် တိုက်ခိုက်နေခဲ့ရသည်။

ကျန်းရှန်၏မျက်ဝန်းများထဲ အလင်းရောင်တစ်ချက်လင်းလက်သွားပြီး ခဏအတွင်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

ထိုအချိန် ယန်ချဲ့က စကားဆိုလာသည်။

“ဒါပေမဲ့... တာအို‌ရောင်းရင်း’ရှောက်ကျွင်းဟွမ်’ ဆုံးပါးသွားတော့ တာအိုရောင်းရင်း’စော’ ဒီလောက် ဒေါသထွက်သွားမယ်လို့ မထင်ခဲ့ဘူး ၊ အရင်က ဒီလိုတွေဖြစ်လာမယ်လို့ ထင်မထားမိဘူး”

ကျန်းရှန်က ဖြည်းညင်းစွာဖြင့်...

“သူတို့က ချစ်သူစုံတွဲတွေလေ ၊ နောက်ပိုင်းမှ လျှောက်တဲ့လမ်းချင်းမတူလို့ လမ်းခွဲခဲ့ကြတာ”

ယန်ချဲ့က ခေါင်းကိုအနည်းငယ်စောင်းလိုက်ရင်း...

“အခု တာအိုရောင်းရင်း’ရှောက်ကျွင်းဟွမ်’ သေဆုံးသွားတော့ တာအိုရောင်းရင်း’စော’ က လမ်းကြောင်းပြောင်းသွားနိုင်မလား”

ကျန်းရှန်က...

“ပြောလို့မရဘူးလေ...”

သူက ဆက်ပြောသည်။

“သူ့လုပ်ရပ်က ရှောက်ကျွင်းဟွမ်အတွက် လက်စားချေဖို့တစ်ခုတည်း မဟုတ်လောက်ဘူး ၊ ဒီဘေးဆိုးကြီးပြီးသွားရင်တောင် ဒါတွေအားလုံးက အစပဲရှိသေးတယ် ၊ သူက အရင်လို ကြားနေဝါဒကျင့်သုံးမှာ မဟုတ်တော့ဘူး ၊ တောင်ပိုင်းချန်စန်းဧကရာဇ်နဲ့ တာအိုရောင်းရင်း‌‌’ကောင်းဟန်’ တို့ဘက်ကို အလေးသာသွားနိုင်တယ်”

ယန်ချဲ့က ခေါင်းခါယမ်းရင်း...

“ဒါ သတင်းကောင်းတစ်ခုတော့ မဟုတ်ဘူး”

“အမတခုံရုံးက ပြင်ပတာအိုကျင့်ကြံသူတွေ သူ့ကိုဝိုင်းတိုက်တာကနေ လွတ်အောင်ပြေးနိုင်မယ်ဆိုရင် သူ အထက်ဘုံကမ္ဘာကို ပြန်လာလောက်တယ်”

ကျန်းရှန်က ရှေ့သို့ ခြေတစ်လှမ်းတိုးရင်း ပြောလိုက်သည်။

“ငါတို့ အထက်ဘုံကမ္ဘာကို အမြန်ဆုံး ပြန်ရမယ်”

ယန်ချဲ့ကလည်း သူနှင့်အတူ လိုက်ပါသွားပြီး လမ်းလျှောက်ရင်း စကားဆိုလိုက်သည်။

“တာအိုရောင်းရင်း’ချန်ရွှမ်ကျုန်း’ ပြန်ရောက်လာတဲ့သတင်း ကြားပြီးပြီ မဟုတ်လား”

ကျန်းရှန်က သက်ပြင်းချရင်း...

“ကြားပြီးပြီ... တာအိုရောင်းရင်း’ချန်ရွှမ်ကျုန်း’ က တာအိုရောင်းရင်း’ရန်ရှင်းထန်’ ရဲ့ အဆက်အနွယ်တွေကို ကူညီမှာပဲလို့ မျှော်လင့်ထားပြီးသားပါ”

သူက ဆက်ပြောလိုက်သည်။

“စိတ်မကောင်းစရာပဲ... သူက အခြေအနေတစ်ခုလုံးကို မဆုံးဖြတ်နိုင်ဘူး ၊ အရင်ကအတိုင်း ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ ပိတ်မိနေတုန်းပဲ...”

