← Chapters

ပန်းပဲပညာဆိုသည်ကား မိန်းမလှတစ်ဦးအား ပြင်ဆင်ခြယ်ပေးရသကဲ့သို့ပင်

Vol. 85 Ch. 1108

ပန်းပဲပညာဆိုသည်ကား မိန်းမလှတစ်ဦးအား ပြင်ဆင်ခြယ်ပေးရသကဲ့သို့ပင်

Vol. 85 Ch. 1108

လူအုပ်ကြီးက ဝုန်းဒိုင်းကြဲ ထွက်လာကြသည်။ မျက်ကန်းက မချိုမချဉ် အပြုံးဖြင့် ပြောလေသည်။ “ရွာလူကြီး၊ ဓားမှာ ဟာကွက်တွေ ရှိနေတုန်းပဲ... ကျုပ်ဆီ ယူလာခဲ့... ပြပေးမယ်”

ရွာလူကြီးမှ လွှဲ၍ ကျန်ရှိသူများအားလုံး သူ့စကားကို အထာပေါက်သည်။ ရွာလူကြီးက အူကြောင်ကြောင့် သူ့ဓားနှင့် ဓားအိမ်ကို မျက်ကန်းဆီ ပေးလိုက်၏။

မျက်ကန်းက ဓားကို ရသည်နှင့် အော်လိုက်သည်။ “သွားကြ”

သားသတ်သမားသည် ရွာလူကြီးကို ရုတ်တရက် ပြေးဖက်လိုက်ပြီး အဘွားစစ်က ရွာလူကြီး၏ မျက်ခွက်အား တည်ထိုးလိုက်၏။ ထော့ကျိုး၊ နားကန်း၊ ရွှေအ၊ မျက်ကန်းနှင့် ကျန်ရှိသူများလည်း ဝိုင်းအုံလာကြကာ သူ့အား သဲအိမ်သဖွယ် ထိုးနှက်ကန်ကျောက်ကြတော့သည်။ ချင်မူနှင့် ဆေးဆရာလည်း ဒေါသပြေအောင် နှစ်ချက်လောက် ဝင်ကန်လိုက်ကြသေးသည်။

ရွာလူကြီး အသနားခံတော့မှ အားလုံး ရပ်လိုက်ပြီး သူ့ကို ဘေးပို့ထားကြသည်။ ရွှေအက ပြောသည်။ “သွားစို့၊ တခြားရတနာတွေ သွားသွန်းကြရအောင်”

ရွာလူကြီးက ခုန်ထကာ ဒေါသတကြီး မေးသည်။ “ဆေးဆရာ၊ စောစောက ငါ့ကို မင်း ကန်လိုက်တာလား”

“ဘယ်တုန်းက ကန်လို့တုန်း”

ဆေးဆရာသည် တစ်လောကလုံးတွင် သူ့ထက် ရိုးသားသူ မရှိတော့သကဲ့သို့ မျက်နှာပေးဖြင့် ပြော၏။ “ကျုပ်တို့က အကောင်းဆုံးမိတ်ဆွေတွေပဲဟာ... ရွာမှာတုန်းက ရေနွေးကြမ်းသောက်ဖော်သောက်ဖက် အချင်းချင်းကို ဘာကြောင့် ကန်ရမှာတုန်း.... ဘယ်တော့မှ ကန်မှာလည်း မဟုတ်ဘူး... သူတို့ကိုတောင် ဝင်ဆွဲပေးသေးတယ်... နို့ပေမယ့် မူအာ ကန်တာတော့ မှန်တယ်”

ချင်မူက ထွက်ပြေးရန် လေ‌ပေါ် ခုန်တက်လိုက်သည်။ ရွာလူကြီးသည် လူယုတ်မာရယ်သံကြီးဖြင့် ဓားဆွဲထုတ်လိုက်၏။ ဓားရောင်တစ်ချက် လက်သွားပြီးနောက် ချင်မူမှာ ကောင်းကင်မှ ခြံဝင်းထဲသို့ ပြုတ်ကျလာတော့သည်။

