ဇာမဏီတို့ ပေါ်ထွက်လာခြင်း
Vol. 85 Ch. 1103
ချင်မူက မဟာဧကရာဇ်၏ တံဆိပ်တော်နှင့် ယဇ်ပလ္လင်ကို ထုတ်လိုက်သည်။ ထို့နောက် အာရုံစူးစိုက်လိုက်သည့်အခါ သူ့မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံးက ပွင့်လာ၏။ သူ၏ချီစွမ်းအင်နှင့် အသိစိတ်အလျဉ်က တဟုန်ထိုး လှုပ်ရှားသွားပြီး သူ၏မျက်လုံးမှတစ်ဆင့် အလင်းတန်းတစ်တန်းက ယဇ်ပလ္လင်ဆီသို့ ပြေးဝင်သွားလေသည်။
လက်ဖဝါးအရွယ်သာ ရှိသော မဟာဧကရာဇ်၏ ယဇ်ပလ္လင်သည် သူ၏ချီစွမ်းအင်နှင့် အသိစိတ်အလျဉ်ကြောင့် တောက်ပလင်းလက်လာ၏။ ၎င်းက ခပ်တိုးတိုး မြည်သံတစ်သံနှင့်အတူ ခပ်ရေးရေး ပုံပျက်လှိုင်းများကို ထုတ်လွှတ်လိုက်သည်။
ယဇ်ပလ္လင်ပေါ်တွင် မှော်သင်္ကေတများက ဖြည်းဖြည်းချင်း ထင်းလင်းလာသည်။ ၎င်းတို့က ချင်မူ့စိတ်ဝိညာဉ်၏ အမှတ်အသားများ ဖြစ်ချေသည်။ မှော်သင်္ကေတများသည် ပို၍ပင် တောက်ပလာပြီး မဟာဧကရာဇ်၏ တံဆိပ်တော်ပေါ်သို့ အလင်းတန်းများ ဖြန့်ချလိုက်၏။
ချင်မူက အသေးစားယဇ်ပလ္လင်လေးနှင့် တံဆိပ်တော်ကို လှည့်ပတ်ရင်း လျင်မြန်လှသော သူ၏လက်များဖြင့် ရတနာနှစ်ခုအပေါ်သို့ ပိုမိုများပြားသော သင်္ကေတများ ခတ်နှိပ်နေသည်။
တဖြည်းဖြည်း သူ့လက်များသည် ပိုသွက်လာ၏။ လက်တစ်ဖက်စီ၏ မုဒြာလက်ကွက်သည်လည်း တရစပ် ပြောင်းလဲနေပြီး ခတ်နှိပ်ခံရသည့် သင်္ကေတများမှာ ပိုမိုတိုးပွားလာတော့သည်။
အချိန်အတော်ကြာသည့်အခါ ချင်မူက အနားယူရန် ရပ်လိုက်သည်။
ကုန်းစွန်းယန်မှာ မေးခွန်းများ မေးချင်သော်လည်း ချင်မူ့စကားကို သတိရသွားသဖြင့် မြိုသိပ်လိုက်၏။
ချင်မူက ကမ္ဘာဦးသစ်ပင်၏အရင်းသို့ သွား၍ မဟာဧကရာဇ်၏ ယဇ်ပလ္လင်အား မြုပ်နှံလိုက်သည်။ ထို့နောက် လေပေါ်ပျံတက်၍ အထက်မြို့တော်သို့ ရောက်ရှိသွားပြီး မဟာဧရာဇ်၏ တံဆိပ်တော်အား သစ်ပင်ထိပ်ဖျားတွင် ထားလိုက်သည်။
ကုန်းစွန်းယန်က သူ့အနောက်မှ လိုက်နေသည်။ ချင်မူသည် နေရာချပြီးနောက် လက်ဆယ်ချောင်းကို မြန်မြန်ဆန်ဆန် လှုပ်ရှားရင်း အတားအဆီးအစီအရင်တစ်ခုပြီးတစ်ခု ထုတ်လွှတ်နေ၏။ ရုတ်တရက် မဟာဧကရာဇ်၏ တံဆိပ်တော်နှင့် ယဇ်ပလ္လင်မှာ တုန်ခါလာသည်။
