မြေကို ခွဲသော အမိကမ္ဘာမြေ
Vol. 85 Ch. 1097
အမိကမ္ဘာမြေ၏ အသံက နွယ်ပင်၏ သစ်ရွက်များအကြားမှ ထွက်လာသည်။ “အတိတ်တုန်းက နင် ရှေးဟောင်းနတ်ဘုရားတွေရဲ့ ကောင်းချီးတွေ ရခဲ့တာဟာ သူတို့ကို အသက်ပြန်သွင်းပေးနိုင်စွမ်း ရှိတယ်လို့ ထင်ခဲ့ကြလို့ပဲ... အခုတော့ ကောင်းကင်နတ်အရှင်ဟွေ့က နင့်မှာ အဲ့ဒီအစွမ်းမရှိအောင် လုပ်ခဲ့ပြီ.... အဲ့ဒီအစွမ်းမရှိရင် နင်က သာမန်လူတစ်ယောက်ထက် မပိုဘူး”
နွယ်ပင်၏ သစ်ကိုင်းများသည် ချင်မူ၏ လည်ပင်းအား ညင်ညင်သာသာ ရစ်ပတ်လိုက်သော်လည်း ၎င်းတွင် ဆူးချွန်များစွာ ရှိနေချေသည်။
ချင်မူ လက်ချောင်းတစ်ချောင်း လှုပ်လိုက်သည့်အခါ နွယ်ပင်များအားလုံး မီးတောက်လောင်၍ ပြာကျသွားသည်။
ယခုတွင် အမိကမ္ဘာမြေ၏အသံက ဝေးကွာသွားပြီး ဧရာသစ်ပင်ကြီးတစ်ပင်၏ ထိပ်ဖျားမှ ပျံ့လွင့်လာသည်။ “ကောင်းကင်နတ်အရှင်မူ၊ နင်က အလိမ်အညာတွေကို ရွှန်းရွှန်းဝေအောင် ပြောရင်း အသက်မသေအောင် အချိန်ဆွဲနေခဲ့တာ .... နင်က အသက်ရှင်ဖို့အတွက် နေရာတစ်နေရာကနေ တစ်နေရာက ကူးပြီးတော့ ပုန်းခဲ့တယ်.... နင် နောက်ကျတဲ့ အကြောင်းပြချက်က နင့်ကိုယ်နင် နာမည်ကြီးဖို့ကလွဲပြီး ဘာမှစိတ်မ၀င်စားတဲ့ ကြွက်တစ်ကောင်မှန်း သိနေလို့ပဲ.... ဒီနေ့ ငါ နင့်ကို ဒီနေရာမှာ လူမသိ၊ သူမသိ သေစေပြီး အပင်တွေအတွက် မြေဩဇာဖြစ်လာစေမယ်”
သူမက အေးစက်စွာ ရယ်လိုက်သည်။ “ဒီသေပြီးသား ရှေးဟောင်းနတ်ဘုရားရဲ့ လက်ထဲမှာ နင်သေသွားမှန်း ဘယ်သူမှ သိလိုက်မှာ မဟုတ်ဘူး... အမေ့သား၊ တိုက်ခိုက်စမ်း”
ချုံဧကရာဇ်၏အလောင်းက ဟိန်းဟောက်၍ ချင်မူ့အား ခုန်အုပ်လိုက်သည်။ သူ ချင်မူ့ဆီသို့ မရောက်ခင် ဖန်သားကောင်းကင်စေတီက ချင်မူ့အရှေ့တွင် ထွက်ပေါ်လာ၏။
ချင်မူက ဦးညွှတ်အရိုအသေပေးလိုက်သည်။
ဖန်သားကောင်းကင်စေတီကား တုန်ခါလာပြီး ချုံဧကရာဇ်၏အလောင်းပေါ်သို့ အလင်းတန်းထောင်ပေါင်းများစွာ ဖြာကျသွားကာ ချုံဧကရာဇ်ခေတ်၏ ကောင်းကင်နတ်ဧကရာဇ်ဟောင်းကို ဖိနှိပ်လိုက်၏။
ဧကရာဇ်၏အလောင်းမှာ ပိတ်မိသွားသောကြောင့် အကြိမ်ကြိမ်အခါခါ ဟိန်းဟောက်နေတော့သည်။
