ငါ နင့်ကို လက်ထပ်မယ်
Vol. 85 Ch. 1106
နောက်ဆုံးတော့ ကုန်းစွန်းယန်မှာ ချင်မူ့ကို လွှတ်ပေးလိုက်ရသည်။ ချင်မူမှာ စိတ်သက်သာရာရသွားပြီး နန်းစိုက်မြို့တော်ဆီ သွားကာ လင်ယွိရှို့နှင့် သွားတွေ့သည်။
လင်ယွိရှို့သည် ကုန်းစွန်းယန်အကြောင်း ကြားသည့်အခါ ပြုံးလိုက်၏။ “ကောင်းကင်နတ်ဘုံက ကောင်းကင်နတ်အရှင်ဆီ ငါ မကြာခဏ အရိုအသေသွားပေးဖူးတော့ ကောင်းကင်နတ်ဘုံရဲ့ ဓလေ့ထုံးစတွေကို ငါ သိတယ်... ယန်အာ အထင်သေးစရာမဖြစ်အောင် ငါ ကူညီပေးလိုက်ပါ့မယ်... စိတ်မပူပါနဲ့”
သူမက ကုန်းစွန်းယန်နှင့် တွေ့ရန် ချင်မူနှင့်အတူ လိုက်လာရင်း လမ်း၌ မေးသည်။ “ယန်အာ့ကို အမိကမ္ဘာမြေဘွဲ့ အမှန်တကယ် အပ်နှင်းလိုက်ရင် သူက ဘယ်အဆင့် ဖြစ်မှာလဲ”
“သူက ကမ္ဘာဦးဘုံရဲ့ အင်အားအကြီးဆုံး အရာရှိ ဖြစ်လာပြီး နတ်မင်းလေးပါး၊ မဟူရာနတ်မင်း၊ အဖြူနတ်မင်းတို့နဲ့ တန်းတူဖြစ်သွားလိမ့်မယ်.. ဒါပေမဲ့ သူတို့လောက်တော့ အာဏာမရှိဘူး”
ချင်မူ ဆက်ပြောလိုက်သည်။ “ကောင်းကင်နတ်အရှင်ဆယ်ပါးက ကောင်းကင်နတ်အရှင်ရှောင်နဲ့ သူ ထိပ်တိုင်တွေ့သွားအောင် ကမ္ဘာဦးဘုံရဲ့ တစ်ဝက်ကို သူ့ဆီ ပေးကောင်း ပေးလိမ့်မယ်”
လင်ယွိရှို့ တုန်လှုပ်သွားမိသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် ကောင်းကင်နတ်ဘုံ အဖက်လုပ်ဖို့ပင် မထိုက်တန်သော နိုင်ငံငယ်လေးတစ်နိုင်ငံ ဖြစ်၏။ သူမကလည်း ထိုနိုင်ငံငယ်လေး၏ ဧကရာဇ်ငယ်လေးတစ်ပါးထက် မပိုပေ။ သူမတွင် ငွေကြေးဓန မပြည့်စုံလျှင် သို့မဟုတ် အသုံးဝင်မှု မရှိနေလျှင် ကောင်းကင်နတ်အရှင်များအနေဖြင့် သူမအား ဂရုစိုက်နေမည်ပင် မဟုတ်။
ကုန်းစွန်းယန်က အမိကမ္ဘာမြေ ဖြစ်လာလျှင် အဆင့်အတန်း ပိုမြင့်သွားမည်။ နတ်မင်းလေးပါးနှင့်ပင် တန်းတူဖြစ်သွားပေလိမ့်မည်။
ထို့အပြင် ချင်မူ ပြောသလို ကုန်းစွန်းယန်သည် ကောင်းကင်နတ်အရှင်ရှောင်နှင့် ထိပ်တိုက်တွေ့ရန် တွန်းအားပေးခံရလျှင် ကုန်းစွန်းယန် ဒုက္ခရောက်သွားမည်မဟုတ်ပါလော။
