← Chapters

လင်းရီ၏ ဒေါသ

Vol. 75 Ch. 1112

လင်းရီ၏ ဒေါသ

Vol. 75 Ch. 1112

“ အမြဲတမ်း အဲ့သလိုပဲ မဟုတ်ဘူးလား…” ရှန်းရှုရီ ပြောလိုက်သည်။

“ ဒါကြောင့်မို့ အခုချိန်ထိ အမြဲတမ်း အောင်မြင်နေပြီး တခြားသူတွေကို ကျွန်တော့်အားနည်းချက် ဆုပ်ကိုင်ခွင့် မပေးခဲ့တာပေါ့…”

“ နင် တော်တော်သိထားတာပဲ.. အင်းပေါ့လေ.. မဟုတ်လည်း နင် ဒီနေ့ ဒီလိုနေရာမျိုး ရောက်လာဖို့ဆိုတာ အရမ်းခက်ခဲမှာပေါ့…” ရှန်းရှုရီ ဘန်းမုန့် အသေးစား‌လေး ကောက်ကိုင်လိုက်ပြီး “ မနေ့က သတင်းကြားတော့ ရန်ကျင်းမှာ မနက်ခင်းကြီး… တို့တွေ စကားတောင် ကောင်းကောင်း မပြောလိုက်ရဘူး.. အခု ဘာတွေဖြစ်ခဲ့လဲ ငါ့ကို ပြောပြတော့…”

“ တကယ်တော့ ပြောပြနေစရာတောင် မလိုဘူး… ဖြစ်စဉ်တစ်ခုလုံးကို မှတ်တမ်းတင် ဗွီဒီယို ရိုက်ထားတယ်… အန်တီ မြင်ပါလိမ့်မယ်…”

ထျန်းရန် သူမ၏ တူကို ချလိုက်ပီး ဖုန်းကို ရှန်းရှုရီထံ ကမ်းပေးလိုက်၏။

“ ဥက္ကဌရှန်း… အားလုံးဒီမှာပါ..”

ဖုန်းထဲတွင် ဗွီဒီယို နှစ်ပုဒ် ရှိနေသည်။ ပထမ တစ်ခုက စွန်းဖုန်းချိန်၏ ဗွီဒီယို ဖြစ်ပြီး ဒုတိယ တစ်ခုက လီကျန်း၏ ဗွီဒီယိုဖိုင် ဖြစ်၏။

စွန်းဖုန်းချိန်နှင့် နည်းနည်းလေး စိမ်းသက်နေသောကြောင့် ရှန်းရှုရီ သူ ဘယ်သူလဲဆိုတာကို မသိခဲ့ပေ။

သို့ပေမယ့် လီကျန်းကိုတော့ တော်တော်ကြီး ရင်းနှီးနေသည်။ သူသည်က ဟန်ကျင်းလေ့၏ လက်ထောက်ဖြစ်ပြီး လူယုံတစ်ယောက်လည်း ဖြစ်၏။

“ ငါ ခန့်မှန်းထားတဲ့အတိုင်း အကုန်လုံး နီးပါးလောက်ပါပဲ.. “ ရှန်းရှုရီ၏ မျက်နှာ အမူအရာသည် ဤသို့ ဖြစ်မည်ကို မျှော်လင့်ထားပြီးသည့်နှယ် အံ့အားမသင့်သွားခဲ့ချေ။

“ ငါ ထင်ထား မမှားဘူးဆိုရင် ဟန်မိသားစု အပြင် တစ်ခြားသူတွေလည်း ပါဝင်နေတယ်မလား..”

“ အန်တီရှန်းက သိပ်တော်တာပဲ… ကျွန်တော်တော့ဖြင့် အန်တီ့ဆီကနေ ဘာတစ်ခုမှကို ဖုံးကွယ်ထားလို့မရဘူးပဲ… “ လင်းရီ ချီးမွမ်းလိုက်ပြီး “ ဟန်ကျင်းလေ့ အပြင် ကျောက်ကော်ပင်းလည်း ဒီကိစ္စထဲမှာ ပါတယ်…”

ရှန်းရှုရီ ယာဂုဆန်ပြုတ်ကို အနည်းငယ် သောက်လိုက်ရင်း သူမ၏ လှပသော မျက်ဝန်းတစ်စုံအား တစ်ချက် ကစားလိုက်သည်။

“ ဒါ မဖြစ်နိုင်လောက်ဘူး… လျန်မိသားစု နင့်ကို ကာကွယ်ပေးထားမှန်း သိရဲ့သားနဲ့ သူတို့နှစ်ယောက် ဒီလောက် ပြဿနာ အကြီးကြီး မရှာဝံ့ဘူး…”