ချင်မူသည် မနေနိုင်ဘဲ တအံ့တဩ အသံပြုမိလိုက်၏။ တစ်လောကလုံးတွင် နံပါတ်တစ်ရတနာဟူသော နာမည်နှင့် ထိုက်တန်ပေသည်။
သူက လက်ချောင်းတစ်ချောင်း ဆန့်တန်း၍ အလောင်း၏ မျက်ခုံးနှစ်ဖက်ကြားသို့ ထိလိုက်သည်။
“သေလူဆိုတာ မြေအောက်ဘုံအရှင်သခင်ဆီကို ပြန်သင့်တယ်”
ဧကရာဇ်၏အလောင်းမှာ ရုတ်တရက် ငေးကြောင်သွားသည်။ ၎င်းနောက်တွင် ကောင်းကင်နှင့်မြေကြီး၏ ကောင်းကင်တံခါးတစ်ချပ် ဖွဲ့တည်လာကာ ပွင့်ဟလာသည်။ ချုံဧကရာဇ်၏ အလောင်းမှာ သူ၏ဝိညာဉ် သူ့ကျောမှ ထွက်၍ တံခါးဆီသို့ တိုက်ရိုက် ပျံသန်းသွားသောကြောင့် စူးရှစွာ အော်ဟစ်လိုက်လေသည်။
ကောင်းကင်နှင့်မြေကြီး၏ ကောင်းကင်တံခါးက မြေကြီးထဲ နစ်မြုပ်ကာ ပျောက်ကွယ်သွားသည်။
ချင်မူ ဖန်သားကောင်းကင်စေတီကို အသာအယာထိလိုက်သည်တွင် ထီးတော်များက စုစည်းပိတ်ကျသွား၏။ ထို့နောက် သူက အေးအေးလူလူ ပြောလိုက်သည်။ “ကျွန်တော်က သေခြင်းနဲ့ ရှင်ခြင်းကို ထိန်းချုပ်နဲ့ ပြိုင်ဘက်ကင်း မဟာမှော်ဆရာတစ်ယောက် ဖြစ်နေတုန်းပဲ.... အမိကမ္ဘာမြေ၊ ခင်ဗျားက ချုံဧကရာဇ်ရဲ့ အလောင်းကို အသုံးချခဲ့တာဆိုတော့ ကျွန်တော့်ကို အတည်မယူတဲ့ပုံပဲ....ကျွန်တော် ခင်ဗျားရဲ့ ကလေးကို မြေအောက်ဘုံအရှင်သခင် သင်ကြားတည့်မတ်ပေးနိုင်အောင် ယိုတုဆီ ပို့လိုက်ပြီ”
“ဒီရတနာက ဖန်သားကောင်းကင်စေတီလား”
အမိကမ္ဘာမြေ၏ တအံ့တဩ ရေရွတ်သံ ထွက်ပေါ်လာသည်။ ရုတ်တရက် မြေကြီးမှာ ပြင်းပြင်းထန်ထန် တုန်ခါလာ၏။ ကမ္ဘာဦးသစ်ပင်၏ ထူထဲလှသော အမြစ်ကား မြေကြီးထဲမှ ထွက်လာပြီး ၎င်းထံမှ ဧရာမပန်းဖူးကြီးတစ်ဖူးက အလျင်အမြန် ဖူးထွက်လာတော့သည်။ ပန်းဖူးသည် ပွင့်အာကျလာပြီး အမိကမ္ဘာမြေ၏အသံကို ထုတ်လွှတ်လိုက်၏။ “ဒီရတနာက လွန်ခဲ့တဲ့ နှစ်ခြောက်သိန်းတုန်းက အခိုးခံရပြီး ပျောက်သွားခဲ့တဲ့ ရတနာ.... ဘယ်လိုလုပ် နင့်လက်ထဲ ရောက်နေတာလဲ”
ချင်မူ ဖန်သားကောင်းကင်စေတီကို ခေါက်လိုက်သည့်အခါ ထီးရွက်များက ထပ်မံပြန့်ကားလာသည်။ အမိကမ္ဘာမြေ လျှပ်တစ်ပြက် တိုက်ခိုက်လာလျှင် စေတီအနေဖြင့် ကောင်းကင်ဘုံ ၂၈ ကို မျက်စိတစ်မှိတ်အတွင်း ဖွဲ့တည်နိုင်၏။
“ခင်ဗျားနဲ့ မဆိုင်ပါဘူး”
