အမိကမ္ဘာမြေအသစ်
Vol. 85 Ch. 1105
အမိကမ္ဘာမြေ ဆွေ့ဆွေ့ခုန်သွားသည်။ ဤတစ်ခေါက် သူမ အတော်လေး ဆုံးရှုံးခဲ့ရ၏။ ကမ္ဘာဦးသစ်ပင်၏ အမြစ်များမှာ သူမအသက်၏ အုတ်မြစ်ဖြစ်ပေသည်။ ယခုတွင် ယင်းတို့က ကုန်းစွန်းယန်၏ အမြစ်များ ဖြစ်သွားခဲ့ချေပြီ။
သို့တိုင်အောင် ထိုသကောင့်သားလေးက သူမ အမြတ်ထွက်သည်ဟု ပြောနေသေးသည်။
ကုန်းစွန်းယန် နိုးလာပြီး ခေါင်းယမ်းလိုက်သည်။ သူမမှာ သူမခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသေးသည်ကို မြင်လျှင် အံ့ဩဝမ်းသာသွားသည်။ ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်ကို သတိထားမိသည့်အခါတွင်တော့ ကုန်းစွန်းယန်သည် ရှက်ကြောက်သွားပြီး စကားမပြောရဲတော့ပေ။
ချင်မူက သူမလက်ကို လှမ်းဆွဲလိုက်ရင်း ပြုံးပြသည်။ “မြေအောက်ဘုံအရှင်သခင်၊ ကောင်းကင်နယ်စားမင်း... ဟော့ဒီက အမိကမ္ဘာမြေအသစ် ကုန်းစွန်းယန်နဲ့ မိတ်ဆက်ပေးပါရစေ”
မြေအောက်ဘုံအရှင်သခင်နှင့် ကောင်းကင်နယ်စားမင်းက ဦးညွှတ်အရိုအသေပေးသည်။ “တွေ့ရတာ ဝမ်းသာပါတယ် တာအိုမိတ်ဆွေကုန်းစွန်း”
ကုန်းစွန်းယန်မှာ ဆွံ့အမှင်သက်နေပြီး အနေရခက်လာသည်။
ချင်မူ ရယ်လိုက်မိသည်။ “မမကြီးယန်၊ ပြန်ပြီး မနှုတ်ဆက်တော့ဘူးလား”
ကုန်းစွန်းယန်အနေဖြင့် ပြန်အရိုအသေပေးရုံသာ ရှိတော့သည်။
ကောင်းကင်နယ်စားမင်းက ရယ်သည်။ “ကမ္ဘာဦးဘုံနဲ့ ရွှမ်တုက တစ်မိသားစုတည်းပါပဲ... တာအိုမိတ်ဆွေကုန်းစွန်း၊ ရွှမ်တုဆီ မကြာခဏ အလည်လာပြီး ဘုံနှစ်ဘုံကြားက ဆက်ဆံရေးကို တည်ဆောက်သင့်တယ်”
ကုန်းစွန်းယန်မှာ မည်သို့ပြောရမှန်း မသိသဖြင့် ခေါင်းသာ ညိတ်နိုင်သည်။
သူမသည် ကောင်းကင်နယ်စားမင်း၏ စကားအဓိပ္ပါယ်ကို နားမလည်သော်လည်း အမိကမ္ဘာမြေကတော့ ရှူးရှးရှားရှား ဖြစ်နေတော့၏။
ကောင်းကင်နယ်စားမင်း၏ အပြုအမူက ကုန်းစွန်းယန်ကို အမိကမ္ဘာမြေအသစ်အဖြစ် အသိအမှတ် ပြုလိုက်ခြင်း ဖြစ်သည်။ သူမသည် နောင်တစ်ချိန်တွင် ကမ္ဘာဦးဘုံကို အုပ်ချုပ်ပြီး သူနှင့် တန်းတူ ဖြစ်လာမည်။ ထို့ကြောင့် သူက သူမကို တာအိုမိတ်ဆွေဟု ခေါ်ဆိုကာ ရွှမ်တုသို့ အလည်လာရန် ဖိတ်ခေါ်လိုက်ခြင်းပင်။
ဤအပြုအမူသည် အမိကမ္ဘာမြေကို မသိလိုက်မသိဖာသာဖြင့် ဘေးပို့လိုက်ပြီး ကမ္ဘာဦးဘုံ၏ အရှင်သခင်မဟူသော သူမ၏အဆင့်အတန်းနှင့် လုပ်ပိုင်ခွင့်အာဏာတို့ကို လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်၏။
