← Chapters

ဖန်ဆင်းကောင်းကင်လက်နက်

Vol. 85 Ch. 1110

ဖန်ဆင်းကောင်းကင်လက်နက်

Vol. 85 Ch. 1110

ဖန်ပေါင်းချောင်ကမ္ဘာသည် အတိုင်းထက်အလွန် ပြည့်စုံ၏။ ၎င်းက ဖန်ဆင်းရှင်တောင်ကွယ်မျိုးနွယ်စု၏ ရတနာ ဖြစ်သည့်အလျောက် အဆင့်မြင့်ကောင်းကင်ဘုံတစ်ဘုံအဖြစ် သတ်မှတ်နိုင်သည်။

ထိုမျှသာမက ဖန်‌ပေါင်းချောင်ကမ္ဘာပုလင်းအား ဖန်ဆင်းရှင်များ ဖန်ဆင်းထားသည့်အတွက် တိုက်ပွဲနှင့် ရင်ဆိုင်ရလျှင်လည်း အသတ်အဖြတ်လက်နက်အဖြစ် အသုံးချနိုင်သည်။ သို့ရာတွင် အသိစိတ်အလျဉ်နယ်ပယ်တွင် အားကောင်းရန်တော့ လိုအပ်လိမ့်မည်။

ယနေ့တွင် ချင်မူသည် ဖန်ဆင်းရှင်တို့၏ အသိစိတ်အလျဉ်ကျင့်စဉ်နည်းလမ်းများနှင့် ပတ်သက်၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီသို့ မျှဝေရှင်းပြပေး၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နတ်ဘုရားများနှင့် ကောင်းကင်နတ်သိုင်းပညာရှင်များက ဧရိယာအဆင့်မြင့်အသိပညာသုံးခုကဲ့သို့သော ကျင့်စဉ်များနှင့် ယနေ့ခေတ်၏ ကျင့်စဉ်စနစ်များကို ပေါင်းစည်းကာ အသစ်သစ်သော အသိစိတ်အလျဉ်ကျင့်စဉ်များစွာ တီထွင်ဆန်းသစ်ကြသည်။

တုထျန်းမိစ္ဆာဘုရင်အနေဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီမှ ကျင့်စဉ်များအား လေ့လာသင်ယူ၍ သူ၏လူများအား ဖန်ပေါင်းချောင်ကမ္ဘာပုလင်းကို ကိုးကွယ်ပူဇော်စေရန် လိုအပ်သည်။ ထို့နောက်တွင် ၎င်းက သူတို့ကို စောင့်ရှောက်ကာကွယ်ပေးမည့် အဆင့်မြင့် နတ်လက်နက်တစ်လက် ဖြစ်လာလိမ့်မည်။

တုထျန်းမိစ္ဆာဘုရင်မှာ စိတ်လှုပ်ရှားလာပြီး သူ့လူများဆီ ပြောပြရန် ဖန်‌ပေါင်းချောင်ကမ္ဘာထဲ ဝင်ရောက်သွားသည်။

တုထျန်းကမ္ဘာ၏ ပျက်စီးမှု၊ မရေမတွက်နိုင်သော ကမ္ဘာသူကမ္ဘာသားများ၏ သေကြေပျက်စီးမှု၊ အိုးအိမ်နေအိမ်များအား ဆုံးရှုံးမှု၊ လျစ်လျူရှုခံခဲ့ရသော အကူအညီတောင်းသံများ... စသဖြင့် အခက်အခဲပေါင်းများစွာ ကျော်ဖြတ်ရင်း နှစ်ပေါင်းများစွာကြာပြီးသည့် နောက်တွင်တော့ သူတို့အားလုံး အခြေချနိုင်ချေပြီ။

တုထျန်းမိစ္ဆာဘုရင်၏ ရင်ထဲတွင် စိတ်အားထက်သန်မှုတို့ တရှိန်းရှိန်း ထကြွနေသော်လည်း ကောင်းကင်ငှက်မွှေးကမ္ဘာကို ပြန်လည်သိမ်းပိုက်ပေးခဲ့သော ကောင်းမှုလေးအတွက်ကြောင့်နှင့် ဖန်ပေါင်းချောင်ကမ္ဘာကဲ့သို့ ကောင်းကင်ဘုံတစ်ဘုံကို ရယူနိုင်မည်မဟုတ်မှန်း သူ သိသည်။