ကုန်းစွန်းယန် ခပ်တိုးတိုး အော်လိုက်မိသည်။ သူမ၏ ခန္ဓာကိုယ်မှာ အားနည်းလာပြီး ယားယံလာ၏။ သူမခန္ဓာကိုယ်အတွင်း၌ ပိုးကောင်လေးများစွာ တရွရွ သွားနေသကဲ့သို့ ခံစားလာရသည်။
သို့သော် ထိုထူးဆန်းသော ခံစားချက်သည် အလျင်အမြန်ပင် ပျောက်ကွယ်သွား၏။
ချင်မူက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ရင်း ပြောသည်။ “နောက်နှစ်ရက်အတွင်း ဘယ်သူ့ကိုမှ စကားမပြောပါနဲ့.... ဘာမှလည်း မစားမသောက်နဲ့.... ပါးစပ်ကို မဟပါနဲ့”
ကုန်းစွန်းယန်က လိမ်လိမ်မာမာ ခေါင်းညိတ်သည်။
“ယန်အာ၊ ဖက်တီးနဂါး... သူ့ကိုစောင့်ရှောက်ထား.... ဘာပဲဖြစ်ဖြစ် ပါးစပ်လုံး၀ မဟစေနဲ့”
နဂါးချီလင်နှင့်ယန်အာလည်း ကပျာကယာ ခေါင်းညိတ်လိုက်ကြသည်။
ချင်မူ မြို့တော်မှ ထွက်လာကာ ရွှံ့မြစ်ကို မျက်နှာမူထားသည့် ကမ်းခြေဆီ ရောက်ရှိလာသည်။ သူက လူသူကင်းသော နေရာတစ်ခု ရွေး၍ မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံးကို ဖွင့်လိုက်ကာ ယဇ်ပလ္လင်တစ်ခုအား မြင်ယောင်ဖန်ဆင်းလိုက်သည်။ ထို့နောက် ယဇ်ပလ္လင်ပေါ်တွင် မဟာတာအိုသင်္ကေတတစ်လွှာပြီး တစ်လွှာနေရာချရင်း အလုပ်များနေ၏။
နေရာချပြီးနောက် သူက လက်ကောက်၀တ်ကို လှီး၍ သူ့သွေးဖြင့် ထိုသင်္ကေတများအပေါ်မှ ထပ်ဆွဲလိုက်သည်။
သူ အလုပ်ရှုပ်နေစဉ် ကုန်းစွန်းယန်သည် ယန်အာကို ငှက်သိုက်တစ်သိုက် ကူဆောက်ပေးနေ၏။ ယန်အာမှာ အခြားသူများအား အလုပ်အကျွေးပြုရသည်ကို ကြိုက်သော်လည်း ကုန်းစွန်းယန်နှင့် တွေ့တိုင်း အေးဆေးသက်သာစွာ ကြော့ကြော့မော့မော့ နေရာသဖြင့် ကုန်းစွန်းယန်ဆီမှ လုံခြုံမှုကို ခံစားရလေသည်။
“ယန်အာ၊ ဖက်တီးနဂါးနဲ့ ငါနဲ့ လက်ထပ်တော့မှာ သိလား...ပြီးရင် ငှက်ကလေးတစ်သိုက် ဆောက်ပြီး နင်နဲ့အတူ ထားခဲ့ဖို့ စိတ်ကူးထားတယ်” (ယန်အာ = ယန်လေး)
ကုန်းစွန်းယန်မှာ အားရပါးရ ပြုံးလိုက်ရင်း စကားပြောရန် ပြင်လိုက်စဉ် ယန်အာက သူမပါးစပ်ကို အလောတကြီး လက်ဖြင့် အုပ်လိုက်သည်။ “နင် စကားပြောမရဘူးလေ”
ကုန်းစွန်းယန် မျက်မှောင်ကြုတ်သွားသည်။