“ ဝမ်မိသားစုလည်း ပါနေလို့…. သူတို့က ပွဲတစ်ခုလုံးရဲ့ စီစဉ်ကျင်းပသူပဲ…”

“ ဝမ်မိသားစုက တကယ်ကြီး ဒီကိစ္စထဲ ပါဝင်လာတယ်ပေါ့… ဟုတ်လား…”

ရှန်းရှုရီနှင့် လျန်ချွင်းရှောင်တို့ အချင်းချင်း လှည့်ကြည့်မိလိုက်ကြသည်။

သူတို့၏ မျက်ဝန်းထဲတွင်တော့ မယုံကြည်နိုင်မှုတို့က အထင်းသား။

အဘယ်ကြောင့်ဆိုသော် ဝမ်မိသားစု၏ အရွယ်အစားကြီးဖြင့် လင်းရီလို လူတစ်ယောက်ကို အလေးအနက် ထားဖို့ရန်က မဖြစ်နိုင်သောကြောင့်ပင်။

သူတို့၏ အမြင်တွင် ဤကိစ္စက နည်းနည်းလေး မယုံကြည်နိုင်ရာ ကောင်းနေတော့၏။ မယုံကြည်နိုင် ဆိုသော်လည်း ဆီလျော်သည့် အကြောင်းပြချက်က ရှိမနေပဲ ဖြစ်နေသည်။

“ ဧကန္တ .. လီတိုဂရပ်ဖီစက် ပရောဂျက်ရဲ့ သတင်းအချက်အလက်တွေများ ပေါက်ကြားသွားလို့များလား…”

ဟင်…

လျန်ချွင်းရှောင်၏ မရည်ရွယ်ဘဲ ပြောလိုက်မိသည့် စကားလုံးများက လင်းရီနှင့် ရှန်းရှုရီကို သတိပေးလိုက်သလို ဖြစ်သွားခဲ့သည်။

ထိုသို့ဆိုလျှင်တော့ သိပ်ကို ဖြစ်နိုင်ချေ များသွားပြီ ဖြစ်၏။

လီတိုဂရပ်ဖီစက်ကို အောင်မြင်စွာဖြင့် ဖန်တီးနိုင်သည်နှင့် ၊ လင်းရီနှင့် လျန်မိသားစု၏ အဆင့်အတန်းသည် ဟွာရှတွင် လျှန်းလျှန်းတောက် ကျော်ကြားလာပေလိမ့်မည်။ ဝမ်မိသားစုက ကြိုတင်၍ အစီအစဉ်များ ချမှတ်ထားမည်မှာ သဘာဝပင်။

၎င်းအပြင် ဖြစ်နိုင်ချေ နောက်တစ်ခုကိုလည်း ရှန်းရှုရီ စဉ်းစားမိထား၏။

လင်းရီသည်က လင်းကျင်ကျန့်၏ သားအရင်း။

ထိုစဉ်က ချင်ရင်ယွဲ့၏ အလှတစ်ပါးသည် ပြိုင်ဘက်ကင်းခဲ့ပြီး လင်းကျင်ကျန့်၏ ခွန်အားသည်လည်း ဟွာရှတွင် ထိပ်တန်းထဲမှ ထိပ်တန်း ဖြစ်ခဲ့သည်။ အကယ်၍ လင်းရီသည်သာ သူ့မိဘများ၏ ဗီဇကို ဆက်ခံနိုင်ခဲ့သည်ဆိုပါက ဝမ်မိသားစု၏ အာရုံကို သွားရောက်ဆွဲဆောင်မိမည်မှာ အမှန်ပင်။

ထို့ပြင် လင်းရီ ပြသခဲ့သည့် စံချိန်စံနှုန်းနှင့် အလားအလာသည်လည်း ဝမ်မြန်ကိုပင် ကျော်လွှားခဲ့ချေပြီ။ ဤသည်ကို ဝမ်မိသားစုက မည်သည့်နည်းနှင့်မျှ မြင်တွေ့ချင်လိမ့်မည် မဟုတ်ချေ။

ဤအကြောင်းကြောင့်ပဲ ယခုလို လုပ်သည်ဆိုလျှင်တော့ ရှင်းလင်းသွားပြီဖြစ်၏။

ရှန်းရှုရီ ထျန်းရန်ကို ကြည့်လိုက်ပြီး “ ဝီချက် အပ်ကြရအောင်… ပြီးရင် အဲ့ ဗွီဒီယို နှစ်ပုဒ်ကို ငါ့ဆီ ပို့ပေးလိုက်…”

