အတူတူ ကြီးပြင်းမယ်
Vol. 85 Ch. 1109
ရွှေအနှင့် မျက်ကန်းမှာ ထိုမြင်ကွင်းကို မြင်လျှင် ချက်ချင်း စိတ်အေးသွားကြပြီး တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။
မျှော်လင့်ထားသည့်အတိုင်း ချင်မူက နားလည်ထားသည်ကို လက်နက်သွန်းလုပ်ရာတွင် လက်တွေ့အသုံးချနိုင်၏။ သူတို့နှစ်ယောက် သွန်းလုပ်နေသည်ကို ကြည့်ခြင်းဖြင့် အတတ်ပညာအား သင်ယူခဲ့ရုံသာမက ကျွမ်းကျင်စွာ ပြန်လည်အသုံးချနိုင်နေသည်။
ချင်မူ လက်နက်သွန်းလုပ်နေစဉ် ရောင်ခြည်တော်များကား ရှေးဟောင်းနတ်ဘုရား အသွင်သဏ္ဍာန်များနှင့် သူ၏ပတ်ပတ်လည်တွင် ဖြာထွက်လာသည်။ ရောင်ခြည်တော်များက ရှေးဟောင်းနတ်ဘုရားများကို လှည့်ပတ်လျက် ကမ္ဘာဦးစကြ၀ဠာ၏ မဟာတာအိုကို သဏ္ဍာန်ဆောင်နေကြသည်။
ကျယ်လောင်လှသော တာအိုအသံများ ရောက်ရှိလာ၏။ ချင်မူ၏ တာအိုနှလုံးသား၊ ဇွဲလုံ့လနှင့် ဝီရိယတို့သည် သူ၏တူမှတစ်ဆင့် နတ်လက်နက်ထဲသို့ ရိုက်ထည့်ခံနေရသည်။
သူက သူ၏မဟာတာအိုသင်္ကေတများနှင့် ကောင်းကင်နတ်သိုင်းများကို အသေးငယ်ဆုံးသော အခြေအနေအထိ ပုံသွင်းပြောင်းလဲပြီးနောက် ဧရာမတူကြီးဖြင့် နတ်လက်နက်၏ အဏုမြူအမှုန်တိုင်းတွင် ခတ်နှိပ်နေသည်။ ချင်မူကား အတိုင်းထက်အလွန် လေးနက်နေ၏။
ချီစွမ်းအင်နှင့် အသိစိတ်အလျဉ်တို့ ကုန်ဆုံးသွားတိုင်း သူက ကမ္ဘာဦးရေကြည် တစ်လုတ်သောက်သည်။ သူ၏ နတ်လက်နက် အင်မတန် ပူလောင်လာသည့်အခါ ကမ္ဘာဦးရေကြည်ဖြင့် လောင်းတတ်သည်။ ရေကြည်မည်မျှကုန်သွားစေကာမူ စိတ်ထဲမထည့်ချေ။
ရွှေအနှင့်မျက်ကန်းတို့သည် သားသတ်သမား၏ နတ်ဓားမများကို သွန်းလုပ်ပြီးသွားသည့်တိုင် ချင်မူမှာ သွန်းလုပ်နေဆဲဖြစ်သဖြင့် အနည်းငယ် ဇဝေဇဝါ ဖြစ်နေကြ၏။
သို့သော် အထွေအထူး စဉ်းစားမနေကြချေ။ ချင်မူက အဏုမြူအထိ သွန်းလုပ်ခြင်းအား အသုံးချနေသောကြောင့် ရှုပ်ထွေးလှသည်မဟုတ်ပါလော။
နှစ်ယောက်သား တခဏနားပြီးနောက် ထော့ကျိုး၏ ဘွတ်ဖိနပ်များနှင့် လက်အိတ်တို့ကို သွန်းလုပ်ပေးရန် မီးဖိုကို ပြန်အသက်သွင်းလိုက်ကြသည်။
ထော့ကျိုး၏ ရတနာများအား သွန်းလုပ်ရသည်မှာ သားသတ်သမား၏ နတ်ဓားမများ သွန်းလုပ်ရသည်ထက် ပို၍ လက်ပေါက်ကပ်လေသည်။ ထော့ကျိုး၏သိုင်းကွက်များသည် အများနှင့်မတူ ထူးခြား၏။ သူ၏ရတနာများအနေဖြင့် အတားအဆီးအစီအရင်အမျိုးမျိုး၊ ချိတ်တံဆိပ်အမျိုးမျိုးကို သူနှင့်အတူ ကျော်ဖြတ်နိုင်ရန် လိုအပ်ပြီး သူခိုးသိုင်းကွက်များကိုလည်း အဆင့်မြှင်ပေးရလိမ့်မည်။