ဖန်ပေါင်းချောင်ကမ္ဘာက ကောင်းကင်ငှက်မွှေးကမ္ဘာထက်ပင် ကြီးမားသည်မဟုတ်ပါလော။ ချင်မူသည် သူတို့နှစ်ယောက်၏ မိတ်ဆွေဆက်ဆံရေးကို ထောက်ထား၍ ပေးခဲ့ခြင်းသာ ဖြစ်၏။

ချင်မူက အဖြစ်အပျက်များနှင့်ပတ်သက်ပြီး ယွီကျောက်ချင်းဆီ ‌မေးမြန်းကြည့်ရာ ယွီကျောက်ချင်းကလည်း ပြန်လည်ပြောပြသည်။ တုထျန်းမိစ္ဆာဘုရင်သည် သူ့လူများကို ဦးဆောင်ကာ ကောင်းကင်ငှက်မွှေးကမ္ဘာအား တိုက်ခိုက်ပေးခဲ့၏။ ထိုအချိန်တွင် ‌ကောင်းကင်နတ်ဆိုးများသည် ကောင်းကင်ငှက်မွှေးကမ္ဘာကို သိမ်းပိုက်ထားပြီး ဖြစ်သည့်အပြင် ကောင်းကင်ငှက်မွှေးမျိုးနွယ်၏ ကျင့်စဉ်သိုင်းကွက်များကိုလည်း တန်ပြန်တိုက်ခိုက်နိုင်နေသည်။

ထို့အပြင် သူတို့မျိုးနွယ်၏ မိစ္ဆာနတ်ဆိုးဘုရင်က ကောင်းကင်ငှက်မွှေးမျိုးနွယ်၏ ကောင်းကင်နတ်သိုင်းကို ထိန်းချုပ်နိုင်သည့်အတွက် ယွီကျောက်ချင်းပင် လှည့်စားခံရနိုင်သည်အထိ ဖြစ်သည်။

ထို့ကြောင့် တုထျန်းမိစ္ဆာဘုရင်သည် ချက်ချင်းလက်ငင်း ချင်းနင်းတိုက်ခိုက်မည့်အစား သူ၏သရုပ်မှန်ကို အသုံးပြု၍ ကောင်းကင်နတ်ဆိုးမျိုးနွယ်ထဲ ဝင်ရောက်ကာ ကောင်းကင်နတ်ဆိုးများ၏ ကျင့်စဉ်တို့အား သင်ယူခဲ့၏။ နှစ်နှစ်ကြာ သင်ယူလေ့လာပြီးသည့်နောက်တွင် သူတို့ကို တန်ပြန်တိုက်ခိုက်နိုင်မည့် နည်းလမ်းအား ဖန်တီးနိုင်ခဲ့သဖြင့် ယွီကျောက်ချင်းတို့ဆီ ပြန်လည်မျှဝေပေးခဲ့သည်။

ယွီကျောက်ချင်းကလည်း သူမ၏မျိုးနွယ်ဆီ ပြန်လည်သင်ကြားပေးပြီး နောက်ထပ်နှစ်နှစ်ကြာသည့်အခါ ဝင်ရောက်တိုက်ခိုက်ခဲ့၏။

ဤသို့ဖြင့် သူတို့သည် ကောင်းကင်ငှက်မွှေးကမ္ဘာ၌ ကျက်စားမင်းမူနေသော ကောင်းကင်နတ်ဆိုးများအား တစ်ချက်ထဲ အလဲသိပ်နိုင်ခဲ့ပြီး တစ်နှစ်အတွင်း အမြစ်ဖြုတ်နိုင်ခဲ့ကြ၏။

ချင်မူက နား‌ထောင်ပြီးနောက် ချီးကျူးသည်။ “မိမိကိုယ်နဲ့ ရန်သူကို နားလည်ရင် အမြဲတမ်း အနိုင်ရတယ်တဲ့... တုထျန်းမိစ္ဆာဘုရင်မှာ အရှင်သခင်အစစ်တစ်ယောက်ရဲ့ အရည်အချင်းတွေ ရှိတာပဲ”