အဘိုးအိုသည် ဗလာနယ်များစွာကို ဖြတ်ကျော်လျှောက်လှမ်းသွားရင်း သက်ပြင်းများသာ တွင်တွင်ချလျှက် ရှိတော့သည်။

ကျန်းရှန်က...

“မုန်တိုင်းလာတော့မယ်... လက်တစ်ကမ်းပဲ လိုတော့တယ်”

ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် ယန်ချဲ့က ခေါင်းညိတ်ရင်း...

“ဟုတ်တယ်...”

ထို့နောက် ပုံရိပ်နှစ်ခုက အလင်းတန်းများအဖြစ်ပြောင်းလဲသွားကာ ပြင်ပဗလာနယ် ကျယ်ပြောသော လေထုထဲတွင် ပျောက်ကွယ်သွားပြီး တာအိုစကြာဝဠာရှိရာသို့ ဦးတည်ထွက်ခွာသွားလေတော့သည်။

***

နတ်မိစ္ဆာမျိုးနွယ်စကြာဝဠာ ၊ ‘ချန်စန်းရှင်းဟိုင်’ ကမ္ဘာ...။

ကျယ်ပြောလှသော ဗလာနယ်ထဲတွင် ကမ္ဘာလောကများစွာရှိနေပြီး ထို ကမ္ဘာလောကအချင်းချင်း အပြတ်အလှန်ချိတ်ဆက်ကာ စကြာဝဠာတစ်ခုကို အတူတကွ တည်ထောင်ထားသည်။

ယခု တွေ့ရှိရသော ကမ္ဘာလောကကြီးက အလွန်တရာကြီးမားပြီး နေရောင်ခြည်နှင့် မြူခိုးမြူမှုံများက နေရာတိုင်းတွင်ပျံ့လွင့်နေကာ နတ်ဘုံနတ်နန်းတစ်ခုပမာ ထင်မှတ်ရသည်။

ထိုကမ္ဘာ၏အပြင်ဘက် စကြာဝဠာဗလာနယ်ထဲတွင် အနက်ရောင်လေပွေတစ်ခု ဖြတ်သန်းလာပြီး ထိုကမ္ဘာဆီသို့ ရောက်ရှိလာသည်။

အနက်ရောင်လေပွေက သွေးရောင်လွှမ်းသည့်မိစ္ဆာစွမ်းအားဖြင့်ပြည့်နက်နေသော်လည်း ဤကမ္ဘာသို့ရောက်လာသည်နှင့် သူ၏စွမ်းအားရောင်ဝါကို ထိန်းချုပ်လိုက်သည်။

သူ ဤကမ္ဘာသို့ရောက်လာသည်နှင့် လူတစ်ယောက်က လမ်းပြပေးရန် ရောက်ရှိလာသည်။

ဤကမ္ဘာတွင် များပြားလှစွာသော နတ်တောင်များရှိနေပြီး ဝိညာဉ်စွမ်းအားများကလည်း ပေါများလွန်းသည်။ အနက်ရောင်လေပွေက နတ်တောင်တစ်တောင်သို့ ရောက်ရှိလာပြီး ကျောက်ဂူတစ်ခုအတွင်း ဝင်ရောက်သွားသည်။

ကျောက်ဂူထဲတွင် သူ့ကိုစောင့်နေသည့် လူတစ်ယောက် ရှိနေသည်။

ထိုသူက အနက်ရောင်လေပွေကိုတွေ့သည်နှင့် ပြုံးလိုက်ပြီး...

“မင်း ချန်စန်းရှင်းဟိုင်က ထွက်သွားဖို့ အမိန့်လက်ခံပြီးပြီ မဟုတ်လား”

“အခု သွားတော့မလို့ပဲ...”

စကားသံနှင့်အတူ အနက်ရောင်လေပွေပျောက်ကွယ်သွားပြီး ကျောက်ဂူအတွင်းရှိ ကြမ်းပြင်ထက်မှ တစ်ယောက်ထိုင်အခင်းငယ်ထက်တွင် တင်ပျဉ်ခွေထိုင်နေသည့် လူတစ်ယောက်၏ပုံရိပ်ပေါ်လာသည်။

ထိုသူက...