သို့သော် ဤအခြေအနေတွင် သူမ မည်သို့မှ မတတ်နိုင်မှန်း အမိကမ္ဘာမြေ သိသည်။ ကုန်းစွန်းယန်တွင် ကမ္ဘာဦးသစ်ပင်၏ အမြစ်များ ရှိသွားပြီမဟုတ်လော။ ကမ္ဘာဦးရေကြည်ကိုလည်း သူမအပေါ် လောင်းပေးထားသည့်အတွက် သူမ၏အောင်မြင်မှုများကား အတိုင်းအဆမဲ့လာလိမ့်မည်။
ထို့အပြင် အမိကမ္ဘာမြေတွင် ကမ္ဘာဦးသစ်ပင်၏ အူတိုင်နှင့် ကမ္ဘာဦးရေကြည်တစ်ပုလင်းသာ ရှိတော့ရာ ကမ္ဘာဦးဘုံ၏ အရှင်သခင်မနေရာအတွက် ကုန်းစွန်းယန်အား စိန်ခေါ်ရန် အလှမ်းဝေးလှသည်။
သူမတစ်သက်လုံး ကြိုးစားအားထုတ်ခဲ့ရသမျှက ကုန်းစွန်းယန်အတွက် ဖြစ်သွားပြီဟု ဆိုရလိမ့်မည်။
ချင်မူက အသည်းမာလွန်း၏။ သူ့ရည်ရွယ်ချက်က အမိကမ္ဘာမြေကို ဖယ်ရှားရုံသာမက အမိကမ္ဘာမြေအသစ် တင်မြှောက်ရန်လည်း ဖြစ်နေခဲ့သည်။
ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်သာ ရောက်မလာခဲ့လျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် အမိကမ္ဘာမြေအသစ် ရှိနေပြီ ဖြစ်သည့်အတွက် အမိကမ္ဘာမြေအား အသက်ရှင်လျက်ထားရန် အကြောင်းမရှိတော့ပေ။
ကောင်းကင်နယ်စားမင်းက ပြုံးတော်မူသည်။ “ကောင်းကင်နတ်အရှင်မူ၊ အမိကမ္ဘာမြေရဲ့ မြေဝိညာဉ်အပေါ်က ဒဏ်ရာတွေကို ဖယ်ရှားပေးလို့ရမလား”
ချင်မူ အားတက်သရော ဖြေလိုက်သည်။ “ဘယ်လောက်ခက်တာ မှတ်လို့”
သူ့အသိစိတ်အလျဉ်သည် လှုပ်ရှားသွားပြီး အမိကမ္ဘာမြေမှာ မရေမတွက်နိုင်သော တီကောင်သေးသေးလေးများ သူမ၏မြေဝိညာဉ်အတွင်းထဲ ဖောက်ဝင်လာသလို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် အသေးစိတ်လှသည့် သင်္ကေတအမှတ်အသားတစ်ခုပြီးတစ်ခု ပျံထွက်လာ၏။
မြေအောက်ဘုံအရှင်သခင်က ချင်မူ့ဆီ ပျံသန်းသွားနေသော အတိုင်းထက်အလွန် သေးငယ်လှသည့် သင်္ကေတအမှတ်အသားများကို ကြည့်နေသည်။ ၎င်းတို့သည် လေကို ဖြတ်လျက် လွင့်မျောနေကြစဉ် ချီစွမ်းအင်နှင့် အသိစိတ်အလျဉ် ဖြစ်လာကာ သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားကြ၏။ “ကောင်းကင်နတ်အရှင်မူ ဘာကောင်းကင်နတ်သိုင်း သုံးခဲ့တာလဲ”
“သိပ် ရိုးရှင်းပါတယ်”
