တာအိုနှလုံးသားကို တိုင်းတာခြင်း
Vol. 85 Ch. 1098
ချင်မူ ထိုသို့ပြောလိုက်သည်နှင့် မြေပြင်သည် ပြင်းပြင်းထန်ထန် တုန်ခါသွား၏။ အမိကမ္ဘာမြေကား သူ၏ခြိမ်းခြောက်မှုကြောင့် အမျက်တချောင်းချောင်း ထွက်သွားချေပြီ။ သို့သော် သူ့ကိုတိုက်ခိုက်မည့်အစား အဝေးသို့ ဆုတ်ခွာသွားသည်။
ချင်မူမှာ သက်ပြင်းတစ်ချက် မှုတ်ထုတ်မိပြီး မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးအား ဖွင့်လိုက်သည်။ မျက်လုံးသည် မြေကြီးအား အချိန်အတော်ကြာ ဖောက်ထွင်းကြည့်၍ အမိကမ္ဘာမြေ ထွက်ခွာသွားကြောင်း အတည်ပြုလိုက်၏။ ထို့မှသာ သူက ပြောလေသည်။ “စကားပြောလို့ရပြီ”
နဂါးချီလင်လည်း သက်မတစ်ချက်ချကာ ပြောလိုက်သည်။ “အမိကမ္ဘာမြေရဲ့ ဝိညာဉ်တွေ ပြန်လည်ရှင်သန်လာရင် သူက သေချာပေါက် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာက ကမ္ဘာဦးသစ်ပင်ကို ယူလိမ့်မယ်.... သူ ဒီတစ်ကြိမ် အသက်ပြန်ရှင်လာရင် သူ့ရဲ့ခွန်အားက သိသိသာသာ လျော့ကျသွားမှာ.... ကောင်းကင်နတ်အရှင်ရှောင်ဆီက သူ့ခန္ဓာကိုယ်ကို ပြန်ယူဖို့ မဖြစ်နိုင်လောက်ဘူး... ဒါကြောင့် ကုန်းစွန်းယန်ကို သေချာပေါက် တိုက်ခိုက်လိမ့်မယ်”
ချင်မူက ခေါင်းညိတ်၍ တည်ကြည်စွာ ပြော၏။ “ငါ သူ့ကို သတိပေးခဲ့ပြီးပြီ.... သူ ကိုယ်သေတွင်းကိုယ် တူးချင်ရင်တော့ ငါ မကူညီနိုင်ဘူး”
သူက ဖန်သားကောင်းကင်စေတီကြောင့် ပျက်စီးသွားသော ကမ္ဘာဦးသစ်ပင်အမြစ်များကို သိမ်းဆည်းလိုက်သည်။ အမိကမ္ဘာမြေ၏ ချီစွမ်းအင်မှာ အမြစ်များအတွင်းမှ ပျောက်ကွယ်သွားပြီဖြစ်သော်လည်း ကမ္ဘာဦးသစ်ပင်၏ အမြစ်များ ဖြစ်နေသေးသည့်အတွက် အင်မတန် မာကြောချေသည်။
ဧကရာဇ်ပလ္လင်အဆင့် နတ်လက်နက်များဖြင့်သာ ဖျက်ဆီးနိုင်သည့် ဤအမြစ်များသည် ရတနာသွန်းလုပ်ရန်အတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်ပေမည်။
ချင်မူ့ကို အမှန်တကယ် အံ့အားသင့်စေခဲ့သည့်အရာကား ဖန်သားကောင်းကင်စေတီ ဖြစ်သည်။
သူသည် ဤရတနာ၏ စွမ်းအားကို အသက်သွင်းရန် ချီစွမ်းအင် များများစားစား မသုံးခဲ့ချေ။ ဖန်သားကောင်းကင်စေတီ၏ စွမ်းအင်ကိုသာ ယူ၍ ကမ္ဘာဦးသစ်ပင်၏ အမြစ်များအား ညီညီညာညာ အစိတ်အပိုင်းများအဖြစ် ပိုင်းဖြတ်ပစ်နိုင်ခဲ့သည်။ ဖရဲသီးများ၊ ဂေါ်ဖီထုပ်များကို လှီးဖြတ်သည့်အလား လွယ်ကူခဲ့၏။
သူသာ ဖန်သားကောင်းကင်စေတီ၏ စွမ်းအင်ကို အပြည့်အဝ လှုံ့ဆော်နိုင်မည်ဆိုလျှင် မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်နည်း။
‘ရတနာကောင်းပဲ...’