၎င်းက ရွှေအနှင့် မျက်ကန်းအတွက် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်လေသည်။
သူတို့ ထော့ကျိုး၏ရတနာများကို သွန်းလုပ်ပြီးသည့်အခါ အနည်းဆုံး ရက် ၂၀ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။ နှစ်ယောက်သား သက်ပြင်းတစ်ချက် ချလိုက်သော်လည်း နောက်လှည့်ကြည့်လိုက်သည့်အခါ ချင်မူမှာ နတ်လက်နက်အား သွန်းလုပ်ဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။
သို့သော် ချင်မူ သွန်းလုပ်နေသည်မှာ သိသိသာသာ ထူးခြားမှုမရှိသည့် သာမန်ဓားတစ်လက်ကိုသာ ဖြစ်နေသည်။
သို့ထိတိုင် ချင်မူသည် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာ၏ ကောင်းကင်နန်းဆောင်များကို အသုံးပြု၍ သူ၏တံဆိပ်ခတ်နှိပ်မှုများအား အဆင့်မြှင့်ထားပြီးချေပြီ။
‘မူအာ့နတ်လက်နက်ရဲ့ စွမ်းအားက အတော်ကြောက်ဖို့ကောင်းမှာပဲ’
သူတို့က စိတ်ထဲတွင် ထိုသို့တွေးလျက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
ချင်မူ၏ နတ်လက်နက်သည် ဓားတစ်လက်သယောင်သာ ထင်ရသော်လည်း အမှန်တွင် သူ၏ မဟာတာအိုနှင့် ရည်မှန်းချက်များအား သယ်ဆောင်ထားကြောင်း သူတို့နှစ်ယောက် သတိထားမိကြသည်။ ၎င်းက အလွယ်တကူ အသွင်သဏ္ဍာန် ပြောင်းနိုင်ပြီး ရှုပ်ထွေးဆန်းပြားသည့်အတွက် သာမန်ဓားတစ်လက်ထက် ပိုသည်။
ထိုစဉ် ချင်မူ့ပတ်ဝန်းကျင်တွင် မူမမှန် ဖြစ်လာပြီးနောက် နောက်ဆုံး တူချက်နှင့်အတူ နတ်ဓားသည် ရုတ်တရက် ကျိုးသွားတော့၏။
ရွှေအနှင့် မျက်ကန်း အံ့အားသင့်သွားသည်။ သူ့ဆီ အပြေးအလွှား သွားကြည့်လိုက်သည့်အခါ ချင်မူ ရက်ပေါင်းများစွာ ကြိုးကြိုးစားစား သွန်းလုပ်နေခဲ့သည့် ဓားမှာ ကျိုးနေသည်ကို တွေ့လိုက်ရသည်။
ဓားမှာ အဏုမြူပန်းပဲပညာဖြင့် သွန်းလုပ်ထားသည့်အလျောက် နတ်ရွှေနှင့် ကုန်ကြမ်းများသည် အသေးငယ်ဆုံးသော အမှုန်အထိ ပြိုကွဲသွားခဲ့သဖြင့် အမှုန့်ဖြစ်သွားလေသည်။
ချင်မူက အမှုန့်များကို ကိုင်ရင်း ကြောင်အနေတော့သည်။
မျက်ကန်းလည်း စစ်ဆေးကြည့်လိုက်ရင်း မျက်မှောင်ကြုတ်သွားကာ ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ရွှေအ၊ သူက ဧကရာဇ်ပလ္လင်သိုင်းကွက် ၁၅ ကွက်ကို ဓားထဲ ထည့် သွန်းလုပ်ဖို့ ကြံထားတာဟ.... ဒါပေမဲ့ ဓားက ခံနိုင်ရည် မရှိဘူး”