ချင်မူသည် အေးအေးလူလူ ပြောလိုက်၏။ “အဏုစိတ်လက်မှုပညာကို သုံးပြီး ကျွန်တော့်သင်္ကေတအမှတ်အသားတွေကို ဝိညာဉ်သဲမှုန်တစ်မှုန်တိုင်းမှာ ခတ်နှိပ်ခဲ့ရုံပါ... အမိကမ္ဘာမြေရဲ့ ဝိညာဉ်ကို ဆင့်ခေါ်ဖို့ ကျွန်တော် သုံးခဲ့တဲ့ ပလ္လင်မှာလည်း ဒီသင်္ကေတအမှတ်အသားတွေ ရှိတယ်.. အမိကမ္ဘာမြေရဲ့ ဝိညာဉ်တွေ ဆင့်ခေါ်ခံရတဲ့အချိန်မှာ အဲဒီသင်္ကေတအမှတ်အသားတွေက ပလ္လင်ကနေတစ်ဆင့် ဖြတ်သန်းလာတဲ့ အနက်ရောင်ဝိညာဉ်သဲမှုန်တွေ အပေါ် အလိုအလျောက် ခတ်နှိပ်လိုက်ကြတယ်လေ”
သူ ပြောနေသော ပုံစံမှာ လွယ်သံပေါက်သော်လည်း အတော်လေး ခက်သော အလုပ်ဖြစ်ကြောင်း ထင်ရှားသည်။
အနက်ရောင်ဝိညာဉ်သဲမှုန်ဆိုသည်မှာ အသေးငယ်ဆုံးသော အမှုန် ဖြစ်၏။ ထိုမျှသေးငယ်လှသော အမှုန်တစ်မှုန်စီတိုင်း၌ သင်္ကေတအမှတ်အသားများ ခတ်နှိပ်ရန်မှာ မဖြစ်နိုင်သော အလုပ်ပင်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုတွင် အသေးငယ်ဆုံးအမှုန်ထိ ရေးထွင်းနိုင်သော အဏုစိတ်လက်မှုပညာနှင့် အဏုစိတ်တံဆိပ်နှိပ်ပညာတို့ ပါဝင်လာခဲ့သည်။ ကျန်ရှိသော ကောင်းကင်ဘုံများ ကမ္ဘာများအတွင်းရှိ မည်သည့်မျိုးနွယ်စုမှ ဤနယ်ပယ်၌ ခြေပင်မချခဲ့ဖူးပေ။
“အနက်ရောင်ဝိညာဉ်သဲမှုန်တွေအပေါ် အဏုစိတ်ခတ်နှိပ်တဲ့အပြင် အမိကမ္ဘာမြေရဲ့ ဝိညာဉ်တွေ ချက်ချင်း မလွင့်ပျယ်သွားနိုင်မှာ စိတ်ပူတာနဲ့ ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းကိုပါ သုံးခဲ့တယ်... ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းကလည်း အင်မတန် ရိုးရှင်းပါတယ်”
ချင်မူ့မျက်ဝန်းများသည် ရိုးသားနေ၏။ “အဲဒါက မပြောင်းလဲနိုင်တဲ့ ကောင်းကင်နတ်သိုင်းလို့ ခေါ်တယ်... ပလ္လင်ပေါ်မှာ အမိကမ္ဘာမြေရဲ့ ယန်ဝိညာဉ်သုံးခုကို မတည်ဆောက်ခင် အဲ့ဝိညာဉ်တွေ အနက်ရောင်သဲမှုန်အဖြစ်မှာပဲ ရှိနေကတည်းက ကျွန်တော်က မပြောင်းလဲနိုင်တဲ့ ကောင်းကင်နတ်သိုင်းကို ထုတ်လွှတ်ပြီးသွားပြီ... အဲဒါကြောင့် ပိုပြီး စိတ်ချရသွားတာပေါ့... ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အမိကမ္ဘာမြေကို ကျွန်တော် အလွယ်လေး သတ်ပစ်နိုင်တယ်”
မြေအောက်ဘုံအရှင်သခင်နှင့် ကောင်းကင်နယ်စားမင်း တိတ်ဆိတ်သွားကြသည်။
ကောင်းကင်နယ်စားမင်းက ချောင်းဟန့်၍ ကမ္ဘာဦးသစ်ပင်၏ အူတိုင်ဆီ လက်လှမ်းလိုက်သည်။ ထို့နောက် ပြုံးလေသည်။ “အမိကမ္ဘာမြေ၊ မင်း အခု အားနည်းနေတော့ ကမ္ဘာဦးဘုံမှာ ဆက်ရှိနေဖို့ အန္တရာယ်များတယ်... အရင်ဆုံး ကိုယ့်ကိုယ်ကို ကုသဖို့ ရွှမ်တုဆီ သွားလိုက်ပါ့လား... ရွှမ်တုမှာ ကောင်းကင်ရေကန်တစ်ကန် ရှိတယ်... အဲ့ရေကန်က မင်းရဲ့ ရုပ်ခန္ဓာကို ကုသပေးနိုင်လိမ့်မယ်... အပြည့်အစုံကြီးတော့ မဟုတ်ပေမယ့် ရေကန်က နယ်နယ်ရရတော့ မဟုတ်ပါဘူး”