ရွာလူကြီးက ဓားကို ပြန်ထည့်ရင်း ချီးကျူးနေသည်။ “ကောင်းလိုက်တဲ့ ဓား... မင်းကို မိစ္ဆာဖြတ်စက်လို့တောင် နာမည်ပေးချင်မိတယ်... မကောင်းတဲ့ကောင်တွေကို ဖြတ်သတ်ပစ်ဖို့ပေါ့ကွာ... သွားစို့... ရတနာတွေ ဆက်သွန်းရဦးမယ်”

ချင်မူလည်း ပြန်ထပြီး သင်္ဘောကျင်းထဲ ဝင်လိုက်ကာ သူတို့ လက်နက်သွန်းလုပ်နေကြသည်ကို ကြည့်ရင်း ဆန်းကြယ်နက်နဲသော သဘောတရားများအား သင်ယူနေ၏။

ဆယ်ရက်ကျော်မျှ ကြာသည့်အခါ ရွှေအနှင့် မျက်ကန်းက အဘွားစစ်၏ ရတနာတာအိုလှည်းဘီးကို အတူတူ သွန်းလုပ်ပေးလိုက်ကြသည်။

အဘွားစစ်က ၎င်း၏ စွမ်းအားကို စမ်းသပ်ချင်နေသောကြောင့် အားလုံး အထိတ်တလန့် ဖြစ်ကုန်ကြသည်။ ချင်မူက ကပျာကယာ လက်ညှိုးထိုး၍ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း သုံးကာ သူမကို အခြားတစ်နေရာသို့ နေရာရွှေ့ပြောင်းပေးလိုက်သည်။

“မူအာ ငါ ပြန်လာရင် နင့်ကို သေအောင် ရိုက်သတ်ပစ်မယ်” အဘွားစစ်၏အသံက နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း၏ လှိုင်းဂယက်များအတွင်းမှ ပဲ့တင်ရိုက်ခတ်လျက် ဟိန်းထွက်လာသည်။

အားလုံး စိတ်သက်သာရာရသွားကြပြီး ဆက်လက်သွန်းလုပ်ရန် ပြင်နေကြသော်လည်း ချင်မူမှာ လန့်နေသဖြင့် ပြောလိုက်သည်။ “ရွာလူကြီး၊ ဘိုးဘိုးမာ... ဘွားဘွား ပြန်လာရင်၊ ကျွန်တော့်ဘက်က ကူပြောပေးဦးနော်”

“အေးပါဟ အေးပါဟ”

ထော့ကျိုးက သူ့ပခုံးကို ပုတ်ရင်း နှစ်သိမ့်ပေးသည်။ “ဘာမှမဖြစ်ပါဘူးကွာ”

ချင်မူမှာတော့ ဒုက္ခိတဘိုးဘွားကျေးရွာ၏ အဘိုးအဘွားအကြောင်း ကောင်းကောင်းသိနေသည့်အတွက် ရင်ထဲမှ အလုံးကြီးမကျသေးပေ။

ထင်ထားသည့်အတိုင်းပင် အဘွားစစ် ရတနာစစ်ဆေးပြီး၍ ပြန်ရောက်လာသည့်အခါ ချင်မူမှာ မြေကြီးပေါ်မှ မထနိုင်အောင် ရိုက်နှက်ခံနေရပြီး သူ့အတွက် ကူပြောပေးသူတစ်‌ယောက်မှ မရှိပေ။ အားလုံးသည် မသိချင်ယောင်ဆောင်ရင်း ရေနွေးကြမ်း စုသောက်နေကြ၏။

အဘွားစစ် ပင်ပန်းသွားမှ လူအုပ်ကြီးလည်း လူစုခွဲသွားကြပြီး နတ်လက်နက်များကို ဆက်လက်သွန်းလုပ်ကြသည်။

ချင်မူက မျက်နှာကြီးဖူးယောင်လျက် ကုန်းရုန်းထလာကာ နဂါးချီလင်ကို ကြည့်လိုက်သည်။ နဂါးချီလင်သည် ချောင်တွင် ကပ်လျက် အိပ်ချင်ယောင်ဆောင်နေ၏။ ယန်အာက အစိမ်းရောင်စာကလေးအသွင် ပြောင်း၍ နဂါးချီလင်ခေါင်းပေါ်၌ အိပ်နေချေသည်။