သူမအမြင်တွင် ကုန်းစွန်းယန်သည် ရိုးအဖြူစင်သော မိန်းမငယ်လေးတစ်ယောက်သာ ဖြစ်၏။ သူမလို မိန်းမငယ်လေးက မြေခွေးအိုကြီး ကောင်းကင်နတ်အရှင်ရှောင်အား မည်သို့ ယှဉ်နိုင်ပါ့မည်နည်း။
အင်အားအရာ၌ ဖြစ်စေ၊ ဉာဏ်အရာ၌ ဖြစ်စေ ကုန်းစွန်းယန်မှာ ကောင်းကင်နတ်အရှင်ရှောင်အောက် သိသိသာသာ အားနည်းနေသည်။
ချင်မူက လင်ယွိရှို့ကို ကြည့်လိုက်ပြီး သူမ၏ပူပန်နေမှုများကို နားလည်သွားသည်။ သူသည် ပြုံးလျက် ပြောလိုက်၏။ “ကောင်းကင်နတ်အရှင်ရှောင်က ဘယ်လောက်ပဲ သဘောမကျပါစေ အဲဒီကိစ္စကို လက်ခံမှာပါ... သူက ငါ့ကို လိုအပ်နေတာ မဟုတ်လား... ဒါကြောင့် ကုန်းစွန်းယန်ကို ရန်ပြုမှာ မဟုတ်ဘူး”
လင်ယွိရှို့မှာ ထိုအခါမှ စိတ်အေးသွားပြီး သူနှင့်အတူ လမ်းလျှောက်လာသည်။ ရုတ်တရက် သူမက ပြော၏။ “အခုတလေ ၊ ဝန်မင်းတွေက ငါ့ကို လက်ထပ်ဖို့ တောင်းဆိုနေကြတယ်”
သူမက လမ်းလျှောက်နေသည်ကို ရပ်လိုက်ကာ ဟိုလိုလိုသည်လိုလို ပြောနေသည်။ “ဧကရာဇ်အတိုင်ပင်ခံ၊ သူတို့က ငါ့ကို ကောင်းကင်ရဲ့သားတော် မွေးဖွားပေးရမယ်လို့ လျှောက်တင်ကြတယ်... ညီလာခံတိုင်း အဲ့ဒါတွေပဲ ကြားနေရတာ”
ချင်မူလည်း ရပ်လိုက်ပြီး သူမကို ကြည့်ကာ မေးလိုက်သည်။ “ဒါဆို ဘယ်လိုဖြေလိုက်လဲ ဧကရာဇ်”
“ဧကရာဇ်အတိုင်ပင်ခံက မိသားစု မတည်ထောင်သေးဘဲ နိုင်ငံအကျိုးအတွက် ကြိုးကြိုးစားစား လုပ်ပေးနေတယ်လို့ ငါ ပြောလိုက်တယ်... ငါက ဧကရာဇ်အတိုင်ပင်ခံလောက် မကြိုးစားဘဲ နေလို့ ဖြစ်ပါ့မလား”
လင်ယွိရှို့သည် ပြုံးလိုက်ရင်း ဆက်ပြော၏။ “သူတို့ပါးစပ်ပိတ်သွားကြရောလေ... ဒါပေမဲ့ ညီလာခံတစ်ခါ လုပ်တိုင်း ဝန်မင်းတစ်ယောက်ကတော့ ထပ်လျှောက်တင်ပြန်တာပဲ... ဒါကြောင့် ငါ နင့်ကို မေးချင်တယ်... နင် ဘယ်တော့ လက်ထပ်မှာလဲ... နင် လက်ထပ်တာနဲ့ ငါလည်း လက်ထပ်မယ်”
ချင်မူ သူမကို တိတ်ဆိတ်စွာ ကြည့်လိုက်မိသည်။ တခဏကြာသော် သူက မေးလိုက်သည်။ “ငါ့ကို ဘယ်သူနဲ့ လက်ထပ်ခွင့်ပြုလဲ”
“ကုန်းစွန်းယန်၊ စစ်ယွင်ရှန်း၊ ချုံဧကရာဇ်ဓားနတ်ဘုရား... ယန်ကျင့်ကျင့်”