“ ဟုတ် ဟုတ်… ကျွန်မ အခုပဲ ပို့လိုက်ပါ့မယ်…”

ထျန်းရန်အဖို့ ရှန်းရှုရီနှင့် ဝီချက်အပ်ရသည်က ဂုဏ်ယူဖွယ်ရာကြီးပင်။

“ အန်တီရှန်း… ဒီကိစ္စ ကျွန်တော်နဲ့ လွှဲထားလိုက်ပါ…”

“ နင် ကိုင်တွယ်ချင်လို့လား… “ ရှန်းရှုရီ နိမိတ်မကောင်းသည့် အငွေ့အသက်များကို ရုတ်ချည်း ခံစားလိုက်ရတော့၏။

အကယ်၍ လင်းရီသည်သာ ဤကိစ္စကို ကိုင်တွယ်မည်ဆိုပါက သေချာပေါက်ကို အုတ်အောသောင်းနင်း ဖြစ်သွားပြီး သူသေကိုယ်ကြေ တိုက်ခိုက်သည့် တိုက်ပွဲများသို့ ဦးတည်သွားလိမ့်မည်ဟု ပြောလျှင်တောင် ချဲ့ကားရာ ကျလိမ့်မည် မဟုတ်။ ယင်းက မည်သူ့အတွက်မျှ ကောင်းလိမ့်မည် မဟုတ်ချေ။

“ စိတ်လျှော့စမ်းပါ နင်ကလည်း.. ဒီကိစ္စထဲ လူတွေ အများကြီး ပါဝင်ပတ်သက်နေတာ နင်ပိုပြီး ပြဿနာ တက်သွားလိမ့်မယ်…”

“ သူတို့နဲ့ ဒီလိုမျိုး စိတ်ကစားနေစရာ အကြောင်း မရှိဘူး… ဒီတော့ ဆက်ပြီး မကစားတော့ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပြီ..”

“ နင်က အကျိုးအကြောင်း မစဉ်းစားဘူးဆိုပေမယ့် စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့သူ မဟုတ်ပါဘူး..” ရှန်းရှုရီ ပြောလိုက်၏။

“ တကယ်တော့ ဒီတစ်ကြိမ် ကျွန်တော့်အသက်ကို ကယ်သွားခဲ့တာ Intel ရဲ့ ရှယ်ယာတွေပဲ.. ကျွန်တော့်မှာသာ အဲ့လို ဖဲတစ်ချပ် မရှိထားရင် အခုလောက်ဆို ထောင်မနက်စာ စားနေရလောက်ပြီ… ကျွန်တော်က ၂၈ နှစ်… ထျန်းရန်က ၁၆ နှစ်… ဒါပေါ့.. ဟွာရှဘက်က သူတို့ကို ဒီလို လုပ်ခွင့် ပြုချင်မှ ပြုလိမ့်မယ်.. ဒါပေမယ့် ကျွန်တော်ပြောချင်တာက သူတို့ကို ဒီလိုမျိုး နောက်ထပ် အခွင့်အရေး ပေးလိုက်မိမယ်ဆိုရင် နောက်တစ်ကြိမ်ဆို ကျွန်တော်သေအောင် ဆော့ကစားခံရလိမ့်မယ်..”

ရှန်းရှုရီ စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။

ယခုအချိန်ထိ လင်းရီသည် သူမ စကားကို အမြဲတမ်း နားထောင်ပေးခဲ့၏။ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ ငြင်းဆန်ခြင်း မပြုခဲ့ချေ။

သို့သော်လည်း ဤတစ်ကြိမ်တွင်တော့ သူ၏ ရပ်တည်ချက်သည် သိပ်ကို ခိုင်မာမြဲမြံနေသည်။ သူ ဤအကြောင်းကို အချိန်အကြာကြီးကတည်းက စဉ်းစားခဲ့ပြီး ဖြစ်လောက်၏။

“ နင် ဒီကိစ္စ နင့်ဘာနင် ကိုင်တွယ်လို့ရတယ်… ဒါပေမယ့် ငါ တောင်းဆိုစရာ တစ်ခု ရှိတယ်.. နင်ငါ့ဆီက သတင်းကို စောင့်ရမယ်..”