“နှစ်ယောက်လုံး သုံးစားလို့ကို မရဘူး... တွေ့မယ်... နှစ်သစ်ကူးကျရင် နှစ်ယောက်လုံးကို ပေါ်စားပစ်မယ်” ချင်မူက ယုတ်မာသောအကြံကြီးဖြင့် ကြိမ်းဝါးလိုက်သည်။

အစိမ်းရောင်စာကလေးမှာ တုန်ရီသွားသဖြင့် နဂါးချီလင်၏အမြှီးက မြောက်တက်လာကာ သူမအား ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ ထို့နောက် သူမ အိပ်ပျော်စေရန် ခေါင်းကို ပုတ်ပေးနေ၏။

သင်္ဘောကျင်းထဲတွင် ချင်မူက အဘွားစစ်ဘေးသို့ သွားကာ ကုန်းစွန်းယန်အကြောင်း ပြောပြလိုက်သည်။ “သူ့ကို လမ်းပြပေးပါဦး ဘွားဘွား”

အဘွားစစ်က ပြုံးလေသည်။ “အဲကောင်မလေးက ကြောင်တောင်တောင်လေးမလား.... သိုင်းကျင့်ရတာမကြိုက်မှန်းလည်း ငါ သိထားတယ်.... သူ အခု ဘယ်အဆင့်ကို ရောက်ပြီလဲ”

“အစစ်အမှန်နတ်ဘုရားအဆင့်ပါ”

ချင်မူက တုံ့ဆိုင်းနေပြီးနောက် ပြန်ဖြေသည်။ “ဒါပေမဲ့ သူ့စွမ်းအင်က ဧကရာဇ်ပလ္လင် အထွတ်အထိပ်အဆင့်ကို ရောက်နေပြီ... ဧကရာဇ်ပလ္လင်အဆင့် အင်အားကြီးသိုင်းပညာရှင်စာရင်းမှာ နံပါတ်တစ်ဖြစ်လောက်တယ်”

အဘွားစစ်မှာ အထိတ်တလန့်ဖြင့် ရေရွတ်မိလိုက်သည်။ “သူက အစစ်အမှန်နတ်ဘုရားအဆင့်မှာပဲ ရှိသေးတာကို သူ့ရဲ့မှော်စွမ်းအင်က ဧကရာဇ်ပလ္လင်အဆင့်ကို ရောက်နေပြီလား... ကြားထဲမှာ ငါးဆင့်တောင် ကွာတာလေ”

ချင်မူက ပြန်ဖြေ၏။ “သူက အမိကမ္ဘာမြေရဲ့သမီး၊ နတ်ဘုရားတစ်ပိုင်းလေ ဘွားဘွားရဲ့.... သိုင်းအဆင့်တွေဆိုတာ နဂါးဟန်ခေတ်ရဲ့ ကောင်းကင်နတ်အရှင်ကိုးပါးက ဖွင့်လှစ်ပေးခဲ့တာတွေပါ.... စွမ်းအင်နဲ့ နည်းနည်းလေးမှ မဆိုင်ဘူး”

အဘွားစစ် စိတ်ရှုပ်ထွေးသွားသည်။ “သူ့ရဲ့စွမ်းအင်ကို သူ ထိန်းချုပ်နိုင်အောင် သင်ပေးဖို့က ခက်လိမ့်မယ်....သူက အစစ်အမှန်နတ်ဘုရားအဆင့်မှာ ဖြစ်နေပြီး စွမ်းအင်က ဧကရာဇ်ပလ္လင်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီတဲ့လား.... ဒါ တကယ် ခက်တာပဲ”

သူမက ထရပ်ပြီး အလျင်စလို ထွက်ခွာသွားတော့သည်။

ချင်မူက ရွှေအနှင့်မျက်ကန်းတို့ ဆေးဆရာ၏ ဒယ်အိုး သွန်းလုပ်နေကြသည်ကို ဆက်လက်ကြည့်ရှုရင်း သူတို့၏ ၀င်္ကပါများနှင့် ပန်းပဲလမ်းစဉ်တို့ကို လေ့လာနေချေသည်။ ဤအခိုက်အတန့်တွင် သူသည် သူတို့၏နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်ခဲ့မှု၏ အသီးအပွင့်များအား ရရှိနေပြီ ဖြစ်၏။

