သံမဏိကို ပုံသွင်းဖို့ သန်မာတဲ့ ခန္ဓာကိုယ် လိုတယ်
Vol. 75 Ch. 1111
" မင်းမှာ တကယ်ကြီး Intel ရှယ်ယာတွေ ရှိတယ်..."
လီကျန်း၏ အမူအရာသည် သိပ်ကို စိတ်၀င်စားဖို့ ကောင်းနေခဲ့သည်။ သူ မျက်နှာကို မည်သို့ ထားလို့ ထားရမှန်း မသိပါတော့ချေ။
ဤသတင်းကြီးက သူ့အတွက် မီးတောင်ကြီး ပေါက်ကွဲထွက်လာသည့်နှယ် ရှော့ခ်ရစရာကြီး ဖြစ်နေလေသည်။
ဟွာရှန့် လူမျိုး တစ်ယောက်က အတည်ကြီး Intel ရဲ့ ရှယ်ယာတွေကို ထိန်းချုပ်ထားနေသည်လော။
ရှုထောင့်ပေါင်းစုံမှ ဘက်ပြောင်းပြီး စဉ်းစားနေပါစေ၊ ယုံကြည်ချင်စရာ တစ်စက်မျှကို မရှိခဲ့ချေ။
“ ကျုပ်ကို မယုံဘူးလား…” လင်းရီ ရယ်သွမ်းလိုက်ရင်း “ အစတုန်းကတော့ အမေရိကန်ကောင်တွေလည်း မယုံဘူးပဲ.. ဒါပေမယ့် ရွေးချယ်စရာ မရှိဘူးလေ… ကျုပ်မှာ တကယ်ကြီး ရှယ်ယာတွေ ရှိတယ်…”
ဤတစ်ကြိမ်တွင်တော့ ဘာတွေ ဖြစ်နေလဲဆိုတာကို လီကျန်း နားလည်သွားခဲ့ပြီ။
Intel သည်က ကမ္ဘာ့အဆင့် စက်ရုံကြီး တစ်ခုဖြစ်ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် ၎င်း၏ အရေးပါမှုသည် သက်သေပြနေရန် မလိုအပ်ချေ။ အမေရိကားဆိုလျှင် ဆိုဖွယ်ရာပင် ရှိမည် မဟုတ်တော့။
ယခု ကုမ္ပဏီသည်က လင်းရီလက်ထဲတွင် ရှိနေပြီး ဖြစ်သောကြောင့် ၎င်းတို့၏ အကျိုးစီးပွားကို ရှေးရှု၍ သူ့ကို ဘာမှ မလုပ်ဝံ့ကြတော့ချေ။
လီကျန်း၏ မျက်နှာဖြူလျော်သွားခဲ့၏။ ပြီးပြည့်စုံသည့် အစီအစဉ်တစ်ခုကို စီစဉ်ထားပါလျက်နှင့် ထင်မှတ်မထားသည့် အခြေအနေတစ်ခုကြောင့် ဤအခြေအနေထိ ရောက်လာပြီးမှ ကျရှုံးနေရလေသည်။
သို့ပေမယ့် သူ့ဘက်က အင်မတန် အားနည်းလွန်းနေသောကြောင့်လို့တော့ လီကျန်းမထင်။ လင်းရီကသာလျှင် အဆုံးဆိုတာ မမြင်တွေ့နိုင်သည့် တွင်းနက်ကြီး တစ်ခုကဲ့သို့ ဖြစ်နေခဲ့၏။