အမိကမ္ဘာမြေက တုံ့ပြန်လိုက်သည်။ “အစ်ကိုတော်ကို ဒုက္ခပေးမိပါပြီ”
ကောင်းကင်နယ်စားမင်းသည် ချင်မူ့ကို အရိုအသေပေးပြီး အမိကမ္ဘာမြေနှင့်အတူ ထွက်သွား၏။
ချင်မူလည်း ပြန်လည်နှုတ်ဆက်လိုက်ရင်း သူတို့ ကောင်းကင်သို့ ပျံတက်သွားသည်ကို ကြည့်နေသည်။
ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်သည် ချင်မူ့ကို တိတ်ဆိတ်စွာ ကြည့်နေ၏။ အချိန်တချို့ကြာသော် သူက ပြောသည်။ “မင်းက ဟိုတုန်းကလို ရိုးသားပြီး ဖြူစင်တဲ့ ချင်မူ မဟုတ်တော့ဘူးပဲ”
ချင်မူ ဟက်ခနဲ ရယ်လိုက်မိသည်။ “မြေအောက်ဘုံအရှင်သခင်က ကျွန်တော့်ကို မရင့်ကျက်လာစေချင်တာလား”
ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က ခေါင်းယမ်းသည်။ “ရင့်ကျက်လာစေချင်တာပေါ့... ဒါပေမဲ့ ကောင်းကင်နယ်စားမင်းနဲ့ ငါ မင်းရဲ့ မျက်လုံးထဲမှာ နေခဲ့တဲ့အချိန်ကို သတိရတယ်... အဲဒီအချိန်ကို ပြန်လို့မရတော့တာ ဆိုးတာပဲ”
ချင်မူလည်း သက်ပြင်းချလိုက်သည်။ “ဟုတ်ပါ့ အဲဒီအချိန်ကို ပြန်ဖို့တော့ မဖြစ်နိုင်တော့ဘူး”
ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က ဦးညွှတ်အရိုအသေပေး၍ မြေကြီးထဲ နစ်မြုပ်၀င်ရောက်သွားသည်။
ချင်မူက မြေအောက်ဘုံအရှင်သခင် လုံး၀ပျောက်ကွယ်သွားသည်အထိ ဦးညွှတ်ထားလေသည်။
နဂါးချီလင်နှင့် ယန်အာက အလောတကြီး ရောက်လာကြသည်။ ချင်မူမှာ လည်ဂုတ်မှ ချွေးတို့ကို သုတ်ရင်း ခံစားချက်များဖြင့် ညည်းတွားလိုက်၏။ “ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်လိုမျိုး ဖြစ်တည်မှုတွေနဲ့ အတူတူ ရပ်ရတာ ကြောက်မိနေတုန်းပဲ”
ယန်အာသည် သူ့အနောက်သို့ တိတ်တိတ်လေးသွား၍ ကဲကြည့်လိုက်၏။ ချင်မူ့လည်ဂုတ်၌ ကြက်သီးမွေးညင်းများ ထနေသည်ကို အသေအချာ တွေ့လိုက်ရသည်။ သူကား စောစော တည်ငြိမ်ယောင်ဆောင်နေခြင်းပင်။
ကုန်းစွန်းယန်မှာ အနည်းငယ် ဇဝေဇဝါဖြစ်နေပြီးနောက် အတန်ငယ် စိတ်ဖိစီးလာသည်။ ချင်မူ ထွက်သွားရန် ပြင်နေသည်ကို မြင်သည့်အခါ သူမက သူ့အင်္ကျီလက်စကို လှမ်းဆွဲလိုက်၏။