“မင်း ပန်းပဲပညာနဲ့ ပတ်သက်ပြီး သင်ယူစရာတွေ အများကြီးကျန်သေးတယ်”

ရွှေအက အကြံပေးသည်။ “သွန်းလုပ်တဲ့နေရာမှာ မင်းရဲ့ တိကျမှုမှာ နောက်ဆုံးအတိုင်းအတာကို ရောက်နေပြီ.... ဒါပေမဲ့ ပန်းပဲဝိညာဉ်မှာတော့ လိုအပ်ချက်တွေအများကြီး ရှိနေသေးတယ်.... ပထမဆုံး ငါတို့အရာ၀တ္ထုတွေကို ဘာလို့ ရှာဖွေပြီး အလုပ်လုပ်တာလဲ‌ဆိုတာ မင်း နားလည်ဖို့ လိုတယ်”

ရွှေအသည် တူကို မြှောက်လိုက်သည့်အခါ မီးဖိုထဲရှိ မီးတောက်များမှာ နေလုံးထောင်ပေါင်းများစွာ ကိန်းဝပ်နေသကဲ့သို့ လေထုထဲတွင် တဟုန်းဟုန်း တောက်သွား၏။ သူက တည်ကြည်လေးနက်စွာ ပြောလေသည်။ “ငါတို့မှာ ရှေးဟောင်းနတ်ဘုရားတွေရဲ့ စွမ်းအားတွေ မရှိဘူး.... ဖန်ဆင်းနိုင်စွမ်းရော၊ အံဖွယ်အရာတွေရော မရှိဘူး... ဒါပေမဲ့ လက်နက်တန်ဆာတွေ၊ ဦးနှောက်တွေ၊ ဇွဲဝီရိယတွေ၊ ဝါသနာနဲ့ အိပ်မက်တွေ ရှိတယ်”

“အရာဝတ္ထုတွေ တည်ဆောက်သွန်းလုပ်၊ ရှာဖွေတာတွေဟာ ငါတို့လက်ပေါ်မှာ မူတည်တယ်... ငါတို့က ငါတို့အိပ်မက်ကိုယ်ငါတို့ ထုဆစ်ပြီး အစွမ်းထက်တဲ့ ယန္တရားတွေ ဖန်တီးကြတာမလို့ ငါတို့ဟာ စက်မှုလက်မှုဖန်ဆင်းရှင်တွေပဲ”

ချင်မူမှာ အသေအချာ တွေးကြည့်နေပြီး တခဏကြာသော် ပြုံးလိုက်၏။ သူက ဘိုးဘေးနန်းတော်မှ ရတနာတစ်ခုအား အလျင်အမြန် ရွေး၍ ကိုယ်ပိုင်နတ်လက်နက်တစ်လက် သွန်းလုပ်တော့သည်။

မျက်ကန်းက သူ အလုပ်လုပ်နေသည်ကို ကြည့်ကာ မေးလေသည်။ “ရွှေအ၊ အဏုမြူပန်းပဲပညာက အနည်းဆုံး လူသုံးယောက် လိုတာနော်... သူ တစ်ယောက်တည်း လုပ်နိုင်ပါ့မလား”

“လုပ်နိုင်တာပေါ့”

ရွှေအသည် သားသတ်သမားကို ဓားမများ ကူညီသွန်းလုပ်ပေးနေရင်း ပြော၏။ “လွန်ခဲ့တဲ့ငါးနှစ်က ငါတို့ကို အဏုမြူပန်းပဲပညာနဲ့ အသိစိတ်အလျဉ်ပန်းပဲပညာအကြောင်း ပြောပြခဲ့တာ သူပဲလေ..... အခု သူက ငါတို့ကို အားကိုးဖို့ ရောက်လာပြီ... သူ မသင်ယူနိုင်ရင် ကျင်းတူးပြီး သေလိုက်ဖို့ပဲ ရှိတယ်”