“ ကောင်းပြီ.. လိုရင်းကို တန်းသွားကြတာပေါ့.. ကျုပ် ဘယ်လိုလူစားမျိုးလဲ ခင်များသိပါတယ်… ကျုပ်က မသာတွေရဲ့ အလောင်းကိုဖော်၊ ပြတင်းပေါက် တံခါးတွေကိုခေါက်၊ ဒုက္ခိတတွေကို ရိုက်နှက်ပြီး နားကန်းနေတဲ့ကောင်တွေကို ကြိမ်းမောင်းခဲ့တဲ့ကောင်… ကျုပ်က ဘာမှမလုပ်ဘဲ အလေလိုက်နေတယ်ဆိုရင်တောင် ခင်များတို့က ကျုပ်ရဲ့ ဘက်လူ မဟုတ်ဘူး… ဒီတော့ ရုန်းကန်ဖို့ မကြိုးစားနဲ့ … စိတ်ကူးတွေလည်း လျှောက်ယဉ်မနေနဲ့… လက်ရှိ အခြေအနေကိုပဲ လက်ခံလိုက်…”
လီကျန်း၏ ခန္ဓာကိုယ် နုံးချိပြီး ကြမ်းပြင်သို့ ပြိုလဲသွားခဲ့တော့၏။
“ ဒီကိစ္စကို ဟန်ကျင်းလေ့နဲ့ ကျောက်ကော်ပင်းတို့ စီစဉ်ခဲ့တာ… သူတို့က မင်းကို လက်စားပြန်ချေချင်နေကြတာ…”
“ သူတို့နှစ်ယောက်တည်း ဆိုတာကတော့ မဖြစ်နိုင်ဘူး..” လင်းရီ ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ထားရင်း “ သူတို့ရဲ့ လက်ရှိအနေအထားက လျန်မိသားစုအောက်ကို ရောက်နေပြီ… သတ္တိတစ်ရာပေးရင်တောင် သူတို့ ဒီလိုမျိုး လုပ်ဝံ့မှာ မဟုတ်ဘူး… နောက်ကွယ်က ကြိုးကိုင်နေတဲ့သူ အစစ်ကို ကျုပ်သိချင်တယ်… “
“ အဲ့တာ ရန်ကျင်းရဲ့ နံပါတ်တစ် မိသားစု ၊ ဝမ်မိသားစုပဲ…”
“ ဝမ်မိသားစု…”
လင်းရီ အသက်ပြင်းပြင်း ရှိုက်မိသွားခဲ့၏။ အကယ်၍ ဤကိစ္စထဲ ဝမ်မိသားစုသာ ပါဝင်လာခဲ့လျှင်တော့ အရာအားလုံးက ရှင်းလင်းသွားခဲ့ချေပြီ။
ရန်ကျင်း၏ နံပါတ်တစ် မိသားစုကြီး ဖြစ်သည်နှင့်အညီ ၎င်းတို့၏ လုပ်နိုင်စွမ်းနှင့် နည်းလမ်းတို့က ပြိုင်ဘက်ကင်းသည်။ သူ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များစွာအား ရှာဖွေနိုင်ခဲ့သည်မှာ ယုတ္တိရှိလေသည်။
“ ငါမင်းကို အခု ငါသိတာ အကုန်ပြောပြပြီးသွားပြီ… မင်းငါ့ကို လွှတ်ပေးနိုင်မယ်မလား…” လီကျန်း အားနည်းစွာ ဆိုလိုက်၏။
“ ကျုပ်ကတော့ ခင်များကို စိတ်မဝင်စားပါဘူး… ဒါပေမယ့် ကျန်တဲ့ မိသားစု သုံးခုက ခင်များကို အလွှတ်ပေးလိမ့်မယ်လို့ ခင်များထင်လား…”
လီကျန်း ဘာမျှ ပြန်မပြော။ သူ၏ မျက်နှာသည်တော့ ဖျော့တော့လို့နေသည်။ အကျိုးဆက်က ဘယ်လိုလာမလဲဆိုတာကို လင်းရီထက် သူ ပိုသိ၏။
“ ဒီမှာ စောင့်နေ… ခဏကျရင် လူတစ်ယောက် လာခေါ်လိမ့်မယ်… ကျုပ် ခင်များကို ကာကွယ်ပေးဖို့ အကောင်းဆုံး လုပ်ပေးမယ်..”