“မသွားခင် မင်းကို ပြောစရာရှိတယ်”

ကျောက်ဂူပိုင်ရှင်က ပြုံးလိုက်ရင်း...

“မင်းကိုယ်တိုင်ရောက်လာတာ ဘာသတင်းများ ပြောစရာရှိလို့လဲ”

အနက်ရောင်လေပွေနတ်မိစ္ဆာက...

“သမင်ကဖြူကြီး သေလုနီးပါးဖြစ်သွားတယ် ၊ သက်ရှည်နတ်မင်းဘိုးဘိုးရဲ့ နဂါးကျိုင်းတံလည်းကျိုးသွားတယ် ၊ ကံကောင်းလို့ အသက်မသေဘဲ ထွက်ပြေးလာနိုင်တယ်”

ကျောက်ဂူပိုင်ရှင်က သိပ်ပြီးအရေးမစိုက်ဟန် ပုံမှန်လေသံဖြင့်ပင် မေးလိုက်၏။

“အိုး ဟုတ်လား... ဘယ်သူလုပ်လိုက်တာလဲ”

အနက်ရောင်လေပွေနတ်မိစ္ဆာက...

“အရင်တုန်းက ကောင်းကင်ဘုံနန်းတော်က အဂ္ဂိရတ်နဲ့ပတ်သက်တဲ့ ပညာရပ်တွေ ၊ နတ်ဆေးလုံးတွေ သိုမှီးထားတဲ့ ထျန်းစူးခန်းမက မဟာကပ်ဘေးကြီးပြီးဆုံးတဲ့နောက် လုံးဝ ပျက်ဆီးမသွားခဲ့ဘူး ၊ အကောင်းတိုင်းရှိနေသေးတယ် ၊ သမင်ဖြူကြီးက အဲဒီအကြောင်းသဲလွန်စရလို့ သွားရှာတာ ၊ ဒါပေမဲ့ အရှုံးကြီးရှုံးလာခဲ့တယ်”

ကျောက်ဂူပိုင်ရှင်က အနည်းငယ်စိတ်ဝင်စားသွားဟန်ဖြင့်...

“ထျန်းစူးခန်းမ ရှိနေသေးတာလား”

သူက ဆက်‌မေးလိုက်သည်။

“ဒါဖြင့် နောက်ဆုံး ဘာဖြစ်သွားလဲ...”

“ဘာဖြစ်ရမလဲ... သမင်ဖြူကြီး သေတော့မလိုအရိုက်ခံလာရတာလေ ၊ သူ ဘယ်လိုလုပ် ထျန်းစူးခန်းမကို အရေးစိုက်နိုင်တော့မှာလဲ”

အနက်ရောင်လေပွေနတ်မိစ္ဆာက နှာတစ်ချက်မှုတ်ရင်း...

“သူ့ကိုအနိုင်ယူလိုက်တဲ့သူက စန်းချင်း(၃)ပါးအဆက်အနွယ်က လမ်းမှန်တာအိုကျင့်ကြံသူတစ်ယောက်ပဲ”

ကျောက်ဂူပိုင်ရှင်က စိတ်မကောင်းဖြစ်သွားဟန်ဖြင့်...

“အဲဒီသမင်အိုကြီး အရိုက်ခံရတာတောင်နည်းသေးတယ် ၊ သူက လောဘကြီးပြီး ကိုယ့်အကြောင်းကိုယ်နားမလည်ဘဲ တစ်ယောက်တည်း အပိုင်သိမ်းချင်တာကိုး ၊ အခုတော့ တခြားသူလက်ထဲရောက်သွားပြီပေါ့”

သူက အနက်ရောင်လေပွေနတ်မိစ္ဆာကိုကြည့်ရင်း...

“ကြည့်ရတာ မင်း ထျန်းစူးခန်းမကိုရယူဖို့ တာအိုစကြာဝဠာကိုသွားပြီး စန်းချင်း(၃)ပါးအဆက်အနွယ်တွေနဲ့ တိုက်ခိုက်မလို့လား ၊ မင်းမှာ တခြားအလုပ်ကိစ္စတွေ အများကြီး ရှိသေးတယ်နော်”

အနက်ရောင်လေပွေနတ်မိစ္ဆာက...