“ အန်တီရှန်း လုပ်စရာရှိတာ လုပ်ပါ…”

“ ပြန်ပြီးရင် ငါ့ဆီကနေ သတင်းကို စောင့်နေလိုက်တော့… နင် ဒီကိစ္စ ငါ့ခွင့်ပြုချက် ရှိမှပဲ လုပ်လို့ရမယ်… ဒီ အကြောင်း ထပ်ပြီး ဆွေးနွေးစရာ မရှိဘူး…”

ရှန်းရှုရီ ပြန်၍ အလားအလာတစ်ရပ်လုံးကို တိုင်းတာချိန်တွယ်ကြည့်ချင်နေသည်ဟု လင်းရီ ခန့်မှန်းလိုက်သည်။

ဤကိစ္စက စွန့်စားရန် ထိုက်တန်သည်ဆိုမှ သူမ ခွင့်ပြုလိမ့်မည်။ အကယ်၍ အန္တရာယ်က သိပ်များလွန်းနေလျှင်တော့ ကျိန်းသေပေါက် သဘောတူမည် မဟုတ်ချေ။

တစ်နည်းဆိုသော် ဤသည်က လျန်မိသားစု၏ နောက်ဆုံး လောင်းကြေးထပ်မှုလည်း ဖြစ်လေသည်။ ဝမ်မိသားစုကို ဆွဲချနိုင်ခြင်း ရှိမရှိက ဤအချင်းအရာအပေါ် မူတည်နေခဲ့သည်။

သို့ပေမယ့် လျန်မိသားစု၏ ယနေ့ အဆင့်အတန်းသည်က ဆယ်စုနှစ် တစ်ခုကြာအောင် ဖွံ့ဖြိုးပြီးတော့မှ ရရှိထားခြင်းဖြစ်သောကြောင့် ဤ ခြေလှမ်းကို လှမ်းချင်သည်ဆိုပါက အထူးဂရုပြုရန် လိုအပ်ပေလိမ့်မည်။ အောင်နိုင်ချေ၊ ရှုံးနိုင်ချေ အလားအလာများအား ချိန်တွယ်တိုင်းတာပြီးနောက် သူတို့ နောက်ဆုံးသော ဆုံးဖြတ်ချက်ကို ချကြလိမ့်မည်။

ထို့ကြောင့် လင်းရီ နားလည်ပေးနိုင်သည်။

“ ကျွန်တော် အန်တီရှန်းပြောတာကို နားထောင်မှာပါ…”

“ စားကြစို့… တခြား ဘာမှ ထပ်မပြောနဲ့တော့…” ရှန်းရှုရီ ကြွေဇွန်းကို ကိုင်ရင်း ပြောလိုက်သည်။

နာရီဝက်ခန့် ကြာပြီးနောက် နံနက်စာ စာပြီး လေးယောက်အုပ်စုသည် ကိုယ်စီ လမ်းခွဲလိုက်ကြတော့သည်။

လင်းရီ ထွက်ခွာသွားသည်ကို ကြည့်ရင်း သူတို့နှစ်ယောက် ကားထဲ ဝင်လိုက်ကြ၏။

“ သူ့ရဲ့ မဆင်မခြင် နိုင်မှုကတော့ လင်းကျင်ကျန့်နဲ့ တစ်ထေရာတည်းပါပဲလား…” လျန်ချွင်းရှောင် သက်ပြင်း အသာချလျက် ပြောလိုက်သည်။

“ လင်းရီ ဒီတစ်ခေါက်တော့ တော်တော် ဒေါသထွက်သွားလို့ ဖြစ်မယ်… ကျွန်မ စကားကိုတောင် နားမထောင်တော့ဘူး…”

“ အဲ့တုန်းက လင်းကျင်ကျန့်လည်း ဒီလိုပဲလေ… နဂါးက နဂါးကိုပဲ မွေးတယ်… ဖီးနစ်ကလည်း ဖီးနစ်ကိုပဲ မွေးတယ်… ကြွက်တစ်ကောင်ရဲ့ သားကတော့ တွင်းဘယ်လို တူးရမလဲ ဆိုတာပဲ သိတယ်… သူက လင်းကျင်ကျန့်ရဲ့ သွေးသားအရင်းဆိုတာ အသိသာချည်းပဲ…" လျန်ချွင်းရှောင် ပြောရင်းဖြင့် ထပ်ပြီး သက်ပြင်းချလိုက်သည်။

“ လင်းရီ ပြောသလိုမျိုးပဲ သူ့မှာသာ တကယ်ကြီး Intel ရဲ့ ရှယ်ယာတွေသာ မရှိခဲ့ဘူးဆိုရင် ဒီတစ်ခေါက် သူ တကယ်ကြီး ရှုံးနိမ့်သွားခဲ့လောက်တယ်… ဒီလိုတွေ ဖြစ်လာပြီးမှတော့ ဇွဲသတ္တိရှိတဲ့ ဘယ်လို ယောက်ျားစစ်စစ်က သူတို့ရဲ့ ဒေါသကို ထိန်းချုပ်နိုင်မှာတဲ့လဲ…သူလည်း ငါ့လိုပါပဲလား… ”