ရွှေအလည်း ကြမ်းပြင်ရှိ အမှုန်များအား စစ်ဆေး၍ ကုန်ကြမ်းများကို ခွဲခြမ်းပြီးနောက် ပြောလိုက်သည်။ “ကုန်ကြမ်းတွေ ရောစပ်တာမှာ ငါတောင် သူ့ထက်ကောင်းအောင် ရောစပ်နိုင်ခဲ့မှာ မဟုတ်ဘူး.... ဒါပေမဲ့ ဒီဓားက သွန်းလုပ်ပြီးသွားပြီ”
ရွှေအက အမှုန်များကို ဖယ်၍ ဓားရိုးတစ်လက် ထုတ်လိုက်သည့်အခါ မျက်ကန်းမှာ ငေးကြောင်သွားသည်။ ဓားရိုးပေါ်တွင် ခြောက်လက်မခန့် ရှည်လားသည့် ဓားကျိုးတစ်ပိုင်း ရှိနေ၏။ ရွှေအက ပြုံးလိုက်လေသည်။ “ဒီဓားပဲ”
ချင်မူမှာ ကျရှုံးသွားခဲ့ပြီဟု ထင်ခဲ့သော်လည်း ရွှေအအသံ ကြားသည်နှင့် ဓားဆီ ကြည့်လိုက်သည့်အခါ ဓားကား ချွန်မြတောက်ပနေသေးသည်ကို တွေ့လိုက်ရသည်။
ရွှေအက ၎င်းကိုယူ၍ ပြောသည်။ “မူအာ၊ မင်းက ပြီးပြည့်စုံလွန်းတာကို လိုချင်ခဲ့တယ်.... မင်းရဲ့ကိုယ်ပိုင်မဟာတာအိုနဲ့ ပေါင်းစည်းနိုင်တဲ့ ပြီးပြည့်စုံတဲ့ နတ်ဓားတစ်လက်တစ်လက်ကို သွန်းလုပ်ချင်ခဲ့တယ်.... ဒါတွေအားလုံးကို တစ်ခါတည်းနဲ့ ဘယ်လိုလုပ် လုပ်နိုင်မှာလဲ.... ငါတို့က အားသာတဲ့နေရာမှာ ပိုအားသာအောင် ငါတို့အားနည်းနေတာကို လျှော့ချဖို့ လုပ်တတ်ကြတယ်... မင်းက သွန်းလုပ်နေတုန်းက အဲ့ဒီအတိုင်းလုပ်ခဲ့တာပဲ”
ချင်မူမှာ နားလည်သွားပုံပင်။
“မင်းရဲ့ သိုင်းကွက်တွေ မပြည့်စုံသေးတဲ့အချိန်မှာ မင်းက ပြီးပြည့်စုံအောင် သွန်းလုပ်ချင်ခဲ့တယ်.... အဲဒီလိုအတင်းဖိအားပေးခဲ့တဲ့အတွက် ဓားသွားကို ပျက်စီးစေခဲ့တာပဲ.... ဓားက ခံနိုင်ရည်မရှိတော့ ကျိုးသွားတယ်.... အစွန်းကို ရောက်နေရင် ပြန်လှည့်တတ်ရမယ်ဆိုတဲ့ စကားပုံလိုပေါ့”
ရွှေအသည် ဆက်ပြော၏။ “နည်းလမ်းအမှန်က မင်းမှာ ပိုနေတဲ့အရာ ယူပြီး လစ်ဟာနေတဲ့ နေရာမှာ ဖြည့်တာပဲ... မင်းအနေနဲ့ မင်းရဲ့ ကျိုးနေတဲ့ ဓားအတွက် မင်းဘာသာမင်း ဖြည့်ရလိမ့်မယ်.... ဒါကြောင့် ဒါက မင်းရဲ့တာအိုဓားပဲ.... ပြီးပြည်စုံမှုနောက်ကို လိုက်နေစရာမလိုဘူး.... ဒီဓားကို အပြီးသတ်နိုင်ဖို့ ဓားနဲ့အတူ အမြဲ တွေးခေါ်ဆင်ခြင်နေပြီး မင်းရဲ့ ကိုယ်ပိုင်သိုင်းကွက်တွေနဲ့ မဟာတာအိုကို မွမ်းမံပြီးရင်း မွမ်းမံရမယ်.... မင်း ပြီးဆုံးတဲ့နေ့က မင်းရဲ့ ဓားလည်း ပြည့်စုံသွားတဲ့နေ့ပဲ”
