ကောင်းလိုက်တဲ့ ဓား
Vol. 85 Ch. 1107
“အမိကမ္ဘာမြေ၊ လုပ်မှာလား.... မလုပ်ဘူးလား...” ကောင်းကင်နယ်စားမင်းက မေးသည်။
အမိကမ္ဘာမြေသည် အံတင်းတင်းကြိတ်၍ တုံ့ပြန်၏။ “အဲ့ဒီလိုလုပ်လိုက်ရင် ရွှမ်တုမှာ ကျွန်မအတွက် နေရာရှိမှာ မဟုတ်တော့ဘူး... ရှေးဟောင်းနတ်ဘုရားဘုရင်က ကျွန်မကို လိုက်သတ်လိမ့်မယ်.... ရှင်က ရွှမ်တုက ကောင်းကင်နတ်ဘုံရဲ့ အာဏာကို ချေမှုန်းချင်ရုံလေးအတွက် ကျွန်မကို ကယ်ခဲ့တာပဲ”
ကောင်းကင်နယ်စားမင်းက သူမကို ကြည့်သည်။ “အဲ့ဒါပြီးရင် ကျုပ် ခင်ဗျားကို အနောက်နတ်မင်းရဲ့ မြေဆီလွှာ ငှားပေးမယ်”
အမိကမ္ဘာမြေက ပြင်းထန်လှသော အသတ်အဖြတ်စိတ်ဆန္ဒများ ထုတ်လွှတ်လျက် အော်ဟစ်လိုက်သည်။ “ကောင်းပြီ... လုပ်မယ်”
ချင်မူနှင့် လင်ယွိရှို့မှာ ခွဲခွာကြရပြန်သည်။ ချင်မူလည်း ရွာလူကြီး၊ ဆေးဆရာ၊ အဘွားစစ်၊ ဒုက္ခိတ၊ အဘိုးကြီးမာနှင့် ရွှေအတို့ ရောက်နေကြပြီဖြစ်သည့် သင်္ဘောကျင်းဆီ ပြန်လာသည်။ သားသတ်သမားက အမျိုးမျိုးသော နေရာရွှေ့ပြောင်း၀င်္ကပါများဖြင့် သူ့အား ဆက်သွယ်ခဲ့လေသည်။
ယခုတွင် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသည် ကြွယ်၀ချမ်းသာနေပြီဖြစ်သောကြောင့် ကောင်းကင်ဘုံများမှ အမျိုးမျိုးသော ကုန်ကြမ်းများကို တင်ပို့ပြီး နတ်လက်နက်များ၊ စိတ်ဝိညာဉ်ဆေးလုံးများ သွန်းလုပ်ကြ၏။ တိုးတက်လာသည်နှင့်အမျှ မြို့အသီးသီးတွင် နေရာရွှေ့ပြောင်းမုခ်၀များအား ထောက်ပံ့ပေးရန် လုံလောက်သည်ထက်ပင် ပိုလာတော့သည်။
ဒုက္ခိတဘိုးဘွားကျေးရွာသားများ စုဝေးနေကြသည့်အလျောက် အုတ်အုတ်သဲသဲ ဖြစ်နေချေသည်။ ရွှေအသည် ရွာသားတိုင်း၏ ကောင်းကင်နတ်သိုင်းများနှင့် သင့်လျော်သည့် နတ်လက်နက်များ ဖန်တီးရန် ကုန်ကြမ်းများအား နေရာချပြင်ဆင်ထားပြီးဖြစ်၏။
ကောင်းကင်နတ်ဘုံများအတွက် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှ သွန်းလုပ်ပေးသည့် လက်နက်ဟူသမျှသည် စံညွှန်းသတ်မှတ်ချက် ရှိ၏။ သင်္ဘောကျင်းရှိ လုပ်ငန်းစဉ်များမှာ တသွင်သွင် စီးနေသည့် ရေကဲ့သို့ ချောမွေ့အဆင်ပြေကြသည်။ သင်္ဘောကျင်းတစ်ခုစီတိုင်းသည် လုပ်ငန်းစဉ်တစ်ခု သို့မဟုတ် နှစ်ခုစီအား တာ၀န်ယူထားနိုင်၏။