မျက်ကန်းက ခေါင်းညိတ်သည်။ “ဒီကောင်လေးရဲ့ သိုင်းအဆင့်က ငါတို့ထက် မြင့်နေပြီးသားပဲ ... ဒါပေမဲ့ ငါတို့အသီးသီး ကျွမ်းကျင်ကြတဲ့ နယ်ပယ်တွေနဲ့ ယှဉ်ရင်တော့ မှေးမှိန်နေသေးတယ်... ဒီကောင်‌လေးက ငါတို့ကို အားကိုးဖို့ လိုတဲ့အချိန်ကျမှ လိမ်လိမ်မာမာ နေတာဟ”

ရွှေအက ပြောသည်။ “သူ့ဘာသူ ကြိုးစားပြီး အားထုတ်ခိုင်းကြည့်ကြတာပေါ့.... ငါတို့သင်ပေးနေရင် ငါတို့အဆင့်ကို ဘယ်တော့မှ ရောက်လာမှာမဟုတ်ဘူး.... ဒါပေမဲ့ သူ့ကို ဘာမှသင်စရာ မရှိတာမျိုး မဖြစ်ရအောင် ငါတို့လည်း ကြိုးစားရမယ်”

မျက်ကန်းက ခါးခါးသီးသီး ရေရွတ်လိုက်သည်။ “ဒီခွေးကောင်လေးက သင်စရာရှိမှသာ ငါတို့ဆီ လာလည်တတ်တာ... ငါတို့မှာ သူ့ကို သင်ပေးစရာတွေ မရှိရင် စွန့်တောင် ပစ်သွားလောက်တယ်”

ချင်မူသည် ကျောက်ယန်ခန်းမမှ ခိုးယူလာခဲ့သော ရတနာများ၏ ဓာတ်သတ္တိတို့ကို အာရုံခံနေသည်။ ရွှေအ၏စကားအရ ကုန်ကြမ်းတိုင်းတွင် ကိုယ်ပိုင်ဓာတ်သတ္တိများ၊ ဂုဏ်သတ္တိများ ရှိ၏။ ၎င်းတို့ကို နားလည်မှသာလျှင် အချင်းချင်း ရောနှောစေလိုက်ခြင်းဖြင့် နတ်လက်နက်၏ မာကြောမှု၊ ခွန်အားနှင့် ပြန်လည်ကောင်းမွန်နိုင်စွမ်းတို့အား သိသိသာသာ တိုးတက်စေပေလိမ့်မည်။

ချင်မူက ထိုသို့ နားလည်ဆောင် ကြိုးစားနေသည်။ အောင်မြင်သော ပန်းပဲပညာရှင်တစ်ဦးသည် နူးညံ့သော နှလုံးသားကို ဦးစွာ ပိုင်ဆိုင်ရပေမည်။ ရွှေအသည် ခပ်ကြမ်းကြမ်း အဘိုးကြီးတစ်ဦးပုံစံ ပေါက်သော်လည်း သူ၏နှလုံးသားကား ဒုက္ခိတဘိုးဘွားကျေးရွာတွင် အနူးညံ့ဆုံးဖြစ်၏။

ထိုအချက်ကြောင့်လည်း အလွယ်တကူ အလိမ်ခံရသူမှာ သူပင်လျှင် ဖြစ်သည်။ သို့ဖြစ်၍ သူ့နှလုံးသားကို ပွင့်ပွင့်လင်းလင်း ဖွင့်မပေးတတ်တော့ဘဲ အ,အ သဖွယ်သာ နေထိုင်လာခဲ့သည်။

ချင်မူသည် ကျားဖြူနတ်ဘုရားမျိုးနွယ်၏ စက်မှုအလုပ်သမလေးများအား သူ့အတွက် ရှာပေးခဲ့သော်လည်း ရွှေအသည် တစ်ယောက်ကိုမှ မနှစ်သက်ချေ။ အဘယ့်ကြောင့်ဆိုသော် သူ့ဘ၀အစောပိုင်းတုန်းက အတွေ့အကြုံများမှာ သူ့အတွက် စိတ်ဒဏ်ရာများ ကျန်စေခဲ့သောကြောင့်ပင်။

