ဓားမလမ်းစဉ်သို့ ဝင်ရောက်ခြင်း
Vol. 85 Ch. 1100
သားသတ်သမားသည် ယခင်က နိုင်ငံ့စစ်တပ်၏ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက် ဖြစ်ခဲ့သည့်အလျောက် အလောင်းပုံများအကြား ကျင်လည်ခဲ့ဖူး၏။ နောက်ပိုင်းတွင် ခေတ်တစ်ခေတ်၏ ဓားမသိုင်းပညာရှင်တစ်ယောက် ဖြစ်လာသည့်အခါ သူက ဓားမကို အသုံးပြုရင်း သူရဲကောင်းစိတ်ဇောအဟုန် ပြင်းထန်သော စာပေသမားတစ်ဦးအဖြစ်လည်း ကျော်ကြားခဲ့သည်။
သူကား ထိုခေတ်၏ အတောက်ပဆုံး ပုဂ္ဂိုလ် ဖြစ်ခဲ့ချေသည်။
သူက ဓားမသိုင်းကွက်ကို ထုတ်လွှတ်လိုက်ခြင်းဖြင့် ချင်မူ့ကိုလည်း ဓားမ ထုတ်ရန် ဖိအားပေးလိုက်သည်။
မုန်တိုင်းထန်မြို့ပြများ၏ သန်းခေါင်ယံတိုက်ပွဲ
သူတို့၏ ဓားမများသည် မဟူရာညဉ့်ယံထက်၌ လျှပ်စီးလက်နေသကဲ့သို့ လျင်မြန်လွန်း၍ မည်သူမှ ရှင်းရှင်းလင်းလင်း မမြင်ရချေ။ သူတို့၏ အရိပ်များက တစ္ဆေများသဖွယ် လှုပ်ရှားနေပြီး ခြေလှမ်းတို့သည်လည်း ဖျတ်ခနဲ ရိပ်ခနဲ မြန်လွန်းလှသည်။ ဓားမသံများက နားထဲတွင် စည်းချက်ကျနေ၏။
ဝှစ်....
ဓားမများက မြန်ဆန်လွန်းသဖြင့် လေထုပင် ပွတ်တိုက်မှုကြောင့် ပူလောင်လာသည်။ ဓားမရောင်များအတွင်း၌ နတ်မီးတောက်များက တဟုန်းဟုန်း တောက်လောင်နေ၏။ သူတို့၏ဓားမများ ၀င်တိုက်သွားသည့်အခါ မီးတောက်လေဆင်နှာမောင်းနှစ်ခု ဖြစ်တည်လာပြီး မရေမတွက်နိုင်သော ဓားမရောင်များသည် မြွေလိမ်မြွေကောက် ဖြတ်သန်းသွားကြ၏။
သူတို့နှစ်ယောက် ခုန်၍ ဟင်းလင်းပြင်ကို နင်းလိုက်သည်။ မီးတောက်လေဆင်နှာမောင်းနှစ်ခုက အတူတကွ ရစ်ပတ်လိုက်ရင်း ပေတစ်ထောင်မြင့်မားသည့် မီးတောက်များကို ဟုန်းဟုန်းတောက်လာစေသည်။ သူတို့၏ ဓားမရှည်ကြီးများသည် အရပ်လေးမျက်နှာသို့ ဖြိုးခနဲ ဖြတ်ခနဲ ရွေ့လျားနေသောကြောင့် မြင်အောင် လိုက်ကြည့်ရန် ခက်ခဲ၏။
“နှေးတယ်... နှေးတယ်.... နှေးတယ်... မင်းက အခုထိ နှေးနေတုန်းပဲ”
သားသတ်သမား၏အသံက ကောင်းကင်ထက်မှ ထွက်ပေါ်လာသည်။ အသံသည် မသဲကွဲသော်လည်း ချင်မူ့အား ဒေါသတကြီး ကြိမ်းမောင်းနေချေသည်။ “မြန်စမ်း... ပိုမြန်စမ်း.. မင်းရဲ့ ကောင်းကင်နတ်သိုင်းတွေ၊ ဂုဏ်ရာထူးတွေနှင့် တခြားနတ်လက်နက်တွေကို မေ့ထားစမ်း....မင်းမှာ ဓားမတစ်လက်ပဲ ရှိတယ်... အဲ့ဒါက မင်း ယုံကြည်ရမယ့် အရာအားလုံးပဲ”
