ဒီသခွားသီးက တကယ်မျိုးစိတ်ပြောင်းသွားတယ်!
Vol. 31 Ch. 452
လီခိုင်ထွက်သွားပြီး ချင်လင်ကသူ့ရုံးခန်းထဲဝင်ကာ တံခါးလော့ချ၍ ဂိမ်းထဲဝင်လိုက်သည်။ သိုလှောင်ခန်းထဲမှ ရန်ဓာတ်နှင့်ကျောက်ကပ်အားကောင်းစေသော ချင်းလင်ဆေးဖက်ဝင်ဝိုင်ငွေပုလင်းတစ်လုံးကိုယူပြီး အရည်အသွေး ၂ ရုံးပတီသီးတချို့ကိုထုတ်လိုက်သည်။
သူကမီးဖိုချောင်ထဲသွား၍ အရည်အသွေး ၂ ရုံးပတီသီးကို ဆရာလင်းဆီပေးလိုက်သည်။ ဆရာလင်းကိုလီခိုင်အတွက်ချက်ခိုင်းပြီး ချင်းလင်ဆေးဖက်ဝင်ဝိုင်ပုလင်းကို မူလခန်းမ၏အနောက်ဘက်ခြံဝင်းထဲယူလာခဲ့သည်။
ချင်လင်အကွက်ထဲရောက်သောအခါ လီခိုင်ကသူ့လက်ထဲတွင်ကိရိယာတချို့နှင့်ကလိနေသည်။
ကိရိယာပေါ်တွင် အထူးအရည်ချပ်ပြားနှင့် မိုက်ခရိုစကုပ်လည်းပါသည်။
သူကကိရိယာပေါ်တွင် မုန်လာဥအပိုင်းအစလေးတင်ပြီး စမ်းသပ်နေ၏။
ဒီအစ်ကိုလီခိုင်က အမြဲကတိတည်တာပဲ။
''အစ်ကိုလီ... အဖြေကဘယ်လိုလဲ?''
ချင်လင်က စူးစမ်းမေးလိုက်သည်။
လီခိုင်ကသူ့လက်ထဲမှမုန်လာဥကိုဘေးချပြီး ခေါင်းခါလိုက်၏_
''ညီလေးချင်... ကြည့်ရတာ ဒီတစ်ခါငါ့ကံက အရင်လောက်မကောင်းဘူး... ဒီမှည့်နေတဲ့သီးနှံလေးမျိုးကို ငါအကြမ်းဖျင်းစစ်ကြည့်ပြီးပြီ... ဘယ်ဟာမှမျိုးစိတ်မပြောင်းဘူး... အဲဒါကြောင့် အသေးစိတ်ဆက်ပြီးစစ်ဆေးစရာမလိုတော့ဘူး''
ချင်လင်က လီခိုင်ဘေးနားချထားသောသီးနှံလေးမျိုးကိုကြည့်လိုက်သည်။ မုန်လာဥနီ၊ ဂေါ်ဖီထုပ်၊ ပဲသီး၊ ဟင်းနုနွယ်။ သို့သော် အလှအပသခွားသီးမပါသေး။
သို့ရာတွင် လေးခုလုံးမျိုးစိတ်မပြောင်းဟူသောသဘောက အရင်တစ်ခါရုံးပတီသီးနှင့်ခရမ်းသီးမျိုးစိတ်ပြောင်းခြင်းမှာ ကံကောင်း၍ဖြစ်ပြီး မျိုးစိတ်ပြောင်းနိုင်ချေများသောကြောင့်မဟုတ်ပေ။
''နှမြောစရာပဲ'' ချင်လင်ကပြောပြောဆိုဆို သူ့လက်ထဲမှချင်းလင်ဆေးဖက်ဝင်ဝိုင်ပုလင်းကို လီခိုင်အားပေးလိုက်ပြီး_
''ဆရာလင်းကို ဒီညခင်ဗျားအတွက် ရုံးပတီသီးချက်ခိုင်းထားတယ်''
လီခိုင်က ချင်းလင်ဆေးဖက်ဝင်ဝိုင်ပုလင်းကိုမြင်လျှင် ရတနာလိုယူလိုက်သည်။


ဒီပစ္စည်းနဲ့ဆို ရှိုးဝမ်ဆီမှာ သိပ်မျက်နှာပျက်စရာမလိုတော့။