လီကျန်း နှုတ်ဆိတ်လျက်သာ ရှိနေသည်။ သူ၏ စိတ်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်နေပြီး လင်းရီ ပြောနေသည့် စကားလုံးများကိုလည်း အာရုံမရောက်နိုင်။ ကိုယ်ပိုင် အတွေးနွံထဲတွင်တာ နစ်မြုပ်နေလျက်ရှိ၏။
နာရီဝက်ခန့် ကြာပြီးနောက် သံရုံးမှ လူများ ရောက်လာပြီး လီကျန်းကို ခေါ်ဆောင်သွားခဲ့ကြ၏။ တစ်ချိန်တည်းတွင် စွန်းဖုန်းချိန်သည်လည်း ကားထဲ ရှိနေသည်။
သူတို့နှစ်ယောက် အချင်းချင်း ကြည့်လျက် အချိန်အကြာကြီး ငေးမောနေမိကြ၏။ ထို့နောက် တိတ်ဆိတ်စွာဖြင့် ပြန်လည် အကြည့်ခွဲသွားကြသည်။
ထိုအခိုက်အတန့်တွင် သူတို့ နှစ်ယောက်၏ ကံကြမ္မာသည် သူတို့လက်ထဲတွင် မဟုတ်တော့သလို ဘုရားသခင် လက်ထဲတွင်လည်း မရှိတော့ပေ။ တစ်ယောက်သော သူ၏ စကားတစ်ခွန်းနှင့် ၎င်းတို့၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်သည်။
သို့ပေမယ့် ရှင်သန်နိုင်မည့် မျှော်လင့်ချက်တော့ သိပ်မများ။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ယောက် ဆုံတွေ့ခဲ့ရသူက နတ်ဆိုးထက်ပင် ကြောက်မက်ဖွယ်ကောင်းသူ ဖြစ်နေသောကြောင့် ဖြစ်၏။
“ ဥက္ကဌလင်း.. အခြေအနေ ဘယ်လိုလဲ… မင်း အခုလောက်ဆို အခြေအနေတစ်ရပ်လုံးကို နားလည်သွားလောက်ရောပေါ့.. မဟုတ်ဘူးလား…” ဝမ်ဟန်ရှန်း မေးမြန်းလိုက်သည်.
“ အားလုံး အဆင်ပြေပါတယ်.. ကျုပ် အခု ပြန်ပြီး ဒီကိစ္စတွေကို ကိုင်တွယ်တော့မလို့ပဲ….”
“ အင်း… ငါတို့မှာကလည်း တခြား လုပ်စရာတွေ ရှိသေးတော့ မင်းနဲ့ ပြန်လိုက်နိုင်မှာ မဟုတ်ဘူး.. ငါတို့ ရန်ကျင်းရောက်ရင် မင်းဆီ ဖုန်းဆက်လိုက်မယ်… တစ်ခွက်လောက် အတူသောက်ကြတာပေါ့….”