ချင်မူက ရယ်သည်။ “အမိကမ္ဘာမြေ၊ ကျွန်တော့်ကတိအတိုင်း ခင်ဗျားကို ပြန်လည်အသက်သွင်းပေးမှာပါ.... ဒါပေမဲ့ အခုတော့ ခင်ဗျားရဲ့ ရုပ်ခန္ဓာကို ယူလို့မရသေးဘူး.... ကျွန်တော် ခင်ဗျားကို အသက်ပြန်သွင်းပေးရင်တောင်မှ ခင်ဗျားအတွက် သိပ်အသုံးမ၀င်ဘူး..... ခင်ဗျား သိပ်အလျင်မလိုရင် နောက်ထပ် နှစ်အနည်းငယ်လောက်စောင့်...”
“ငါ စောင့်လို့မရဘူး”
အမိကမ္ဘာမြေ၏ အမြစ်ကြီးသည် အဆိပ်ရှိ နဂါးတစ်ကောင်ပမာ ဖန်သားကောင်းကင်စေတီကို လှည့်ပတ်နေ၏။ ၎င်းက ရတနာကို လုယူရန် အားနည်းချက်ကို ရှာဖွေနေသည့်အလားပင်။ “နင် ငါ့ဝိညာဉ်ကို ဒီနေ့ ဆင့်ခေါ်ပေးရမယ်.... ငါ ဒီနေ့ပဲ ပြန်မွေးဖွားချင်တယ်”
ချင်မူက ခေါင်းရမ်းသည်။ “ရုပ်ခန္ဓာမပါဘဲ ဝိညာဉ်ချည်းပဲဆိုရင် အတိုက်အခိုက်စွမ်းရည်က သိသိသာသာ တိုးတက်လာမှာမဟုတ်ဘူး.... ခင်ဗျား ဘယ်လို ကလဲ့စားချေတော့မှာလဲ.... ကောင်းကင်နတ်အရှင်ရှောင်ဆီသွားပြီး ကမ္ဘာဦးသစ်ပင်ကို ပြန်ယူချင်တယ်မလား”
သူက ရယ်၏။ “ကမ္ဘာဦးသစ်ပင်က ကောင်းကင်နတ်အရှင်ရှောင်ရဲ့ လက်ထဲ ရောက်နေပြီး ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက စောင့်ရှောက်နေတာ... ခင်ဗျားရဲ့ ကမ္ဘာဦးသစ်ပင်အမြစ်နဲ့ ဝိညာဉ်သုံးခုတည်းနဲ့ ကမ္ဘာဦးသစ်ပင်ကို ပြန်ယူဖို့ကြိုးစားတာက... ခင်ဗျား ပြန်သေမှာ ကျွန်တော် စိုးရိမ်မိတယ်”
“ခင်ဗျားရဲ့ ရုပ်ခန္ဓာကိုတော့ နည်းလမ်းရှိပါတယ်... မစိုးရိမ်ပါနဲ့”
အမိကမ္ဘာမြေသည် ဖန်သားကောင်းကင်စေတီအား ဟိုကိုင်သည်ကိုင် လုပ်ရင်း အားနည်းချက်အား ရှာဖွေနေသေးသည်။ သူမက အေးစက်စွာ ပြော၏။ “နင် ငါ့အတွက် ဝိညာဉ်သုံးခုပဲ ပြန်အသက်သွင်းပေးဖို့ လိုတယ်”
ချင်မူ ရင်ထဲတွင် အနည်းငယ်လှုပ်ခတ်သွားပြီး မျက်လုံးထောင့်စွန်းများ မှေးကျဉ်းသွားသည်။ ကမ္ဘာဦးသစ်ပင်အငယ်စားဖြစ်နေသော ကုန်းစွန်းယန်အကြောင်း တွေးမိသွား၏။
ရုတ်တရက် အမိကမ္ဘာမြေ ပြန်လည်ရှင်သန်ရန် အလျင်လိုနေသည့် အကြောင်းပြချက်ကို နားလည်သွားချေပြီ။
ချင်မူအကြည့်များက ရိပ်ခနဲ ဖြတ်ပြေးသွား၍ သူက တည်ကြည်စွာ ပြောလိုက်သည်။ “ကောင်းပြီလေ... ကျွန်တော် ခင်ဗျားအတွက် ဝိညာဉ်သုံးခု ဆင့်ခေါ်ပေးမယ်.... ဒါပေမဲ့ ပြင်ဆင်ဖို့ အချိန်ဆယ်ရက် လိုတယ်”