ချင်မူမှာ ဆန်းပြားလှသော ဤရတနာအား စိတ်၀င်တစား ငေးမောနေမိသည်။ ထို့နောက် ခေါင်းခါလိုက်မိသည်။ ဝေစွေ့ဖုန်းနည်းတူ ဖန်သားကောင်းကင်စေတီကို စွဲလမ်းမိရန် နည်းနည်းသာ လိုတော့သည်မဟုတ်ပါလော။
ဤဖန်သားကောင်းကင်စေတီတွင် လူများကို ဆင်ခြင်တုံတရား ကင်းမဲ့သွားစေနိုင်သော ညှို့ဓာတ်တစ်ရပ် ပိုင်ဆိုင်ထားသယောင်ပင်။
ချင်မူသည် ဤရတနာကို မင်းသားယိုမင်ဆီ ပြန်မပေးရန် အတွေးပင် ပေါ်လာခဲ့၏။
‘ဒီရတနာက တစ်ခုခု ထူးဆန်းနေတယ်’
ဖန်သားကောင်းကင်စေတီက တစ်လောကလုံးတွင် နံပါတ်တစ်ရတနာသာ ဖြစ်ရုံမဟုတ်မှန်း ချင်မူ အနည်းအကျဉ်း သတိထားမိသည်။ ယင်းသည် အစွမ်းထက်သော ရတနာတစ်ပါးသာမဟုတ်ဘဲ သူ၏တာအိုနှလုံးသားကိုပါ ဆွဲဆောင်နိုင်၏။
‘ရှေးဟောင်းနတ်ဘုရားဥများလား’
သူက ဖန်သားကောင်းကင်စေတီထိပ်သို့ မော့ကြည့်လိုက်မိသည်။ ရှေးဟောင်းနတ်ဘုရားဥမှာ အင်မတန် တုံ့ပြန်နိုင်စွမ်းရှိပြီး ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် ထိုက်ချူ သို့မဟုတ် ထိုက်ရှီ၏ ဥနှင့် မတူသည်က အတောည်လေး ထူးဆန်းလှပေသည်။
“ဒါဆို သူ့ဝိညာဉ်တွေကို ဆယ်ရက်အတွင်း ဆင့်ခေါ်ပေးမယ်လို့ ဘာကြောင့် ဂိုဏ်းသခင် သဘောတူလိုက်တာလဲ” နဂါးချီလင်က နားလည်ရခက်စွာ မေးသည်။
နဂါးချီလင်၏အကြည့်သည်လည်း ဖန်သားကောင်းကင်စေတီအပေါ် ကျရောက်သွား၏။ သူလည်း ထူးဆန်းသော ဤရတနာကို ထိန်းချုပ်ဖူးသည့်အလျောက် သိသိသာသာ စိတ်၀င်စားချေသည်။ သို့သော် ဝေစွေ့ဖုန်းလောက်တော့ အရူးအမူး ဖြစ်မနေပေ။
သူ ငေးကြည့်နေသည်ကို ချင်မူ မြင်သွားပြီး ရင်အနည်းငယ် ခုန်သွားသည်။ ချင်မူက ဖန်သားကောင်းကင်စေတီကို သိမ်း၍ ပြုံးလိုက်သည်။ “ငါ သူ့ကို ကတိပေးထားတော့ ကတိဖျက်လို့မရဘူး.... ဒါ့အပြင် အချိန်ဆယ်နှစ် ပြည့်သွားပြီလေ...ငါ အမိကမ္ဘာမြေကို အသက်ပြန်သွင်းလိုက်ရင် ငါက ပြိုင်ဘက်ကင်း မဟာမှော်ဆရာတစ်ယောက် ဖြစ်နေတုန်းဆိုတာ ရှေးဟောင်းနတ်ဘုရားတွေ သိသွားပြီး ငါ့ကို ဆက်လက် ထောက်ပံ့ပေးလိမ့်မယ်”