လင်ယွိရှို့မှာ ခံစားချက်များ ရှုပ်ထွေးနေသောအမူအရာ ရှိသည်။ “နင် လက်ထပ်ချင်တဲ့ ဘယ်သူနဲ့မဆို လက်ထပ်ခွင့်ပြုတယ်... နင် တစ်ယောက်တည်း လျှောက်သွားပြေးလွှားနေတာ ငါ မကြည့်ချင်ဘူး.. နင် လက်ထပ်သွားရင် ငါလည်း ပိုစိတ်အေးရမယ်”
ချင်မူ ခေါင်းယမ်းလိုက်သည်။ “ငါ ဘယ်သူ့ကိုမှ လက်မထပ်ချင်ဘူး... အချိန်လည်း မရှိသေးဘူး... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုက မအောင်မြင်သေးဘူးလေ... အဲဒီလိုအရာမျိုးတွေအတွက် ငါ့မှာ အားအင်မရှိဘူး”
“နင်က ငါ အပျိုကြီးဖြစ်အောင် တမင် လုပ်နေတာပဲ”
လင်ယွိရှို့က ဒေါသများဖြင့် ပြောသည်။ “နွားကျောင်းသား... ငါ နင်နဲ့ မဆုံခဲ့သင့်ဘူး”
ပတ်ဝန်းကျင်ရှိ လူများက ကွက်ကြည့်ကွက်ကြည့် ကြည့်နေကြသဖြင့် လင်ယွိရှို့သည် ဣန္ဒြေပြန်ဆည်လိုက်ပြီး ရှေ့သို့ ဆက်လျှောက်သွားကာ အပြစ်တင်နေ၏။ “နင် လက်မထပ်ရင် ငါလည်း ဘယ်လိုလုပ် လက်ထပ်နိုင်တော့မှာလဲ... ငါ နင့်ရဲ့ နွားမကြီးလား.. ငါ့တစ်သက်လုံး ကြိုးနဲ့ချည်ခံထားရမှာလား... ငါ့ရဲ့ အရွယ်အကောင်းဆုံးနှစ်တွေနဲ့ နင်နဲ့ ဆုံတွေ့ခဲ့ရပေမယ့် အခုတော့ နှစ်ယောက်လုံး အိုနေပြီ”
ချင်မူက သူမကို မှီအောင် လိုက်ရင်း ပြောလိုက်သည်။ “နင် နန်းစွန့်နိုင်လား... ငါရော ဧကရာဇ်အတိုင်ပင်ခံ ရာထူးကို စွန့်ပစ်လို့ရလား... အဲဒီလိုမှ မလုပ်နိုင်ရင် ငါတို့ ဒီအတိုင်း ဆက်ရှိနေရမှာပဲလေ”
လင်ယွိရှို့မှာ သူ့အား လှမ်းကြည့်၏။ “ငါတို့ နောင်တစ်ချိန်မှာ အနိုင်ရပြီး ငါတို့နှစ်ယောက်လုံး လက်မထပ်ရသေးရင်...”
ချင်မူ တည်ငြိမ်လေးနက်စွာ ဆိုလိုက်သည်။ “အဲဒီအချိန်ကျရင် ငါ ဧကရာဇ်အတိုင်ပင်ခံ မလုပ်တော့ဘူး”
လင်ယွိရှို့သည် နီရဲနေသော မျက်ဝန်းလေးများဖြင့် ပြောလေသည်။ “ငါလည်း ဧကရာဇ်မလုပ်တော့ဘူး”
“ငါ နင့်ကို လက်ထပ်မယ်” ချင်မူက ပြောလိုက်၏။
“အင်း” လင်ယွိရှို့က တစ်ဖက်သို့ လှည့်လိုက်ရင် ဖြေလေသည်။
ရွှမ်တုတွင်...