“အတော်ဆုံးပ န်းချီဆရာတောင် လူသားတွေရဲ့ ဝိညာဉ်ကို မရေးဆွဲနိုင်ဘူး.... မင်းရဲ့ဝိညာဉ်နဲ့ မင်းရဲ့ ဓားမနဲ့ လမ်းစဉ်ကို ဖော်ဆောင်လိုက်စမ်း... မင်းရဲ့ဓားမက မင်းနှလုံးသားထဲက မီးတောက်ပဲ”
“မမျှတဘူးလား.... ဓားမနဲ့ ခုတ်ပစ်လိုက်”
“အတားအဆီးလား .... ဓားမနဲ့ ခုတ်ပစ်လိုက်”
“မင်းကို တားဆီးနေတဲ့ နတ်ဘုရားလား မိစ္ဆာလား...ဓားမနဲ့ ခုတ်ပစ်လိုက်”
“မတရားတဲ့ ကောင်းကင်ဘုံလား... ဓားမနဲ့ ခုတ်ပစ်လိုက်”
“ဒီမြေပေါ်မှာ တရားမဲ့နေသလား... ဓားမနဲ့ ခုတ်ပစ်လိုက်”
“ဗျူဟာကျတဲ့ ဆရာသခင်တစ်ယောက်က သူ့လက်ထဲက ဓားမကို လွှတ်ချပြီး ကောင်းကင်နတ်သိုင်းတွေ ဘယ်တော့မှ သုံးမှာမဟုတ်ဘူး”
ရွှေအနှင့် မျက်ကန်းမှာ စိုးရိမ်လာကြသည်။ မျက်ကန်းက ခပ်တိုးတိုး ပြောလေသည်။ “ဒီ၀က်သတ်သမားတော့ စိတ်ရူးဖောက်သွားပြီ ထင်တယ်... ဟုတ်တယ်မလား”
ရွှေအက ခေါင်းညိတ်သည်။ “သူ ဒီလို စိတ်ရူးမဖောက်တာ နှစ်အတော်ကြာနေပြီ.... သူ စိတ်ဖောက်လာရင် သူ့ကိုယ်သူတောင် ခုတ်ထစ်ပစ်တာ.... မင်း သူ့ကို တားနိုင်လား”
မျက်ကန်းက ပူပန်စွာဖြင့် ပြန်ဖြေလေသည်။ “ခက်တော့ ခက်လိမ့်မယ်ဟ... သူက အမြဲတမ်း ငါ့ထက် ပိုသန်မာတယ်... ငါက ပိုကောင်းတဲ့အရာတွေကို နားလည်ခဲ့ပေမယ့် သူလည်း အံ့မခန်းအရာတွေကို နားလည်နိုင်ခဲ့ပုံပဲ.... သူ မူအာကို မခုတ်ပစ်ခင် သူ့ရဲ့သိုင်းကွက်ကို တားဖို့ ငါ့အတွက် ခက်ခဲလိမ့်မယ်”
နဂါးချီလင်သည် ဘေးမှ ခပ်တိုးတိုး ပြော၏။ “ဆရာကြီးတို့ကလည်း ဂိုဏ်းသခင်က သန်မာပါတယ်... ဓာတ်ကြီးငါးပါး ရှေဟောင်းနတ်ဘုရားတွေကို သတ်ခဲ့တာ သူပဲဟာ”
ရွှေအနှင့် မျက်ကန်း အံ့ဩမှင်သက်သွားကြသည်။ သူတို့မှာ ထိုင်လျက် မျက်လုံးများ မှေးကျဉ်းသွားပြီးနောက် ရယ်လိုက်ကြသည်။ “ဒါဆို ငါတို့မကြောက်တော့ဘူး... ဟားဟား... မူအာက ၀က်သတ်သမားကို သူ့ရဲ့ သိုင်းအဆင့်နဲ့ တိုက်ခိုက်နေတာပဲ...သူ ဓားမလမ်းစဉ်ကို ၀င်ရောက်တဲ့အခါ ဝက်သတ်သမားကို ဘယ်လိုလုပ်မလဲ ကြည့်ချင်မိသေးတယ်”