“ အဲ့ဒီ အချိန်ကျရင် ကျုပ် ဝိုင်ကောင်းကောင်း ရှာထားလိုက်မယ်.. ကောင်းကောင်းကြီး အတူသောက်ကြတာပေါ့…”
“ သဘောတူတယ်…”
ဝမ်ဟန်ရှန်း၊ ကျောက်ရှတို့နှင့် ခေတ္တ စကားပြောပြီးနောက် လင်းရီ သူ့လူများကို လေယာဉ်ပေါ်သို့ ခေါ်လာခဲ့ပြီး ရန်ကျင်းသို့ ပြန်မည့် ခရီးစဉ်ကို စတင်လိုက်သည်။
ဆယ်နာရီကျော်ကြာ ပျံသန်းပြီးသည့်နောက် လေယာဉ်သည် ရန်ကျင်း လေဆိပ်သို့ မနက် ခြောက်နာရီတွင် ဆင်းသက်လာခဲ့၏။
ရှန်းရှုရီ တစ်ဦးတည်းသာလျှင် လင်းရီကို လာကြိုရန် ရောက်ရှိနေသည်မဟုတ်။ လျန်ချွင်းရှောင်သည်လည်း ထိုနေရာတွင် ရှိနေခဲ့သည်။
ဤသည်က လင်းရီနှင့် လျန်ရူရွှယ်တို့ အဖေ ပထမဆုံးအကြိမ် ဆုံတွေ့ကြခြင်း ဖြစ်သည်။
“ အန်တီရှန်း… အန်ကယ်လျန်…”
“ ကောင်လေး… မင်း ငါဘယ်သူမှန်း သိတယ်ပေါ့…” လျန်ချွင်းရှောင် အပြုံးလေးဖြင့် မေးမြန်းလိုက်၏။
“ အန်ကယ့်မျက်နှာကို တစ်ချက်ကြည့်လိုက်တာနဲ့ အန်တီရှန်းနဲ့ အန်ကယ်က လက်ထပ်ထားကြတဲ့ စုံတွဲတွေဆိုတာ ကျွန်တော် ရဲရဲကြီး ပြောရဲတယ်.. ဒီတော့ အန်ကယ်လျန်ကလွဲပြီး တခြား ဘယ်သူမှ မဖြစ်နိုင်တော့ဘူး…”
“ ကောင်လေး… မင်းက စကားကို ဘယ်လိုပြောရမှန်း တယ်သိတဲ့ကောင်ပဲကွ…”
“ မင်္ဂလာပါ ဥက္ကဌရှန်း.. ကျွန်မ နာမည် ထျန်းရန်ပါ… ကျွန်မ ရှင့်အကြောင်းတွေ အများကြီး ကြားဖူးပါတယ်…”
ရှန်းရှုရီကို မြင်တော့ ထျန်းရန်မှာ ယဉ်ကျေးပြီး လေးစားသည့် အသွင်ဖြင့် နှုတ်ဆက်လိုက်၏။ သူမ၏ မျက်ဝန်းထဲတွင်လည်း လေးစားအားကျမှုတို့ဖြင့် ပြည့်နှက်နေသည်။ ရှန်းရှုရီသည်က သူမ၏ အိုင်ဒေါသဖွယ် ဖြစ်နေသည်ဟုတောင် ပြောလို့ရသည်။
ကျိုးဟိုင် သို့မဟုတ် ဟွာရှတွင်ဖြစ်စေ။ ရှန်းရှုရီသည် အမျိုးသမီးတို့ ရရှိနိုင်သည့် အမြင့်မားဆုံးသော အောင်မြင်မှုကို ရရှိထားလေသည်။ ထိုမျှကြီးမားသည့် ကုမ္ပဏီကြီးကို တစ်ဦးတည်း ဦးစီးဦးဆောင်ပြုဖို့ ဆိုသည်မှာ သာမန်လူတစ်ယောက် စွမ်းသာနိုင်သည့် ကိစ္စရပ်မျိုး မဟုတ်ပါချေ။
ထို့ကြောင့် သူမ ရှန်းရှုရီကို လေးစားအားကျနေမိတော့၏။
“ မင်္ဂလာပါ.. ငါလည်း လင်းရီ နင့်အကြောင်း ပြောတာတွေ အများကြီး ကြားဖူးပါတယ်.. နင်က လင်းယွင်အုပ်စုရဲ့ လက်ရုံးသုံးဆူထဲက တစ်ယောက်ဖြစ်မယ်… ဆက်ပြီးကြိုးစား… သူ့လက်အောက်မှာ အလုပ်လုပ်လို့ ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး..”