အမိကမ္ဘာမြေသည် ကမ္ဘာဦးသစ်ပင်၏ အူတိုင်ထဲတွင် ထိုင်နေပြီး ကောင်းကင်နယ်စားမင်းက ၎င်းကို ကောင်းကင်ရေကန်တွင် ဖြည်းဖြည်းချင်း နှစ်လိုက်သည်။ ရေကန်မှာ အံ့မခန်းဖွယ်ပင်။ ကမ္ဘာဦးရေကြည်ကန် မဟုတ်သော်လည်း နဂါးငွေ့တန်းထောင်ပေါင်းများစွာ၏ ကြယ်ရောင်စဥ်တန်းဖြစ်ချေသည်။ အလင်းရောင်ကို အဝေးမှပင် မြင်ရနိုင်၏။
ကမ္ဘာဦးသစ်ပင်၏ အူတိုင်က ကောင်းကင်ရေကန်၏ ကြယ်တာရာရေများကို စုပ်ယူနေသည်။ ထို့နောက် ဖြည်းဖြည်းချင်း အညွှန့်များ ထွက်လာပြီးနောက် သစ်ရွက်များ ပေါက်လာသည်။
တခဏကြာသော် ရေကန်ထဲတွင် ဧရာမအအပင်ကြီးတစ်ပင် ပေါ်လာတော့သည်။ ရက်အနည်းငယ်ကြာပြီးနောက် အမိကမ္ဘာမြေသည် သစ်ပင်ထဲမှ အ၀တ်ဗလာဖြင့် ထွက်လာ၏။
ကောင်းကင်နယ်စားမင်းက သူမကို မြင်သည့်အခါ တိမ်တိုက်တို့အား ခူးဆွတ်လိုက်ရင်း သူမအတွက် အဝတ်ဖန်တီးပေးသည်။
အမိကမ္ဘာမြေက ပြုံးလိုက်သည်။ “ရှင်က ဒီလို တွေးပေးတတ်တဲ့သူမှန်း ကျွန်မ မသိခဲ့ရပါလား ကောင်းကင်နယ်စားမင်း”
ကောင်းကင်နယ်စားမင်းက ပြုံးလျက် တုံ့ပြန်သည်။ “အမိကမ္ဘာမြေ၊ မနောက်ပါနဲ့.... ကျုပ်မှာ မြေဆီလွှာမရှိဘူး... ခင်ဗျားကို ရေပဲ လောင်းပေးလို့ရမယ်.... မြေဆီလွှာစွမ်းအားကို စုပ်ယူခွင့်မပေးနိုင်တဲ့အတွက် ခင်ဗျားရဲ့ ကြီးထွားမှုကို ထိခိုက်စေမှာပဲ”
အမိကမ္ဘာမြေသည် ပြန်ပြော၏။ “ဘိုးဘေးနန်းတော်ထဲမှာ ကျွန်မ ယူလို့ရတဲ့ မြေဆီလွှာတွေ အများကြီးရှိတယ်....”
“ယောင်လို့တောင် မထိပါနဲ့” ကောင်းကင်နယ်စားမင်း ဒေါသထွက်သွားသည်။
တခဏကြာသော် သူက စိတ်အေးအေးထားလိုက်ရင်း ပြောလေသည်။ “ဘိုးဘေးနန်းတော်ကို ဘယ်တော့မှ မထိပါနဲ့....အနောက်နတ်မင်းဆီမှာ မြေဆီလွှာတချို့ ရှိလိမ့်မယ်....ကျုပ် သိက္ခာအကျခံပြီး ခင်ဗျားအတွက် နည်းနည်းလောက် တောင်းပေးပါ့မယ်”
အမိကမ္ဘာမြေက ရေကန်ဘေးတွင် ထိုင်လျက် ကျယ်ပြောလှသော ကောင်းကင်နယ်စားမင်းကို မော့ကြည့်လိုက်ရင်း ပြောနေသည်။ “အစ်ကိုတော်၊ ရှင် တကယ်ပဲ ကောင်းကင်နတ်အရှင်မူကို ဒီတိုင်း သည်းခံထားတော့မလို့လား.... သူ ကျွန်မကို ဒီနေ့သတ်နိုင်ခဲ့ရင် အနာဂတ်မှာ ရှင်နဲ့ မြေအောက်ဘုံအရှင်သခင်ကိုလည်း သတ်နိုင်မှာပဲ.... ကျွန်မတို့က ရှေးဟောင်းနတ်ဘုရားတွေရဲ့ ခေါင်းဆောင်နော်.. ရှင် ၀မ်းမနည်းမိဘူးလား”