“ဟီးဟီး” သူတို့၏ မျက်နှာထက်တွင် မချိုမချဉ်အပြုံးတို့က နေရာယူထားတော့သည်။
ယန်အာမှာ မျက်တောင် တဖျတ်ဖျတ် ပုတ်ခတ်လိုက်ရင်း ကပ်မေးလေသည်။ “သခင်လေးရဲ့ အဘိုးအဘွားတွေအားလုံးက ဒီအတိုင်းပဲလား”
နဂါးချီလင်က တခဏ စဉ်းစားပြီဂနောက် ပြန်ဖြေ၏။ “အားလုံးနီးပါးပဲ.... အားလုံးနီးပါး မကောင်းဘူး... အဘွားစစ်က လွဲလို့ပေါ့.... ဒါပေမဲ့ သူ့မှာလည်း ကြောက်စရာအချက်တွေ အများကြီးရှိတယ်”
သူတို့ စကားပြောနေကြစဉ် ကောင်းကင်ထက်တွင် ချင်မူနှင့် သားသတ်သမားတို့ ထုတ်လွှတ်နေသည့် ဓားမချက်များမှာ အစဉ်မပြတ် ပြောင်းလဲနေကြသည်။ သူတို့၏ဓားမများအတွင်းရှိ စွမ်းအားတို့မှာ ပိုမိုအားကောင်းလာကြသည်။
ပထမဆုံး အရှေ့ပင်လယ် လှိုင်းလုံးတစ်ထောင်ပေါ်မှ နေမင်း ထွက်ပေါ်လာပြီးနောက် တားမြစ်နယ်မြေမှ ဓားမကို ပင့်မြှောက်ခြင်းအဖြစ် ပြောင်းလဲသွားသည်။ မကြာမီ တိမ်တိုက်အားလုံးတွင် ငွေရောင်အနားသတ် ရှိလာ၏။ ထိုမှတစ်ဖန် လရောင်အောက်က ဓားမရှည်၊ ကြယ်စင်ကြားက နတ်မြင်းများ ထုတ်လွှတ်ခံလိုက်ရသည်။ နောက်ဆုံးတွင်တော့ ကောင်းကင်ဓားမ၏ နဝမမြောက်ဓားမကွက် လရောင်ဖြာသော ဓားမ ထွက်ပေါ်လာတော့သည်။
လှုပ်ရှားမှုတစ်ချက်တိုင်းစီနှင့်အတူ ဓားမသိုင်းကွက်များသည်လည်း အားကောင်းပြင်းထန်သထက် အားကောင်းပြင်းထန်လာကြသည်။
တစ်ယောက်ယောက်သာ မော့ကြည့်လိုက်ပါက ကောင်းကင်တွင် အနက်ရောင် အစင်းကြောင်းများ ရုတ်တရက် ထလာသည်ကို တွေ့ရလိမ့်မည်။ ယင်းတို့က နတ်ဓားမတို့၏ အရှိန်ကြောင်း ပိုင်းခြမ်းခံလိုက်ရသော အဟ,အစင်းများပင်။
ကောင်းကင်ထက်တွင် မရေမတွက်နိုင်သော ကြယ်များ တောက်ပနေပြီး ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများသည် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာအထက်ရှိ ကြယ်မြေပုံဆီမှ ချောင်းကြည့်နေကြ၏။ သူတို့မှာ ကမ္ဘာဦးဘုံ၏ ကြယ်မြေပုံဝင်္ကပါ၏ လှည့်ပတ်လမ်းကြောင်းများကို ထိန်းညှိပြင်ဆင်နေကြသည့်အချိန် တိုက်ပွဲကြောင့် လန့်ဖြန့်သွားကြရလေသည်။