ချင်မူမှာ ဓားသွားကို ယူရင်း ရင်ထဲ လှုပ်ခတ်သွားသည်။ ဓားရောင်တစ်ခုက ဖြာထွက်လာကာ ရေတမျှ ကြည်လင်နေသော အလင်းရောင်ဖြင့် သူ၏မျက်နှာတွင် ရောင်ပြန်ဟပ်နေသည်။
သူ သွန်းလုပ်နေသည်မှာ ပြီးပြည့်စုံဖို့သာ အားစိုက်လွန်းနေသည်ဟု ရွှေအ ပြောခဲ့သည်မှာ မှန်သည်။
ချင်မူမှာ သွန်းလုပ်နေစဉ်တုန်းက သူ၏ကောင်းကင်နန်းဆောင် ဆယ့်ငါးဆောင်ကို သယ်ဆောင်ထားနိုင်သော နတ်လက်နက်တစ်လက်အား လိုချင်ခဲ့သည်။ ထို့ကြောင့် သူ၏မဟာတာအိုသင်္ကေတအမှတ်အသားများ ခတ်နှိပ်ရင်း တာအိုအတွေးအမြင်များ ဖြည့်သွင်းရန် ကြိုစားခဲ့သည်။
သို့သော် ကောင်းကင်နန်းဆောင် ၁၅ ဆောင်အနက် ခြောက်ဆောင်မှာ မပြီးပြည့်စုံသေးပေ။ သူ၏ကျင့်စဉ်သိုင်းကွက်များ မပြီးပြည့်စုံခြင်းက သူ၏ဓားကိုလည်း မပြည့်မစုံ ဖြစ်စေလိမ့်မည်။ သို့တိုင်အောင် ချင်မူက ပြီးပြည့်စုံမှုကိုသာ လိုချင်နေခဲ့သောကြောင့် ဓားမှာ မခံနိုင်တော့ဘဲ ကျိုးခဲ့ရလေသည်။
ရွှေအက ပြုံးလိုက်သည်။ “ဒီဓားသွားက မင်းနဲ့အတူ ကြီးပြင်းလာလိမ့်မယ်... ကျိုးနေပေမယ့် ကြီးပြင်းလာတဲ့အခါ သူ့စွမ်းအားက ကြောက်စရာကောင်းလိမ့်မယ်”
ချင်မူ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်လိုက်သည့်အခါ ဓားသွားသည် အဏုမြူအမှုန်များစွာအဖြစ် ဖွဲ့တည်သွား၏။ ထို့နောက် တသွင်သွင် စီးဆင်းနေသော ရေကဲ့သို့ ရွေ့လျားရင်း ဓားရှည်တစ်လက်ကို ဖော်ဆောင်လိုက်သည်။ ချင်မူ ဓားရှည်ကို အသာအယာ ပွတ်သပ်လိုက်သည့်အချိန်တွင်မူ နဂါးလှံတံတစ်လက် ဖြစ်လာသည်။
ဓားသွားသည် သူ၏အတွေးများနှင့်အတူ ပြောင်းလဲနိုင်၏။ သို့သော် အသွင်သဏ္ဍာန်တစ်ခု ပြောင်းသွားတိုင်း လစ်ဟာနေသော နေရာတို့တွင် သင်္ကေတအမှတ်အသားများ လိုက်ဖြည့်ပေးရသည်။
လိုအပ်နေသော အစိတ်အပိုင်းများမှာ အသွင်သဏ္ဍာန်တစ်ခုစီတိုင်း၌ မတူညီသဖြင့် လိုအပ်သော မဟာတာအိုသင်္ကေတများမှာလည်း မတူညီပေ။
ချင်မူက လက်နက်ကို ကောက်ယူလိုက်ကာ စိတ်ပျက်နေသေးသည်။ သူ၏မပြည့်စုံသော သိုင်းကွက်များက လက်နက်ကို ပျက်စီးစေခဲ့သော်လည်း ပြီးပြည့်စုံသည့် နတ်လက်နက်တစ်လက်ကို သွန်းလုပ်ချင်စိတ်က ရှိနေသေးလေသည်။