ကောင်းကင်နယ်စားမင်း၏ မျက်ခုံးဖြူတို့ အနည်းငယ် လှုပ်ခတ်သွားသည်။ ၎င်းတို့က ရှည်လျားလှသော ကြယ်တာရာအတန်းများ ဖြစ်ချေသည်။ သူက အေးအေးလူလူ ပြောသည်။ “အမိကမ္ဘာမြေ၊ ခင်ဗျားက တာအိုကနေ မွေးဖွားတာမဟုတ်ဘဲ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်ကနေ မွေးဖွားလာတာ... ကျုပ် အတွေးကို ခင်ဗျားမသိဘူး.... ကမ္ဘာဦးဘုံမှာ အကြာကြီး အမြစ်တွယ်ခဲ့ရင်း အာဏာနဲ့ အောင်မြင်မှုတွေကို လိုချင်စိတ်ကြောင့် ခင်ဗျား အကျင့်ပျက်နေခဲ့တာ ကြာပြီ..........ကျုပ်တို့လို ရှေးဟောင်းနတ်ဘုရားတွေဟာ လောကအရေးတွေကနေ ရှောင်ဖယ်ပြီး မဟာတာအိုနောက်ပဲ လိုက်သင့်တယ်”
“ကြောင်သူတော်ကြီး”
အမိကမ္ဘာမြေက အေးစက်စွာ ရယ်လိုက်သည်။ “လောကအရေးကနေ ရှောင်ဖယ်ပြီး မဟာတာအိုနောက် လိုက်ရမယ်တဲ့လား..... ရှင်သာ တကယ် အဲ့ဒီလို စဉ်းစားတယ်ဆိုရင် ရှင်ရယ်၊ မြေအောက်ဘုံအရှင်သခင်ရယ် ကောင်းကင်ယင်နဲ့ အဆုံးသတ်မြို့ပျက်က မိန်းမတွေက ဘာလို့ ဖန်ဆင်းရှင်တွေကို တိုက်ခိုက်ခဲ့တာလဲ”
ကောင်းကင်နယ်စားမင်း၏ အကြည့်သည် သူမအပေါ် ကျရောက်လာ၏။ သူ့အသံက ဝေးလံကျယ်လောင်နေသည်။ “ဖန်ဆင်းရှင်တွေကြားက စစ်ပွဲက စကြ၀ဠာကို အန္တရာယ်ကျရောက်စေခဲ့တယ်.... သူတို့က ကျုပ်တို့ကို ထိန်းချုပ်ပြီး သူတို့အတွက် တိုက်ခိုက်စေခဲ့တာ... သူတို့စစ်ပွဲတွေသာ ဆက်ဖြစ်နေခဲ့ရင် ဘိုးဘေးနန်းတော် ဖျက်ဆီးခံရပြီး စကြ၀ဠာလည်း ဆက်လက်မတည်ရှိနိုင်တော့အောင် ပြိုလဲသွားလိမ့်မယ်... ကျုပ် တာအိုကနေ ဖန်ဆင်းရှင်တွေကို ရှင်းလင်းခိုင်းတဲ့ အသံကို ကြားခဲ့ရတယ်.... အမိကမ္ဘာမြေ၊ ခင်ဗျားရော အရင်က ကြားဖူးခဲ့သလား”
အမိကမ္ဘာမြေမှာ ကြောင်အလျက် ခေါင်းယမ်းလိုက်သည်။ “ဟင့်အင်း”
ကောင်းကင်နယ်စားမင်းက ပြောသည်။ “ကျုပ် ကြားခဲ့ရတယ်.... ဖန်ဆီးရှင်တွေကို ရှင်းလင်းပြီး သူတို့ရဲ့ ဖျက်ဆီးမှုတွေကို တားဆီးဖို့ ကျုပ်ရဲ့ မဟာတာအိုက တွန်းအားပေးခဲ့တာ.... မြေအောက်ဘုံအရှင်သခင်ကို ကျုပ် မေးခဲ့တယ်.... ယိုတုကလည်း သူ့ကို အဲဒီလိုခိုင်းနေကြောင်း သူ ကြားခဲ့ရတယ်....ခင်ဗျားက တာအိုရှေးဟောင်းနတ်ဘုရား မဟုတ်တဲ့အတွက် ကန့်သတ်ချက် ရှိတာ သဘာ၀ပဲ.... အဲ့ဒါကြောင့်ပဲ မဟာတာအိုရဲ့ ခေါ်ဆိုသံကို ခင်ဗျား မကြားခဲ့ရတာ ဖြစ်မယ်”