ထိုနတ်ဘုရားများမှာ သွေးဆာနေသော ဓားမချက်တို့ ကြယ်မြေပုံကို ထိမှန်လာပြီး သူတို့ကိုပါ သတ်ဖြတ်သွားမည်ကို စိုးရိမ်နေကြ၏။
ပိုမိုကြောက်မက်ဖွယ်ကောင်းသည်က တိုက်ပွဲဝင်နေသော နှစ်ယောက်ထဲမှ တစ်ယောက်သည် စိတ္တဇအရူးသဖွယ် စိတ်ဖောက်ပြန်ခြင်းပင်။ သူက သေကြောင်းကြံနေသည့်အလား ပြိုင်ဘက်ကင်းနေသော ဓားမသိုင်းကွက်များကို ထုတ်လွှတ်နေသည်။
“အရင်ကြယ်မြေပုံက သူ့ကြောင့် ခုတ်ပိုင်းခံခဲ့ရတာ ဖြစ်မယ်” သူတို့အားလုံး ဆွေးနွေးနေကြသည်။
သားသတ်သမားက အော်ဟစ်ဟိန်းဟောက်လိုက်ပြီး ဓားမဖြင့် အရူးအမူး ခုတ်ထစ်နေ၏။ သူ၏အသံသည် မိုးခြိမ်းသံတမျှ ကျယ်လောင်လှသဖြင့် အပေါ်ရှိ နတ်ဘုရားတို့၏နားများကို တဝီဝီမြည်သွားစေသည်။
“မင်းမှာ အဆုံးမဲ့တဲ့ စိတ်ဝိညာဉ်နဲ့ စွမ်းအားရှိပေမယ့် ဓားမနဲ့ တစ်ခါတည်း မထုတ်လွှတ်လိုက်ဘူး”
သူသည် ပို၍ စိတ်ရူးဖောက်လာကြောင့် ချင်မူပင် မရှောင်နိုင်တော့သည်အထိ တရစပ် တိုက်ခိုက်နေတော့သည်။ ချင်မူမှာ သွေးတို့ရွှဲရွှဲစိုလျက် နောက်သို့ ဆုတ်လိုက်ရသည်။
သားသတ်သမားကား ချင်မူ့ကို ဓားမလမ်းစဉ်အား နားလည်အောင် ကူညီပေးမည့်အစား သေအောင် ဓားမဖြင့် ခုတ်သတ်နေသည့်အလားပင်။ ချင်မူမှာ အရေးနိမ့်နေသောကြောင့် စိတ်ဝိညာဉ်မှာ ဖိနှိပ်ခံလိုက်၊ တွန်းကန်လိုက် ဖြစ်နေသည်။ ၎င်းသည် အခွံတွင်း၌ ဖိနှိပ်ခံထားရသဖြင့် ပွင့်မလာနိုင်သည့် ပန်းဖူးတစ်ဖူးအလားပင်။
သားသတ်သမားက သွေးဆာနေသဖြင့် သူ၏သိုင်းကွက်များက ပိုပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။ သူက ဟိန်းဟောက်လိုက်သည်။ “ထုတ်လွှတ်လိုက်....ထုတ်လွှတ်လိုက်... ထုတ်လွှတ်လိုက်စမ်း”
“မင်းရဲ့လမ်းစဉ်၊ မင်း ကာကွယ်ချင်တဲ့ အရာအားလုံးနဲ့ မင်း ခံယူတဲ့ ယုံကြည်ချက်တွေအားလုံး... ထုတ်လွှတ်ပစ်လိုက်စမ်း”
“ချုပ်တည်းမထားနဲ့... စိုးရိမ်မနေနဲ့... ဘာကိုမှ ပူပင်မနေနဲ့.. ထုတ်လွှတ်ပစ်လိုက်စမ်း”
“ငါ့အပေါ်ကို အားလုံးထုတ်လွှတ်ပစ်လိုက်”
ချင်မူ၏ကြွက်သားများ တောင့်တင်းလာပြီး သူ့ဆံပင်များ ပျံ့လွင့်သွားသည်။ သူက ရုတ်တရက် ဟိန်းဟောက်လိုက်၏။ “ယား...”