ထာ၀ရငြိမ်းချမ်းအင်ပါယာ၏ အသန်မာဆုံး စက်မှုအလုပ်သမားနှင့် ၀င်္ကပါပညာရှင် ဖြစ်သော ရွှေအနှင့် မျက်ကန်းတို့ ကိုယ်တိုင်ကိုယ်ကျ လက်နက်များ သွန်းလုပ်နေခြင်းကား ပေါ့သေးသေးကိစ္စ မဟုတ်ချေ။
ရွာလူကြီးသည် ဓားစက်လုံးအစား ဓားအိမ်ဖြင့် ဓားတစ်လက်ကို အလိုရှိသည်။ သားသတ်သမားက နတ်ဓားမနှစ်လက် လိုချင်သည်။ အဘွားစစ်က သူမ၏ကိုယ်ပိုင် မဟာတာအိုကောင်းကင်နတ်သိုင်းများအား သယ်ဆောင်ရန် တာအိုလှည်းဘီးတစ်ဘီး အလိုရှိလေသည်။ အဘိုးကြီးမာကမူ ဘုန်းကြီးတောင်ဝှေးတစ်ချောင်း လိုချင်၏။ ထော့ကျိုးကတေ့ လက်အိတ်နှင့် ဘွတ်ဖိနပ်တစ်စုံ တောင်းဆိုထားသည်။
နားကန်းက မင်သွေးကျောက်တုံးတစ်တုံး လိုချင်၏။ ဆေးဆရာက ဆေးလုံးများ ဖော်စပ်ရန် ဒယ်အိုးတစ်လုံး လိုသည်။ မျက်ကန်းသည် သူ၏နတ်လှံလုံထော်ကို အဆင့်မြှင့်ချင်ပြီး ရွှေအက မီးဖိုအသစ်နှင့် တူတစ်လက် အလိုရှိ၏။
ချင်မူမှာ ဘေးမှနေ၍ အကုန်လုံး လေ့လာအကဲခတ်နေသည်။ ရွာလူကြီး၏ဓားကို သွန်းလုပ်နေစဉ် ရွာလူကြီးသည် သူ၏ကိုယ်ပိုင်ဓားတာအို ကောင်းကင်နတ်သိုင်းကို ထုတ်လွှတ်လျက် ဓားသင်္ကေတများအား အရပ်လေးမျက်နှာသို့ ဖြာထွက်သွားစေသည်။ ထိုအခါ မျက်ကန်းက ၀င်္ကပါသုံး၍ ကောင်းကင်နတ်သိုင်းများကို တည်ငြိမ်စေလိုက်ရင်း အဏုစိတ်လှသော သင်္ကေတများအဖြစ် ပြောင်းလဲကာ ရွှေအ၏တူဖြင့် ဓားထဲသို့ ထုရိုက်သွင်းစေသည်။
ချင်မူက ဘိုးဘေးနန်းတော်၏ နတ်ရွှေကို လေ့လာနေသည်။ ၎င်း၏ အမှုန်တစ်မှုန်စီတိုင်းတွင် သေးငယ်လှသော ဓားတာအိုသင်္ကေတများ ခတ်နှိပ်ခံထားရသဖြင့် သူ့မှာ အံ့ဩငေးမောမိတော့သည်။
ယခုလို ပန်းပဲပညာတွင် အဏုမြူသင်္ချာ၊ အဏုမြူပန်းပု၊ အဏုမြူ၀င်္ကပါ၊ အဏုမြူသင်္ကေတများနှင့် အဏုမြူပန်းပဲပညာတို့ လိုအပ်လေသည်။ ထို့ကြောင့် အတော်တကာ့ အတော်ဆုံး စက်မှုပညာရှင်နှင့် ၀င်္ကပါဆရာသခင်တို့သာ စွမ်းဆောင်နိုင်လိမ့်မည်။