နဂါးချီလင်က ပြောသည်။ “ဂိုဏ်းသခင် လုပ်ခဲ့တာက မမကြီးအတွက်ပါ... သူ့ကောင်းကင်နတ်သိုင်းက မမကြီးကို အပြင်ရန်သူတွေ မတိုက်ခိုက်အောင် ကာကွယ်ပေးနိုင်တယ်.... ဒါပေမဲ့ ဒီကောင်းကင်နတ်သိုင်းအတွက် မမကြီးရဲ့ အာရုံတွေကို ပိတ်ထားဖို့ လိုအပ်တယ်.... ပါးစပ်ဟလိုက်ရင် စွမ်းအင်တွေ ကုန်သွားပြီး သူ့ကောင်းကင်နတ်သိုင်းက ကာကွယ်ပေးနိုင်တော့မှာ မဟုတ်ဘူး.... အမိကမ္ဘာမြေ တိုက်ခိုက်လာရင် မမကြီးရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်သွားလိမ့်မယ်”
ကုန်းစွန်းယန်မှာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ဇဝေဇဝါဖြစ်နေချေသည်။ ‘အမိကမ္ဘာမြေက ငါ့ခန္ဓာကိုယ်ကို သိမ်းပိုက်ချင်တာလား'
ရုတ်တရက် ရောင်စုံအလင်းတန်းများက ကောင်းကင်ထက်၌ ဖြာတောက်သည်။ ဇာမဏီငှက်တချို့သည် ပျံသန်းလာကြပြီး ကမ္ဘာဦးသစ်ပင်ကို ပတ်လျက် ကခုန်နေကြ၏။ သူတို့၏လှုပ်ရှားမှုများက တင့်တယ်လှပနေပြီး သီချင်းများလည်း စတင်သီဆိုလာကြသည်။
“ဇာမဏီတို့ ဘယ်ကလာ.... သံစဉ်တွေ သီကျူး၊ တောင်ပံတွေ ဖြန့်ကာရယ်... ကျောက်စိမ်းပုလွေသံနဲ့ တောင်လေညင်းတွေ တိုက်ခတ်လာတယ်... ဝါးဥတွေဟာ ပေါများ—”
နန်းစိုက်မြို့တော်ထဲရှိ မြို့သူမြို့သားများမှာ သီချင်းသံကြားသည်နှင့် ပျော်ရွှင်မြူးထူးစွာ ကခုန်ကြတော့သည်။ သူ့တို့အတွက် ဇာမဏီငှက်များ ရောက်လာခြင်းက ကံကောင်းခြင်းနိမိတ် ဖြစ်လေသည်။
ကုန်းစွန်းယန်လည်း ပျော်ပျော်ရွှင်ရွှင် ကနေ၏။ သူမသည် ဇာမဏီငှက်များကို မြင်ဖူးချင်ခဲ့သည်မှာ ကြာလေပြီ။ ယခုတွင် မြင်ရပြီဖြစ်သဖြင့် ထိုငှက်များဆီ ပျံသန်းသွား၍ သူမ၏အသိုက်ထဲ ခေါ်ယူလိုစိတ်ပင် ပေါက်လာသည်။
ရုတ်တရက် နဂါးစာကလေးကတစ်ကောင်က အသိုက်မှ ပျံထွက်လာပြီး သစ်ပင်ထိပ်တွင် နားလိုက်၏။ ၎င်းက မပြောမဆိုဖြင့် ထိုဇာမဏီငှက်များကို မြိုချလိုက်သောကြောင့် ပြီး မြို့တော်ရှိ လူတိုင်း အံ့ဩမှင်သက်ကုန်ကြသည်။
ယန်အာသည် ထိုငှက်များကို မြိုချပြီးနောက် သူမအသိုက်ဆီသို့ ပြန်လာသည်။ ထို့နောက် ကုန်းစွန်းယန်အား ခပ်ပြတ်ပြတ် ပြောသည်။ “ယန်အာ၊ အဲ့ငှက်တွေက နင် ပါးစပ်ဟအောင် အမိကမ္ဘာမြေ အကောက်ကြံပြီး လွှတ်လိုက်တာ.... ယုံမနေနဲ့”