“ကောင်းပြီ... ငါ နင့်ကို ဆယ်ရက် အချိန်ပေးမယ်”
အမိကမ္ဘာမြေ၏အမြစ်က အလျင်အမြန် ရုတ်သိမ်းသွားပြီး ကမ္ဘာမြေကြီးအတွင်းထဲသို့ နစ်မြုပ်ပျောက်ကွယ်သွားသည်။ ရုတ်တရက် သူတို့ပတ်ပတ်လည်ရှိ စိမ်းစိုအုံ့ဆိုင်းနေသော တောအုပ်မှာ ခြောက်သွေ့ညှိုးနွမ်းကုန်ကြပြီး သေဆုံးကုန်သော အနက်ရောင်သစ်သားများအဖြစ် ပြောင်းလဲသွားကြသည်။ ကြွေကျနေသည့် သစ်ရွက်များပင်လျှင် ညှိုးခြောက်ကုန်၏။ သူတို့ပတ်ပတ်လည်ရှိ အရာအားလုံး ခြောက်သွေ့ခမ်းခြောက်ကုန်ချေပြီ။
“ဂိုဏ်းသခင်...”
နဂါးချီလင် မေးခွန်းမေးရန် ပါးစပ်ဟလိုက်စဉ် ချင်မူက လက်မြှောက်လိုက်သည်။ သူက ချက်ချင်း ပါးစပ်ပိတ်၍ စူးစူးစမ်းစမ်း ကြည့်ရှုနေလေသည်။
သူတို့အရှေ့တွင် ချုံဧကရာဇ်၏အလောင်းကား မလှုပ်မယှက် ရှိနေ၏။
ယန်အာနှင့် ကောင်းကင်နဂါးခြောက်ကောင်လည်း မေးခွန်းများမေးရန် ပြင်ဆင်ထားခဲ့ကြသည်။ ချင်မူနှင့် နဂါးချီလင်ကြားရှိ အဖြစ်ကို ကြည့်ပြီးနောက် သူတို့သည် ချုံဧကရာဇ်၏အလောင်းကိုသာ စိုက်ကြည့်နေကြ၏။
အားလုံး နိုးနိုးကြားကြား ဖြစ်သွားကြသည်။ ချုံဧကရာဇ်အလောင်းထဲရှိ ဧကရာဇ်ဝိညာဉ်ကို ချင်မူက ယိုတုထံ စေလွှတ်ခဲ့သော်လည်း သူသည် အမိကမ္ဘာမြေ၏ သားတော် ဖြစ်နေသေး၏။ မြေအောက်ဘုံအရှင်သခင်သည် အမိကမ္ဘာမြေကို လေးစားသမှုပြနိုင်သေးသောကြောင့် အမိကမ္ဘာမြေအနေဖြင့် ဝိညာဉ်ကို ပြန်ယူကောင်းယူနိုင်ပေလိမ့်မည်။
ဧကရာဇ်၏ခန္ဓာကိုယ်နှင့် ကျောက်ခေါင်းတလားအား ဤနေရာတွင် ထားရစ်ခဲ့ခြင်းက အမိကမ္ဘာမြေသည် ထူးဆန်းသော ရတနာဖြစ်သည့် ဖန်သားကောင်းကင်စေတီကို လက်မလျှော့သေးသည့် အဓိပ္ပာယ်ပင်။
ရုတ်တရက် အမြစ်နုလေးတစ်ခုက မြေကြီးထဲမှ ထွက်လာပြီး ချုံဧကရာဇ်၏အလောင်းကို မြှောက်ကာ ကျောက်ခေါင်းတလားထဲ ပြန်ထည့်လိုက်သည်။
ထို့နောက် အမြစ်က ခေါင်းတလားကို ရစ်ပတ်၍ မြေကြီးထဲ တဖြည်းဖြည်း နစ်၀င်သွား၏။
ချင်မူက ဖန်သားကောင်းကင်စေတီကို ယူ၍ ပြုံးလျက် ပြောသည်။ “အမိကမ္ဘာမြေ ထွက်သွားတဲ့ပုံပဲ...”
