← Chapters

ဓားမထဲက စိတ်ဝိညာဉ်

Vol. 85 Ch. 1099

ဓားမထဲက စိတ်ဝိညာဉ်

Vol. 85 Ch. 1099

ရွှေအမှာ အနည်းငယ် လန့်သွားသည်။ သူက ဒေါသတကြီး စိုက်ကြည့်နေရင်း လက်ဟန်ခြေဟန် မျိုးစုံ လုပ်ပြနေသည်။

မျက်ကန်းက သားသတ်သမားနှင့် ချင်မူတို့ မျက်နှာချင်းဆိုင်နေသည်ကို “ကြည့်ရန်” မျက်လုံးများ မှိတ်လိုက်သည်။ ထို့နောက် အေးအေးလူလူ ပြော၏။ “ရွှေအ၊ မင်းမှာ မျက်လုံးနှစ်လုံး ရှိတာတောင် ဘာမှမမြင်ဘူး.... ငါ ကူညီပေးမယ်”

သူက ရွှေအ၏ မျက်နှာကို လက်ဖဝါးဖြင့် ကာကာ မျက်လုံးများအပေါ် ဖုံးလိုက်သည်။

ရွှေအမှာ သူ့လက်ကို ဖယ်လုဆဲဆဲတွင် အမှန်တကယ် “မြင်” လိုက်ရသဖြင့် တုန်လှုပ်သွားတော့သည်။

သားသတ်သမားနှင့် ချင်မူ ရပ်နေကြသည်ကို သူ “မြင်” နေရချေသည်။ နှစ်ယောက်သား မလှုပ်မယှက် ရပ်နေကြသော်လည်း သူတို့၏ “စိတ်ဝိညာဉ်” များက တရစပ် ပြောင်းလဲနေကြသည်။ ဓားမသိုင်းကွက်‌ ထောင်ပေါင်းများစွာက တစ်ယောက်စီထံသို့ အလင်းတန်းများအလား ပြေး၀င်နေကြ၏။

ဓားမရောင်များမှ လင်းလက်တောက်ပနေ၏။ ကောင်းကင်ဘုံကိုပင် ခွဲခြမ်းနိုင်သည်အထိ ကြီးမားလှသော ဓားမကြီးများပင် ပါရှိလေသည်။ စီးဆင်းနေသော ရေကဲ့သို့ သိမ်မွေ့နူးညံ့သော ဓားသေးသေးလေးများလည်း ရှိ၏။ သူတို့၏ စိတ်ဝိညာဉ်များကား ထိုမျှ ပြောင်းလဲနေကြချေသည်။ အခိုက်အတန့်တိုင်းတွင် မရေမတွက်နိုင်သော သိုင်းကွက်များ အသုံးပြုခံနေရ၏။ တိုက်ခိုက်ခြင်းမှာ ပြင်းထန်လွန်းသဖြင့် လူတိုင်းမှာ “အကြည့်” မလွှဲနိုင်ကြချေ။

သူတို့နှစ်ယောက်ကား တစ်ဖက်လူ၏ ပြင်းထန်လှသော ဓားမသိုင်းကွက်များမှတဆင့် သင်ယူနေသော အံ့မခန်း ဓားမနတ်ဘုရားနှစ်ပါးလားပင်။

ရွှေအမှာ ငေးကြောင်လျက် ကြည့်နေမိတော့သည်။

တစ်ချိန်တည်းမှာပင် မိုးခြိမ်းသံတမျှ ကျယ်လောင်သည့် စစ်ဗုံသံများ ၊ ကုဋေချီသောလူများ၏ အော်ဟစ်အားပေးသံများကိုလည်း ကြားနေရသည်။ ယင်းတို့ကား ချင်မူ့ကိုယ်မှထွက်လာသော စိတ်ဝိညာဥ်ပင် ဖြစ်၏။

ရွှေအမှာ ငေးကြောင်လျက်နှင့်ပင် ရှေးဟောင်းသမိုင်းကြောင်းကို ဖြတ်သန်းသွားသည့်အလား ခံစားလိုက်ရပြီးနောက် အမှောင်ထုကို ဖြတ်လျက် ပိုင်းခွင်းလာသော ဓားမရောင်တစ်ခုကို မြင်လိုက်ရသည်။ အတိတ်ခေတ်၏ လူများ တိုက်ခိုက်နေသော သမိုင်းကို မျက်မြင်တွေ့နေရသည့်အလား ထင်ရပေသည်။