ချင်မူ အသေအချာ အာရုံခံနေသည်။ သူ၏မျက်လုံးထဲတွင် ရတနာများသည် မိန်းမလှလေးများ ဖြစ်လာကြ၏။ အချို့က မီးတမျှ ရဲတင်းပြီး တချို့က ရေကဲ့သို့ နူးညံ့သိမ်မွေ့ကြသည်။ အချို့က ရေခဲတောင်တန်းများကဲ့သို့ အေးစက်ပြီး အချို့ကတော့ တိမ်တိုက်များအလား ဖမ်းရခက်လေသည်။

“ဘိုးဘိုးရွှေအ သူတို့တစ်ယောက်ကိုမှ မကြိုက်တာ အံ့ဩစရာ မရှိဘူးပဲ.... သူ့မျက်လုံးထဲမှာ ဒီရတနာတွေက ပြိုင်ဘက်ကင်း အလှလေးတွေ ဖြစ်ရင်ဖြစ်နေမှာ”

ချင်မူသည် ဓာတ်သတ္တိအမျိုးမျိုးကို နားလည်သည်နှင့် စတင် ရောစပ်တော့သည်။

“ဒီကျောက်စိမ်းအလှလေးက ထပ်ထည့်ရင် ရှည်လာတယ်....နည်းနည်းဖဲ့လိုက်ရင်တော့ တိုသွားတယ်... ဒါကြောင့် မြောလွင့်နေတဲ့ တိမ်တိုက်လို၊ စီးဆင်းနေတဲ့ သဲမှုန်လို မိန်းမပျိုတစ်ဦးနဲ့ ပေါင်းစည်းသင့်တယ်.... အဲ့ဒီထဲကို အမှုန့်နည်းနည်း ထပ်ထည့်လိုက်...”

ချင်မူမှာ မိန်းမလှလေးတစ်ဦးကို ပြင်ဆင်ခြယ်သပေးနေသည့်အလား တတွတ်တွတ် ရွတ်ရင်း ရောစပ်နေတော့သည်။ “ဒီပုလဲနဲ့ဆို အရေပြားက နှင်းလို ဖြူဆွတ်သွားလိမ့်မယ်.... ဒီပိုးသားက ခါးစည်းကြိုး လုပ်လို့ရတယ်.... ခါးစည်းကြိုးက ရွှေချောင်းတစ်ထောင်လောက် တန်တယ်...”

အားလုံးရောစပ်ပြီးနောက် သူကား စိတ်လှုပ်ရှားလာပြီး ကောင်းကင်မီးလျှံ ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်ရင်း လှလှပပ ပြင်ဆင်ထားသော “ခန္ဓာကိုယ်”ကို အရည်ကြိုလိုက်သည်။

ထို့နောက် တတိယမျက်လုံး ဖွင့်၍ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်လိုက်၏။ သူသည် ချီစွမ်းအင်နှင့် အသိစိတ်အလျဉ်ကို တူများအဖြစ် သုံး၍ ကိုယ်ပိုင်နတ်လက်နက်ကို သွန်းလုပ်‌လေ၏။

ရွှေအနှင့် မျက်ကန်းက သူ့ကို ကြည့်နေကြသည်။ သူတို့နှစ်ယောက်စလုံး မစိုးရိမ်ကြောင်း‌ ပြောခဲ့သော်လည်း ချင်မူ ရတနာများအား အလဟဿ ဖြုန်းတီးမိမည်ကိုတော့ စိုးရိမ်နေကြသည်။

ချင်မူ သွန်းလုပ်နေသည်နှင့်အမျှ သူ၏ အနှစ်သာရနှင့် စိတ်ဝိညာဉ်သည် ပို၍ သန်မာလာ၏။ အံ့ဩဖွယ်ကောင်းစွာနှင့် သူ့ဆီမှ ထွက်ပေါ်လာသော စည်းချက်ကျကျ တာအိုတုန်ခါသံများက ပန်းပဲသွန်းလုပ်နေသံနှင့် သိပ်မတူဘဲ တာအိုအတွေးအမြင်တို့အား ကိုယ်စားပြုပုံဖော်ပြနေသကဲ့သို့ ဖြစ်နေသည်။

All Chapters