နဂါးချီလင်က ပါးစပ်ဟလိုက်သော်လည်း မည်သည်မှ မပြောချေ။ ထိုအခိုက်အတန့်တွင် မရေမတွက်နိုင်သော အမြစ်များသည် မြေကြီးအတွင်းမှ ထွက်ပေါ်လာ၏။ ကမ္ဘာမြေမှာ တပွက်ပွက် ဆူနေသည့်အလား ထူထဲလှသော အမြစ်ကြီးများစွာက ဖန်သားကောင်းကင်စေတီဆီသို့ ဝှစ်ခနဲ ပြေး၀င်လာကြသည်။
နဂါးချီလင်၊ ယန်အာနှင့် အခြားသူများမှာ တဆတ်ဆတ် တုန်ရီလျက် မြောက်တက်ကုန်ကြကာ ကမ္ဘာမြေကြီး၏ ပစ်ပေါက်ခြင်း ခံလိုက်ရ၏။ အမိကမ္ဘာမြေတိုက်ခိုက်သည်နှင့် ချင်မူက ဦးညွှတ်၍ ဖန်သားကောင်းကင်စေတီ၏ ကောင်းကင်ဘုံ ၂၈ ဘုံကို ဖွင့်ဟလိုက်သည်။ တဂျွတ်ဂျွတ်မြည်သံများ ထွက်ပေါ်လာပြီး အမြစ်များမှာ တရစပ် ပြောင်းလဲနေသည့် ကောင်းကင်ဘုံများ၏ ချိုးဖျက်ခြင်းခံလိုက်ရသည်။
အမိကမ္ဘာမြေ၏ အမြစ်များသည် မာကြောလွန်းသဖြင့် ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်များသာ ဖျက်စီးနိုင်၏။ သို့သော် ချင်မူက ဖန်သားကောင်းကင်စေတီကို ကိုယ်တိုင် ထိန်းချုပ်လျက် ကောင်းကင်ဘုံ ၂၈ ဘုံကို အလှည့်ကျ ထပ်ခါထပ်ခါ ပြောင်းလဲနေစေသည်။ ထို့ကြောင့် အမြစ်များကို ဖျက်ဆီးရသည်မှာ ဖရဲသီးများ၊ ဂေါ်ဖီများအာ လှီးသကဲ့သို့ လွယ်ကူ၏။
မြေပြင်အောက်မှ ဟိန်းဟောက်သံတစ်သံအား ခပ်တိုးတိုး ကြားလိုက်ရသည်။ ပြတ်တောက်သွားသော အမြစ်များမှာ ကောင်းကင်ဘုံ ၂၈ ဘုံထဲတွင် တွန့်လိမ်နေသည့် မြွေများအလား တည်ရှိနေကြပြီး ဖန်သားကောင်းကင်စေတီ၏ ထိန်းချုပ်ခြင်းမှ ရုန်းထွက်၍ ပင်မခန္ဓာကိုယ်သို့ ပြန်ရန် ကြိုးစားနေကြသည်။
ချင်မူက အဘယ်ကြောင့် သူမအား အမြစ်များပြန်ယူခွင့် ပေးရမည်နည်း။
ထိုအမြစ်များမှာ တစ်ခုပြီးတစ်ခု ဖန်သားကောင်းကင်စေတီ၏ အတွင်းပိုင်းထဲသို့ ပို့လွှတ်ခံနေရရာ အမိကမ္ဘာမြေအတွက် ပြန်လည်စုစည်းရန် မဖြစ်နိုင်တော့ချေ။