ဓားမရောင်နှင့် ဓားမရိပ်များအောက်တွင် ကြီးမားလှသော အင်အားတို့သည် အမှောင်ထုထဲမှ ရုံးကြွလာပြီး ထိုခေတ်၏ သစ္စာမဲ့သော ကပ်ဘေးနှင့် မတရားမှုများကို တိုက်ခိုက်နေချေသည်။

အမှောင်ကို သယ်ဆောင်လျက် အန္တရာယ်အပေါင်းကို ဖြတ်ကျော်သည်။ လူတစ်သုတ်ပြီးတစ်သုတ် ကျဆုံးကုန်သည်။ အလောင်းတို့ကား ပင်လယ်သဖွယ် ပုံလျက်၊ သွေးတို့က မြစ်သဖွယ် စီးဆင်းလျက်....။

သူတို့သည် အမှောင်ထုမှ အလင်းရောင်ဆီသို့၊ အတိတ်မှ ပစ္စုပ္ပန်ဆီသို့ ဆက်လျှောက်နေကြ၏။

ဤမျိုးနွယ်စု၏ ကျောရိုးမှာ ဘယ်တုန်းကမှ ကျိုးမသွားခဲ့ချေ။

ရွှေအမှာ သွေးများ ပွက်ပွက်ဆူလာမိပြီး အသံထွက်၍ပင် အော်ဟစ်လိုက်၏။ “ကောင်းလိုက်တဲ့ ဓားမသိုင်းကွက်”

မျက်ကန်းက သူ့လက်ကို ချ၍ အေးအေးလူလူ ပြောသည်။ “မြင်ပြီမလား”

ရွှေအက ခေါင်းညိတ်လိုက်ရင်း သူ၏မျက်နှာ စိုစွတ်နေသည်ကို ခံစားလိုက်ရ၏။ အံ့ဩဖွယ်ကောင်းစွာနှင့် ချင်မူ၏ဓားသိုင်းကွက်များကို မြင်ရသည့်အခါ သူ့မျက်လုံးအိမ်မှ မျက်ရည်များ ကျလာခဲ့ချေသည်။

သူက မျက်တောင်တစ်ချက် ခတ်လိုက်ကာ ပြော၏။ “ငါ ဒီရေကြောင့် သီးသွားတာ..... စပ်တယ်ဟ”

နဂါးချီလင်က အရိပ်အခြည်ကြည့်၍ လျှောက်လာပြီး ခပ်တိုးတိုး ‌မေးလေသည်။ “ဆရာကြီးတို့၊ ပြိုင်ပွဲက ဘယ်လိုဖြစ်နေပြီလဲ.... ဘာလို့ ကျွန်တော် နားမလည်နိုင်တာလဲ”

ရွှေအနှင့် မျက်ကန်းက သူ့ကို တစ်ချက်ကြည့်သည်။ မျက်ကန်းက ပြောသည်။ “ဒီကောင်လေးက အခုထိ နားမလည်သေးဘူးလား”

“နားမလည်သေးဘူး”

နဂါးချီလင်မှာ အားနာစွာ ရယ်လိုက်သည်။ “ဆရာကြီးတို့ ကျွန်တော်နားမလည်ပေမယ့် ဆရာကြီးတို့နှစ်ယောက်က‌ ကောင်းတယ်ပြောနေတော့.... ကျေးဇူးပြုပြီး ကျွန်တော့်ကို သင်ပြပေးပါဦး”

ရွှေအသည် သူ့သေတ္တာထဲမှ ‌ငွေရောင်စက်လုံးတစ်လုံး ထုတ်လိုက်ပြီး သူ့ထံ ပစ်ပေး၏။ “သူတို့နှစ်ယောက်အလယ်ကို ပစ်လိုက်”

နဂါးချီလင်လည်း ထိုစက်လုံးကို လှမ်းပစ်လိုက်သည်။ စက်လုံးက နတ်လက်နက်ဖြစ်ပြီး အလယ်သို့ရောက်သည်နှင့် ပြင်းပြင်းထန်ထန် တုံ့ပြန်လာသည်။

၎င်းမှာ လှုံ့ဆော်ခံရသည့်အလား အပြင်သို့ ပဲ့ထွက်လာပြီး ထောင်ပေါင်းများစွာသော နတ်လှံတံများအဖြစ် ပြောင်းလဲသွား၏။

ဤသည်က ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ပန်းပဲလမ်းစဉ် ဖြစ်ပြီး ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပါ့ကျိုးပြည်နယ်၏ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်မှ ဒီဇိုင်းရေးဆွဲထားသော လှံစက်လုံးတစ်လုံးဟု ဆိုရပေမည်။ မရေမတွက်နိုင်သော လှံအရိုးများကို ဖိသိပ်လိုက်ခြင်းဖြင့် ၎င်းသည် စက်လုံးတစ်ခု ဖြစ်လာ၏။

ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ပန်းပဲပညာသည် တိကျမှုသာမက၊ ဒီဇိုင်းအနေအထားတွင်ပါ လောကအားလုံး၌ နံပါတ်တစ်ဖြစ်၍ ကောင်းကင်နတ်ဘုံ၏ ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်အောက်သာ နိမ့်‌ကျချေသည်။

မကြာမီ မရေမတွက်နိုင်သော လှံတံကြီးများကား လေထဲတွင် ကခုန်နေသော နဂါးများ ဖြစ်လာပြီး ချင်မူနှင့် သားသတ်သမားကို တိုက်ခိုက်၏။

နတ်လှံတံများက မြစ်သင်္ချိုင်းတက္ကသိုလ်၏ သင်္ကေတအမှတ်အသားများကြောင့် ချောင်ပိတ်မိလျှင် အလိုအလျောက် ပြန်လည်တိုက်ခိုက်နိုင်စွမ်း ရှိလေသည်။

ထိုသို့နတ်လှံတံများသည် စစ်ပွဲအကြီးစားများ၌ အသက်ပေါင်းများစွာ ကယ်တင်နိုင်သဖြင့် ကောင်းကင်နတ်ဘုံတွင် နာမည်ကြီး၏။ သူတို့သည် ၎င်းလှံတံများကို ၀ယ်ယူရန် ငွေအတော်များများ သုံးစွဲတတ်ကြသည်။

သို့သော် လှံတံများမှာ မကျရောက်နိုင်ခင် မိုးစက်များကဲ့သို့ အပိုင်းပိုင်းအစစ ပြိုကွဲကုန်ကြသည်။

နဂါးချီလင်မှာ ထိတ်လန့်တုန်လှုပ်သွားတော့သည်။ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ပန်းပဲပညာသည် သူပင် အံ့ဩမှင်သက်ရသည့် အဆင့်တစ်ခုသို့ ရောက်ရှိနေချေပြီ။ သူအနေဖြင့် ချင်မူနှင့်အတူ အတိတ်သို့ သွားရောက်ခဲ့ဖူးသည့်အလျောက် အကြမ်းစား နတ်လက်နက်များစွာ တွေ့ခဲ့ရသည်။ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသို့ ပြန်လာသည့်အခါ သူတို့ သွားခဲ့သည့်အတိတ်မှာ ရိုင်းစိုင်းရှေးကျနေသော ကမ္ဘာဦးကျောက်ခေတ်အလား ဖြစ်သွားလေသည်။

လွန်ခဲ့သည့်ငါးနှစ်အတွင်း ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ တိုးတက်မှုမှာ လျင်မြန်လှ၏။ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုတိုးတက်လာခဲ့ရာ နဂါးချီလင်မှာ အံ့ဩမှင်သက်မိနေသည်။

သို့သော် သူ့ကို ပို၍အံ့အားသင့်စေသည်မှာ ချင်မူနှင့် သားသတ်သမားကား မျက်လုံးများ မှိတ်ထားသည့်တိုင် သူတို့၏ဓားသိုင်းကွက်များသည် ထက်မြက်၍ တိကျနေခြင်း ဖြစ်၏။

သူတို့သည် အန္တရာယ်မရှိသည့်အလား ရပ်နေကြသော်လည်း နှစ်ယောက်ကြားထဲ ၀င်ရပ်လိုက်ပါက ချက်ချင်းဆိုသလို အစိတ်စိတ်အမွှာမွှာ ပိုင်းဖြတ်ခံရပေလိမ့်မည်။

‘ဂိုဏ်းသခင်ကလည်း ပိုအစွမ်းထက်လာတာပဲ’

နဂါးချီလင် မျက်တောင်တစ်ချက် ခတ်လိုက်သည်။ ‘ငါတို့ ဖန်သားကောင်းကင်စေတီကို ခိုးပြီး ‌တစ္ဆေသင်္ဘောဆီ ပြန်သွားခဲ့တုန်းက သူ့ကို နဂါးဟန်ခေတ်မှာ ထားခဲ့တာ.... သူ ဘာတွေများ ကြုံတွေ့ခဲ့ရလို့လဲ”