ရွာလူကြီးကဲ့သို့ ပုဂ္ဂိုလ်များပင်လျှင် ထိုသို့နတ်လက်နက်မျိုး သွန်းလုပ်ရန် များပြားလှသော ချီစွမ်းအင်၊ စိတ်ဝိညာဉ်၊ အသိစိတ်အလျဉ်၊ စိတ်ဝိညာဉ်နှင့် အနှစ်သာရတို့အား လက်နက်ထဲသို့ ပေါင်းထည့်ရပေသည်။
ထို့မှသာ နတ်လက်နက်၏ အမြင့်မားဆုံးစွမ်းရည်ကို ထုတ်လွှတ်နိုင်ပေလိမ့်မည်။
သွန်းလုပ်နေစဉ် ရွာလူကြီး၏ ချီစွမ်းအင်၊ စိတ်ဝိညာဉ်နှင့် အသိစိတ်အလျဉ်တို့ အကြိမ်ကြိမ် ကုန်ဆုံးသွားတတ်၏။ ထို့ကြောင့် ဆက်လက်သွန်းလုပ်နိုင်အောင် အနားယူရသည်။
မျက်ကန်းက ပြော၏။ “ရပ်လိုက်၊ သွန်းလိုက်နဲ့ ဒီအတိုင်းဆက်သွားရင် ဓားသွားကို တစ်ခါတည်း အပြီးသတ်နိုင်မှာ မဟုတ်ဘူး.... ဓားစွမ်းအားကို ထိခိုက်သွားလိမ့်မယ်”
ချင်မူက နဂါးချီလင်ကို ဖန်ပေါင်းချောင်ပုလင်းကမ္ဘာ ထုတ်စေလိုက်သည်။ ထို့နောက် ရွာလူကြီး အလျင်အမြန် အားပြန်ပြည့်စေရန် ကမ္ဘာဦးရေကြည်အချို့ ဝေမျှပေးသည်။
ရွှေအသည် ရေကြည်ကို မြင်လျှင် အလောတကြီး ပြောလိုက်၏။ “မူအာ၊ သန့်စင်ဖို့ ရေထပ်ပေးလိုက်”
ချင်မူမှာ မှင်သက်သွားကာ မပေးချင်သော်လည်း ရွှေအ ဓားသွားအား သန့်စင်နိုင်ရန် နဂါးချီလင်ကို ရေကြည်များ ထပ်ထုတ်ပေးစေလိုက်သည်။
ရွာလူကြီး၏ ဓားသည် အသိမ်မွေ့ဆုံး၊ အနူးညံ့ဆုံး အနုပညာ ဖြစ်သောကြောင့် မည်သည့်အမှားကိုမှ ခွင့်ပြုမရချေ။ ၎င်း၏စွမ်းအားသည် ရွာလူကြီး၏စွမ်းအားကိုပင် ကျော်လွန်ပေလိမ့်မည်။
ချင်မူ ကြည့်ရှုလေလေ သင်ယူရလေလေပင်။
သူသည် အဏုမြူသင်္ချာကို ထိုက်ဝေသင်္ချာကျမ်းအဖြစ် ဦးဆောင်တီထွင်ခဲ့သော်လည်း အဏုမြူ၀င်္ကပါများ၊ တံဆိပ်ခတ်နှိပ်ခြင်း၊ သွန်းလုပ်ခြင်းနှင့် သင်္ကေတများကိုတော့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာက ဦးဆောင်တီထွင်ခဲ့သည်။
ထို့နောက် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု၏ ခေါင်းဆောင်များသည် အဏုမြူသင်္ချာတွင် အလားအလာရှိကြောင်း မြင်သဖြင့် သုတေသန ဆက်လုပ်နိုင်အောင် အင်တိုက်အားတိုက် ပံ့ပိုးပေးခဲ့၏။ ဤသို့ဖြင့် ယနေ့ခေတ်တွင် အောင်မြင်မှုများစွာ ရရှိလာခဲ့သည်။