သူချီစွမ်းအင်က တရှိန်ထိုး ထွက်လာပြီး သူ၏သွေးနှင့် အဆီအနှစ်တို့သည် တဟုန်ထိုး မြင့်တက်လာကာ စိတ်ဝိညာဉ်ကား လှိုင်းထန်လာတော့သည်။ သူ၏စိတ်ဝိညာဉ်၊ ချီစွမ်းအင်၊ အဆီအနှစ်နှင့် သွေးတို့သည် သူ၏ဓားမထဲ စီးဆင်း၀င်ရောက်သွား၏။ အတိတ်ခေတ်မှ လူသားတို့၏ ခက်ခဲကြမ်းတမ်းလှသော ဒုက္ခများ၊ သူတို့ခံစားခဲ့ရသည့် ကြမ်းတမ်းမှုများ၊ ကြေကွဲဖွယ် သီချင်းများတွင် နားဆောင်နိုင်သည့် စစ်သည်တော်တို့၏ စိတ်အားထက်သန်မှု .... အရာအားလုံးကား ဤဓားမထဲသို့ ထုတ်လွှတ်ခံလိုက်ရချေပြီ။
ဤအခိုက်အတန့်တွင် ရွှံ့မြစ်ကမ်းပါးများရှိ သင်္ဘောကျင်းတို့တွင် သွန်းလုပ်နေသော နတ်ဓားမများ ရုတ်တရက် တုန်ခါသွားကြ၏။ မရေမတွက်နိုင်သော နတ်ဓားမများသည် ထောင်မတ်လာကြပြီး ကောင်းကင်ထက်သို့ ပြေးတက်သွားသည့် အံ့အခန်းလိလိ နတ်အလင်းတန်းများကို ဖြန့်ကျက်လိုက်ကြသည်။
သားသတ်သမားက တဟားဟားရယ်လျက် သူ၏ဓားမဖြင့် ရင်ဆိုင်ကာ အော်ဟစ်လိုက်သည်။ “ကောင်းကင်ဓားမနယ်ပယ်”
ဝှမ်...
သူ၏ဓားမနယ်ပယ်က ပြန့်ကားလာသည်။ ဓားမလမ်းစဉ်၏ ပထမ၊ ဒုတိယနှင့် တတိယကောင်းကင်ဘုံတို့ ဖွဲ့တည်လာပြီးနောက် ချက်ချင်းဆိုသလို ဓားမလမ်းစဉ်၏ ကောင်းကင်ဘုံ ၁၄ ဘုံဖြစ်လာကြကာ ကောင်းကင်ဓားမနယ်ပယ်တစ်ခုကို ဖော်ဆောင်လိုက်ကြသည်။
ဤအရာသည် လော့ဝူရွှမ်၏ ဓားမလမ်းစဉ်ကဲ့သို့ အတွက်အချက်ကို အရေးထားသော ဓားမလမ်းစဉ်ကောင်းကင်နယ်ပယ်နှင့် မတူညိပေ။ သားသတ်သမား၏ ကောင်းကင်ဓားမနယ်ပယ်မှာ ခမ်းနားကြီးကျယ်ပြီး ထိုသို့တိကျသေချာသည့် တွက်ချက်မှုများ လစ်ဟာနေသည်။ သူ့တွင် ဓားမရှည်ကြီးသာ ရှိ၏။
ချင်မူက ၎င်းဓားမရှည်ကြီးနှင့် ကောင်းကင်ဓားမနယ်ပယ်ကို ခုတ်ပိုင်းလိုက်သည်။ ထို့နောက် သူသည် ပထမ၊ ဒုတိယ၊ တတိယကောင်းကင်ဘုံတို့ကိုပါ ဆက်တိုက်ခုတ်ချလိုက်၏...