ကုန်းစွန်းယန်မှာ မတရားသလို ခံစားနေရသည်။ ထိုအခိုက်အတန့်တွင် ဇာမဏီငှက်အုပ် နောက်တစ်အုပ်က ပျံသန်းလာပြီး ကျယ်လောင်စွာ သီချင်းဆိုကြပြန်သည်။ “ကမ္ဘာဦးဘုံမှာ ဇာမဏီတွေ စံမြန်းကြတယ်... သစ်ကိုင်းခက်တွေမှာ နားကာခိုးရင်း ၊ ပျော်ရွှင်စွာ ပြန်သွားကြဖို့ အဆင့်သင်ပြင်ရင်း…”
နဂါးစာကလေးသည် ပျံတက်လိုက်ပြန်ပြီး မြို့တော်ရှိ လူတိုင်းရှေ့တွင် ထိုဇာမဏီငှက်အုပ်ကို စားပစ်လိုက်သည်။ ထို့နောက် ၎င်းက ကမ္ဘာဦးသစ်ပင်ထိပ်ဖျား၌ အခန့်သားနား၍ အရပ်လေးမျက်နှာသို့ ဒေါသတကြီး လျှောက်ကြည့်နေလေသည်။
ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရှိ မြို့သူမြို့သားများမှာ ၎င်းကို မြင်သည့်အခါ တိတ်ဆိတ်ငြိမ်သက်သွားကြပြီး ကျောချမ်းကုန်ကြသည်။
အောက်မြို့တော်ထဲတွင် အမွှေးရနံ့များ မွှေးကြိုင်သင်းပျံ့လာပြီး ရွှေရောင်အဖူးအညွန့်များ ထွက်လာကြသည်။ မြို့တော်ရှိ ရေတွင်းတိုင်းမှာ မွှေးကြိုင်နေပြီး ရောင်စုံကြာပန်းများက ၎င်းတို့ထဲတွင် ပွင့်ဖူးလာကြ၏။ ကြာပန်းတစ်ပွင့်စီက မိန်းကလေးငယ်များကို မွေးထုတ်ပေးလိုက်ပြီး သူတို့က ရယ်မောလျက် တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။ “သိပ်ပျော်တာပဲ.... မမကို သွားရှာကြစို့”
ထိုမိန်းကလေးငယ်များက ကမ္ဘာဦးသစ်ပင်ဆီသို့ အသီးသီး လျှောက်လာကြသည်။ မြို့တော်ရှိ လူများမှာမူ ကြောင်အနေကြတော့သည်။
ထိုမိန်းကလေးများသည် အင်မတန် လှပတင့်တယ်စွာ ၀တ်ဆင်ထားကြ၏။ သူတို့က ကုန်းစွန်းယန်ကို တွေ့လျှင် ဆွဲခေါ်လိုက်ရင်း ပြုံးပြုံးရွှင်ရွှင်ဖြင့် သီဆိုကခုန်ကြသည်။ “ယန်ကျစ်၊ သမီးတို့ကို မမှတ်မိဘူးလား.... မမ နောက်ဖေးခြံ၀န်းထဲမှာ စိုက်ခဲ့တဲ့ အသီးတွေလေ”
ကုန်းစွန်းယန်မှာ အံ့ဩသွားသည့်တိုင် ပျော်ရွှင်သွားသည်။ သူမ စကားပြောတော့မည့်အချိန် နဂါးချီလင်က ရုတ်တရက် ဟိန်းဟောက်လိုက်ပြီး သူတစ်ကိုယ်လုံးတွင် မီးများ တောက်လောင်စေလိုက်ကာ ထိုမိန်းကလေးငယ်များအား ပြာကျသွားစေသည်။
“ပါးစပ်ကို လုံးဝ မဟနဲ့” နဂါးချီလင်က လေးနက်စွာ ပြောသည်။
ကုန်းစွန်းယန်မှာ ဆန်စေ့ကောက်နေသော ကြက်ပေါက်လေးတစ်ကောင်အလား ခေါင်းတဆတ်ဆတ် ညိတ်နေရှာသည်။