ရွာလူကြီး၏ ဓားကို သွန်းလုပ်ရန် ရက်ပေါင်းတစ်ဒါဇင်နှင့် ကမ္ဘာဦးရေကြည်အမြောက်အများ ကုန်ဆုံးခဲ့သော်လည်း နောက်ဆုံးတွင်တော့ ပြီးဆုံးသွားခဲ့လေပြီ။
၎င်း ပြီးဆုံးသွားသည့်အခါ မြစ်ကမ်းပါးအနားရှိ သင်္ဘောကျင်းများအထဲမှ နတ်လက်နက်အားလုံးသည် တစ်ပြိုင်တည်းဆိုသလို ပဲ့တင်ရိုက်သံများ မြည်လာကြ၏။
ရွာလူကြီး ဓားကို ဆုပ်ကိုင်လိုက်ချိန်၌ ပဲ့တင်ရိုက်သံများက ပိုမိုပြင်းထန်လာချေသည်။
သူက သူ့ကိုယ်သူ တည်ငြိမ်စေ၍ ဓားကို ဆွဲထုတ်ရန် ပြင်လိုက်စဉ် မျက်ကန်းက တားသည်။ “လက်နက်တွေရဲ့ ဘုရင်က ခင်ဗျားထက် အများကြီး အစွမ်းထက်တယ်.... ပထမဆုံး ထွက်လာတဲ့အချိန်မှာ လက်နက်ဘုရင်ပီပီ သေချာပေါက် အာဏာပြမှာပဲ ... အပြင်မှာ သွားထုတ်ပါ... ခပ်ဝေးဝေးတစ်နေရာပေါ့.... သင်္ဘောကျင်းက အဲ့ဒီစွမ်းအားကို ခံနိုင်မှာမဟုတ်ဘူး”
ရွာလူကြီးလည်း သင်္ဘောကျင်းအပြင်သို့ ထွက်သွားသဖြင့် လူအုပ်ကြီးက ကြည့်ရှုရန် လိုက်သွားကြသည်။
ရွာလူကြီး၏ ဓားထုတ်ခြင်းသည် သူတို့၏ ကြိုးစားမှုနှင့် လွန်ခဲ့သော ဆယ်နှစ်အတွင်း ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုအား စမ်းသပ်ချက်လည်း ဖြစ်၏။
ရွာလူကြီး ဓားထုတ်တော့မည့်အချိန်တွင် မျက်ကန်းက မျက်မှောင်ကြုတ်သွားသည်။ “ဝေးဝေးသွားဦး...”
ရွာလူကြီးက သင်္ဘောကျင်းမှ အဝေးသို့ ခုန်ပျံလိုက်ကာ ပြောသည်။ “ဒီမှာဆိုရင်ရော...”
ရွှေအသည် ကျယ်လောင်စွာ လှမ်းအော်လိုက်၏။ “ပိုဝေးဦး..”
ရွာလူကြီးမှာ အပေါ်ပျံတက်ရုံအပြင် ရွေးချယ်စရာမရှိချေ။ တခဏကြာပြီးနောက် သူက လှမ်းအော်သည်။ “ဒီလောက်ရော..”
ရွှေအက သင်္ဘောကျင်းထဲမှ နတ်လက်နက်များ၏ ပဲ့တင်ရိုက်သံကို နားစွင့်ပြီးနောက် အော်လိုက်သည်။ “ထပ်သွားဦး..”
ရွာလူကြီးသည် သာမန်မျက်စိဖြင့် မမြင်ရနိုင်သည့်နေရာအထိ တက်သွား၏။ သူ့အသံက အမြင့်မှာ ကျဆင်းလာသည်။ “အခုရော...”