အမိကမ္ဘာမြေက အေးစက်စွာ ပြုံး၍ ပြော၏။ “ရှင်က ကျွန်မကို စကားလမ်းကြောင်းလွှဲနေတယ်.... ကျွန်မမေးခွန်းက ရှင် ကောင်းကင်နတ်အရှင်မူကို ဒီအတိုင်း လွှတ်ထားမှာလား ဆိုတာပဲ....သူက ပိုပိုပြီး အထိန်းအကွပ်မဲ့လာနေပြီ”
ကောင်းကင်နယ်စားမင်းက နူးညံ့စွာ ပြုံးလိုက်သည်။ “အမိကမ္ဘာမြေ၊ ခင်ဗျား အခုထိ နားမလည်နိုင်သေးဘူးပဲ... ကောင်းကင်နတ်အရှင်တွေကို တိုက်ခိုက်ဖို့ ကျုပ်တို့ သူ့ကို လိုတယ်.... ကျုပ်တို့က မဟာမိတ်တွေမလို့ မဟာမိတ်တစ်ယောက်လို လေးစားသင့်တယ်မလား.... သူ မရှိရင် ဘယ်သူမှ ခင်ဗျားကို အသက်ပြန်သွင်းမပေးနိုင်ဘူးဆိုတာ မမေ့နဲ့ဦး”
“ရှင်”
ကောင်းကင်နယ်စားမင်းက ပြုံး၍ ပြောပြန်သည်။ “ခင်ဗျားက အန္တရာယ်ကိုပဲ မြင်ပြီး အခွင့်အရေးကို မျက်ကွယ်ပြုနေမိတယ်...ကောင်းကင်နတ်အရှင်ဆယ်ပါး ကျုပ်တို့ကို သတ်ဖြတ်နေတာ မြင်ပေမယ့်.... ဒါက မဟာတာအိုအချုပ်အနှောင်တွေကနေ ကျုပ်တို့ရုန်းထွက်နိုင်မယ့် အခွင့်အရေးဆိုတာ မသိဘူး”
အမိကမ္ဘာမြေက ဒေါသများဖြင့် ရယ်နေသည်။ “ရှင့်ရဲ့ မြင့်မြတ်လှတဲ့ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကို စွန့်ပယ်ပြီး သာမန်လူ ဖြစ်လာတော့မလို့လား”
ကောင်းကင်နယ်စားမင်းက ပြန်ချေပ၏။ “ကောင်းကင်တာအိုအောက်မှာ ဘယ်သူက ပိုမြင့်မြတ်ပြီး ဘယ်သူက ပိုနိမ့်ကျတာလဲ... အမိကမ္ဘာမြေ၊ ခင်ဗျား ဇောဒကတက်တာကို နားထောင်ဖို့ ကျုပ် ကယ်ပေးခဲ့တာ မဟုတ်ဘူး.... ခင်ဗျားရဲ့စွမ်းအားကို ကျုပ် သုံးဖို့ လိုအပ်နေတယ်.... အဲ့ဒါပြီးရင် ခင်ဗျား ကျုပ်အပေါ် ဘာကျေးဇူးကြွေးမှ မတင်တော့ဘူး”
အမိကမ္ဘာမြေက ဟက်ခနဲ အသံပြုလိုက်သည်။ “ဘာလဲ”
“ရွှမ်တုကို ရှင်းလင်းပေး” အံ့ဩဖွယ်ကောင်းစွာဖြင့် သူ့အသံဆီမှ အသတ်အဖြတ်စိတ်ဆန္ဒ ထွက်ပေါ်လာ၏။
အမိကမ္ဘာမြေမှာ အံ့ဩစွာဖြင့် မေးလိုက်သည်။ “ရှင်က ကျွန်မကို သုံးပြီး ကောင်းကင်နတ်ဘုံ ရွှမ်တုမှာ ချထားတဲ့ အာဏာကို ဖယ်ရှားချင်တာလား”