ချင်မူ၏ တာအိုနှလုံးသားသည် ထိုအတောအတွင်း အတော်လေး အဆင့်မြင့်တက်သွားခဲ့လိမ့်မည်။

တာအိုနှလုံးသား အဆင့်တက်သွားခြင်းက သူ၏စိတ်ဝိညာဉ်၊ အဟန့်အထည်၊ အတွေ့အကြုံနှင့် အသိအမြင်တို့ကို သိသိသာသာ တိုးတက်သွားစေသည်။

ထို့ကြောင့် ဓားလမ်းစဉ်များ ထိပ်တိုက်တွေ့နေသည့်တိုင် မည်သူမှ အရေးမနိမ့်နေခြင်းဖြစ်သည်။

အပြင်ရှိ လူများက ရုတ်ရုတ်သဲသဲ အခြေအနေကြောင့် အုတ်အုတ်ကျက်ကျက် ဖြစ်နေကြသော်လည်း အတွင်းရှိလူများက သူတို့မြင်နေရသောအရာကို နားလည်ကြ၏။ သို့သော် နက်နက်နဲနဲ နားလည်သူမှာ မျက်ကန်းတစ်ဦးသာ ရှိသည်။

သူ၏နတ်ဘုရားစိတ်မျက်လုံးထဲတွင် ချင်မူ့ဝိညာဉ်သည် ပိုမို ကြမ်တမ်းလာပြီး သားသတ်သမားကိုပင် တခဏ လွှမ်းမိုးသွား၏။

မှန်သည်၊ ထိုသို့လုပ်ဆောင်နိုင်ခြင်းက ချင်မူ၏အတွေ့အကြုံများကြောင့် ဖြစ်သည်။

နဂါးဟန်ခေတ်သို့ ကူးပြောင်းခဲ့‌သော အတွေ့အကြုံနှင့် သမိုင်း၀င်တော်လှန်မှုများမှ ခံစားကြုံတွေ့ခဲ့ရသော ခံစားချက်တို့ကြောင့်သာ မဟုတ်လျှင် ဤသို့မာကြောခက်ထန်သော စိတ်ဝိညာဉ်မျိုးကို ချင်မူ ပျိုးထောင်နိုင်မည်မဟုတ်ချေ။

‘သားသတ်သမား တောင့်မခံနိုင်တော့ဘူး.... သူ တိုက်ခိုက်ရတော့မယ်'

သူ ထိုသို့တွေးလိုက်သည်နှင့် သားသတ်သမားအရှေ့ရှိ ဓားမသည် ရုတ်တရက် နဂါး‌တစ်ကောင်ပမာ ပျံတက်လာ၏။ သားသတ်သမားက ၎င်းကို ကိုင်၍ ခုတ်ချလိုက်သည်။

ချင်မူ့စိတ်ဝိညာဉ်ကား သန်မာလွန်းပေသည်။ ဆက်လက်ရင်ဆိုင်ပါက သူ့အနေဖြင့် ချင်မူ့တာအိုနှလုံးသားကို ချိုးနှိမ်နိုင်လိမ့်မည်မဟုတ်ချေ။ ထိုအစား တိုက်ပင်မတိုက်လိုက်ရဘဲ ရှုံးနိမ့်သွားလိမ့်မည်။

ထိုသို့ရှုံးနိမ်ရခြင်းမျိုးသည် ဓားမလမ်းစဉ်ကို ၀င်ရောက်ခဲ့သည့် သိုင်းပညာရှင်တစ်ဦး သည်းမခံနိုင်သော အရာတစ်ခုပင်။

ထို့အပြင် ချင်မူသည် သူ့ကို အသုံးချ၍ သူ၏ဓားမသိုင်းကွက်များအား မြှင့်တင်နေသလို သားသတ်သမား ခံစားရသည်။

ဓားမတစ်လက်ကို ထိန်းသိမ်းရန် ဓားမလမ်းစဉ်ကို ထိန်းသိမ်းရမည်။ ဦးစွာ ချီကို ထိန်းသိမ်းတတ်ဖို့ လိုသည်။ ချီစွမ်းအင် လုံလောက်လာလျှင် ဓားမသည် မြန်ဆန်ကာ ထက်မြက်လာသည်။ ထိုအခါ ဓားမသိုင်းကွက်များ ကျင့်ကြံနိုင်မည်။ ဓားမသိုင်းကွက်များ ကောင်းမွန်လာပါက တိုက်ပွဲတွင် အင်အားကြီးမားလိမ့်မည်။

ထို့နောက် ဓားသိုင်းကွက်များကို ကျင့်ကြံခြင်းမှတစ်ဆင့် ဓားမသိုင်းသမားသည် ဓားမကို ထိန်းချုပ်လာနိုင်ပြီး ဓားမ၏ စိတ်ဝိညာဉ်ကို နားလည်လာလိမ့်မည်။