‘အလျင်လိုက အနှေးရတဲ့လေ... ဘိုးဘိုးရွှေအနဲ့ ရွာသူကြီးလို ကောင်းကင်နန်းဆောင်တစ်ခုပဲ ကျင့်ကြံတဲ့ ပုဂ္ဂိုလ်တွေက နတ်လက်နက်တွေ သွန်းလုပ်ဖို့ ငါ့ထက် ပိုပြီး သင့်လျော်တယ်... ငါက မဟာကောင်းကင်နတ်ဘုံတွေကို ကျင့်ကြံဖို့ ကြိုးစားနေတာဆိုတော့ ငါ့အတွက် သွန်းလုပ်ရတာက ခက်ခဲစေတယ်’
သူ့မှာ စိတ်ကို ငြိမ်အောင် ထိန်းလိုက်ရသည်။ ထိုစဉ် တုထျန်းမိစ္ဆာဘုရင်၏အသံက အပြင်မှ ပျံ့လွင့်လာသည်။
ချင်မူ အပြင်ထွက်လိုက်သည့်အခါ တုထျန်းမိစ္ဆာဘုရင်နှင့် ယွီကျောက်ချင်းတို့က တွေ့ခွင့်တောင်းလေသည်။ ကောင်းကင်နဂါးသုံးကောင်က သူတို့နောက်မှ လိုက်လာ၏။ သူတို့ကလည်း ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။ တုထျန်းမိစ္ဆာဘုရင်က ပြောသည်။ “ငါးနှစ်ကြာပြီးတဲ့နောက် ကောင်းကင်ငှက်မွှေးကမ္ဘာကို သိမ်းပိုက်နိုင်ခဲ့ပါပြီ... အဲ့ဒါကို လာအစီအရင်ခံတာပါ”
ချင်မူက ရယ်လိုက်ပြီး သူ့ကို ဆွဲထူရင်း ပြောသည်။ “ပင်ပန်းသွားပြီ နောင်တော်တုထျန်း”
သူက နဂါးချီလင်ကို ခေါ်၍ ဖန်ပေါင်းချောင်ကမ္ဘာပုလင်းအား ထုတ်စေလိုက်သည်။ “နောင်တော့်လူတွေ အဲ့ဒီမှာ ရှိနေသေးတယ်.... ဒီနေ့ ဒီကောင်းကင်ဘုံကို နောင်တော့်ဆီ ပေးလိုက်မယ်... ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပါဦး နောင်တော်”
တုထျန်းမိစ္ဆာဘုရင်မှာ ချင်မူလက်ကျန် ကမ္ဘာဦးရေကြည်အား ထုတ်နေသည်ကို ကြည့်ရင်း စိတ်လှုပ်ရှားနေသည်ကို မြိုသိပ်နေရ၏။ ချင်မူက ရေစက်ကို တောက်လိုက်ရာ ဖန်ပေါင်းချောင်ကမ္ဘာပုလင်းသည် ရှည်ထွက်လာပြီး လေထုထဲသို့ တဟုန်ထိုး မြင့်တက်သွား၏။ မကြာမီ ၎င်းကား ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ကမ္ဘာဦးသစ်ပင်အနားသို့ ရောက်ရှိသွားချေပြီ။
ရုတ်ခြည်းဆိုသလို ၎င်းက မိုင်ပေါင်းဒါဇင်ချီ ရှည်လျားသော ရတနာပုလင်းတစ်လုံး ဖြစ်လာသည်။ ၎င်း၏ အပေါက်ဝသည် စောင်းလျက် ကမ္ဘာဦးသစ်ပင်ဘေးတွင် တွဲကျနေ၏။ ကြယ်တာရာများက ရေလှိုင်းများကဲ့သို့ အတွင်းထဲမှ လျှံထွက်နေပြီး ဖန်ပေါင်းချောင်ကမ္ဘာ၏ ၀င်၀ကို ဖော်ဆောင်ထားသည်။
“နောင်တော်တုထျန်း၊ နောင်တော်က အခု ကောင်းကင်ဘုံတစ်ဘုံရဲ့ အရှင်သခင်တစ်ယောက် ဖြစ်သွားပြီ” ချင်မူက ပြောလိုက်သည်။
တုထျန်းမိစ္ဆာဘုရင်မှာ ဖန်ပေါင်းချောင်ကမ္ဘာကို ကြည့်ရင်း မျက်ရည်များကျလာတော့သည်။ အားထုတ်ခဲ့ရကျိုး နပ်သွားသော ခံစားချက်သည် သူ့နှလုံးသားထဲတွင် ပီတိဖြာလာစေ၏။