ယွီကျောက်ချင်းလည်း ပြုံးလိုက်သည်။ “အစတုန်းက တုထျန်းနဲ့ နဂါးညီအစ်ကိုသုံးဖော်က သိပ်မတည့်ဘူး.... ညီအစ်ကိုသုံးဖော်က သူတို့ကို ဝိုင်းရိုက်တတ်ကြတယ်... နောက်ပိုင်း တစ်ယောက်နဲ့တစ်‌ယောက် ခင်လာပြီး အသက်လဲပြီးတောင် ကာကွယ်ကြတယ်”

ချင်မူမှာ တဟားဟား ရယ်လိုက်ရင်း ကောင်းကင်နဂါးကိုးကောင်ကို ခေါ်လိုက်သည်။ “ခင်ဗျားတို့တွေ ဒီမှာ နေမှာလား... ကောင်းကင်နတ်ဘုံဆီ ပြန်လိုက်မှာလား.... ပြန်လိုက်မယ်ဆို ခင်ဗျားတို့ရဲ့ မှတ်ဉာဏ်တွေကို ဖျက်ပြီး အသစ်တွေနဲ့ အစားထိုးရလိမ့်မယ်... နေခဲ့မယ်ဆိုရင်တော့ နာမည်ဖြစ်ဖြစ် ပြောင်းပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ နေနိုင်ပါတယ်”

ကောင်းကင်နဂါးကိုးကောင်သည် လူအသွင်ပြောင်း၍ တိုင်ပင်ကြ၏။ သူတို့က ဆုံးဖြတ်ပြီးနောက် ပြောသည်။ “ကျုပ်တို့က ကောင်းကင်နတ်အရှင်နောက် လိုက်ခဲ့အတွက် လျှို့ဝှက်ချက်တွေလည်း အများကြီး သိထားရပါတယ်... ပြန်သွားရင် ခင်ဗျား ကျုပ်တို့ မှတ်ဉာဏ်တွေကို ဖျက်ပေးရင်တောင်မှ အသက်အန္တရာယ် ရှိဦးမှာပဲ... ဒါကြောင့် ဒီမှာပဲ နေပြီး ကောင်းမှုတစ်ခုခု ပြုချင်ပါတယ်”

ချင်မူလည်း သေခြင်းရှင်ခြင်းစာအုပ် ထုတ်ကာ ပြောလိုက်သည်။ “ဒါဖြင့် ကျွန်တော် ခင်ဗျားတို့ကိုးယောက်ကို တစ်ကြိမ် ကူညီပါ့မယ်... ကောင်းကင်နတ်ဘုံ ခင်ဗျားတို့ကို ခြေရာမခံနိုင်အောင် သေခြင်းရှင်ခြင်းစာအုပ်ကနေ ခင်ဗျားတို့ နာမည်တွေ ဖျက်ပေးမယ်”

သူသည် သေခြင်းရှင်ခြင်းစာအုပ်ကို ထုတ်၍ သူတို့ကိုးယောက်ဆီ မျက်နှာမူလိုက်ရင်း ယိုတုကောင်းကင်နတ်သိုင်းများ အသုံးပြုကာ နာမည်ဖျက်ပေးလိုက်၏။

ကောင်းကင်နဂါးကိုးကောင်မှာ စိတ်အေးလက်အေး ဖြစ်သွားကြပြီး ဦးညွှတ်အရိုအသေပေး၍ ကျေးဇူးတင်ကြသည်။

‘ကောင်းကင်နတ်ဘုံဆီ ပြန်သွားတော့မယ်ဆိုတော့ မင်းသားယိုမင်ဆီ ဖန်သားကောင်းကင်စေတီ ပြန်ပေးဖို့ အချိန်ကျပြီ’

ချင်မူ ထိုသို့တွေးမိသည်နှင့် အသိစိတ်အလျဉ်အား ချင်စာလုံးမြေပြင်ထဲ စေလွှတ်လိုက်ကာ ဖန်သားကောင်းကင်စေတီကို ထုတ်လိုက်သည်။ ထိုအချိန်မှာပဲ ကြားလိုက်ရသည့် ထူးဆန်းသော အသံက သူ့နှလုံးသားကို လှုပ်ခတ်သွားစေသည်။