“ ကျေးဇူးပါ ဥက္ကဌရှန်း…”
“ စကားပြောနေတာတွေ တော်ကြတော့…” လျန်ချွင်းရှောင် လင်းရီနောက်ရှိ လူနှစ်ယောက်ကို ညွှန်ပြလိုက်ပြီး “ ဒီ ဖြစ်ရပ်နောက်ကွယ်က သူတို့တွေ… ဟုတ်တယ်မလား…”
လင်းရီ ဘေးဘီဝဲယာကို တစ်ချက်ရှိုးလိုက်ပြီး “ ဒီနေရာက စကားပြောကောင်းတဲ့ နေရာမဟုတ်ဘူး.. တစ်နေရာသွားပြီး ဖြည်းဖြည်းချင်း ပြောကြတာပေါ့.. လေယာဉ် တစ်ညလုံး စီးခဲ့ရတော့ ဗိုက်လည်း နည်းနည်းဆာနေပြီ…”
“ သွားစို့… ငါတစ်နေရာ စီစဉ်ပြီး မင်း စားဖို့ လုပ်ပေးမယ်…”
အုပ်စုမှာ လေဆိပ်ထဲမှ ထွက်လာခဲ့ကြ၏။ အပြင်တွင် အထူးလိုင်စင် နံပါတ်ပြားနှင့် စစ်ရောင် SUV နှစ်စင်း ထိုးရပ်ထားလျက်ရှိသည်။
လျန်ချွင်းရှောင် ထွက်လာသည်ကို မြင်တော့ ယူနီဖောင်းနှင့် အမျိုးသားနှစ်ယောက် ကားထဲမှ ထွက်လာပြီး အလေးပြုလိုက်ကြသည်။
“ ခေါင်းဆောင်…”
လျန်ချွင်းရှောင် လီကျန်းနှင့် စွန်းဖုန်းချိန်ကို ညွှန်ပြလိုက်ပြီး “ အဲ့နှစ်ကောင်ကို ခေါ်သွားပြီး တစ်နေရာမှာချုပ်ထားလိုက်… ငါ့အမိန့်မပါဘဲ ဘယ်သူမှ သူတို့ဆီ လာလည်ပိုင်ခွင့်မရှိဘူး…”
“ ဟုတ်ကဲ့….”
လျန်ချွင်းရှောင်၏ အမိန့်အောက်တွင်ပဲ လီကျန်းနှင့် စွန်းဖုယွီတို့ အဝေးသို့ ခေါ်ဆောင်သွားခြင်း ခံရသည်။
ထို့နောက် လေးယောက်သား တစ်ယောက်ပြီး တစ်ယောက် ကားထဲသို့ ဝင်၍ အင်မတန် သာမန်ဆန်သည့် နံနက်စာ စားသောက်ဆိုင် တစ်ဆိုင်သို့ ရောက်ရှိလာခဲ့ကြသည်။
အထပ်သုံးထပ်နှင့် ဆိုသော်ငြားလည်း ရှေးဆန်သည့် အငွေ့အသက်တို့ကိုတော့ ဖုံးကွယ်ထားလို့ မရချေ။
“ ဒီနေ့ အန်ကယ်လျန် မင်းကို ဒကာခံမယ်.. ငါ့အထောက်အထားက နည်းနည်းလေး ပြဿနာများတော့ မင်းကို နာမည်ကြီး နေရာတွေတော့ ခေါ်သွားလို့ မရဘူးကွ… ဒီမှာပဲ ရိုးရိုးရှင်းရှင်း စားလိုက်ကြတာပေါ့… ညကျမှပဲ တစ်ခေါက် ထပ်လိုက်ကျွေးတော့မယ်…”
“ ဘယ်နေရာပဲ ဖြစ်ဖြစ် အတူတူပါပဲ… အရသာ ရှိနေသရွေ့ပေါ့…”
“ ဒီဆိုင်က အစိုးရပိုင်တဲ့ဆိုင်… ဒီလို ဆိုင်တွေ ရန်ကျင်းမှာ သိပ်အများကြီး မရှိဘူး… နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့တဲ့ ဆိုင်ဆိုတော့ အရသာကိုတော့ မေးနေစရာတောင် မလိုဘူး..”
“ ဒါဆိုလည်း ဝင်သွားစို့လေ… ကျွန်တော် တကယ်ကြီးကို ဗိုက်တော်တော်လေး ဆာနေတာ..”