နဂါးချီလင်က ပတ်ဝန်းကျင်ကို သတိအနေအထားဖြင့် ကြည့်နေသည်။ “အမိကမ္ဘာမြေက သေချာပေါက် မာယာပရိယာတွေ တွေးထားမှာပဲ... အလွယ်တကူ လက်လျှော့သွားမှာ မဟုတ်ဘူး.... မမကြီး စကားမပြောသရွေ့ အမိကမ္ဘာမြေအနေနဲ့ မဟာဧကရာဇ်ရဲ့ တံဆိပ်တော်နဲ့ ယဇ်ပလ္လင်ကို ချိုးဖျက်ပြီး ခန္ဓာကိုယ်ကို မပူးကပ်နိုင်ဘဲ နေလိမ့်မယ်”
ထိုအခိုက်အတန့်တွင် ချင်မူနှင့် အမိကမ္ဘာမြေ ကတိပေးထားသော အချိန်သို့ ရောက်ရှိလာ၏။ ချင်မူက ယဇ်ပလ္လင်ကို ဖွင့်၍ မှော်အစီအရင်ရွတ်ဖတ်ကာ သူမ၏ဝိညာဉ်များအား ဆင့်ခေါ်ပေးသည်။
တိတ်ဆိတ်ခြောက်ကပ်နေသော ဤနေရာတွင် အေးစက်စက် လေလှိုင်းများ ထလာသည်။ အနက်ရောင်သဲမှုန်များက လူးလွန့်လျက် ပျံသန်းလာကြချေပြီ။
ချင်မူသည် ကောင်းကင်နှင့်မြေကြီး၏ ကောင်းကင်တံခါးကို ဖွင့်၍ ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်ဆီမှ စွမ်းအားများ ငှားယူ၏။ သူ၏တာအိုသံက ထစ်ချုန်းမြည်ဟည်းလာကာ တာအိုစည်းချက်တို့ တုန်ခါလာသည်။ မြင့်မြတ်သော ဓမ္မတော်မြတ်နှင့်အတူ သူကား အမိကမ္ဘာမြေ၏ ယန်ဝိညာဉ်သုံးခုအား စတင်တည်ဆောက်တော့သည်။
မြေပြင်မှာ အဆက်မပြတ် တုန်ခါနေပြီး အမိကမ္ဘာမြေ၏ အမြစ်များက လူးလွန်ထိုးဖောက်လျက် ထွက်လာသည်။ သူမက ရောက်ရှိလာပြီဖြစ်ကာ ဝိညာဉ်များ ရှင်သန်လာမည်ကို စောင့်စားနေ၏။
အချိန်အတော်လေးကြာသည့်အခါတွင်တော့ ချင်မူမှာ အမိကမ္ဘာမြေ၏ ကောင်းကင်ဝိညာဉ်၊ မြေဝိညာဉ်နှင့် နတ်ဘုရားဝိညာဉ်ဟူသော ယန်ဝိညာဉ်သုံးခုကို တည်ဆောက်နိုင်သွားပြီး တစ်ကိုယ်လုံး ချွေးတို့ ရွှဲစိုနေတော့သည်။
အမိကမ္ဘာမြေ၏ ယန်ဝိညာဉ်သုံးခု ယဇ်ပလ္လင်ထက်၌ ရပ်နေစဉ် ချင်မူက အလေးအနက် ပြောသည်။ “အမိကမ္ဘာမြေ၊ ကျွန်တော် ကတိအတိုင်း လုပ်ပြီးပြီ... ကျွန်တော်တို့ကြားမှာ အခုကစပြီး အကြွေးမရှိတော့ဘူး”
အမိကမ္ဘာမြေ၏ ဝိညာဉ်များက မြေကြီးထဲသို့ ဖြည်းဖြည်းချင်း နစ်မြုပ်သွားသည်။ သူမက တဟားဟား ရယ်မောလိုက်ရင်း ပြန်ဖြေသည်။ “အပြောကောင်းတယ်... နင်က တကယ်ကို မှော်ဝိဇ္ဇာရှင်ပါပဲ... အခု ငါ အသက်ပြန်ရှင်လာပြီဆိုတော့ ကျန်တဲ့ ရှေးဟောင်းနတ်ဘုရားတွေအရှေ့မှာ နင့်အကြောင်း ကောင်းကောင်းပြောပေးပါ့မယ်”
ချင်မူက နှာခေါင်းရှုံ့၍ အင်္ကျီလက်အိုးကို ခါသည်။ “အခု ဝိညာဉ်တွေ ပြည့်စုံသွားပြီပဲ မြန်မြန်ပြန်လိုက်ပါ”