ထိုအခိုက်အတန့်တွင် ဖန်သားကောင်းကင်စေတီ၏ ရှေးဟောင်းနတ်ဘုရားဥသည် ထူးဆန်းသော တာအိုသံတစ်သံ ထုတ်လွှတ်နေကြောင်း တွေ့လိုက်ရ၏။ မလှမ်းမကမ်းရှိ ထိုက်ရှီ၏ ဥမျက်နှာပြင်ပေါ်ရှိ ဆန်းကြယ်သင်္ကေတအမှတ်အသားများလည်း အဆက်မပြတ် ပြောင်းလဲနေသည်။ ၎င်းဆီမှလည်း သိချင်စိတ်ပြင်းပြနေသော တာအိုအသံတစ်သံ ထွက်လာသည်။ ဥနှစ်လုံးကား ဆက်သွယ်နေကြသယောင်ပင်။

ချင်မူ ချွေးပြန်လာသည်။ သူ့မှာ အသံတစ်သံမထွက်ရဲတော့ဘဲ ချင်စာလုံးမြေပြင်ဆီမှ ရတနာတစ်ခု ယူကာ အပြင်ထွက်လိုက်သည်။

သူ အပြင်ထွက်လိုက်သည့်အခါ ဧရာမရှေးဟောင်းနတ်ဘုရား ဥကြီးနှစ်လုံးသည် တိတ်ဆိတ်သွားပြီး ငြိမ်သက်သွားကြ၏။

သို့သော် သိချင်နေသော တာအိုအသံများက ဥနှစ်လုံးဆီမှ ပြန်ထွက်လာသည်။

ချင်မူမှာ ကြက်သီးမွေးညင်းများ ထလာကာ ရင်တဒိန်းဒိန်း ခုန်လာသည်။ ‘ထိုက်ရှီရဲ့ဥ နဲ့ ဟိုရှေး‌ဟောင်းနတ်ဘုရားဥက အသိစိတ်ဉာဏ် ရှိလာကြပြီဟ... အထဲက သတ္တဝါတွေကလည်း ဆက်သွယ်တတ်နေပြီ... သူတို့ ဘာကို ဆက်သွယ်နေကြတာလဲ’

ထိုအတွေးက သူ့ကို ကျောရိုးထဲ စိမ့်တက်သွားစေသည်။

‘ဖန်သားကောင်းကင်စေတီကို မင်းသားယိုမင်ဆီ ပြန်ပေးလို့ မဖြစ်သေးဘူး’

ချင်မူ စိတ်ကို ငြိမ်အောင် ထိန်းလိုက်သည်။ မွေးပင် မလာသေးခင် ဥထဲ၌ အချင်းချင်း ဆက်သွယ်နေကြသော ရှေးဟောင်းနတ်ဘုရားနှစ်ပါးကြောင့် ချင်မူ ထိတ်လန့်နေသည်မှာ မထူးဆန်းပေ။

ယနေ့ထက်ထိတိုင်အောင် ဥမှ မွေးဖွားလာသော ရှေးဟောင်းနတ်ဘုရားတစ်ပါးသာ ရှိသေးသည်။ ထိုရှေးဟောင်းနတ်ဘုရားကလည်း ကောင်းကင်နတ်ဧကရာဇ်ပင်။ ထိုနတ်ဘုရားနှစ်ပါးစလုံးသာ မွေးဖွားလာလျှင် ရှေး‌ဟောင်းကောင်းကင်နတ်ဧကရာဇ် နောက်နှစ်ပါး တိုးလာမည်မဟုတ်လော။

ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်တစ်ပါးနှင့်တင် တုန်လှုပ်ချောက်ချား ကြောက်လန့်စရာ ကောင်းနေပြီဖြစ်၏။ သူက သေသွားသော်လည်း ဖမ်းမရသေးသည့်အပြင် အသက်ရှိစဉ်တုန်းက မကောင်းမှုများစွာ လုပ်ခဲ့လေသည်။

ဤရှေးဟောင်းနတ်ဘုရားနှစ်ပါးသာ အတူတူ ပူပေါင်းသွားလျှင် အန္တရာယ်က ပိုကြီးလာမည်။ ပိုကျယ်ပြန့်လာမည်။