“ဘာလို့လဲ လုံထော်” မျက်ကန်းက သူ၏နတ်လှံတံကို မေးလိုက်သည်။
သူ့လက်ကောက်၀တ်ရှိ နဂါးနက်လှံတံက တုန်ခါလာပြီး ပြောသည်။ “ဓားကို မထုတ်ရသေးတာတောင် ဓားရောင် ငါ့ကိုယ်ထဲ ထိုးဖောက်နေတာ ခံစားနေရတယ်.... ဓားသာ ထွက်လာရင် အဲ့ဒီဓားက အာဏာပြဖို့ ပတ်ပတ်လည်က ချွန်ထက်တဲ့အရာမှန်သမျှ ဖျက်စီးပစ်လိမ့်မယ်... ငါ ပိုင်းဖြတ်ခံရမှာ သေချာတယ်..”
မျက်ကန်းက အော်လိုက်၏။ “ပိုပြီး ဝေးဝေးသွားဦး”
ရွာလူကြီးမှာ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမြို့တော်ရှိ ကမ္ဘာဦးသစ်ပင်ထက်ပင် မြင့်သွားအောင် ပျံတက်လိုက်ရသည်။ သူ ငုံ့ကြည့်လိုက်လျှင် မြို့တော်နှင့် ကမ္ဘာဦးသစ်ပင်ကိုသာ မြင်ရတော့၏။ ၀န်းရံထားသည့် နဂါးသွေးကြောမှာလည်း သေးငယ်မှုန်ဝါးနေချေသည်။
သူက မော့ကြည့်လိုက်သည်။ ဆက်သွားပါက ကြယ်မြေပုံအနား ရောက်တော့မည်။ ထို့ကြောင့် အသိစိတ်အလျဉ်ဖြင့် အလျှင်အမြန် မေးလိုက်၏။ “အခုရော..”
တခဏကြာသော် ချင်မူ့အသိစိတ်အလျဉ်က ရောက်ရှိလာသည်။ “ရွာလူကြီး၊ ဘိုးဘိုးမျက်ကန်းက ပိုဝေးဝေးကို သွားပါဦးတဲ့”
ရွာလူကြီးက ဒေါသတကြီး ပြန်ပြောလိုက်သည်။ “ဆက်သွားရင် အာကာသထဲ ရောက်တော့မယ်ကွ... ဒီဓားက အဲဒီလောက်ထိ အစွမ်းမထက်လောက်ပါဘူးဟ... ဒီလောက်အဝေးကြီးကနေ သင်္ဘောကျင်းထဲက နတ်လက်နက်တွေကို ခုတ်ပိုင်းဖို့ မဖြစ်နိုင်ပါဘူး”
သူက ဓားရိုးကို ကိုင်ကာ ဓားအိမ်မှ ဆွဲထုတ်လိုက်တော့သည်။
သူ့ပတ်ပတ်လည်ရှိ ချင်မူ့အသိစိတ်အလျဉ်မှာ ချက်ချင်း အရည်ပျော်သွား၏။ ချင်မူမှာ အသိစိတ်အလျဉ် မပျက်စီးသွားခင် မျက်စိကျိန်းမတတ် စူးရှနေသော ဓားရောင်တို့ကိုသာ မြင်လိုက်ရပေသည်။
တစ်ချိန်တည်းမှာပင် သင်္ဘောကျင်းထဲမှ နတ်လက်နက်များသည် တချွင်ချွင် တုန်ခါရင်း ပဲ့တင်ရိုက်နေကြ၏။ ၎င်းတို့မှာ အန္တရာယ်ကို ခံစားလာရသဖြင့် ၎င်းတို့၏မျက်နှာပြင်ထက်ရှိ မရေမတွက်နိုင်သော သင်္ကေတများ တောက်ပလာသည်။ စွမ်းအားများ အသက်၀င်လာသည်နှင့်အမျှ စူးရှလင်းလက်နေသော နတ်အလင်းရောင်တို့ကား နတ်လက်နက်တစ်ခုချင်းစီမှ ထွက်ပေါ်လာကြသည်။