နဂါးချီလင်က စိတ်တည်ငြိမ်လာပြီး တုံ့ဆိုင်းစွာ မေးသည်။ “အမိကမ္ဘာမြေရဲ့ ဝိညာဉ်သုံးခု စုစည်းပြီးသွားရင် သူက ကုန်းစွန်းယန်ရဲ့ ခန္ဓာကိုယ်ကို ယူလိုက်မှာလား”
ချင်မူ ရှေ့သို့လျှောက်သွားလိုက်ရင်း အရေးမကြီးသည့်အလား ပြောသည်။ “အဲ့ဒီလိုဆို ကျန်တဲ့ရှေးဟောင်းနတ်ဘုရားတွေ မကောင်းတာ မလုပ်ဖို့ ငါ ရှင်းရှင်းလင်းလင်း ပြပေးရမှာပေါ့... ငါ သူတို့ကို ပြန်အသက်သွင်းလို့ရသလို ဖျက်ဆီးပစ်လို့လဲ ရတာကိုပေါ့ကွာ”
သူက လက်သီးဆုပ်၍ အေးစက်စွာ ပြော၏။ “ဒီရှေးဟောင်းနတ်ဘုရားတွေ ဒီကိစ္စကို သေချာတွေးတောသင့်တယ်... သူတို့ရဲ့ မဟာမိတ်ကို လေးစားသင့်တယ်”
အားလုံး ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ မြို့တော်ဆီသို့ အလျင်အမြန် ဦးတည်သွားကြသည်။ ခုနစ်ရက် ကြာပြီးနောက် မြို့တော်သို့ ရောက်လာကြချေပြီ။
အဝေးမှကြည့်လျှင် မြို့တော်မှာ အပေါ်လွှာနှင့် အောက်လွှာဟူ၍ ရှိသည်။ အပေါ်မြို့တော်မှာ ကမ္ဘာဦးသစ်ပင်၏ ထိပ်ဖျားအပေါ်၌ တည်ဆောက်ထားခြင်းဖြစ်ပြီး အောက်မြို့တော်ကတော့ ကမ္ဘာဦးသစ်ပင်ကို ၀န်းရံ၍ တည်ဆောက်ထားသည်။
ချင်မူ မထွက်သွားခင်တုန်းက ကုန်းစွန်းယန်အား ကမ္ဘာဦးရေကြည်အချို့ ပေးခဲ့သည်။ ကုန်းစွန်းယန်သည် ကမ္ဘာဦးရေကြည်ကို စုပ်ယူ၍ ကမ္ဘာဦးသစ်ပင်ကို တဟုန်ထိုး ကြီးထွားစေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ မူလ ထာ၀ရငြိမ်းချမ်းရေးမြို့တော်မှာ သစ်ပင်ကို မကာမိသဖြင့် လင်ယွိရှို့မှာ အရာရှိများကို ဦးဆောင်၍ နောက်ထပ်မြို့တော်အသစ် တည်ဆောက်ခဲ့ရသည်။
မူလမြို့တော်ကိုလည်း လူဦးရေ ပိုမိုများပြားစွာ လက်ခံနိုင်ရန် တိုးချဲ့ခဲ့သည်။
မြို့တော်အပြင်ရှိ ရွှံ့မြစ်ထုတ်လုပ်ရေးစက်ရုံများလည်း အရေအတွက် ပိုမိုတိုးပွားလာသည်။ စက်ရုံတို့အထဲတွင် မီးဖိုများနှင့် ယန္တရားစက်ရုပ်ကြီးများသည် နေ့မနားညမနား အလုပ်လုပ်နေကြပြီး ကောင်းကင်နတ်သိုင်းကျင့်ကြံသူများက အမျိုးမျိုးသော နတ်လက်နက်များကို သွန်းလုပ်နေကြသည်။