“ကောင်းကင်နတ်အရှင်မူ”
မြေကြီးက ပြင်းပြင်းထန်ထန် တုန်ခါသွားပြန်သည်။ မြေကြီးအောက်မှ ဧရာမမည်းမည်းအရာကြီး ထွက်ပေါ်လာပေတော့မည်။
ယင်းကား အဆမတန် ကြီးမားလှသည့် ကမ္ဘာဦးသစ်ပင်၏ အမြစ်ပင်။ မရေမတွက်နိုင်သော အမြစ်များသည် အတူတကွ ရောယှက်နေပြီး ဧရာမအမြစ်လုံးကြီးတစ်လုံးကို ဖြစ်ပေါ်နေစေ၏။
ယခင်က အမိကမ္ဘာမြေ ကောင်းကင်နတ်အရှင်ဟောင်အား တိုက်ခိုက်နိုင်ရန် ကူညီပေးခဲ့စဉ်အခါတွင် ဤအမြစ်လုံးကြီးကို ချင်မူ မြင်ဖူးခဲ့သည်။
ချင်မူက လက်မြှောက်၍ ဖန်သားကောင်းကင်စေတီကို ယူပြီးနောက် ထိုရတနာအား မြေကြီးထဲ အတင်းအကြပ် စိုက်ထည့်လိုက်ကာ အေးစက်စက် ရယ်လိုက်၏။ “အမိကမ္ဘာမြေ၊ ခင်ဗျားရဲ့ အကြံတွေက ဉာဏ်တိမ်လွန်းတယ်... ဒီရတနာအတွက်နဲ့ ကျွန်တော့်ကို ရန်စပြီး ခင်ဗျား ပြန်မွေးဖွားဖို့ အခွင့်အရေးကို ဆုံးရှုံးခံတော့မလို့လား”
ကမ္ဘာမြေအတွင်းပိုင်းမှ တုန်ခါမှုများမှာ ရပ်တန့်သွားပြီး လက်တံကြီးများသဖွယ် အမြစ်များမှာ မြေကြီးထဲသို့ တဖြည်းဖြည်း ပြန်လည်၀င်ရောက်သွားသည်။
ချင်မူက ဖန်သားကောင်းကင်စေတီကို ပြန်ယူ၍ အေးစက်စွာ ပြောသည်။ “အကျိုးအမြတ်လေးတစ်ခုတည်းအတွက် အမှား၊ အမှန်တောင် မခွဲခြားနိုင်တော့ဘူးပဲ... အမိကမ္ဘာမြေကို ကျွန်တော် စိတ်ပျက်မိတယ်.... ခင်ဗျားရဲ့ ရှုံးနိမ့်မှုက မတော်တဆဖြစ်တာမဟုတ်ဘူး.... ကျွန်တော် ခင်ဗျားကို အကြံတစ်ခုပေးမယ်.... ခင်ဗျား သေချင်တယ်ဆိုရင် ကုန်းစွန်းယန်ကို တိုက်ခိုက်ပါ.... ကျွန်တော် ခင်ဗျားကို ပြိုင်ဘက်ကင်းအောင် လုပ်ပေးနိုင်သလို ၊ ထာ၀ရဘ၀ပျက်သွားအောင် ဒုက္ခပေးနိုင်တယ်ဆိုတာကိုလည်း မမေ့ပါနဲ့..”