စိတ်ဝိညာဉ်ကို ကျင့်ကြံနိုင်လျှင် ဓားမလမ်းစဉ်သို့ တက်ရောက်နိုင်မည်။

အချိန်အတော်ကြာသည်အထိ ချင်မူသည် နားလည်မှုရော၊ ဓားမသိုင်းကွက်များတွင်ပါ မလစ်ဟာခဲ့ချေ။ ဓားမလမ်းစဉ်၏ စိတ်ဝိညာဉ်ကို နားလည်သဘောပေါက်ရန်သာ ကျရှုံးခဲ့၏။

ယခုတွင် သူ၏ စိတ်ဝိညာဉ်က ကိန်းဝပ်နေပြီ ဖြစ်သည့်အတွက် စိတ်ဝိညာဉ်နှင့် ဓားလမ်းစဉ်အား ထိရုံလေးထိခြင်းက မလုံလောက်ပေ။

နားလည်သ‌ဘောပေါက်ရုံဖြင့် ဓားမလမ်းစဉ်သို့ မ၀င်ရောက်နိုင်... ။ ဓားမအား အသုံးချတတ်ရန်လည်း လိုအပ်သည်။

သူ၏စိတ်ဝိညာဉ်မှာ အပင်မပေါက်သေးသည့် မျိုးစေ့‌လေးသဖွယ်သာ ရှိသေးသည်။ အခွံအတွင်း၌သာ ကြီးထွားနေသည့်အတွက် ထွက်လာရန် ပို၍အားကောင်းသန်မာသော ဖိအား၊ ပို၍ပြင်းထန်သော တွန်းအား လိုအပ်၏။

သားသတ်သမား ဓားကို ဆွဲထုတ်လိုက်ခြင်းက ချင်မူ့အား ထိုဖိအားကို ရရှိသွားစေသည်။

သားသတ်သမားသည် ဒုက္ခိတကျေးရွာတွင် အကြမ်းတမ်းဆုံး ဆရာတစ်ယောက်ဖြစ်၏။ သူ ချင်မူ့ကို သင်ကြားခဲ့စဉ်က အဘိုးကြီးမာသာ မကာကွယ်ပေးခဲ့လျှင် သူ့လက်ချက်ဖြင့် ချင်မူ အနည်းဆုံး အကြိမ် ၁၀၀ လောက် သေဆုံးခဲ့လိမ့်မည်။

ဤတစ်ကြိမ်ကလည်း ခြွင်းချက်မဟုတ်ပေ။

ဓားမရှည်ကြီးဖြင့် သားသတ်သမားက ကောင်းကင်ဓားမ၏ ပထမသိုင်းကွက်... မုန်တိုင်းထန်မြို့ပြများ၏ သန်းခေါင်းယံတိုက်ပွဲကို ထုတ်လွှတ်လိုက်သည်။

ယင်းဓားမသိုင်းကွက်က စစ်မြေပြင်၏ ဓားသိုင်းကွက်တစ်ကွက် ဖြစ်သည်။ သားသတ်သမား၏ခေတ်တွင် ဓားမသည် အကောင်းဆုံးလက်နက်တစ်လက် ဖြစ်ကာ လျှပ်စီးမျှ မြန်ဆန်၏။ စစ်မြေပြင်တွင် ဓားမကို မြန်မြန်ဆန်ဆန် ကိုင်တွယ်နိုင်သူများသာ ကျန်ရစ်ခဲ့တတ်သည်။

သားသတ်သမားသည် နတ်ဘုရား မဖြစ်လာခင် ဓားမလမ်းစဉ်၏ ကောင်းကင်ဘုံကိုးထပ်မြောက်အထိ နားလည်ခဲ့သော ဓားမသိုင်းသမားတစ်ယောက် ဖြစ်သည့်အလျောက် ထာ၀ရငြိမ်းချမ်းရေး‌အင်ပါယာပြုပြင်ပြောင်းလဲခြင်းခေတ်သို့ ရောက်ရှိသည့်အခါတွင်လည်း လျင်မြန်စွာ တဟုန်ထိုး တိုးတက်လာခဲ့၏။

သူသာ ဓားသွေးကျောက်တုံးအဖြစ် ပြုမူပေးလျှင် ချင်မူ၏ ဓားမအား ချွန်မြနေသည့်တိုင်အောင် မုချ သွေးပေးနိုင်လိမ့်မည်။

All Chapters