ရှန်းရှုရီ မျက်လုံးလှန်ကြည်လိုက်သည်။

“ ရှင်က ဒီလိုအချိန်မျိုးမှာတောင် စနောက်ချင်စိတ် ရှိသေးတယ်ပေါ့…”

“ အမှန်ဆို … ငါလည်း အဲ့ ဝမ်မိသားစုက ကောင်တွေကို ကြည့်မရနေတာ ကြာပြီ… တကယ်လို့ သူတို့ကို အထိနာအောင် လုပ်နိုင်မယ့် အခွင့်အရေးရှိရင် ငါ တကယ်ကြီး ကြိုးစားကြည့်ချင်တယ်..”

“ ရှင် လင်းရီရဲ့ အကြံကို ထောက်ခံတယ်လို့ ကျွန်မ လာမပြောနဲ့.. ရှင်က အဲ့လိုမျိုး အစွန်းရောက်တဲ့သူ မဟုတ်ပါဘူး…”

“ အဓိကက ငါတို့ နောက် သုံးလေးနှစ်နေရင် ပြောင်းလဲမှု တစ်ချို့ မရှိသရွေ့ လျန်မိသားစုရဲ့ တိုးတက်မှုက တစ်စို့သွားတော့မှာ… ဒါကြောင့်မို့ ငါလည်း ဒီလို အခွင့်အရေးမျိုးကို စောင့်နေတာကြာပြီ… ဒီခုချိန်က အခွင့်အရေးပဲလို့ ငါထင်တယ်..”

ရှန်းရှုရီ သူမ၏ မြတ်နိုးရသူကို အံ့အားသင့်သည့် အကြည့်မျိုးဖြင့် ကြည့်လာခဲ့တော့၏။

“ ရှင်တကယ်ကြီး ဒီလိုမျိုး စဉ်းစားထားတယ်ပေါ့….”

“ ကိုယ်က မင်းလေးလောက်တော့ ဉာဏ်ကောင်းချင်မှ ကောင်းလိမ့်မယ်.. ဒါပေမယ့် မတုံးအပါဘူး… ဟုတ်ပြီလား..” လျန်ချွင်းရှောင် ခါးလေးတို့ပြီး ပြောလိုက်သည်။

လျန်ချွင်းရှောင် စနောက်လိုက်သည်တွင် ရှန်းရှုရီ ခါးတသိမ့်သိမ့် တုန်သည်အထိ ရယ်မောသွားခဲ့ပြီး “ ရှင့်ကိုယ်ရှင် အမွမ်းတင်နေတာကြီးကလဲ…..”

“ ရှင့်ရဲ့ ဘဝင်လေဟပ်နေတဲ့ မျက်နှာကြီးကို ကြည့်စမ်းပါဦး…. မုန်းချင်စရာကြီး…”

“ ခုချိန်မှ အစားထိုးချင်လို့တော့ မရတော့ဘူးနော်… မကြိုက်ဘူးဆိုလည်း အောင့်အီးပြီး လက်ခံရတော့မှာပဲ…. ဒါက လက်ကျန် ဘဝတစ်လျှောက်လုံး ရင်ဆိုင်သွားရမယ့် ကံကြမ္မာပဲ..” လျန်ချွင်းရှောင် စနောက် ပြောဆိုလိုက်သည်။

“ လမ်းမချိုးနဲ့တော့… ကျွန်မ ဒီနေ့ ရုံးမသွားဘူး..”

“ မင်းက ဘယ်သွားမှာ…”

“ အမေ့အိမ် သွားမလို့လေ…”

“ ဟင်.. သွားပြီး စောဒကတက်မလို့တော့ မဟုတ်ပါဘူးနော်…”

“ ဒီကိစ္စ အဖေတို့နဲ့ကော တိုင်ပင်ရမယ်လေ.. ရှင်လည်း သူ့ကို ကြိုပြီး ပြောပြထားသင့်တယ်… သူတို့ ဘယ်လိုမြင်လဲ ကြည့်ကြတာပေါ့… အခွင့်အရေးက ကျွန်မတို့ ရှေ့မှာကို မဆုပ်ကိုင်နိုင်လိုက်ရင် နှမြောစရာကြီး…”

All Chapters