အမိကမ္ဘာမြေသည် ညစ်ကျယ်ကျယ် ရယ်သံပြု၏။ “ဒါက ငါ့ဝိညာဉ်ကို အသက်သွင်းပေးတာပဲ ရှိသေးတယ်လေ... ငါ့မှာ ရုပ်ခန္ဓာမှ မရှိသေးတာ... မှော်ဝိဇ္ဇာရှင်၊ နင့်ရဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ အင်အားကြီးမားတဲ့ ရှေးဟောင်းနတ်ဘုရားတစ်ပါးရဲ့ စောင့်ရှောက်မှု ကင်းမဲ့နေတယ်... ငါ အဲဒီအတွက် ကူညီပေးပါရစေ” ထိုသို့ပြောပြီးသည်နှင့် သူမ၏ဝိညာဉ်သုံးခု ပျောက်ကွယ်သွားသည်။
နန်းစိုက်မြို့တော်၏ ကမ္ဘာဦးသစ်ပင်အောက်တွင် ကုန်းစွန်းယန်သည် တိတ်ဆိတ်နေ၏။ ရုတ်တရက် အမိကမ္ဘာမြေ၏ ဝိညာဉ်သုံးခုက သူမအရှေ့၌ ဖျတ်ခနဲ ပေါ်လာပြီး နွေးထွေးစွာ ပြုံးလျက် သူမ၏ပါးအား တယုတယ ပွတ်သပ်ပေးလေသည်။ “သနားစရာ အမေ့သမီးလေး၊ အမေ သမီးနဲ့ တွေ့ဖို့ ရောက်လာပါပြီကွယ်”
ကုန်းစွန်းယန်၏ နှလုံးသားမှာ အရည်ပျော်သွားပြီး သူမက ဆို့နင့်ကြေကွဲနေသော အသံဖြင့် ခေါ်လိုက်သည်။ “အမေ...”
အမိကမ္ဘာမြေ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည့်အချိန် နဂါးချီလင်က မာန်သွင်းဟိန်းဟောက်၍ သူမဆီ ပြေးတက်လာသည်။ သို့သော် သူ့မှာ ပြင်းထန်လှသည့် ဖိအားဖြင့် ဖိချခံလိုက်ရသောကြောင့် မြေကြီးထဲ နစ်မြုပ်သွားသည့်တိုင်အောင် လဲကျသွားတော့သည်။
ယန်အာကလည်း နဂါးစာကလေးအသွင် ပြောင်း၍ တောင်ပံနှစ်ဖက်အား ဖြန့်ကားထားရင်း ကောင်းကင်ထက်မှ ထိုးဆင်းလာသည်။ အမိကမ္ဘာမြေက လက်ချောင်းတစ်ချောင်းဖြင့် လှမ်းထိုးလိုက်သည့်အခါ မရေမတွက်နိုင်သော အမြစ်များသည် မြေကြီးထဲမှ ထိုးထွက်လာပြီး ယန်အာ့အား တင်းတင်းကြပ်ကြပ် တုပ်နှောင်လိုက်တော့၏။
ကမ္ဘာဦးသစ်ပင်၏ ထိပ်ဖျားတွင် မဟာဧကရာဇ်၏ တံဆိပ်တော်က တောက်ပသော အလင်းရောင်ကို ဖြန့်ကျက်၍ အမြစ်၌ မြှုပ်ခံထားရသော မဟာဧကရာဇ်၏ ယဇ်ပလ္လင်နှင့်အတူ မမြင်ရသည့် အကာကွယ်တစ်ခုကို ဖွဲ့တည်လိုက်သည်။ သို့သော် နောက်တခဏ၌ တံဆိပ်တော်နှင့် ပလ္လင်မှာ သစ်ပင်အပြင်သို့ လွင့်ထွက်သွားလေသည်။
အမိကမ္ဘာမြေ၏ ပုံရိပ်က ရုတ်တရက် ပြိုကွဲသွားပြီး ကုန်းစွန်းယန်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။