ချင်မူက အရှိန်လျှော့၍ ရက်သတ္တပတ်မျှ ဟိုဟိုသည်သည် သွားရောက်လည်ပတ်ခဲ့၏။ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရှိ လူများမှာ ယခင်ကထက် ပိုမိုကြွယ်ဝချမ်းသာနေကြသည်ကို သူ တွေ့ရသည်။ ကုန်သင်္ဘောများစွာကလည်း ၀င်ထွက်သွားလာလျက် စည်ကားသိုက်မြိုက်နေသည်။ ရွှံ့မြစ်မှာ ကောင်းကင်နတ်ဘုံနှင့် ကမ္ဘာဦးဘုံရှိ နေရာမျိုးစုံမှ လူတို့သာမက အမျိုးမျိုးသော ကောင်းကင်ဘုံများမှ ကုန်သင်္ဘောများဖြင့် ပြည့်နှက်နေချေသည်။
ကောင်းကင်နတ်ဘုံ၏ ကုန်သင်္ဘောများသည် နတ်စစ်သည်တော်များနှင့် နတ်ဘုရားများ နေ့စဉ်အသုံးပြုနိုင်အောင်န် နတ်လက်နက်များကို လာရောက်သယ်ဆောင်ကြ၏။ အမျိုးမျိုးသော ကောင်းကင်ဘုံများနှင့် ကမ္ဘာဦးဘုံရှိ တိုင်းပြည်များ၏ ကုန်သင်္ဘောများကတော့ သတ္တုတွင်းထွက်များ၊ ကုန်ကြမ်းများကို သယ်ဆောင်လာတတ်ကြသည်။
ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသည် ထိုနတ်လက်နက်များကို ကောင်းကင်နတ်ဘုံမှ ကောင်းကင်ငွေကြေးဖြင့် လဲလှယ်ပြီး အမျိုးမျိုးသော ကောင်းကင်ဘုံအမျိုးမျိုးမှ သတ္တုတွင်းထွက်များ၊ ကုန်ကြမ်းများကို ၀ယ်ယူ၏။ ဆယ်နှစ်အတွင်း အတော်အသင့် ကြီးမားသော စက်မှုလုပ်ငန်းတစ်ခု တည်ထောင်နိုင်ခဲ့လေသည်။
ဤသည်ကား ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ အစိတ်အပိုင်းလေးတစ်ခုသာ ရှိသေး၏။
ပြောရလျှင် မြို့တော်အပြင် မြစ်သင်္ချိုင်း၊ ပါ့ကျိုးပြည်နယ်၊ မာန်ဟုန်မြစ်နှင့် တောင်ဘက်ရှိ လီမြစ်တို့ ရှိသေးသည်။ ၎င်းတို့၏ တိုးတက်မှုကလည်း မသေးငယ်ဘဲ မြို့တော်နှင့် တန်းတူမဟုတ်လျှင် သာလွန်သည်။