''အစ်ကိုလီ... ဒီသခွားသီးလည်း ရင့်နေပြီ... စစ်ကြည့်ပါလား''
ချင်လင်ကမျက်နှာမပျက်ဘဲပြောလိုက်သည်။
လီခိုင်ကခေါင်းညိမ့်ပြီး ဆေးဖက်ဝင်ဝိုင်ကိုချလိုက်သည်။ သူကအလှအပသခွားသီးရှိသောနေရာကိုလျှောက်သွားလိုက်ရာ သခွားသီးတွေအများကြီးပြွတ်သိပ်နေသည်။
ပြုံနေသောသခွားသီးများကိုကြည့်ပြီး သူကစလိုက်သည်_
''ညီလေးချင်... မင်းရဲ့သခွားသီးပုံစံနဲ့အရောင်က နည်းနည်းမသင့်တော်ဘူးနော်... အရင်ဆုံး အရသာမြည်းကြည့်မယ်''
သခွားသီးများကို အစိမ်းလိုက်စားနိုင်သလို သခွားသီးနှင့်တခြားပစ္စည်းရောပြီးလည်း တန်းစားနိုင်သည်။
လီခိုင်ကရှေ့တိုးပြီးသခွားသီးတစ်လုံးခူးကာ သူ့အင်္ကျီနှင့်သုတ်လိုက်သည်။ ထို့နောက် သခွားသီးထိပ်ပိုင်းကိုပါးစပ်ထဲထည့်ပြီး ကိုက်ချလိုက်၏။
လီခိုင်၏လှုပ်ရှားမှုကိုကြည့်ရင်း ချင်လင်မှာတားချိန်တောင်မရလိုက်။
ဒီအလှအပသခွားသီးမှာ အရသာနှင့်စားကောင်းခြင်း အရည်အသွေးတစ်မျိုးရှိသည်။
အရင်က ဝမ်ချိုင်တစ်ကိုက်ကိုက်ပြီးနောက် လမ်းဖြောင့်ဖြောင့်မလျှောက်နိုင်။ အကြာကြီးဝပ်နေပြီး ဝမ်းခေါင်းထဲကထွက်မတတ် အန်ခဲ့သည်။
အခုချိန် သူ့ရှေ့သခွားသီးချပေးရင် သေချာပေါက်ချာခနဲလှည့်ပြီး ကြည့်တောင်မကြည့်ဘဲထွက်သွားလိမ့်မည်။
တစ်ခဏချင်း လီခိုင်၏မျက်နှာထားပြောင်းလဲသွားသည်ကို ချင်လင်တွေ့လိုက်ရသည်။ သူ့တစ်မျက်နှာလုံးရှုံ့တွပြီး အစိမ်းရောင်ပြောင်းသွားသလိုလို။
နောက်ခဏတွင် အော်ဂလီဆန်ပြီး သူ့ပါးစပ်ထဲကိုက်ထားသောသခွားသီးထွေးထုတ်ပစ်သည်။ ထို့နောက် လျှာတစ်လစ်နှင့်ပျို့အန်နေ၏။
အော့!
အော့!
...


ချင်လင်ကချက်ချင်း အခြေအနေကိုမသိချင်ယောင်ဆောင်ပြီး မေးလိုက်သည်_
''အစ်ကိုလီ... ဘာဖြစ်လို့လဲ?''
လီခိုင်မျက်လုံးမှာ မျက်ရည်တွေနှင့်_
''ညီလေးချင်... ဒီသခွားသီးက မဟုတ်သေးဘူးကွ... အပုပ်နံ့လိုပဲ''
သခွားသီးကဘာမှမဖြစ်မှန်း ချင်လင်သိသော်လည်း ကောင်းကောင်းသရုပ်ဆောင်ရသေးသည်။ သူကလီခိုင်လက်ထဲမှသခွားသီးကိုယူပြီး_ ''အစ်ကိုလီ... ဒီသခွားသီးကပုပ်နေတာနဲ့မတူပါဘူး... ကြည့်!''