“အဲဒါကြောင့် ငါ မင်းဆီရောက်လာတာပေါ့ ၊ မင်းများကူညီပေးနိုင်မလားလို့”

သူက ဆက်ပြောသည်။

“အလုပ်အောင်မြင်ရင် အကျိုးအမြတ်ကို ငါတို့နှစ်ယောက် ခွဲယူကြမယ်လေ”

ကျောက်ဂူပိုင်ရှင်က အလေးအနက်စဉ်းစားလိုက်ပြီး...

“ငါတို့တွေ စောင့်ကြည့်ဖို့လိုတယ် ၊ အခုချိန် လှုပ်ရှားမယ်ဆိုရင် အမတခုံရုံးက ပြင်ပတာအိုကျင့်ကြံသူတွေကို ကူညီပေးတာနဲ့အတူတူဖြစ်သွားမယ် ၊ ဒါဆိုရင် အရှင်မင်းကြီးအတွက်ရော ငါတို့အကြံအစည်တွေအတွက်‌ရော အကျိုးမရှိနိုင်ဘူး ၊ ငါတို့ကိစ္စကြီးအောင်မြင်ရင်တော့ အဲဒီလိုလုပ်ဖို့ အခွင့်အရေးတစ်ခု ရှာနိုင်မှာပါ”

“မင်းက အရမ်းအတွေးလွန်နေပြီ”

ပြောပြီးသည်နှင့် အနက်ရောင်လေပွေနတ်မိစ္ဆာက ပြုံးလိုက်သည်။

ကျောက်ဂူပိုင်ရှင်ကလည်း ပြုံးလိုက်ရင်း...

“ဒီလောက်နှစ်တွေအကြာကြီးစောင့်ခဲ့ရပြီးပြီပဲလေ... ဘာကိုလောနေမှာလဲ ၊ ပြီးတော့ မင်းကလည်း ဒီတစ်ခေါက် တာဝန်အကြီးကြီးထမ်းဆောင်ဖို့ရှိတယ်လေ ၊ သတိလက်လွတ်နဲ့ အရေးကြီးကိစ္စ နှောင့်နှေးသွားတာမျိုး မဖြစ်စေနဲ့”

အနက်ရောင်လေပွေနတ်မိစ္ဆာက...

“အရေးကြီးကိစ္စ သေချာပေါက် မနှောင့်နှေးစေရပါဘူး ၊ ဒါပေမဲ့ အသေးအဖွဲတွေနဲ့ အသေးစိတ်အချက်အလက်တွေကို အရမ်းအာရုံစိုက်နေစရာ မလိုဘူးလေ ၊ သုခဘုံက ကတုံးတွေက အခု အရမ်းကိုအဆင်ပြေနေကြတာ ၊ အခုဆိုရင် သူတို့က ဘာကိုမှအရေးမစိုက်ကြဘူး ၊ သူတို့ကို နည်းနည်းပါးပါးပညာပေးလိုက်တာ ဘာမှမဖြစ်ပါဘူး”

ကျောက်ဂူပိုင်ရှင်က တည်ငြိမ်စွာဖြင့်...

“ဘာပဲဖြစ်ဖြစ် ငါတို့အစီအစဉ်ကိုတော့ မပျက်ဆီးစေနဲ့ ၊ ငါ နှစ်ပေါင်းထောင်နဲ့ချီပြီး ထပ်မစောင့်နိုင်တော့ဘူး”

“ငါလည်း မစောင့်ချင်တော့ပါဘူး ၊ စောင့်ခဲ့ရတာ အရမ်းကြာနေပြီလေ”

ပြောပြီးသည်နှင့် အနက်ရောင်လေပွေမိစ္ဆာ မတ်တတ်ထရပ်လိုက်ပြီး အနက်ရောင်လေပွေအဖြစ်ပြောင်းလဲကာ ကျောက်ဂူအတွင်းမှ ထွက်ခွာသွားသည်။

သူက သာယာလှပသောနတ်တောင်မှ ထွက်ခွာသွားပြီး နတ်မိစ္ဆာမျိုးနွယ်များ ရှင်သန်ရာကမ္ဘာဖြစ်သော ‘ချန်စန်းရှင်းဟိုင်ကမ္ဘာ’ မှ ခရီးနှင်ထွက်ခွာသွားလေတော့၏။

All Chapters