မြို့တော်သည် နတ်လက်နက်များ သွန်းလုပ်ခြင်းကို တာ၀န်ယူထား၏။ မြစ်သင်္ချိုင်းက သင်္ကေတများ ခတ်နှိပ်ရသည်။ ပါ့ကျိုးပြည်နယ်က ဝိညာဉ်ဆေးလုံးများနှင့် ဝိညာဉ်ဆေးများ တီထွင်ရန်နှင့် သန့်စင်ရာတွင် တာ၀န်ယူထားသည်။ မာန်ဟုန်မြစ်ကား ၀င်္ကပါပုံကြမ်းများ သွန်းလုပ်ပေး၏။ လီမြစ်ကတော့ နေ့စဉ်သုံးစွဲမည့် ဝိညာဉ်လက်နက်များကို ဒီဇိုင်းရေးဆွဲ၍ သွန်းလုပ်ပေသည်။ နေရာတစ်ခုချင်းစီတွင် ကိုယ်ပိုင်အထူးပြုမှုများ ရှိ၏။
ချင်မူ မျက်ကန်းနှင့် ရွှေအကို တွေ့လိုက်ရသည့်အပြင် သားသတ်သမားလည်း ရောက်နေသည်ကို တွေ့လိုက်ရသည်။ ချင်မူမှာအနည်းငယ်မျက်နှာပျက်သွားပြီး သူ့နှလုံသားထဲတွင် တွန့်သွားမိသည်။ သို့သော် သူ့ကို မျက်စိအလွန်ကောင်းသည့် မျက်ကန်းက သတိထားမိသွားလေသည်။ ရွှေအ၏ ကျယ်လောင်ကြည်လင်သော အသံက ထွက်လာတော့သည်။ “မူအာ ပြန်ရောက်ပြီကွ”
ချင်မူက တရိုတသေ ရှေ့သို့ လျှောက်သွားလိုက်သည်။ သားသတ်သမားသည် နတ်ဓားမနှစ်လက် ထုတ်၍ တစ်လက်ကို ပစ်ပေး၏။ “မူအာ၊ နည်းနည်းပါးပါး ခုတ်ရမ်းကြည့်စမ်း... ဒီအတောအတွင်း မင်း ဓားမလမ်းစဉ်ကို ၀င်ရောက်နိုင်ခဲ့ပြီလား ကြည့်ရအောင်”
ချင်မူ နတ်ဓားမကို ဖမ်းယူလိုက်သည်။ ဓားမကား ဆယ်ပေနီးပါး ရှည်လျား၏။ သူက သူ၏လက်ညှိးနှင့် လက်ခလယ်ကို ဖိကပ်၍ ဓားသွားကို အသာအယာ ထိကာ အရိုးမှ အဖျားအထိ ပွတ်ဆွဲလိုက်သည်။ ထို့နောက် အားရပါးရ ရယ်လေသည်။ “ဘိုးဘိုးသားသတ်သမား၊ ကျွန်တော် ဓားမတာအိုကို နားမလည်သေးပါဘူး.. ဒါပေမဲ့ ပိုကောင်းတာကို နားလည်လာခဲ့တယ်”
သားသတ်သမားက သူ၏ဧရာမဓားမကြီးဖြင့် ရှေ့သို့လျှောက်လာကာ မျက်ခုံးများပင့်ပြီး ရယ်လိုက်သည်။ “ပိုကောင်းတာ ဟုတ်လား.... ကောင်စုတ်လေး... ဟိုးအစတည်းက ဒီနေ့အထိ ဆရာကို လှည့်စားပြီး ဘိုးဘေးတွေကို စော်ကားခဲ့တဲ့ အကောင်တွေက မင်းနဲ့ တစ်လေသံတည်းပဲကွ..... ငါ့ကို မရှုမလှ ရိုက်နှက်ဖို့ ကြံစည်ထားတာလား”
ချင်မူက ဓားမ,ရှည်ကို ပခုံးပေါ်တင်၍ ဖိနပ်များချွတ်ကာ ခြေဗလာဖြင့် စက်ရုံအပြင်သို့ သားသတ်သမားနောက်မှ လိုက်သွားသည်။ “ကျွန်တော် ဆရာတွေကို မလှည့်စားရဲသလို ဘိုးဘေးတွေကိုလည်း မစော်ကားရဲပါဘူး.... ဒါပေမဲ့ ကျွန်တော့် လောလောလတ်လတ်က ခရီးစဉ်တွေမှာ တာအိုနှလုံသားအောင်မြင်မှုက အဆင့်တစ်ခုအထိ ရောက်ခဲ့ပါတယ်”