လီခိုင်မှာ သူကိုက်ခဲ့သောသခွားသီးကိုတော်တော်နှင့်ပြန်မကြည့်နိုင်။ ကိုက်ထားသောအသားက အလွန်လတ်ဆတ်ပြီး လုံးဝအပုပ်နှင့်မတူ။
လီခိုင်ကမျက်မှောင်ကြုတ်၍_ ''ဒါပေမဲ့ ဒီအသီးအရသာက ဘာလို့ဒီလောက်ဆိုးရတာလဲ? ချေးထက်တောင် အန်ချင်စရာကောင်းတယ်''
''သခွားသီးရဲ့မျိုးစိတ်ပြောင်းတာထင်တယ်''
ချင်လင်ကပြောလိုက်သည်_
''ဒါပေမဲ့ မျိုးပြောင်းတာဆိုရင် တော်တော်လက်မခံချင်စရာပဲ''
''ဖြစ်နိုင်တယ်... ငါစမ်းကြည့်မယ်''
လီခိုင်ရဲ့စိတ်ဝင်စားမှုက ချက်ချင်းတက်လာသည်။ သူကသခွားသီးယူပြီး ကိရိယာပေါ်တင်ကာစမ်းသပ်လိုက်၏။
ခဏအကြာ ရုတ်တရက်အံ့ဩသွားပုံနှင့်_
''ညီလေးချင်... ဒီသခွားသီးက တကယ်မျိုးစိတ်ပြောင်းသွားတာ... အရသာကအရမ်းဆိုးတယ်ဆိုပေမဲ့ ဒီသခွားသီးမှာအလှအပနဲ့ဆိုင်တဲ့ဓာတ်တွေပါတဲ့ပုံပဲ... ငါအထဲသွားပြီး တိတိကျကျအချက်အလက်ကိုအသေးစိတ်စစ်ကြည့်မယ်''
သည်လိုနှင့် လီခိုင်ကကိရိယာနှင့်သခွားသီးကို စမ်းသပ်ကိရိယာထားသောရုံးခန်းထဲယူသွားသည်။ ချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုယူသွားဖို့လည်းမမေ့။
ချင်လင်လည်း သခွားသီးစိုက်ထားသောနေရာသွားပြီး တစ်လုံးခူးလိုက်သည်။ ထို့နောက် သူ့ရုံးခန်းထဲပြန်သွား၍ တံခါးလော့ချပြီး ဂိမ်းထဲဝင်လိုက်သည်။
သခွားသီးက အဆင့်ကျပြီး အရည်အသွေး ၁ သာရှိဖို့များမှန်းသိသော်လည်း ဒီအရည်အသွေးကို သူ့မျက်စိနှင့်တပ်အပ်ကြည့်ချင်သေးသည်။
(အလှအပသခွားသီး: အရည်အသွေး ၁)
(အလှအပအတွက် အထူးသခွားမျိုးဖြစ်သည်။ လူပုလေးများတွင် ကျွမ်းကျင်သူနှင့်သေချာသုတေသနလုပ်ထားသောထုတ်ကုန်ဖြစ်ပြီး အမျိုးသမီးများအတွက် မင်္ဂလာတစ်ပါးဖြစ်သည်:
အသားဖြူစေခြင်း +၁၊ အသားအရေစိုပြေစေခြင်း +၁၊ အရသာ -၁၊ စားကောင်းခြင်း -၁၊ အထူးအမည်မသိအာနိသင် +၁)
ချင်လင်က လက်တွေ့ဘဝတွင်စိုက်ထားသောအလှအပသခွားသီး၏မှတ်ချက်ကိုဖတ်လိုက်သည်။
ထင်တဲ့အတိုင်း၊ မျိုးစေ့ကို အပြင်ကမြေမှာစိုက်တာနဲ့ အရည်အသွေး ၁ တန်းထိုးကျသွားသည်။
သို့သော် အရင်အတိုင်းကျန်နေသော အရည်အသွေးတစ်ခုရှိသည်။ အထူးအမည်မသိအာနိသင် +၁ ပင်။
ဒီအထူးအမည်မသိအာနိသင်က ဘာလဲသူမသိ။ အစ်ကိုလီစမ်းသပ်တွေ့နိုင်မလားဆိုတာလည်း သူမသိချေ။
အလှအပသခွားသီး၏မှတ်ချက်ကိုလေ့လာပြီး ချင်လင်လည်းဂိမ်းထဲမှထွက်လိုက်သည်။ အချိန်တိုအတွင်းလီခိုင်စမ်းသပ်နိုင်ဦးမည်မဟုတ်၍ သူကချင်းလင်ဓာတ်ခွဲခန်းဆီထွက်လာကာ အထူးမှန်အုပ်ထားသောစမ်းသပ်စိုက်ခင်းထဲတွင် အချိန်ဖြုန်းနေလိုက်သည်။