နောက်တခဿတွင် သင်္ဘောကျင်းအပြင်ရှိ လူတိုင်း သင်္ဘောကျင်းတစ်ကျင်းစီတိုင်းမှ တချွင်ချွင် ကျိုးပဲ့သံများကို ကြားလိုက်ရ၏။ အလုပ်သမားအားလုံး ကပျာကယာ ပြန်ကြည့်ကြသည်။
သူတို့ မရောက်ခင် လောလောလတ်လတ် သွန်းလုပ်ထားသော ဓားစက်လုံးတစ်လုံးမှာ ပြိုကွဲပျက်စီးသွား၏။ ၎င်းအထဲတွင် နတ်ဓားပေါင်း ၃၆၀ ရှိပြီး အားလုံး ကျိုးပဲ့သွားကုန်သည်။
သင်္ဘောကျင်းများအထဲရှိ နတ်လက်နက်များမှ ထွက်ပေါ်လာသော အလင်းရောင်များ မှေးမှိန်သွားသည်။ ထို့နောက် တခွမ်းခွမ်း ပျက်စီးကျိုးပဲ့သံများက သင်္ဘောကျင်းထဲရှိ လူတိုင်း၏ မျက်နှာများကို မည်းမှောင်သွားစေတော့သည်။
“ရွာလူကြီး... ဒီအဘိုးကြီးကတော့ ငြိမ်ငြိမ်ကို မနေနိုင်ဘူး.... ကလေးကြီးကျလို့...”
သားသတ်သမားသည် သူ၏နတ်ဓားမများမှ ပဲ့တင်ရိုက်သံများ ထွက်ပေါ်လာသဖြင့် ဒေါသူပုန်ထသွား၏။ သူက အလျင်အမြန် ပြောလိုက်သည်။ “အဲ့ဒီဓားရဲ့ စွမ်းအားက ငါတို့နတ်လက်နက်တွေဆီ ဦးတည်လာနေပြီ..”
မျက်ကန်းက သူ၏ချီစွမ်းအင်နှင့် နတ်လှံတံကို ချက်ချင်း သုံးလိုက်သည်။ သူ့လှံမှာ ကြေကွဲ၀မ်းနည်းစွာ အော်ဟစ်လိုက်ပြီး ဓားအမှတ်အသားများသည် ၎င်း၏နဂါးခန္ဓာကိုယ်နှင့် ဦးခေါင်းတွင် ထွက်ပေါ်လာ၏။
သင်္ဘောကျင်းများတွင် နတ်လက်နက်များစွာ ဆက်လက်ကျိုးပဲ့နေကြသည်။ ၎င်းတို့ထံမှ အလင်းရောင်များသည် မှိန်ကျသွားကြပြီး လက်နက်အကျိုးအပဲ့များက ပတ်၀န်းကျင်ကို ဖုံးလွှမ်းထားတော့သည်။
စက်ရုံများရှိ စက်မှုအလုပ်သမားများမှာ ငေးကြောင်နေကြသည်။ နတ်လက်နက်အကျိုးအပဲ့များသည် ဓားမများ၊ ဓားများနှင့် လှံများကဲ့သို့ လက်နက်များ ဖြစ်ကြ၏။ ဒိုင်းနှင့်တူများကဲ့သို့ နတ်လက်နက်များမှာ အကောင်းပကတိအတိုင်းပင်။
တခဏကြာသော် အရာအားလုံး ငြိမ်ကျသွားသည်။ သင်္ဘောကျင်းများမှာ ဖရိုဖရဲ ရှုပ်ပွလျက် ကျန်ခဲ့တော့သည်။
ရုတ်တရက် ရွာလူကြီး၏ အသံက အပြင်မှ ပျံ့လွင့်လာသည်။ “ကောင်းလိုက်တဲ့ဓားကွာ... ငါ့ကိုယ်ငါ ငယ်သွားသလိုတောင် ခံစားမိတယ်”
သင်္ဘောကျင်းထဲရှိ လူတိုင်း အမျက်တချောင်းချောင်း ထွက်ကုန်ကြသည်။