သားသတ်သမားက မျက်လုံးများ မှေးကျဉ်း၍ သူ၏ခြေထောက်ကြီးအား ဆောင့်ချလိုက်သည်။ သူ့ခြေထောက်ရှိ ဖိနပ်မှာ သူဓားမချီကြောင့် အစိတ်စိတ်အမြွှာမြွှာ ကွဲသွား၏။ “တာအိုနှလုံးသားက ဘာကောင်းလို့လဲ... မင်းရဲ့ တာအိုနှလုံးသားကို နုတ်နုတ်စင်းပစ်မယ်”
ရွှေအက သေတ္တာတစ်လုံး အလျင်အမြန် ထုတ်ပြီး ထိုင်သည်။ ဆေးရွက်ကြီးအိတ်ကိုလည်း ထုတ်ယူလိုက်သည်။ ထို့နောက် ဆေးရွက်ကြီးအချို့ကို ယူ၍ သူ၏ဆေးတံကို မီးငြှိလျက် တစ်ရှိုက်ဖွာပြီးနောက် ပြုံးဖြီးနေချေသည်။
မျက်ကန်းလည်း ထွက်လာကာ ဘေးတွင် မှီလျက် ရပ်နေ၏။ ရွှေအက ဆေးတံလှမ်းသော်လည်း သူက လက်တစ်ချက် ကာကာ ငြင်းသည်။ ထို့နောက် ခပ်တိုးတိုး ပြောလေသည်။ “ဆရာတွေကို လှည့်စားပြီး ဘိုးဘေးတွေကို စော်ကားခဲ့တဲ့သူတွေက မူအာနဲ့ တစ်လေသံတည်းလား’
ရွှေအက ခေါင်းညိတ်သည်။
မျက်ကန်းမှာ တွန့်သွားလေသည်။ “ငါ အရင်က ငါ့ဆရာက အဲ့ဒီလိုလေသံနဲ့ ပြောခဲ့တာပဲ”
ရွှေအက နောက်တစ်ရှိုက်ဖွာ၍ အားပါးတရ ပြုံးလိုက်သည်။ “မူအာက မင်းဆီက သင်ထားတာ နေမှာပေါ့”
သားသတ်သမားသည် ဓားမရှည်ကို ဝင့်ယမ်းလိုက်သည့်အခါ ဓားမရောင်က ဖျတ်ဖျတ်လက်လျက် ဝှစ်ခနဲ ကောင်းကင်တစ်လျှောက် ကခုန်သွား၏။ ထို့နောက် ဓားမရောင်ကား မြေပြင်သို့ ထိုးစိုက်ခံလိုက်ရသော သူ၏ဓားမရှည်ထဲ ပြန်ရောက်လာသည်။ သားသတ်သမား၏ ခပ်ပြတ်ပြတ်အသံလည်း နောက်ဆက်တွဲ ထွက်လာသည်။ “မင်းက မင်းရဲ့ တာအိုနှလုံးသားက ပိုကောင်းတယ်လို့ ပြောတယ်... ဒါဖြင့် ငါတို့တာအိုနှလုံးသားတွေကို အရင်နှိုင်းယှဉ်ကြည့်တာပေါ့” ထို့နောက် သူက မျက်လုံးများ မှိတ်လိုက်သည်။
ချင်မူလည်း လက်ကို လွှဲရမ်း၍ သူ၏ ဓားမ,ရှည်ကြီးအား မြေပြင်တွင် ထိုးစိုက်လိုက်ကာ မျက်လုံးများ မှိတ်လိုက်သည်။
“ဓားမသိုင်းကွက်ကောင်းပဲ” မျက်ကန်းက မှတ်ချက်ပြုလိုက်၏။