‘ငါ သူတို့ကို သွားထိလို့ မဖြစ်ဘူး’

ချင်မူ့မျက်ဝန်းများ လင်းလက်သွားသည်။ သူက နဂါးချီလင်နှင့် ယန်အာ့ကို ခေါ်ကာ ပြောလိုက်သည်။ “နဂါးတွေက နေခဲ့မယ်တဲ့ ... ဒီတော့ မင်းတို့ပဲ လှည်းကို ဆွဲရတော့မယ်”

နဂါးချီလင်က သိုင်းကြိုးကို သူ့ကိုယ်သူ တပ်လိုက်သည်။ ယန်အာလည်း သူ့ဆီ ပြေးသွားပြီး သူမကိုယ်သူမ တပ်လိုက်ကာ နှစ်ယောက်သား ပြိုင်တူ မေးကြသည်။ “သခင်လေး၊ ဘယ်တော့ သွားမှာလဲ”

ချင်မူ ရထားလှည်းပေါ် တက်လိုက်သည့်အချိန်မှာပဲ ကောင်းကင်နတ်ဘုံ၏ သံတမန် ရောက်လာသည်။ သူက ကောင်းကင်နတ်ဧကရာဇ်၏ အမိန့်တော်ကို ထုတ်ဖတ်ကာ ကုန်းစွန်းယန်ကို ကောင်းကင်နတ်ဘုံသို့ ဆင့်ခေါ်သည်။

ကုန်းစွန်းယန်မှာ ဤရက်များအတွင်း အဘွားစစ်နှင့်အတူ ကျင့်ကြံကာ သိုင်းအခြေခံ ခိုင်အောင် ကြိုးစားနေခဲ့၏။ ကောင်းကင်နတ်ဘုံ၏ ဓလေ့အစဉ်အလာများအား သင်ယူနိုင်ရန် လင်ယွိရှို့နောက်မှလည်း လိုက်သွားတတ်သည်။ ယခုတွင် ကောင်းကင်နတ်ဧကရာဇ်ထံ ခစားရန် ကောင်းကင်နတ်ဘုံဆီ သွားရတော့မည်ဖြစ်ရာ စိုးရိမ်ပူပန်လာတော့သည်။

ချင်မူက သူမကို ရထားလှည်းပေါ် တက်ခိုင်းလိုက်ပြီး ကောင်းကင်နတ်ဘုံ၏ နတ်အရာရှိကိုလည်း ဝင်ထိုင်စေသည်။ သူက ပြုံးလျက် နှစ်သိမ့်လိုက်သည်။ “မမကြီးအနေနဲ့ ကျွန်တော့်ရှေ့မှာတောင် စိုးရိမ်စရာမလိုတာ ကောင်းကင်နတ်အရှင်ဆယ်ယောက်အရှေ့မှာ စိုးရိမ်ပူပန်နေစရာ အကြောင်းကို မရှိပါဘူး... ဝါစဉ်အရဆို ကျွန်တော့်အဆင့်က သူတို့ထက် ပိုမြင့်တယ်”

ကုန်းစွန်းယန်၏ လက်ဖဝါးလေးမှာ ချွေးပြန်နေသည်။ ချင်မူ ဆုပ်ကိုင်ပေးလိုက်မှ သူမမှာ စိတ်တည်ငြိမ်သွားလေသည်။

ချင်မူက အလေးအနက် ပြောလိုက်၏။ “အခု သွားကြမယ်.. ကမ္ဘာဦးသစ်ပင်အနားက စွမ်းအင်အကူးအပြောင်းတံတားကို မသုံးနဲ့.. မြို့ပြင်က ဟာကို သုံးစို့”

ယန်အာသည် ခေါင်းညိတ်လိုက်ပြီး နဂါးချီလင်နှင့်အတူ လှည်းအား စွမ်းအင်အကူးအပြောင်းတံတားဆီသို့ ဆွဲသွား၏။