သူမမှာ ငိုချင်နေပြီး မျက်ရည်လေးများ ဝိုင်းလျက် ချင်မူ့အား တောင်းပန်လေသည်။ “သခင်လေး၊ မသွားပါနဲ့လားဟင်..... ကျွန်မ ကြောက်တယ်.... နားလည်း မလည်နိုင်ဘူး... အမိကမ္ဘာမြေက ကျွန်မအမေ ဆိုပေမယ့် သူက ကျွန်မခန္ဓာကိုယ်ကို လိုချင်နေတယ်... အဲ့ဒါတင် မကသေးဘူး.... ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်ကလည်း ကျွန်မကို တာအိုမိတ်ဆွေလို့ ခေါ်ပြီးတော့ ကမ္ဘာဦးဘုံနဲ့ ရွှမ်တုအကြောင်း ပြောသွားသေးတယ်....ကျွန်မ...”
သူမသည် နှုတ်ခမ်းလေးကို ဖိကိုက်ထားပြီး မျက်ရည်များ တသွင်သွင် စီးကျနေရာ မိုးရေစိုနေနေသော မက်မွန်သီးလေးတစ်လုံးနှင့်ပင် တူနေ၏။ “ကျွန်မ ဒီမှာပဲ နေပြီး သစ်ပင်တွေ စိုက်ရင်း ဇာမဏီငှက်တွေကို အသိုက်ဆောက်ဖို့ ဖိတ်ခေါ်တာပဲ လုပ်ချင်တာပါ.... ရေကုန်သွားရင် ရေလောင်းပေးမယ်.... မြေဩဇာလည်း ထည့်ပေးပြီး ပိုးကောင်တွေ ကူဖမ်းပေးနိုင်ပါတယ်.... ဒီနေ့လို အဖြစ်အပျက်ကိုတော့ တစ်ခါမှ မကြုံတွေ့ခဲ့ဖူးဘူး...”
ချင်မူက သူမ၏ကျောကို ပွတ်သပ်ပေးရင်း အငိုရပ်အောင် စောင့်နေပြီးနောက် ပြုံးလိုက်၏။ “ယန်အာ၊ နားမလည်ဘူးလား.... မမကြီးက အရင်လို မဟုတ်တော့ဘူးလေ... ကမ္ဘာဦးဘုံရဲ့ အမိကမ္ဘာမြေအသစ် ဖြစ်နေပြီ... ရှေးဟောင်းနတ်ဘုရားတိုင်းက မမကြီး အားကျနေကြတာ မသိဘူးလား”
ကုန်းစွန်းယန်သည် ခေါင်းလေး မော့လာ၏။ သူမက မခြောက်သေးသော မျက်ရည်များဖြင့် ချင်မူ့အား ဇဝေဇဝါ ကြည့်နေတော့သည်။
ချင်မူ ပြုံးလိုက်မိပြန်သည်။ “ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်၊ အမိကမ္ဘာမြေ၊ နတ်မင်းလေးပါးအပြင် ကျန်တဲ့ ရှေးဟောင်းနတ်ဘုရားအားလုံးဟာ သူတို့ရဲ့ ကိုယ်ပိုင်မဟာတာအိုနဲ့ ချည်နှောင်ခံထားရလို့ အဲ့အတားအဆီးကို မထိုးဖောက်နိုင်ကြဘူး.... အမိကမ္ဘာမြေ မမကြီးရဲ့ကိုယ်ကို လိုချင်တာက ရှေးဟောင်းနတ်ဘုရားတွေရဲ့ အချုပ်အနှောင်တွေကနေ ဖောက်ထွက်ချင်လို့ပဲ... မမကြီးက ရှေးဟောင်းနတ်ဘုရားတစ်ပါး မဟုတ်ပေမယ့် ရှေးဟောင်းနတ်ဘုရားတွေရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတယ်.... သိုင်းကျင့်ပြီး ပိုမြင့်တဲ့ အဆင့်ကို ရောက်နိုင်သေးတယ်....ဘယ်လိုလုပ် မမကြီးကို အားမကျကြဘဲ နေတော့မလဲ”
ကုန်းစွန်းယန်၏ သူ့အင်္ကျီစကို ခပ်တင်းတင်း ဆုပ်ကိုင်ထားပြီး သူ့အား ဖက်ထားသည်။ “ကျွန်မ နားမလည်ဘူး.... ရှင် သင်ပေးရလိမ့်မယ်..”