ဓားမရှည်ကြီးက လှိုင်းများကို ဖြတ်၍ ဓားမလမ်းစဉ်ကောင်းကင်ဘုံများကို တစ်ဘုံပြီးတစ်ဘုံ ကွဲထွက်သွားသည်အထိ ခုတ်ချသွားသည်။ ဓားမသည် မြန်ဆန်လွန်ပြီး ၁၄ ဘုံမြောက် ကောင်းကင်ဘုံအား ဓားမချက်တစ်ချက်တည်းဖြင့် ခုတ်ပိုင်းလိုက်ကာ ကောင်းကင်ဓားမနယ်ပယ်ကို ထိုးဖောက်သွားတော့၏။
သားသတ်သမားက သူ၏ ဓားမကို ထုတ်ကာ သူ့အရှေ့ကို ခုတ်ချလိုက်သည်။
ဒင်...
သူ၏ဓားမက ချင်မူ၏ ဓားမနှင့် ထိတွေ့သွားပြီး ဓားမနှစ်လက် ဝင်တိုက်သွားသည်။ နှစ်လက်စလုံး တုံ့ခနဲ ရပ်တန့်သွားလေသည်။
ချင်မူ့ဓားမထဲရှိ စွမ်းအင်မှာ သားသတ်သမား၏ ဓားမကြောင့် ချက်ချင်း လွင့်ပြယ်သွားသည်။ တစ်ချိန်တည်းမှာပင် အောက်ရှိ သင်္ဘောကျင်းများအတွင်း၌ မရေမတွက်နိုင်သာ နတ်ဓားမများလည်း ပြန်လဲကျသွားသည်။ ၎င်းတို့က နတ်အလင်းရောင်များကို ပြန်လည်ရုတ်သိမ်း၍ တဖန် အသက်မဲ့သွားပြန်သည်။
ကောင်းကင်ထက်တွင် ချင်မူက နောက်ဆုတ်၍ ဓားမကို ပြောင်းပြန်ကိုင်ကာ သားသတ်သမားကို ဦးညွှတ်အရိုအသေပေးလိုက်သည်။
သားသတ်သမားက သူ၏ဓားမရှည်ကြီးကို အလားတူ ပြင်ကိုင်လိုက်ပြီး ပြန်လည်ဦးညွှတ်ကာ ပြော၏။ “မင်း လမ်းစဉ်ကို ဝင်ရောက်ခဲ့ပြီ.... မင်း ငါ့ရဲ့ကြိုးစားမှုကို အလဟဿမဖြစ်စေခဲ့ဘူးပဲ.... ငါ အောက်မှာ သွားသောက်နေတုန်း မင်း ဒီမှာနေပြီး မင်းဓားမလမ်းစဉ်ရဲ့ ပထမကောင်းကင်ဘုံရဲ့ နာမည်ကို စဉ်းစားထား”
ချင်မူ ခေါင်းညိတ်လိုက်သည်။
သားသတ်သမားမှာ ကောင်းကင်ဘုံမှ ပြုတ်ကျလာသည်။ သူ ဆင်းသက်ချိန်တွင် သူ၏ခြေလှမ်းများက သိသိသာသာ ယိမ်းယိုင်နေချေသည်။
မျက်ကန်းက သူ ခံစားနေရသည်ကို အားရဝမ်းသာစွာဖြင့် မေး၏။ “မင်းဒဏ်ရာ ဘယ်လိုနေလဲ”
သားသတ်သမားက သူနှင့် နဂါးချီလင်ကို စိုက်ကြည့်နေသည်။ သူက ဒေါသထွက်နေဟန်ဖြင့် မေး၏။ “နဂါးသွားရည် ဘယ်မှာလဲ... ထုတ်ပြီး ငါ့ကို ကုပေးစမ်း”