ချင်မူက ရထားလှည်းထဲတွင် ထိုင်ရင်း ဆက်သွယ်နေသော ဥနှစ်လုံးအကြောင်း တွေးနေမိသည်။ သူ့မှာ အကြောက်မပြေသေးပေ။ ‘အစ်ကိုကြီး ချန်ထားခဲ့တဲ့ ကောင်းကင်နတ်အရှင်လင်ရဲ့ စာကို ရှာရတော့မယ့်ပုံပဲ.... အဲဒါနဲ့ဆို မပြောင်းလဲတဲ့ ဒြပ်ထု ကောင်းကင်နတ်သိုင်း သုံးပြီး ထိုက်ရှစ်ဥရဲ့ တာအိုဘာသာစကားကို နားလည်နိုင်လိမ့်မယ်... သူတို့ဘာပြောနေမှန်း ငါ သိနိုင်ပြီ”

ယန်အာနှင့် နဂါးချီလင် ရထားလှည်းကို စွမ်းအင်အကူးအပြောင်းတံတားဆီ ဆွဲသွားကြစဉ် ချင်မူက နတ်အရာရှိထံ မေးလိုက်သည်။ “ဒီတံတားက ဘယ်ကို ဦးတည်တာလဲ”

“ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ပါ၊ ‌ကောင်းကင်နတ်အရှင်”

‘ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်တဲ့လား’

ချင်မူ ရင်ထဲ လှုပ်ခတ်သွားပြီး ရထားလှည်းက စွမ်းအင်အကူးအပြောင်းတံတားထဲသို့ ဝင်ရောက်သွား၏။

တခဏကြာသော် ရထားလှည်းမှာ တုန်ခါသွားကာ ကောင်းကင်နတ်ဘုံသို့ ရောက်လာသည်။ ချင်မူ အပြင်သို့ ကြည့်လိုက်ရာတွင် ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်အား မြင်လိုက်ရသည်။

ကောင်းကင်နတ်ဘုံ၏ နံပါတ်တစ် ကုန်ထုတ်စက်ရုံကား ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ပင်။

ချင်မူမှာ ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်အရှင်မူ ဖြစ်သော်လည်း ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်လာခြင်း ဖြစ်သည်။ ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သည့်အခါ အကြမ်းစားကောင်းကင်လက်နက်များ သွန်းလုပ်ရန် အလုပ်များနေကြသော ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် နတ်ဘုရားများအား မြင်လိုက်ရ၏။ သူတို့တူကြီးများ တစ်ချက်ထုလိုက်တိုင်း မိုးထစ်ချုန်းသွားသကဲ့သို့ ညံသွားသည်။

သူတို့သည် ကောင်းကင်နတ်ဘုံ၏ စက်မှုအလုပ်သမားများ ဖြစ်ကြပြီး ခေါင်းသုံးလုံး လက်ခြောက်ဖက် ရှိသည့်အလျောက် ကြောက်စရာကောင်းလောက်အောင် မြန်ဆန်ကြသည်။

ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်တစ်ခုလုံးမှာ မီးတောက်မီးလျှံများ တဟုန်းဟုန်း တောက်လောင်နေသော မီးဖိုကြီးများ ပြည့်နှက်နေသော ဧရာမသင်္ဘောကျင်းကြီးပမာ ဖြစ်သည်။ တစ်နေရာလုံး နေ့နေ့ညည စည်ကားသိုက်မြိုက်နေလေသည်။ အဆင့်မြင့် နတ်သတ္ထုများနှင့် နတ်ရွှေများအား ဤနေရာမှတစ်ဆင့် အခြားသော ကောင်းကင်ဘုံများဆီ တင်ပို့ကြလေသည်။

တစ်နေရာလုံးတွင် ကောင်းကင်နတ်ဘုံ တာအိုဂိုဏ်း၏ အကျော်ကြားဆုံး သင်္ချာပညာရှင် တာအိုရသေ့များ ပြည့်နေ၏။ အခြားကမ္ဘာများမှာ စက်မှုလက်မှုပညာရှင်များလည်း ရှိကြသည်။ နေရာအကျယ်အဝန်းအရ ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်တစ်ခုတည်းနှင့်တင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သင်္ဘောကျင်းအားလုံးအား ယှဉ်ပြိုင်ရန် လုံလောက်ပေသည်။

ရုတ်တရက် ချင်မူသည် ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်၏ အလယ်ဗဟိုရှိ ဖန်ဆင်းကောင်းကင်လက်နက်ကို မြင်လိုက်သဖြင့် သူငယ်အိမ်များ ကျုံ့သွား၏။

All Chapters