လျန်ချွင်းရှောင် ဆိုင်ထဲ ဝင်လာသည်ကို မြင်တော့ စာသောက်ဆိုင် ပိုင်ရှင်သည် ဘယ်ကနေမှန်းမသိ ရောက်ချလာခဲ့ပြီး အရင်ဦးဆုံး ခရီးဦးကြို နှုတ်ဆက်လာခဲ့၏။
“ ဆရာလျန်… ဒီနေ့ ဘာအရေးကြီး ကိစ္စများ ရှိလို့ပါလဲ… အရင်လို သုံးခွက်ပဲလား…”
“ မင်းတို့ မိသားစုလက်ရာ ဘန်းမုန့် တစ်ပေါင် ချပေး… ဆန်ပြုတ်လေးပွဲ၊ အသဲမွှေကြော်၊ ပြီးတော့ အသီးချဉ် နည်းနည်းလောက်လေးရော… အဲ့တာ တစ်ချက် လုပ်ပေးဦး…”
“ ကောင်းပါပြီ.. အပေါ်ထပ်က သီးသန့်ခန်းတွေ အားလုံး လွတ်ပါတယ်.. ကျုပ် အဲ့ကို ခေါ်သွားပေးမယ်လေ…”
“ မလိုပါဘူး.. မင်းဆိုင်က ဒီလောက် လူရှုပ်နေတာ လိုက်ပို့ပေးမနေနဲ့တော့.. ငါတို့လည်း ဒီကို ခုမှ ပထမဆုံး ရောက်ဖူးနေတာလည်း မဟုတ်ပဲနဲ့…”
“ ကောင်းပါပြီ.. ဒါဆိုလည်း ကျုပ် လိုက်မပို့တော့ဘူးနော်… ဖြည်းဖြည်းသွားကြပါခင်ဗျ…”
သို့နှင့် လေးယောက်သား တတိယထပ်ရှိ သီးသန့်ခန်းထဲ ရောက်လာခဲ့ကြသည်။
တစ်ထပ်လုံးက လုံးဝ တိတ်ဆိတ်နေသည်။ သို့ပေမယ့် ဖုန်တော့ တစ်စက်ကလေးမျှ မရှိ။
မကြာမီ လျန်ချွင်းရှောင် မှာထားသည်များ လာချပေးကြတော့၏။
“ ဒီဆိုင်ရဲ့ အစားအသောက်တွေက မဆိုးဘူးကွ… လုပ်… စားကြည့်ကြည့်.. ပူတုန်းစားကြ…ကောင်မလေး .. မင်းရောပဲ များများစား… ”
လျန်ချွင်းရှောင်၏ ခန္ဓာကိုယ်က နွားသိုးကြီး တစ်ကောင်လို သန်မာထွားကျိုင်းနေသော်လည်း ရိုးရိုးရှင်းရှင်း စကားပြောလို့ လွယ်သည့် လူစားမျိုးဖြစ်သည်။ ထို့ကြောင့် မူလက အနည်းငယ် စိတ်ထဲ နေရခက်နေသည့် ထျန်းရန်သည်လည်း အများကြီး သက်တောင့်သက်သာ ဖြစ်သွားခဲ့တော့၏။
“ နင့်ရဲ့ အမေရိကား ခရီးစဉ်အခြေအနေ ဘယ်လိုလဲ…” ရှန်းရှုရီ အပြုံးလေးဖြင့် မေးလိုက်၏။
“ သံမဏိကို ပုံသွင်းဖို့ဆို သန်မာတဲ့ ခန္ဓာကိုယ် ရှိထားဖို့ လိုတယ်… အာဏာက သေနတ်ပြောင်းဝကနေ လာတယ်…. အသန်မာဆုံးသူရဲ့ စကားကသာလျှင် ဥပဒေပဲ…” လင်းရီ သူ၏ အတွင်းကျဆုံးသော အတွေးများကို အသံထွက် ပြောလိုက်သည်။