“ကျွန်တော့်ကို အရင်လွှတ်ပါဦး.... အဘွားစစ်ကို လာသင်ခိုင်းလိုက်ပါ့မယ်.... သူ့ရဲ့ သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းနဲ့ တခြားကောင်းကင်နတ်သိုင်းတွေက လမ်းစဉ်၀င်ရောက်ပြီးပြီ....သူက မမကြီးအတွက် အကောင်းဆုံးဆရာမပဲ.... သူ့အကူအညီနဲ့သာဆို မမကြီး ကိုယ်ပိုင်စွမ်းအားကို ခဏလေးအတွင်း ထိန်းချုပ်နိုင်လိမ့်မယ်”
ချင်မူမှာ နှစ်ကြိမ်တိတိ ရုန်းလိုက်သော်လည်း သူမလက်ထဲမှ မလွတ်မြောက်နိုင်ချေ။
လက်ရှိအချိန်တွင် ကုန်းစွန်းယန်သည် အရွယ်ရောက်ပြီးသား နတ်ဘုရားတစ်ပိုင်းဖြစ်ပြီး ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ဦး၏ အတိုက်အခိုက်စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထား၏။ သိုင်းအဆင့် နိမ့်ကျနေခြင်းသာ ရှိသည်။
သူမသည် အစစ်အမှန်နတ်ဘုရားအဆင့်သို့သာ ကျင့်ကြံရသေးပြီး သိုင်းကျင့်ရသည်ကို စိတ်မ၀င်စားချေ။ သူမ အင်အားကြီးမားနေသော အကြောင်းအရင်းမှာ သူမ၏သွေးဆက်ကြောင့်အပြင် အမိကမ္ဘာမြေ၏အမြစ်များနှင့် အဖိုးတန် ကမ္ဘာဦးရေကြည်တို့ကြောင့် ဖြစ်သည်။
ထိုသို့ကြောက်မက်ဖွယ် ပုဂ္ဂိုလ်တစ်ဦးက သူ့အဝတ်ကို လှမ်းဆွဲထားမှတော့ ချင်မူမှာ မည်သို့လွတ်မြောက်ပါတော့မည်နည်း။
ချင်မူ ရယ်လိုက်သည်။ “သိပ်မကြာခင် ကောင်းကင်နတ်ဘုံက မမကြီးရဲ့ ဖြစ်တည်မှုကို သိသွားပြီး ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ရဲ့ အမိန့်တော်နဲ့ ဆင့်ခေါ်ပြီးတော့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ အမိကမ္ဘာမြေအဖြစ် တရား၀င်ခန့်အပ်ပေးလိမ့်မယ်.... ကောင်းကင်နတ်ဘုံရဲ့ စည်းမျဉ်းတွေအကြောင်း သင်ပြပေးဖို့ ဧကရာဇ်ကို ကျွန်တော် မှာထားပါ့မယ်.... အခု ကျွန်တော့်ကို အရင်လွှတ်ပါဦး.... ဟာ ဘောင်းဘီကို မဆွဲနဲ့လေဗျ”